အပိုင်း ၆
Viewers 7k

# sweet  
Chapter ( 6 ) 

သူ... သူကလည်းတွေ့ချင်တယ်တဲ့လား ...

ရှန်းပိုင်၏ နှလုံးသားလေးမှာထိန်းချုပ်၍မရစွာခုန်ပေါက်လာသည့်အပြင် သူမ၏နားထဲ၌လည်း မီးရှူးမီးပန်းဖောက်သံများပင်ကြားလာရ၏ ။

မူး‌ေနှာက်‌ေနှာက်နှင့်ပင် အကြိမ်ပေါင်းများစွာ မျက်တောင်ခတ်လိုက်ပြီး ထိုစာလေးများအားထပ်ခါထပ်ခါပြန်လည်ဖတ်နေမိတော့သည် ။

ဘွဲ့ရပြီးသည့်အချိန်မှစ၍ အိမ်တွင်းအောင်းနေခဲ့သော်လည်း မည်သူကမှသူမကိုတွေ့ရန်လာမရှာခဲ့သကဲ့သို့ မည်သူကမှလည်း စိတ်လိုလက်ရဖြင့် သူမအား တွေ့ချင်သည်ဟုမပြောခဲ့ဘူးပေ ။

သာမန်လူတစ်ယောက်အဖို့ သူမနှင့်ဆက်သွယ်စကားပြောရန်အလွန်ကိုမှခက်ခဲလွန်းလှသည်။ ယုံကြည်ချက်မရှိသောကြောင့် ခြင်တစ်ကောင်ကဲ့သို့တိုးညှင်းသည့်အသံဖြင့်သာ တောင်စဥ်ရေမရပြောဆိုလာသည့်စကားများကိုတစ်ဖက်လူမှ သည်းမခံနိုင်မည်စိုးရိမ်သောကြောင့် သူမ၏အတွေးများကို စာဖြင့်သာရေးသားဖော်ပြခဲ့ရ၏ ။

ယီယီ၏ စကားအရ လိုအပ်လျှင်လိုအပ်သလို စာချုပ်များချုပ်ဆိုရန်အတွက် သူစိမ်းများနှင့်ဆက်သွယ်ပြောဆိုနိုင်ရန်လိုအပ်သည်ပင် ။ သူစိမ်းများနှင့် စကားပြောရန်မဆိုနှင့် မျက်နှာချင်းဆိုင်ထိုင်နေရသည်ကပင် သူမအတွက်အလွန်ခက်ခဲနေပြီဖြစ်၏ ။

ဒီတော့ ……

အရမ်းခက်ခဲလွန်းတယ် ...

သူ့ကို ဘယ်လိုစာပြန်ရပါ့မလဲ ...

သူ တောင်းပန်ပါတယ်လို့ပြောခဲ့တယ် ...

သူကလည်း ငါ့ကိုတွေ့ချင်တယ်လို့ပြောခဲ့တယ် ...

ဒါက နေ့တိုင်းတွေ့ဖို့လာမယ်လို့ ဆိုလိုတာမလား ...

တကယ်လို့ သူ့ဘက်ကသာ စာရေးပြီးစကားပြောဖို့အဆင်ပြေတယ်ဆိုရင် ငါ ....

သူနဲ့စကားကောင်းကောင်းပြောနိုင်မယ်ထင်တယ် ...

ဒါပေမဲ့ လကုန်ရင်ပြောင်းပေးရတော့မှာ ...

ငါကိုယ်တိုင်တောင်ဘယ်မှာနေရမလဲ မသိသေးတာသူ့ကဖေးဆီက နို့လက်ဖက်ရည်ဆက်မှာသောက်နိုင်ပါ့မလား ...

တကယ်လို့ တစ်နေ့မှာငါ သာ နောက်ထပ်အမှာစာထပ်မပို့တော့ပဲ ပျောက်သွားမယ်ဆိုရင် ...

ခက်ခဲလိုက်တာ ...

ဒါပေမဲ့ တစ်ဖက်လူကအိမ်ထိလာရှာရတဲ့အကြောင်းအရင်းက ငါလချီပြီး သူတို့ဆီကမမှာတော့လို့တဲ့လေ ...

သူသာ ဒီနေရာကိုထပ်လာပြီး ငါ့ကိုမတွေ့တော့ရင် စိတ်ပျက်သွားမလား ဒါမမှတ် အလိမ်ခံလိုက်ရတယ်လို့များခံစားသွားရမလား ...

သူတို့ဆီကနေ နို့လက်ဖက်ရည်၀ယ်မသောက်တော့ပဲနေကြည့်ရင်ရော ...

၀ယ်သူတစ်ယောက်လောက်လျှော့သွားတာကို သူတို့သတိထားနေမှာမဟုတ်လောက်ပါဘူး ...

သူတို့ကဖေးအတွက် ငါကတစ်ကယ်လိုအပ်နေလို့လား ...

နောက်ထပ်ဘာမှဆက်စပ်တွေးစရာမရှိတော့ဘူး ...

...

ရှန်းပိုင်မှာ စိုးရိမ်မှု စိတ်မလုံခြုံမှုနှင့် အားငယ်မှု စသည့်စိတ်ခံစားချက်များဖြင့် ရှုပ်ယှက်ခတ်နေတော့၏။ထိုသူအား မည်ကဲ့သို့စာပြန်ရမည်ကို စဥ်းစား၍မရဖြစ်နေသည်။

မမြင်နိုင်တဲ့အခြေအနေတွေအများကြီးရှိသေးတယ်လေ...

တကယ် ခက်ခဲလိုက်တာဟာ ...

ဒါမှမဟုတ်လည်း လုံး၀အဆက်အသွယ်ဖြတ်လိုက်တာကောင်းမလား ...

အတွေးပေါင်းများစွာဖြင့် ယွမ်ယွမ့်ထံ စာပို့ရန် စာရိုက်နေမိတော့သည် ။

စာရိုက်နေဆဲ : ' မနက်ဖြန်မလုပ်တော့လို့ရမလား '

ပြန်ဖျက်လိုက်ပြန်သည် ။ 

' ကျွန်မ မနက်ဖြန် နို့လက်ဖက်ရည်မသောက်တော့ဘူး ကျွန်မအတွက်မမှာပေးပါနဲ့ '

ရှန်းပိုင်မှာ ခေါင်းငိုက်စိုက်ချထားမိရင်း ထိုစာကိုမပို့ဖြစ်ခဲ့ပေ ။

ဤသည်မှာ ပြဿနာမှရှောင်ပြေးရန်အတွက် အခြားသူအားဒိုင်းသဖွယ်အသုံးချမိနေခြင်းဖြစ်သောကြောင့်ပင် ။

အရမ်းခက်ခဲလိုက်တာဟာ ...

အချိန်အတော်ကြာချိတုံချတုံဖြစ်နေပြီးနောက် တစ်ဖက်လူအားအမှန်တိုင်းဖွင့်ပြောသင့်သည်ဟုတွေးမိသောကြောင့် သူမ၏အတွေးများအားပြောပြရန်စာရိုက်လိုက်ပြန်သည် ။

" ကျွန်မလေ ... "

သို့သော်လည်းထပ်မံတုံ့ဆိုင်းနေမိပြီး ကီးဘုတ်ပေါ်သို့ အားပြင်းပြင်းနှင့်ဖိထားသည့် သူမ၏လက်များမှာဖြူဖျော့နေတော့၏ ။

" ကျွန်မကိစ္စအမျိုးမျိုးကြောင့် နောက်တစ်ပတ်ကနေစပြီး အချိန်အတော်ကြာတဲ့အထိ နို့လက်ဖက်ရည်မှာဖြစ်မယ်မထင်ဘူး "

မျက်နှာအား လက်တစ်ဖက်ဖြင့်ကာထားပြီးနောက် တခြားလက်တစ်ဖက်ဖြင့် ပို့မည်ကိုနှိပ်လိုက်သည် ။ သူမချောင်းပင်မကြည့်ရဲ‌ေပ။

ပို့လိုက်ပြီ !

ဘုရားရေ ! !

ရှန်းပိုင်မှာ စားပွဲကိုအလန့်တကြားကန်မိသွားသောကြောင့် ထိုင်ခုံပေါ်မှပင်ပြုတ်ကျသွားလေတော့၏ ။

စားပွဲပေါ်မှ ဖုန်းသည်ကား စာ၀င်လာသောကြောင့် noti သံထွက်လာလေ၏ ။ ရှန်းပိုင်မှာ အံ့အားသင့်စွာဖြင့် ဖုန်းကိုကိုင်လိုက်ပြီးနောက် ထိုင်ခုံကိုနေရာတကျဆွဲယူလိုက်ကာ မူလပုံစံအတိုင်းပြန်ထိုင်လိုက်သည် ။

သူမက ထိုသူသည်အတောမသတ်သောထူးထူးဆန်းဆန်းမေးခွန်းများမေးလာမည်အထင်နှင့်ကြည့်လိုက်၏။

သူက စာတစ်ကြောင်းသာပို့လာသည် ။

" မနက်ဖြန်အတွက်အမှာစာတင်ထားသေးလား"

ရှန်းပိုင်က ခဏမျှမှင်သက်နေပြီးမှပြန်ဖြေလိုက်သည်။

" အင်း မှာလိုက်တယ် "

ယီယီက တစ်ပတ်စာမှာဖို့ပြောထားတယ် ...

" ဒါဆိုလဲမနက်မှတွေ့ကြတာပေါ့ ... စောစောအနားယူ..."

ရှန်းပိုင်မှာ ထိုသူ၏အေးဆေးတည်ငြိမ်နေသည့်အမူအရာအားအမှန်ပင်မျှော်လင့်မထားခဲ့မိသောကြောင့် ကြောင်အအဖြင့်သာစာပြန်ပို့လိုက်သည် ။

" အင်း "

စာပို့ပြီးသည်အထိ သူမ၏နှလုံးသားလေးမှာမတည်ငြိမ်နိုင်ဖြစ်နေလေသည် ။

ချန်ကျိုးအနေနှင့် သူမ၏အခြေအနေအားမေးခွန်းထုတ်ရန်အကြောင်းပြချက်ရေ‌ေရရာရာမရှိပါချေ ။ ' အဘယ့်ကြောင့် မမှာယူတော့သနည်း ' ဟုရိုးရိုးရှင်းရှင်းတိုက်ရိုက်မေးမြန်းလိုက်သည်ထက် ဤကဲ့သို့ညင်သာသည့်မေးခွန်းထုတ်ဟန်မပေါ်သည့်မေးခွန်းများကသာ သူလိုချင်သည့်အဖြေအားမိန်းမငယ်လေးပေးစွမ်းလာစေရန်လုပ်ဆောင်နိုင်သည်ပင် ။

ရှင်းရှင်းလင်းလင်းတွေးတောပြီးသည့်နောက်၌ သူသည်လည်း ကောင်မလေးအားတွေ့ချင်နေသည့်အပြင် ထိုမိန်းကလေးကလည်း သူ့အား နို့လက်ဖက်ရည်လာပို့ပေးရန် ခွင့်ပြုနေမည်ပင်ဖြစ်သည် ။

နှစ်ယောက်ကြား၌ ဤကဲ့သို့ဖွင့်မပြောဘဲ စိတ်ထဲကသာသဘောပေါက်နေကြသည့်အချက်များကြောင့် သူမအချိန်အတော်ကြာမှာယူခြင်းမပြုနိုင်မည့်ကိစ္စအား ကျော်ခွရှောင်လွှားသွားခဲ့၏ ။

ဤနည်းလမ်းဖြင့်သာ ချန်ကျိုးက သူ၏နှလုံးသားထဲမှထူးဆန်းနေမှုများကိုထိန်ချုပ်ထားနိုင်မည်ဖြစ်သည် ။

ဆံပင်အခြောက်ခံပြီးနောက် အိပ်ရာပေါ်သို့တက်ကာခေါင်းအုံးကိုခါးနောက်တွင်ခု၍ စာအုပ်တစ်အုပ်ကိုယူကာ စာဖတ်ရန်ပြင်လိုက်သည် ။ စာရွက်ပါးပါးလေးများအား အချိုးအစားကျန၍သွယ်လျသည့်လက်များဖြင့် လှန်လှော၍ အေးအေးဆေးဆေးအနားယူနေတော့သည် ။

ထို့နောက် အခွံလေးထဲတွင်ပုန်းနေတတ်သည့် ဂုံးကောင်လေးကဲ့သို့ မိန်းကလေးအားပြန်တွေးမိကာ ဖုန်းကိုယူ၍ သာမန်ကာလျှံကာမှတ်ထားသည့် ' မစ္စရှန်း ' ဟူသည့်နာမည်ကိုဖျက်လိုက်သည် ။

စက္ကန့်အနည်းငယ်ကြာစဥ်းစားနေပြီးနောက် နာမည်လေးသုံးလုံးကိုရိုက်ထည့်လိုက်တော့၏ ။

' ဂုံးကောင်လေး '

အခွံလေးထဲကိုပြေးပြေးပုန်းတတ်တဲ့ ဂုံးကောင်သေးသေးလေး ...

×××

နောက်တစ်နေ့၌ 

ပုံမှန်ညနက်မှအိပ်ပျော်နေကျဖြစ်သည့် ရှန်းပိုင်မှာ အကြောင်းပြချက်အချို့ကြောင့်ယမန်နေ့ညက ဆယ့်တစ်နာရီအချိန်ကတည်းကပင်အိပ်ပျော်သွားသောကြောင့် မနက်စောစောနိုးလာလေသည် ။

မနက်စောစောထခြင်း၏ အနှစ်သာရမှာ အိမ်အလုပ်များလုပ်ရန်အတွက် အချိန်များစွာရသွားခြင်းပင် ။

တစ်အိမ်လုံးအနှံ့သန့်ရှင်းရေးလုပ်ပြီးနောက် အသုံးမလိုသည့်အမှိုက်များကိုအိတ်ကြီးသုံးအိတ်ဖြင့်စုထည့်ထားလိုက်၏ ။

သန့်ရှင်းရေးလုပ်ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အတွေ့အကြုံပင် ...

ဆောင်းတွင်းမှာ ဟိုဟိုဒီဒီပြေးလွှားနေတဲ့ ဟမ်းစတားလေးတစ်ကောင်လိုပဲ ...

သူမကသန့်ရှင်းရေးလုပ်ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း ပင်ပန်းကြောင်းညည်းညူနေရင်းဖြင့် အမှိုက်အိတ်များကိုတံခါး၀သို့ တစ်အိတ်ပြီးတစ်အိတ်ရွေ့နေတော့သည် ။

ထို့နောက် ပြတင်းပေါက်ကိုကာရံထားသည့် လိုက်ကာစအားမ၍အပြင်သို့ချောင်းကြည့်လိုက်သည် ။ ရာသီဥတုအခြေအနေမှာ အရမ်းကြီးသာယာမနေဘဲ ကောင်းကင်ယံရှိတိမ်တိုက်များမှာ မီးခိုးရောင်သမ်းနေတော့၏ ။

အာ ... ဒီနေ့တိမ်ထူနေတာပဲ

တိမ်ထူသောကောင်းကင်နှင့် အံ့အားသင့်ဖွယ်ကောင်းသောမိုးရာသီ အမှန်ပင် ညတာမှာရှည်လျားလိမ့်မည်ဖြစ်ကြောင်းသိသာနေ၏ ။

ရှန်းပိုင်က တံခါး၀သို့ပျော်ပျော်ရွင်ရွင်လျှောက်သွားပြီး ဖိနပ်လဲနေသည့်အချိန်တွင် သူမ၏ဖုန်းတုန်ခါလာလေသည်။ဖွင့်ကြည့်လိုက်သောအခါ၌ ယွမ့်ယွမ့်ထဲမှ စာဖြစ်နေ၏။

' ကုမ္ပဏီက နွေဦးမှာအသစ်ထုတ်မဲ့ကော်လက်ဂျင်အတွက် အရေးအပေါ်အစည်းအဝေးကျင်းပဖို့စီစဥ်ထားတယ် '

ဒါက စာရေးသူတွေအကုန်လုံးကိုခေါ်တာများဖြစ်နေမလား ...

ဖုန်းကိုအိပ်ကပ်ထဲသို့ပြန်ထည့်လိုက်ပြီးနောက် သူမကိုယ်သူမဖုံးကွယ်ရန်အတွက် အကျီပြောင်းလဲ၀တ်ဆင်လိုက်သည့်အပြင် မျက်နှာကိုပါဖုံးအုပ်လိုက်သည်။

ချောင်းကြည့်ပေါက်မှတစ်ဆင့် အပြင်သို့ကြည့်၍ အချိန်အတော်ကြာအောင် မည်သူမျှဖြတ်သန်းသွားလာခြင်းမရှိကြောင်းသေချာအောင်စောင့်ကြည့်နေလေသည် ။

အထပ်ထပ်အခါအခါအတည်ပြုပြီးသောအခါမှသာ တံခါးကိုကျယ်ကျယ်ဟ၍ ကော်ရစ်တာဘက်သို့လမ်းလျှောက်ထွက်လိုက်သည် ။ ထို့နောက် အမှိုက်အိတ်တစ်အိတ်ပြီးတစ်အိတ်ကိုယူထုတ်တော့သည် ။

ရှန်းပိုင်၏ လောလောလတ်လတ်အခြေအနေမှာ သူမ၏ ကျော်ကြားသောလက်ရာတစ်ခုဖြစ်သည့် ' ပျောက်ဆုံးနေသောမြို့တော် ' ထဲမှဇာတ်ကွက်တစ်ခုကဲ့သို့အတိအကျဖြစ်နေ၏ ။

ဇွန်ဘီကမ္ဘာပျက်ကပ်အတွင်း အမျိုးသမီးရှင်သန်ကျန်ရစ်သူတစ်ယောက်ကသူမ၏ အသက်ရှင်နေထိုင်နိုင်ရန်ထောက်ပံ့ပစ္စည်းများနှင့်အတူ အခန်းတစ်ခန်းထဲမှ သတိကြီးကြီးဖြင့် ခိုးကြောင်ခိုး၀ှက်ထွက်နေပုံဖြစ်သည် ။

လက်ရှိအခြေအနေနဲ့ဆိုရင် သူမ၏ ကျော်ကြားသည့်လက်ရာမှာ လက်တွေ့ဘ၀ပေါ်အခြေခံ၍ ပေါက်ဖွားလာခြင်းဖြစ်သည်ဟုဆိုနိုင်ပေ၏ ။

အိတ်သုံးလုံးကိုအပြင်သို့ရောက်အောင်ဆွဲထုတ်ပြီးသောအခါမှသာ ရှန်းပိုင်က သူမ၏ လက်မှဖုန်များကိုခါချလိုက်ပြီး တံခါးသော့ကိုကိုင်လိုက်သည် ။

သော့ချိတ်လေးရှိခေါင်းလောင်းလေးမှာ ခါယမ်း၍တချွမ်ချွမ်မြည်နေတော့၏ ။ သော့ခတ်တော့မည့်အချိန်၌ သူမ၏အမည်အား တစ်ယောက်ယောက်မှခေါ်သံကိုကြားလိုက်ရသည် ။ 

ရှင်းလင်းပြတ်သားသည့်စကားနှစ်လုံးပင် ။

" ဂုံးကောင်လေး "

ဘယ်သူလဲ ...

ရှန်းပိုင်မှာ သူမ၏ ဂုတ်ပေါ်သို့လက်အေးအေးကြီးတစ်စုံကလာရောက်ဆုပ်ကိုင်ခြင်းခံလိုက်ရသကဲ့သို့အေးစက်တောင့်တင်းသွားရ၏ ။ သူမ၏ နောက်တွင်ရပ်နေသည့် ထိုသူ၏ ၀င်သက်ထွက်သက်အသက်ရူသံများကိုပါ ခံစားမိနေသလိုပင် ။

ထိုသူ၏ ရနံ့မှာ ရင်းနှီးနေသည့် နို့လက်ရည်နံ့သင်းသင်းလေးဖြစ်၏ ။

တူညီသည့်ပတ်၀န်းကျင်တစ်ခုတည်းအတွင်းတွင် နေ့တိုင်းနို့လက်ဖက်ရည်ဖျော်သည့်အလုပ်ကိုလုပ်ကိုင်နေရသောကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်မှထိုရနံ့ရနေသည်မှာမထူးဆန်းပေ ။ 

ခဏကြာသောအခါထိုသူက စကားထပ်ပြောလာပြန်သည် ။

" မင်း အပြင်သွားမလို့လား "

ရှန်းပိုင်မှာ ထိုသူဖြစ်နိုင်လောက်မည်မှန်း မှန်းဆပြီးသားဖြစ်သည် ။

သူပဲ ....

ဘာလို့ ဒီနေ့အစောကြီးရောက်လာတာလဲ ...

ရှန်းပိုင်မှာ သူမ၏ခေါင်းကိုမြေကြီးထဲသို့ပင် နှစ်မြုပ်ထားလိုက်ချင်မိ၏ ။

ယီယီ က အစည်းအဝေးကြောင့်အလုပ်ရှုပ်နေလို့ အစောကြီးမှာပေးထားခဲ့တာလား ...

ရှန်းပိုင်က ခါးကိုမတ်ကာဖြင့် အတတ်နိုင်ဆုံးသန်မာသည့်ပုံစံပေါက်အောင်ဟန်ဆောင်လိုက်၏ ။ သို့သော်လည်း သူမ၏နောက်မှထိုလူကို လှည့်ကြည့်ရန်မူ သတ္တိမရှိပါချေ ။

ရှန်းပိုင်က ခေါင်းညိမ့်ပြလိုက်သည် ။ ချန်ကျိုးက အိတ်ကြီးသုံးအိတ်ကိုသတိပြုမိသွားပြီး သူမအားမေးလာ၏။

" ဒီအိတ်တွေကို ကိုယ်အောက်ကိုသယ်သွားပေးရမလား "

ရှန်းပိုင်က ခေါင်းတဆတ်ဆတ်ညိမ့်ပြရင်းဖြင့်သာ သူမ၏လက်များကို မည်သို့ထားရမည်မသိသည့်အတွက် အိပ်ကပ်ထဲသို့သာထိုးထည့်လိုက်မိသည် ။

ထိုသူက တောက်ပစွာပြုံးရင်းဖြင့် ...

" ကိုယ်ဒီနေ့ စောစောလာမိလို့ မင်းနဲ့ဒီလိုတိုက်တိုက်ဆိုင်ဆိုင်တွေ့ရမယ်လို့တောင် မမျှော်လင့်ထားဘူး "

ရှန်းပိုင်မှာ အကြောင်းပြချက်ရေရေရာရာမရှိပါဘဲ မျက်နှာတစ်ခုလုံးနီရဲကာ တစ်ကိုယ်လုံးပူလာတော့၏ ။ ချန်ကျိုးက ခေါင်းငုံ့ထားကာ ကိုယ်ကိုယ့်ကိုအသေးဆုံးအထိကျုံ့၀င်သွားချင်နေသည့် မိန်းမငယ်လေးအား စိုက်ကြည့်နေမိသည် ။

ခါးမတ်ထားသော်လည်း သူမ၏ ဦးခေါင်းမှာတစ်ကြိမ်တစ်ခါမှ မော့မလာခဲ့ပေ ။ သူမကိုယ်သူမ မမြင်နိုင်သည့် အကာအရံတစ်ထပ်နှင့်ကာရံထားသကဲ့သို့ပင် ။ ချန်ကျိုးမှာ အချိန်အကြာကြီးကြည့်နေမိပြီး ထိုမိန်းကလေးထဲမှအကြည့်မလွဲနိုင်ခဲ့ပေ ။

" မင်းက ဒီလိုပဲ ကိုယ့်ကိုလျစ်လျှူရှုထားတော့မလို့လား "

ချန်ကျိုးက သူမနှင့်အလွန်နီးကပ်စွာရပ်နေပြီး အပြုံးတစ်ပွင့်နှင့်သူ၏စကားသံမှာ သံလိုက်ကဲ့သို့ဆွဲဆောင်မှုရှိလှသည် ။ ရှန်းပိုင်က သတိလက်လွတ်ဖြင့် မလှုပ်မယှက်ရပ်နေမိ၏ ။

နှလုံးသားလေးမှာ ထိန်းချုပ်မရစွာခုန်ပေါက်နေပြီး ဟူဒီအနွေးထည်ခေါင်းစွပ်ကြီး၏ အောက်မှ မျက်၀န်းလေးတစ်စုံမှာ ဘယ်နေရာကို ကြည့်လို့ကြည့်ရမည်မှန်းမသိတော့ပေ ။

အချိန်ခဏအတွင်းမှာပင် သူမ၏ မျက်၀န်းတစ်စုံမှာ အံ့အားသင့်မှုကြောင့်ပြူးကျယ်သွားရ၏ ။ ချန်ကျိုးက ရုတ်တရက်ငုံ့ကိုင်းချလာပြီး သူမ၏ မျက်နှာအားစေ့စေ့စပ်စပ်ကြည့်နေသောကြောင့်ပင် ။

နှစ်ယောက်စလုံးအကြည့်ချင်းဆုံနေသောကြောင့် ချန်ကျိုးပြုံးလိုက်သည့်အခါ၌ သူ၏ မျက်၀န်းထောင့်လေးများကော့တက်သွားသည်ကိုပင် ထင်ထင်ရှားရှားမြင်နေရလေ၏ ။

အား အား အား အား အား အား ...

ရှန်းပိုင်မှာ ပို၍မလှုပ်ရဲပါတော့ချေ...

 သူငါ့ကိုမြင်သွားပြီ ...

မျက်နှာတစ်ခုလုံးအပူပေးထားသည့်ဒယ်အိုးတစ်လုံးကဲ့သို့ နီရဲနေတော့၏ ။ ချန်ကျိုး မတ်မတ်ပြန်ရပ်လိုက်သောအခါ သူ၏ မြင်ကွင်းထဲရှိမိန်းကလေးက ခေါင်းငုံ့ထားဆဲဖြစ်ကြောင်းတွေ့လိုက်ရသည် ။

ကြောက်လန့်ပြီး မလှုပ်ရဲသည့်ကောင်မလေးကိုကြည့်ကာ ချန်ကျိုးမှာ ပို၍ပင်ရယ်ချင်လာတော့သည် ။

ရှန်းပိုင် အူကြောင်ကြောင်ဖြစ်နေသည့်အချိန်တွင်ပင် ချန်ကျိုး၏ ယဥ်ယဥ်ကျေးကျေးနှင့် မိမိကိုယ်ကိုမိတ်ဆက်သည့်စကားများကိုကြားလိုက်ရသည်။

" ကိုယ့်နာမည်က ချန်ကျိုးပါ တောက်လောင်တယ်ဆိုတဲ့ကျိုး ."

( TN / ဒီနားမှာ နည်းနည်းလေး လေရှည်ချင်တာရှိလို့ပါ ရှန်းပိုင်မှာက စိတ်ရောဂါအနုစားတစ်မျိုးဖြစ်တဲ့ လူတွေနဲ့ပြောဆိုဆက်ဆံရာမှာ အားနည်းတဲ့ရောဂါရှိပါတယ် ... တခြားသူတစ်ယောက်ကို စကားပြောရတာနဲ့တင် သူမအတွက်တော်တော်ကြီးခက်ခဲနေပြီမို့လို့ ဇာတ်ကြောင်းက နည်းနည်းအားမလိုအားမရဖြစ်စရာတွေတော့ရှိတာပေါ့နော် ... ဒါ့ကြောင့် ဘယ်သူ့ရှေ့မှာပဲဖြစ်ဖြစ် ရှန်းပိုင်ရဲ့ ပုံစံက ကြောက်လန့်ပြီး တုန်ရီနေတာမျိုးဖြစ်နေတတ်ပါလိမ့်မယ် ... စိတ်ကူးယဥ်၀တ္တုဆိုတာထက် လက်တွေ့ကိုအခြေခံပြီးရေးထားတာမို့လို့ အေးအေးငြိမ့်ငြိမ့်လေးဖြစ်နေမှာပါ ✌️ )



Xxxxxx