#sweet
Chapter ( 8 )
တစ်ပတ်ကြာသောအခါ ရှန်းပိုင်က အထုပ်အပိုးများပြင်ပြီး ယီယီဆီသို့ပြောင်းသွားလေ၏ ။ အချိန်အတိုအတွင်းအိမ်ရှာရန်မှာမလွယ်ကူသောကြောင့် ယီယီက သူမ၏တိုက်ခန်းတွင် ခေတ္တနေထိုင်နိုင်ရန်စီစဥ်ပေးလေသည် ။
ပြီးခဲ့သည့်ရက်များအတွင်း၌ နို့လက်ဖက်ရည်၏ ကျေးဇူးကြောင့်သာ အသက်ဆက်ရှင်နိိုင်ရန်အတွက်အားအင်များရလာခဲ့ရပြီး သူမ၀တ္ထုထဲမှဇာတ်ကောင်များ၏ ဇာတ်ကွက်များကိုရက်ရက်ရောရောအားပါးတရရေးသားခဲ့သည် ။
ယီယီစိတ်ကျေနပ်လောက်စေသည့် မူကြမ်းကိုအချိန်မှီအပ်နိုင်သောကြောင့် အယ်ဒီတာများနှင့် တည်းဖြတ်သူတစ်အုပ်လုံးမှာ အကျေနပ်ကြီးကျေနပ်နေကြတော့၏ ။
" နင် မူကြမ်းကိုကောင်းကောင်းကန်းကန်းရေးပြီးအချိန်မီအပ်နိုင်လို့သာမဟုတ်ရင် ငါနင့်ကိုလာနေခွင့်ပေးမှာမဟုတ်ဘူး... သိရဲ့လား "
ရှန်းပိုင်က သူမ၏ တိုလီမုတ်စပစ္စည်းလေးများပါမကျန်အကုန်ထုပ်ပိုးလာခဲ့သည် ။ သူမပထမဆုံးအကြိမ်ဤမြို့သို့ရောက်လာသည့်အချိန်တုန်းကလည်း ယွမ်ယွမ်က အိမ်ရှာတွေ့သည်အချိန်အထိသူမအားခေါ်ထားခဲ့ဖူးသည် ။
ဤတစ်ကြိမ်နှင့်ဆိုလျှင် ယွမ်ယွမ် ထံသွားရောက်နေထိုင်သည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည် ။
ယီယီတွင် ဓားတစ်လက်ကဲ့သို့ ထက်ရှသည့်ပါးစပ်ရှိသော်လည်း သူမ၏နှလုံးသားမှာမူ တို့ဖူးလေးတစ်တုံးကဲ့သို့နူးညံ့လှ၏ ။
ရှန်းပိုင်တွင် ပုံမှန်မဟုတ်သည့် စိတ်ရောဂါအပျော့စားရှိကြောင်းသိသည့်အချိန်မှစ၍ အလုပ်၌သာမကနေ့စဥ်ဘ၀တွင်ပါ အာရုံထား၍ဂရုစိုက်ပေးလေ့ရှိသည် ။
ဒီတစ်ကြိမ်၌မူ ယီယီ၏ အိမ်ထဲတွင်ယောက်ျားတစ်ယောက်ကိုတွေ့လိုက်ရသောကြောင့် အလွန်အံ့သြသွားရ၏ ။
ထိုလူငယ်လေးက အရပ်ရှည်ကာ သိမ်မွေ့သည့်မျက်နှာထားပုံစံရှိသည် ။သူမထိုလူကို ဘယ်တုန်းကမှမတွေ့ဖူးခဲ့ပေ ။
ထိုလူငယ်လေးက အလွန်ယဥ်ကျေးသည့်အပြင် သူမတို့အတွက်အိမ်စီးဖိနပ်များကိုပါ ယူလာပေးလေသည်။
" အိမ်ထဲ၀င်လေ "
ထိုလူငယ်လေးက သူမအားကြည့်လာသောအခါ၌ ရှန်းပိုင်မှာ အမြန်ပင် သူမ၏ မျက်နှာကိုဦးထုပ်နှင့်ကွယ်ထားလိုက်သည် ။
ရုတ်တရက်ကြီး လူစိမ်းတစ်ယောက်ပေါ်လာတယ် ...
ရှန်းပိုင်၏ အူကြောင်ကြောင်ပုံစံကိုမြင်သောကြောင့် ယီယီက ရှင်းပြလာ၏ ။
" ဒါငါ့ကောင်လေး ... ငါတို့အတူတူနေနေတာလေ "
ရှန်းပိုင် "... "
ယီယီတွင်ကောင်လေးရှိကြောင်း သူမမသိခဲ့ပေ ။
ယီယီက ရှန်းပိုင်၏ ပုခုံးကိုပုတ်၍ မိတ်ဆက်ပေးလိုက်သည် ။
" သူမက ရှန်းပိုင် "
" မိန်းကလေးရှန်း တွေ့ရတာ၀မ်းသာပါတယ် ကျွန်တော်ကခင်ဗျားရဲ့ ပရိသတ်ပါ "
ထိုလူငယ်လေးက ပြုံးရင်းဖြင့်
" ကျွန်တော် ခင်ဗျားရဲ့ လက်ရာတွေကိုတော်တော်လေးသဘောကျတာ "
ရှန်းပိုင်းမှာ ဖိနပ်ချွတ်နေရင်းတန်းလန်းဖြင့် မည်ကဲ့သို့တုန့်ပြန်ရမည်ကိုမသိချေ ။
ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောလိုက်သင့်လား ...
သူမက အသံတိုးတိုးလေးနှင့် ' ရှဲ့ရှဲ့ ' ဟုပြောလိုက်သော်ငြား မည်သူမှမကြားခဲ့ပေ ။
ယီယီ၏ ကောင်လေးဖြစ်သူမှာ ရပ်ရန်စိတ်ကူးရှိပုံမရဘဲ အဆက်မပြတ်စကားပြောနေတော့၏ ။
" မိန်းကလေးရှန်းက ချစ်ဖို့ကောင်းတဲ့ကောင်မလေးပုံစံမျိုးပါလား "
ထိုလူငယ်လေးက သူ၏ဂုတ်ကိုလက်ဖြင့်ကုတ်နေကာ ရှန်းပိုင်၏ ကြမ်းတမ်းသည့်စာရေးဟန်နှင့် ပုံဆွဲဟန်များကို သူ၏ရှေ့မှ နူးနူးညံ့ညံ့ကောင်မလေးနှင့်ဆက်စပ်မရဖြစ်နေပုံပေါ်သည် ။
" ကျွန်တော်က ခင်ဗျားကို ယောက်ျားလေး တစ်ယောက်လို့ထင်ခဲ့တာ "
ရှန်းပိုင်ကမျက်မှောင်ကျုံ့လိုက်မိသည် ။
ငါ့ရဲ့ပုံစံကြောင့် စာဖတ်သူလေး စိတ်အနှောင့်အယှက်ဖြစ်သွားတာလား ...
" အိုကေ နင်ပေါက်ပေါက်ဖောက်နေတာတော်လိုက်တော့ "
ယီယီက ဖိနပ်လဲစီးပြီးနောက် သူမ၏ကောင်လေးကိုတံတောင်ဖြင့်တွတ်လိုက်ကာ...
" သွား ...မိန်းမအတွက် အသီးသွားလှီးပေးစမ်းပါ "
ထိုလူငယ်လေးက ၀မ်းသာအားရထခုန်၍
" မင်းအသီးစားချင်လို့လား "
" ငါက ရှန်းပိုင်အသီးစားချင်နေလောက်မှာမို့လို့ပြောတာ "
ယီယီ၏ ကောင်လေးက ရီမောရင်းဖြင့်
" ဘာပေါက်ကရတွေပြောနေတာလဲ ကိုယ့်ရဲ့မိန်းမက မိန်းကလေးယီပါနော် "
" သိပါတယ် ... အသီးသာမြန်မြန်သွားလှီးစမ်းပါ "
ထိုကဲ့သို့ ကြည်နူးနေကြသည့်အတွဲကိုကြည့်၍ ရှန်းပိုင်လည်း လိုက်ပြုံးမိလေသည် ။ ထို့နောက် အားကျသလိုခံစားသွားရပြန်၏ ။
အကယ်၍ သူမသာ သာမန်လူတစ်ယောက်ကဲ့သို့ လူအများနှင့်ပေါင်းသင်းဆက်ဆံနိုင်မည်ဆိုလျှင် ဤကဲ့သို့ ပျော်ပျော်ရွှင်ရွှင်နေနိုင်မည်လားဟုတွေးမိသွား၏ ။
ထိုစုံတွဲနှင့် ရက်အနည်းငယ် အတူတူနေထိုက်ပြီးသည့်နောက်၌ ရှန်းပိုင်မှာ ချက်ချင်းပင်အိမ်ပြောင်းပြေးချင်စိတ်ပေါက်လာရလေသည် ။ အိမ်တစ်လုံးအတွင်း၌ လူသုံးယောက်နေထိုင်ပါသော်လည်း နှစ်ယောက်မှာ မိုးမမြင်လေမမြင်ချစ်ကြည်နူးနေကြသည့် အချစ်ငှက်နှစ်ကောင်ဖြစ်ပြီး ကျန်တစ်ယောက်မှာ စင်ဂယ်ခွေးတစ်ကောင်ဖြစ်နေလေ၏ ။
အထူးသဖြင့် ယွမ့်ယွမ့်၏ ကောင်လေးမှာ သူမထက်အသက်လေးနှစ်ငယ်၍ တက္ကသိုလ်တက်နေသည့်ကျောင်းသားလေးဖြစ်သည် ။
ထိုလူငယ်လေး၏ ပင်ကိုယ်စရိုက်မှာ တက်တက်ကြွကြွနှင့် အလွန်အကောင်းမြင်သည့်၀ါဒီလည်းရှိပြီး အမြဲပြုံးနေတတ်၏ ။ ချုပ်ချယ်မရှိ လွတ်လပ်သည့် လူငယ်သဘာ၀အငွေ့အသက်အပြည့်နှင့်ဖြစ်သည် ။
ရှန်းပိုင်က ပုံမှန်ကဲ့သို့ပင် အခန်းတွင်းအောင်း၍ ပုံကြမ်းဆွဲခြင်းနှင့် စာရေးခြင်းတို့ကိုသာ လုပ်နေတတ်၏ ။ တစ်ခါတစ်ရံအလွန်ပျင်းလာသည့်အချိန်မျိုးတွင်သာ ၀ရံတာရှိပန်းပင်းကလေးများကိုရေထွက်လောင်းတတ်သည် ။
အချစ်ငှက်လေးနှစ်ကောင်နှင့်အတူနေထိုင်ရသည်ဖြစ်သောကြောင့် အကြိမ်ပေါင်းများစွာ ယီယီ၏ အခန်းထဲမှ အင်္ကျီမပါဘဲ ထွက်ထွက်လာတတ်သည့် လူငယ်လေးအားတွေ့ရသည်မှာမထူးဆန်းတော့ပေ ။ တစ်ခါတစ်ရံတွင် ထိုနှစ်ယောက်မှာ ဆိုဖာပေါ်တွင် မိုးမမြင်လေမမြင်နမ်းနေတတ်ကြသေး၏ ။
ရှန်းပိုင်မှာ ထိုသို့ဖြစ်သည့်အကြိမ်တိုင်း၌ မမြင်ချင်ယောင်ဆောင်၍သာအခန်းထဲသို့အမြန်ပြေး၀င်ပြီး အစျေးသက်သာသည့်အခန်းများကိုစတင်ရှာဖွေတော့သည် ။
စျေးနှုန်းသင့်တော်သည့် အခန်းများကိုရှာဖွေရသည်မှာ မခက်ခဲသော်လည်း အဓိကအချက်မှာ စာချုပ်ချုပ်ရန်အတွက် ပွဲစားနှင့်ရော အိမ်ပိုင်ရှင့်နှင့်ပါ ဆွေးနွေးပြောဆိုရမည့်ကိစ္စဖြစ်သည် ။
တစ်ခါတစ်ရံ၌ သူမ၏ ဆွံ့အလုနီးနီးဖြစ်နေသည့်စကားပြောဆိုဟန်ကြောင့် တစ်ဖက်လူမှစိတ်မရှည်လက်မရှည်ဖြင့် အော်ဟစ်ကာဖုန်းချသွားတတ်၏ ။
ဤသို့ဖြစ်သည့်အကြိမ်တိုင်း ရှန်းပိုင်မှာ စိတ်ဓာတ်ကျသထက်ကျလာရသည် ။သူမအနေဖြင့် လူအများနှင့်ပြောဆိုဆက်ဆံရမည့် အခြေခံအချက်ကလေးများကိုပင် မလုပ်နိုင်ပါချေ ။
သို့သော်လည်း အမြဲတမ်းအခန်းအောင်းနေ၍မရကြောင်းသူမကိုယ်တိုင်လည်းသိသောကြောင့် တတ်နိုင်သမျှကြိုစားကြည့်ရန်ဆုံးဖြတ်လိုက်သည် ။
ရှန်းပိုင်က သူမ၏ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုလက်ဖြင့်အုပ်ကိုင်၍ စိတ်ထဲမှရေရွတ်လိုက်၏ ။
ရှန်းပိုင် ... အားတင်းထားစမ်း ...
ရှန်းပိုင်က သက်ပြင်းချလိုက်ပြီးနောက်အိမ်ပွဲစားအချို့၏ ဖုန်းနံပါတ်ကိုချရေးမှတ်ထားလိုက်ပြီးနောက် ချန်ကျိုး၏ အမည်ကိုပါ မှတ်စုစာအုပ်ထဲ၌ တိတ်တိတ်လေးခိုးရေးထားလိုက်သည် ။
ချန်ကျိုးက တစ်ပတ်လုံးလုံးသူကိုယ်တိုင် နို့လက်ဖက်ရည်လာပို့ပေးမည်ဟုပြောခဲ့သော်လည်း နောက်ဆုံးတစ်ရက်အတွက် နို့လက်ဖက်ရည်မှာ ချန်ကျိုးကိုယ်တိုင် လာပို့ပေးခြင်းမဟုတ်သောကြောင့် သူမစိတ်ထဲမတင်မကျဖြစ်နေခဲ့ရသည် ။
ယီယီထံပြောင်းလာသည့်နေ့မှစ၍ ချန်ကျိုး အားဆက်သွယ်ရန်အလွန်အားနာနေခဲ့ရသည် ။ ချန်ကျိုးက တစ်ခါတစ်ရံစာတိုလေးများပို့လေ့ရှိသောကြောင့် လုံး၀အဆက်အသွယ်ပြတ်သွားခြင်းမျိုးတော့မဟုတ်ပေ ။
အစားအသောက်မှာယူသည့် ၀က်ဘ်ဆိုဒ် အားဖွင့်ကြည့်လိုက်သည့်အခါ၌ ကျုန်းရီ ကဖေးက သူမ၏နှစ်သက်မှုစာရင်းတွင် ထိပ်ဆုံး၌ရှိနေလေသည် ။ 4.4 ကီလိုမီတာကွာဝေး၍ သွားရောက်မည်ဆိုပါက မိနစ်လေးဆယ်သာကြာမြင့်လိမ့်မည် ။
သို့သော်လည်း ရက်အနည်းငယ်အတွင်းမှာပင် အကွာအဝေးမှာ ပိုတိုးသထက်တိုးလာမည်ဖြစ်ပြီး ၀က်ဘ်ဆိုဒ်အားဖွင့်ကြည့်လိုက်သည်နှင့် အိမ်အရောက်ပို့ဆောင်ပေးသည့်ကန့်သတ်အကွာအဝေးထက်ကျော်လွန်ကြောင်း အေးစက်စက်သတိပေးစာကိုသာ သူမမြင်ရတော့မည်ဖြစ်သည် ။
လူနှစ်ဦးအဆက်အသွယ်ပြတ်ရသည့်အကြောင်းအရင်းမှာ နေထိုင်ရာဒေသကွာခြားမူသည်လည်း အပါအ၀င်ဖြစ်သည် ။ ယခုမူ အကွာအဝေးသာမက သူမကိုယ်တိုင်သည်လည်း အကြောင်းအရင်းတစ်ချက်ဖြစ်နေလေ၏ ။ လူနှစ်ဦး၏ ကမ္ဘာမှာအလွန်ကွာခြားနေလေသည် ။
အမြဲတမ်း ထိတွေ့ပြောဆိုဆက်ဆံမှုရှိနိုင်ရန်မှာ အလွန်ခက်ခဲ၏ ။
ငါ သူ့ကိုထပ်တွေ့နိုင်ပါတော့မလား ...
ရှန်းပိုင်မှာ သူမ၏ဖုန်းကိုကိုင်ထား၍ ပြတင်းပေါက်အပြင်ဘက်သို့ငေးကြည့်နေမိသည် ။ မှောင်မိုက်သည့် ညတာမှာ အဆုံးမရှိတော့သလိုပင် ။
သူမ၏ စိတ်ထဲတွင် မတင်မကျဖြစ်နေရမှုများမှာ ဆယ်ရက်တိုင်တိုင်ကြာခဲ့လေ၏ ။
တစ်ရက်တွင် ယီယီက သူမ၏အိပ်ခန်းအတွင်းသို့ပြေး၀င်လာပြီး ၀မ်းသာအားရပြောလေသည် ။
" ငါ့ကောင်လေးက နင့်အတွက်သင့်တော်တဲ့ အိမ်တစ်လုံးရှာတွေ့ထားတယ်တဲ့ "
ရှန်းပိုင်က သူမ၏ မျက်၀န်းများကိုပွတ်သပ်ရင်းဖြင့်
" ဟမ်..."
ယီယီ က သူမ၏ ပုခုံးကိုပုတ်လိုက်ကာ
" တကယ်ကောင်းတဲ့နေရာနော် နင်လုံး၀ကြိုက်သွားမှာသေချာတယ် "
ရှန်းပိုင်က မျက်တောင်ခတ်လိုက်၍
" ဘာကြီး "
ယီယီက ရှန်းပိုင်၏ လက်ကိုဆုပ်ကိုင်၍ အကြောင်းစုံပြောပြလာသည် ။
" အဲတာကသူ့သူငယ်ချင်းတစ်ယောက်ရဲ့အိမ်လို့တော့ကြောတာပဲ ... အစကတော့အိမ်ငှားဖို့အစီအစဥ်မရှိပေမဲ့ နင့်ရဲ့အခြေအနေကိုကြားတာနဲ့ တကယ်ကြီး ငှားပေးဖို့ သဘောတူလိုက်တယ်တဲ့ လေ "
ရှန်းပိုင် :"??"
ယီယီက ရှန်းပိုင်အတွက်အလွန်ပျော်ရွှင်နေလေ၏ ။
" အဲဒိီအိမ်က နင့်အရင်အိမ်နဲ့နီးနီးလေးပဲ ! မြို့လယ်ခေါင်ကြီးမှာဟ ...နင်သဘောကျတဲ့ ကဖေးနဲ့ဆိုပိုတောင်နီးသွားသေးတယ် ...စျေးကလည်းသက်သာလိုက်တာမှ တကယ်ကြီး ကောင်းကင်ပေါ်ကနေပိုင်မုန့်ကြီးပြုတ်ကျလာသလိုပဲနော် "
ရှန်းပိုင်မှာ အူလည်လည်လေးဖြစ်နေပြီး အခြေအနေအားသဘောပေါက်ရန်ဖြည်းဖြည်းချင်းစဥ်းစားနေရရှာသည် ။ သူမဘာမှပြန်မပြောရသေးခင်မှာပင် ယွမ်ယွမ်ကထပ်ပြောလာပြန်၏ ။
" နင်အထုပ်အရင်သိမ်းထားလိုက် မနက်ဖြန်ပြောင်းလာလို့ရတယ်တဲ့ "
——
ဒါဆိုရင် တစ်ယောက်တည်း ပွဲစားတွေနဲ့ စကားပြောပြီး အိမ်လိုက်ကြည့်စရာမလိုတော့ဘူးမလား ...
ကောင်းတာပဲလေ ...
ရှန်းပိုင်မှာ သူမကိုယ်သူမနှစ်သိမ့်၍ အထုပ်အပိုးပြင်နေတော့၏ ။ နောက်တစ်နေ့သည် အလုပ်ဖွင့်ရက်ဖြစ်သောကြောင့် ယီယီက အယ်ဒီတာများနှင့်အတူ ဇာတ်ညွှန်းဆွေးနွေးရန်သွားရသည် ။
နေ့လည်၌ ယီယီ၏ ကောင်လေးဖြစ်သူက ပြန်ရောက်လာပြီး သူမအားအိမ်ပြောင်းရန်ကူညီပေးလေသည် ။
အောက်ဆင်းခါနီးအချိန်၌ ရှန်းပိုင်က လျှာဦးထုပ်အားမျက်နှာတစ်၀က်အုပ်သည်အထိဆောင်းလိုက်သည် ။ သူမ၏ ရှေ့ဆံမြိတ်မှာ အနည်းငယ်ရှည်လာသောကြောင့် မျက်လုံးကိုတစ်ခါတစ်ရံထိုးမိနေလေသည် ။
ထို့နောက် အင်္ကျီအိတ်ထဲသို့လက်ထည့်၍ ယီယီ၏ ကောင်လေးဖြစ်သူနှင့်အတူ အောက်ထပ်သို့ဆင်းလာ၏ ။
" စိတ်မပူပါနဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းကအရမ်းသဘောကောင်းပါတယ်ဗျာ ... အထုပ်တွေအများကြီးပါတယ်လို့ပြောလိုက်တော့ သူကိုယ်တိုင်လာကြိုပေးမယ်တဲ့ ... ယီယီက ကူညီပေးဖို့အပ်ထားတော့ ကျွန်တော်သေချာပေါက်အကောင်းဆုံးကူညီပေးမှာပါ ..."
ယီယီပြောသလိုပင် အိမ်အသစ်မှာ သူမအရင်အိမ်နှင့်သိပ်မဝေးပါချေ ။ ကားပေါ်မှအထုပ်အပိုးများချနေူည့်အချိန်တွင် ယီယီကောင်လေး၏ သူငယ်ချင်းဖြစ်သူရောက်လာလေ၏ ။ သွေးကြောများဖောင်းထနေပြီး ကြွက်သားများနှင့်သန်မာသည့်လက်တစ်စုံမှာ သူမ၏ အာရုံအားဖမ်းစားသွားလေသည် ။
အိမ်ပိုင်ရှင်လား ...
ထိုအခိုက်မှာပင် သူမအား နာမည်ပြောင်ဖြင့်ခေါ်ဆိုသည့် ရင်းနှီးနေသောသူ၏ အသံကို အံ့အားသင့်ဖွယ်ကြားလိုက်ရသည် ။
" ဂုံးကောင်လေး "
အမ် ...
ဟင် ...
ရှန်းပိုင်ခေါင်းမော့ကြည့်မိလိုက်သောအခါ အကြည့်တစ်ချက်ဖြင့်ပင် ထိုသူမှန်းအတည်ပြုနိုင်သွားပြီဖြစ်သည် ။
သူမ၏ အတွေးထဲတွင်တစ်ချိန်လုံးနေရာယူစိုးမိုးထားခဲ့သောမျက်နှာလေးဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မတွေ့ရတော့မည်ကိုပင် သူမစိုးရိမ်နေခဲ့ရသည် ။
" အာ မင်းတို့နှစ်ယောက်ကသိနေကြတာလား "
ဤတစ်ကြိမ်တွင်အကြီးအကျယ်အံ့သြသွားရသူမှာ ယီယီ၏ ကောင်လေးဖြစ်သူပါပင် ။
" မင်းက သူမကိုသိနေတာလား "
ချန်ကျိုးက ဆွဲဆောင်မှုရှိစွာဖြင့် ခပ်တိုးတိုးရယ်မောလိုက်ပါသော်ငြား ပြန်မဖြေခဲ့ပေ ။
ဘယ်လိုလုပ်ရပါ့မလဲ ...
ငါ အိပ်မက်များမက်နေတာလား ...
ဘာလို့ သူဖြစ်နေရတာလဲဆိုတာ တစ်ယောက်ယောက်ကများလာရှင်းပြပေးနိုင်မလား ...
ရှန်းပိုင်မှာ သူမ၏ လက်သည်းများလက်ဖ၀ါးထဲသို့စိုက်၀င်လုနီးနီးဖြစ်သည်အထိ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိလေသည် ။
နှလုံးသားလေးတစ်ခုသည်လည်း ခုန်ပေါက်နေသည်မှာ အပြင်သို့ထွက်ကျလာတော့မည့်အတိုင်းပင် ။
ချန်ကျိုး၏ အသံမှာခပ်နိမ့်နိမ့်ဖြစ်နေသည့်အပြင် အလွန်ဆွဲဆောင်မှုရှိစွာဖြင့် သူမအားထပ်မံမေးမြန်းလာပြန်၏ ။
" မင်းကိုယ့်ကို မေ့နေပြီမလား ဟမ် "
Xxxxxx