အပိုင်း ၇
Viewers 7k

#sweet 
Chapter ( 7 )

 ရှန်းပိုင်မှာ သူမ၏သွေးများစီးဆင်းနေမှုသည်ပင် ရပ်တန့်သွားသည်ဟုထင်မိနေ၏ ။ ခေါင်းတစ်ခုလုံးမူး‌ေနှာက်‌ေနှာက်ဖြစ်နေ၍ ချန်ကျိုး၏ စကားကိုမနည်းနားထောင်နေရသည် ။

အခြားသောအချက်များထက် သူ၏ နာမည်မှာ ချန်ကျိုးဖြစ်ကြောင်းကိုသာ ရေရေရာရာကြားလိုက်ရ၏ ။ သူမမှာ အသံတစ်သံမှပင်မထွက်ရဲသော်လည်း သူမ၏ မျက်နှာမှာနီရဲ၍ပူနေလေသည် ။

သူမျှော်လင့်ထားသကဲ့သို့ပင် ကောင်မလေးကတိတ်ဆိတ်နေသောကြောင့် ချန်ကျိုး နှုတ်ခမ်းကိုလျှာဖြင့်လျက်လိုက်ပြီးနောက် ပြုံးကာဖြင့်

" မင်းကချစ်ဖို့ကောင်းပါတယ်ကွာ ... ဘာလို့အမြဲပုန်းနေဖို့ပဲကြိုးစားနေရတာလဲ "

အမ် ချစ်ဖို့ကောင်းတယ်ဟုတ်လား ...

ဒါက ပထမဆုံးအကြိမ် တစ်ယောက်ယောက်ကငါ့ကိုချစ်ဖို့ကောင်းတယ်လို့ပြောလာတာပဲ ...

ဒါ ငါ့ကိုချီးကျူးလိုက်တာမလား ...

ယဥ်ကျေးမှုအရပြောတာလဲဖြစ်နိုင်တာပဲလေ ...

အမှန်ပင် သူမကိုယ်သူမချစ်ဖို့ကောင်းသည်ဟုမထင်မိ‌ေပ။ ယွမ်ယွမ်က သူမကို အရူးတစ်ယောက်နှင့်တူသည်ဟု အမြဲပြောလေ့ရှိသောကြောင့်ပင် ။ ရှန်းပိုင်က သူမကိုယ်သူမမလုံခြုံတော့ဟုခံစားရသောကြောင့် မသိစိတ်က လက်မြှောက်၍ သူမ၏မျက်နှာကိုကာလိုက်မိသည် ။

နှစ်စက္ကန့်ကျော်ကြာသောအခါမှသာ ချန်ကျိုးအစောကတည်းကမြင်ပြီးဖြစ်သောကြောင့် ကာထားစရာမလိုတော့ဟုတွေးမိသွားပြန်သည် ။ ထို့ကြောင့် လက်ကိုပြန်ချထားလိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာဘာဆက်လုပ်ရမည်ကိုစဥ်းစားနေတော့သည် ။

ချန်ကျိုးက သူမ၏အပြုအမူသေးသေးလေးများကိုကအစကြည့်ရှုနေခဲ့ပြီး သူမထံသို့ စက္ကူအိတ်ကိုကမ်းပေးလိုက်သည် ။

" ဒီမှာ မင်းရဲ့နို့လက်ဖက်ရည်လေး "

ရှန်းပိုင်က ခေါင်းညိမ့်၍ လှမ်းယူရန်ပြင်လိုက်လေသည် ။ သူမ၏ အနွေးထည်အကျီလက်မှာအလွန်ရှည်လျားသောကြောင့် လက်တစ်ခုလုံးကိုဖုံးအုပ်ထားကာ ဖြူဖျော့သွယ်လျသည့် လက်ချောင်းထိပ်ကလေးများနှင့် ဆေးမဆိုးထားဘဲပန်းရောင်ဖျော့ဖျာ့ဖြစ်နေသည့် လက်သည်းလေးများကိုသာမြင်ရသည် ။

ချန်ကျိုးက စက္ကူအိတ်ကိုရှေ့သို့တိုးပေးလိုက်သောအခါ မိန်းမငယ်လေးက လက်နှစ်ဖက်ဖြင့်ဆန့်တန်းယူလာ၏ ။

ထို့နောက် ဂရုတစိုက်ဖြင့်ပွေ့ထားလိုက်ပုံမှာ မိမိ၏ ချစ်မြတ်နိုးရသော လူတစ်ယောက်ကိုဖက်ထားသကဲ့သို့ပင်။

နောက်ဆုံး၌ ဖြည်းဖြည်းချင်းအိမ်တံခါးနားသို့တိုးကပ်သွားပြီး တစ်ခါလေးမှပင် ချန်ကျိုးအားမော့မကြည့်ခဲ့ပေ ။

အနွေးထည်အကျီအပွကြီးကိုသာ၀တ်ဆင်တတ်သည့်ကောင်မလေးမှာ ခေါင်းငုံ့၍ သူမ၏ ဖိနပ်ထိပ်ကိုသာစူးစူးစိုက်စိုက်ကြည့်နေလေ၏ ။

ချန်ကျိုးက ခပ်ဖွဖွရီမော၍

" မင်းအိမ်ထဲ၀င်တော့လေ ကိုယ်အမှိုက်အိတ်တွေကိုအောက်ထပ််သယ်သွားပေးမယ် "

ရှန်းပိုင်က အားနာမိသောကြောင့် မလိုပါဘူးဟုပြောချင်နေ၏ ။ အခြားတစ်ယောက်ကိုအကူအညီတောင်းခြင်းသည် အနှောင့်အယှက်ပေးမိရာကျသည်ဟုခံယူထားသောကြောင့် သူမအတွက်စိတ်မသက်မသာခံစားရသည် ။ ထို့ကြောင့် သူမလုပ်နိုင်သည့်အရာအားလုံးကို သူမကိုယ်တိုင်သာလုပ်ဆောင်ချင်လေသည် ။

သို့သော်လည်း ချန်ကျိုးမှာ အမှိုက်အိတ်များကို လက်ထဲတွင်သယ်ထားပြီးလျှောက်သွားပြီဖြစ်သည် ။ သူက နောက်ပြန်လှည့်ကြည့်၍ သူမအားနူတ်ဆက်လိုက်သေးသည် ။

" ဘာကြည့်နေတာလဲ အိမ်ထဲ၀င်တော့လေ "

ချန်ကျိုးမှာ ခေါင်းစွပ်အောက်မှတစ်စွန်းတစ်စပေါ်ထွက်နေသည့် သူမ၏ဆံမြိတ်လေးကိုပင် သတိထားမိခဲ့သည် ။

ဘာကြီး ...

တကယ်ကို ကျွန်မကရှင့်အကူအညီကိုမလိုပါဘူး...

ကိုယ်တိုင်လုပ်နိုင်ပါတယ်နော် ...

ရှင့်ကို ဘယ်သူကအားကိုးချင်နေလို့လဲ ...

သူမတွင်ပြေစရာစကားများစွာရှိပါသော်လည်း လက်တွေ့၌ တစ်ခွန်းမှမပြောဖြစ်ခဲ့ပေ ။ ပြောမထွက်သည့်စကားများကိုစိတ်ထဲတွင်စဥ်းစားနေခြင်းထက် လက်တွေ့လုပ်ခြင်းက ပိုမိုအကျိုးသက်ရောက်မှုရှိသည်ဟုမှတ်ယူကာ ချန်ကျိုးကိုတားရန်အင်္ကျီစကိုလှမ်းဆွဲလိုက်သည် ။

ဆွဲထားလိုက်တာက တားနေတာထက်ပိုထိရောက်တယ် ...

ချန်ကျိုးက ရှပ်အင်္ကျီကိုဘောင်းဘီထဲထည့်၀တ်ထားသောကြောင့် လှမ်းဆွဲလိုက်သည်အခါ၌ အကျီစသေးသေးလေးနှင့်ခါးပတ်ကိုသာဆွဲကိုင်မိသွားသည် ။

ချန်ကျိုးက သူမ၏အပြုအမူကိုသတိထားမိသွားသောကြောင့် လှည့်ကြည့်လာ၏ ။ ရှန်းပိုင်က အမြန်ပင် သူမ၏လက်များကိုအနွေးထည်အိတ်ကပ်ထဲသို့ပြန်ထိုးထည့်လိုက်ပြီး သူမ၏နားရွက်ထိပ်ကလေးများမှာ သွေးထွက်လာတော့မတတ်နီရဲနေတော့သည် ။

ရှန်းပိုင်က စကားပြောရန် သတ္တိမရှိသေးသော်လည်း တစ်ဖက်လူ၏ အချိန်များကိုအလကားသတ်သတ်ကုန်သွားစေမည်အား စိုးရိမ်မိသောကြောင့် ဖုန်းကိုထုတ်၍သာစာရိုက်ပြလိုက်သည် ။

" မကူညီပါနဲ့ ကျွန်မကိုယ်တိုင်လုပ်နိုင်ပါတယ် "

ရှန်းပိုင်က သူမလုပ်နိုင်ကြောင်းကို အလွန်ပြောပြချင်နေသည် ။

 " ရပါတယ် ကိုယ်လဲလမ်းကြုံနေတာပဲ "

ရှန်းပိုင်က အမှိုက်အိတ်များကိုဆွဲယူချင်ဟန်ဖြင့် 

" ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မကိုယ်တိုင်လုပ်ချင်နေလို့ပါ "

အကောင်သေးပေမဲ့လည်း စိတ်မာသားပဲ ...

ချန်ကျိုးက ပြုံး၍ သူမထံသို့အိတ်တစ်အိတ်ပြန်ပေးလိုက်သည် ။ ရှန်းပိုင်က ကျန်နှစ်အိတ်ကိုပြန်ယူရန်စောင့်နေသည့်အချိန်မှာပင် ချန်ကျိုး၏ စကားကိုကြားလိုက်ရသည် ။ ထိုသူကသူမ၏ဘေးတွင်ရပ်၍

" ဒါဆိုလဲ အတူတူသွားကြတာပေါ့ "

ရှန်းပိုင် "..." 

ဟမ် ... ပြန်မပေးဘူးလား ...

ချန်ကျိုးက တိုက်တွန်းလာ၏ ။

" သွားမယ်လေ " 

ရှန်းပိုင်မှာ အခြားသူများသူမအားငြိုငြင်သွားမည်ကိုအကြောက်ဆုံးဖြစ်သောကြောင့် တံခါးပိတ်၍ အတူတူသွားရန်သာဆုံးဖြတ်လိုက်သည် ။ ဖိနပ်သေးသေးတစ်စုံကခြေလှမ်းနှစ်လှမ်းမျှလျှောက်ပြီးနောက် ရပ်တန့်သွားသောကြောင့် ချန်ကျိုးလည်း ရပ်ကာမေးလာ၏။

 " ဘာဖြစ်လို့လဲ ..."

ရှန်းပိုင်က ဘာမှပြန်မပြောဘဲ သူမ၏ဘယ်ဘက်လက်ကိုမြှောက်ပြ၍သာ ချန်ကျိုးအားအရှေ့မှသွားပါရန် အချက်ပြလိုက်သည် ။

ရှန်းပိုင်မှာ အမှန်ပင် တစ်စုံတစ်ယောက်သူမ၏နောက်၌ ရှိနေမည်ကိုမနှစ်သက်ပါချေ ။ သူမ၏ နောက်ကျောအား ချွန်ထက်သည့်တစ်စုံတစ်ရာနှင့်ထိုးရန်ရွယ်ထားသကဲ့သို့ခံစားရသောကြောင့် စိတ်မသက်မသာခံစားရသည် ။

ချန်ကျိုးသည်လည်း သူမ၏ စိတ်အခြေအနေအားမဖော်ထုတ်ချင်သောကြောင့် ရှေ့မှသာဦးဆောင်၍လျှောက်သွားလိုက်သည် ။ ထိုအခါမှသာ ရှန်းပိုင်လည်း အသက်၀၀ရှု၍ချန်ကျိုးနောက်မှလိုက်လာ၏ ။

ရှေ့ဆင့်နောက်ဆင့်လျှောက်နေကြပြီး တစ်ယောက်မှာအရပ်ရှည်၍ တစ်ယောက်မှာပုပုလေးဖြစ်သည် ။

တစ်ယောက်က အားကောင်းသန်မာသည့်ယောက်ျားသားတစ်ဦးဖြစ်၍ တစ်ယောက်က နူးနူးညံ့မိန်းမငယ်လေးတစ်ယောက်ဖြစ်၏ ။ နှစ်ယောက်သားမှာ တိတ်ဆိတ်စွာပင် လျှောက်လမ်းတစ်လျှောက် လျှောက်နေကြသည် ။

လျှောက်လမ်းဘေးရှိစင်္ကြံပြတင်းပေါက်များမှတစ်ဆင့်နွေးထွေးသည့်နေရောင်ခြည်များဖြာကျကာအနွေးဓာတ်များဖြင့် ပြည့်နှက်နေပြီး အတော်လေးတိတ်ဆိတ် ငြိမ်သက်နေလေ၏ ။ ရှန်းပိုင်က ဤကဲ့သို့သောရာသီဥတုမျိုးအားအလွန်နှစ်သက်သောကြောင့် ဂနာမငြိမ်ဖြစ်နေသည့် စိတ်ပင်အေးချမ်းတည်ငြိမ်လာသည် ။

ရှန်းပိုင်က အောက်နှုတ်ခမ်းကိုကိုက်၍ သူမအားကြည့်မနေသည့်အမျိုးသားအား အကြိမ်ပေါင်းများစွာချောင်းကြည့်နေမိတော့၏ ။

ထိုအမျိုးသား၏ ကျောပြင်မှာကျယ်ပြန့်ပြီး သန်မာသည့်ခါးနှင့် ရှည်လျားသည့်ခြေထောက်များရှိသည် ။ အသေအချာကိုပင် ကာတွန်းစာအုပ်ထဲမှခုန်ထွက်လာသည့် အမျိုးသားဇာတ်လိုက်၏ ရောင်၀ါအပြည့်ရှိနေ၏ ။

သူမကဲ့သို့ လူအများနှင့်မဆက်ဆံနိုင်သည့်သူနှင့်ဆန့်ကျင်ဘက်ဖြစ်စွာပင် ထိုလူမှာ ဘယ်နေရာရောက်ရောက်တောက်ပနေမည့်သူမျိုးဖြစ်၏ ။

သူမမှာမူ ကိုယ်ကိုယ်တိုင်အား မမြင်ရသည့်အလွှာပါးတစ်ခုဖြင့်ကာရံထားပြီး အနည်းငယ်မျှစိတ်မလုံမခြုံဖြစ်နေသည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက် အခွံလေးထဲသို့ပြေးပုန်းမည့်လူမျိုးဖြစ်သည် ။

သူရဲ့လက်ထဲမှာ ...

သူကိုင်ထားတာတွေက ငါ့အိမ်ကအမှိုက်အိတ်တွေ ...

ရှန်းပိုင်မှာ မရိုးမသားတွေးမိသွားပြန်သဖြင့်ရှက်သွေးဖျာလာရ၏ ။

ထိုအချိန်မှာပင် ချန်ကျိုးသည်လည်း သူမအားငုံ့ကြည့်လာလေသည် ။ တစ်ယောက်ကခေါင်းမော့သည့်အချိန်နှင့် တစ်ယောက်ကခေါင်းငုံ့ကြည့်လာသည့်အချိန်ကြုံကြိုက်မိသွားပါသောကြောင့်တစ်ယောက်မျက်နှာထက်ရှိအမူအရာပြောင်းလဲမှုအကုန်လုံးကို ကျန်တစ်ယောက်ကမြင်နိုင်နေလေ၏ ။

ချောင်းကြည့်နေခြင်းအားလူမိသွားသောကြောင့် ရှန်းပိုင်မှာ သူမ၏ အရေပြားများကိုပင် ရှက်ရှက်နှင့်ခွာချချင်စိတ်ပေါ်လာလေသည် ။

အား ... ရှက်ဖို့ကောင်းလိုက်တာ ...

သူမက အမြန်အကြည့်သိမ်းလိုက်သော်လည်း ထိန်းချုပ်မရစွာအပြင်းအထန်နှလုံးခုန်နေပြီး နောက်ကျောတစ်ခုလုံးချွေးများဖြင့် ရွဲနစ်နေတော့၏ ။ ချန်ကျိုးသည်လည်း ခေါင်းပြန်မော့လိုက်ကာ သူ၏ မျက်နှာအမူအရာကိုထိန်းချုပ်ထားလိုက်သည် ။

ရှန်းပိုင်မှာ ထပ်ချောင်းမကြည့်ရဲတော့ပဲ မလုံမလဲဖြင့်သာ ငြိမ်ငြိမ်လေးနောက်ကလိုက်လာ၏ ။

ပထမထပ်ရှိကော်ရစ်ဒါ ထောင့်ချိုးသို့ရောက်သောအခါ၌ ချန်ကျိုးက ရုတ်တရက်ရပ်လိုက်ပြီးနောက် နောက်လှည့်ကာမေးလာသည် ။

" ဒီတစ်ခေါက်က ကိုယ်တို့ဒုတိယအကြိမ်တရား၀င်တွေ့တာဟုတ်တယ်မလား "

ချန်ကျိုး၏ အပြုံးမှာတောက်ပလှပြီး သူ၏ စကားသံနှင့်လေယူလေသိမ်းအမူအရာတို့မှာ တစ်ဖက်လူအပေါ်ယဥ်ကျေးမှုအပြည့်ရှိနေသည့်အပြင် စိတ်သက်သာရာလည်းရစေ၏ ။

ရှန်းပိုင်၏ နှလုံးသားလေးမှာအပြင်သို့ခုန်ထွက်လာမတတ်ခုန်ပေါက်နေရုံသာမက ချန်ကျိုးအား မျက်လုံးအပြူးသားဖြင့်ငေးကြည့်နေမိလေသည် ။ နှစ်စက္ကန့်အကြာမှာပင် ချန်ကျိုးပြောလာသောစကားကြောင့် ရှန်းပိုင်မှာ ရှက်လွန်း၍ခေါင်းအစခြေအဆုံးနီရဲသွားရပြန်သည် ။

" အောက်ဆင်းဖို့အတွက် လှေကားထစ်တွေကိုသတိထားကြည့်လေ ကိုယ့်ကိုပဲကြည့်မနေနဲ့ "

——

နောက်သုံးရက်ကြာသည်အထိ ချန်ကျိုးကိုယ်တိုင် နို့လက်ဖက်ရည်လာပို့လေသည် ။ 

အကြိမ်တိုင်း သူမဘက်ကပြန်မပြောသော်ငြား သူ့ဘက်မှရောက်တက်ရာရာများကို စိတ်ရှည်လက်ရှည်ဖြင့်ပြောပြပေးတတ်သည် ။

ထိုသူ၏ စိတ်ရှည်သည်းခံနိုင်မှုမှာ အံ့မခန်းပါပင် ။ တစ်ခါတစ်ရံ၌ ညဘက်တွင်အချင်းချင်းစာတိုလေးများပေးပို့တတ်ကြပြီး အတော်အတန်ရင်းနှီးနေပြီဖြစ်သည် ။

သူမနှင့်စကားပြောရသည်ကိုမငြီးငွေ့သွားသည်သူမျိုးအား ယခုမှသာတွေ့ရခြင်းဖြစ်သောကြောင့် ရှန်းပိုင်မှာ အလွန်၀မ်းသာမိသကဲ့သို့ အံ့အားသင့်နေရ၏ ။

——

ကြာသပတေးနေ့ည၌ ရှန်းပိုင်ပုံကြမ်းဆွဲနေသည့်အချိန်တွင် အိမ်ပိုင်ရှင်ထံမှစာတစ်စောင်ရောက်လာခဲ့သည် ။ ဆိုလိုသည်မှာ အိမ်ငှားအသစ်ကအိမ်ကြည့်ရန်လာမည်ဖြစ်သောကြောင့် အိမ်ရှင်းထားရန်ဖြစ်သည် ။ 

အိမ်ပြန်အပ်ရန်အချိန်နီးကပ်လာပါသော်လည်း သူမမှာ သင့်တော်သည့် တိုက်ခန်းတစ်ခုတစ်လေပင်ရှာမတွေ့သေးချေ ။

ယီယီက အိမ်ရှာရန်ကူညီပေးခဲ့သော်လည်း သူမရှာဖွေပေးသည့်တိုက်ခန်းမှာ အချက်အချာကျသည့်မြို့လယ်ခေါင်တွင်ရှိသည့်အပြင် တက္ကသိုလ်နှင့်လည်းနီးသောကြောင့် အလွန်စျေးကြီးသည် ။ 

ကောင်းမွန်သောပတ်၀န်းကျင်တွင်တည်ရှိသည့် တိုက်ခန်းဖြစ်သော်ငြား သူမ၏ငွေကြေးအခြေအနေနှင့်ဆိုလျှင် နှစ်၀က်စာစပေါကိုပင်မတတ်နိုင်ဖြစ်နေသည် ။

ရှန်းပိုင်မှာ သူမ၏ ဘဏ်ကဒ်လေးကိုထိုင်ကြည့်၍ သက်ပြင်းချနေရလေသည် ။

တကယ်လို့ ငါသာဆင်ခြေဖုံးရပ်ကွက်လေးကိုပြောင်းသွားရမယ်ဆိုရင် ...

တကယ်လို့ အဲဒီနေရာကသာ ကဖေးနဲ့အရမ်းဝေးနေမယ်ဆိုရင် ...

ဒါဆိုရင် ချန်ကျိုးနဲ့ တွေ့ဖြစ်ဖို့ ခက်ခဲသွားပြီ ...

အချိန်အတော်ကြာတွေးတောနေပြီးနောက်တွင် ရှန်းပိုင်က ပုံကြမ်းပြန်ဆွဲရန် အာရုံစုစည်းလိုက်သည် ။ မကြာမီမှာပင် စာ၀င်လာသောကြောင့် အချက်ပြသံထွက်ပေါ်လာ၏ ။

ထိုစာမှာ ချန်ကျိုးထံမှဖြစ်သည် ။

" ကိုယ်မနက်ဖြန်ကိစ္စလေးရှိလို့ လာပို့နိုင်မှာမဟုတ်ဘူး တစ်ခြားတစ်ယောက်အစားထိုးလာပို့လိမ့်မယ် "

ရှန်းပိုင်မှာ မျက်မှောင်ကျုံ့လိုက်မိကာ သူမ၏ စိတ်ပျက်နေသည့်အမူအရာကိုမဖုံးကွယ်ထားနိုင်ခဲ့ပေ။

" ကျွန်မသိပါပြီ "

လူတိုင်း၌ မိမိ၏ကိုယ်ပိုင်အလုပ်ကိစ္စနှင့် ကိုယ်ပိုင်ဘ၀ရှိကြ၏ ။ ရှန်းပိုင်မှာ နားလည်မှုရှိပေးရမည်ဟုသာ သူမကိုယ်သူမနှစ်သိမ့်လိုက်သည် ။ 

ရုတ်တရက်ပင် နောက်ဆုံးနို့လက်ဖက်ရည်မှာသောက်ရမည့်ရက်မှာမနက်ဖြန်ဖြစ်ကြောင်းတွေးမိသွား၏ ။
 
နောက်တစ်နေ့၌ ယီယီ၏ အမှာစာကိုလက်မခံခဲ့ရချေ။

နောက်တစ်ပတ်၌ သူမပြောင်းရွေ့တော့မည်ဖြစ်သဖြင့် နူတ်မဆက်ဘဲရုတ်တရက်ပျောက်သွားမည်ဆိုပါက ရိုင်းရာကျသွားပေလိမ့်မည် ။ 

လူမူရေးအရ ချန်ကျိုးအား နူတ်ဆက်စကားပြောသင့်ကြောင်းတွေးမိသွား၏ ။

" ကျွန်မရှင့်ကိုပြောချင်တာနှစ်ခုရှိတယ် ... တစ်ခုက ကျွန်မအိမ်ပြောင်းတော့မယ် နောက်တစ်ခုက ကျွန်မ နို့လက်ဖက်ရည်မှာသောက်နိုင်လောက်တော့မှာမဟုတ်ဘူး "

၀ူး ၀ူး ၀ူး ... ပို့လိုက်ပြီ 

ချန်ကျိုးကချက်ချင်းပင် စာပြန်လာ၏ ။

" ဘာဖြစ်လို့လဲ "

ရှန်းပိုင်က နှုတ်ခမ်းကိုကိုက်၍ 

 " အမ် ... ကျွန်မရှင့်ကိုနှုတ်ဆက်စကားပြောရမယ်ထင်တယ် "

 " မင်းက ကောင်းကင်ဘုံကိုပြန်တော့မလို့လား "

( TN / ဆိုင်ကလူတွေအကုန်လုံးက ရှန်းပိုင်ကို နတ်သမီးလေးလို့နာမည်ပြောင်ပေးထားကြတာမို့ အဲလိုမေးလိုက်တာပါ )

ရှန်းပိုင်မှာ ထိုစာ၏အဓိပ္ပာယ်အားနားမလည်နိုင်ပါချေ။

" ဘာကြီး "

ချန်ကျိုး " မင်းပြောတော့ သွားစရာနေရာမရှိဘူးဆို မင်းဘယ်မှာနေမလို့လဲ "

ရှန်းပိုင် : " မသိသေးဘူး"

" တကယ်ကြီး အခြားကိစ္စမရှိဘူးမလား "

" မရှိပါဘူး "

 " အဆင်ပြေပါတယ် "

ရှန်းပိုင်က ချန်ကျိုးပြောသည့်စကားအဓိပ္ပာယ်အားနားမလည်နိုင်သောကြောင့် အူကြောင်ကြောင်ဖြစ်နေရရှာ၏ ။

 " ဟမ် "

ချန်ကျိုးက စကားကိုမရှင်းပြဘဲ လျှို့၀ှက်စွာဖြင့်ထပ်မေးလာ၏ ။

 " ကိုယ်မင်းကိုနှုတ်ဆက်စကားပြောသင့်လား "

 " ပြောစရာမလိုပါဘူး ကျွန်မကရှင့်ကို ဒီတိုင်းပြောပြချင်ရုံပါ တောင်းပန်ပါတယ် ..."

 " အင်း"

ရှန်းပိုင်းမှာ ရုတ်တရက်ငိုချင်သလိုဖြစ်လာရပြီး သူမ၏ မျက်လုံးအားပွတ်သပ်မိလိုက်သည် ။

" ဒါဆိုလဲ နှုတ်ဆက်ပါတယ် ကောင်းသောညပါ "

ထိုလူမှာ ပုံမှန်အတိုင်းပင် ရှန်းပိုင် စာပို့ပြီးမကြာခင် အချိန်တွင်း၌စာပြန်လာ၏ ။ 

" နှုတ်ဆက် ... ပါတယ် ".

ရှန်းပိုင်မှာ စာကိုကြည့်၍မျက်မှောင်ကျုံ့မိပြန်သည် ။

အာ ...

နှုတ်ဆက်တာကိုတောင် ဘာလို့ကြားထဲမှာကွက်လပ်တွေအများကြီးခြားထားရတာလဲ ...




Xxxxx