အပိုင်း ၅
Viewers 7k

#sweet     
Chapter ( 5 )

ငါးမိနစ်ကြာပြီးနောက် ...

ရှန်းပိုင်က အိမ်စီးဖိနပ်ဖြင့်သာ အခန်းအတွင်းသို့ ပြေး၀င်သွားပြီး ကုလားထိုင်ပေါ်သို့ အရိုးမရှိတော့သကဲ့သို့ ခြေပစ်လက်ပစ်မှီချလိုက်၏ ။

မဲမှောင်နေသည့် တက်ဘလက်စခရင်ကိုကြည့်ရင်း မျက်ခုံးကျုံ့ထားမိသည့်အပြင် အနည်းငယ်၀မ်းနည်းသလိုလိုအပြင် မကျေမနပ်ဖြစ်မှုကိုပါခံစားနေရသည်။

စကားပြောတာအရမ်းများသွားလို့လား ...

အထူးသဖြင့် တံခါးနောက်မှရုတ်တရက်ထွက်ပေါ်လာခဲ့သော သန်မာသည့်လက်တစ်စုံအားပြန်တွေးမိသောအခါ သူမ၏ မျက်နှာပင်နီရဲလာရ၏ ။

တော်စမ်း တော်စမ်း တွေးနေတာရပ်လိုက်တော့ ...

တံခါးကိုဖမ်းလိုက်သည့် အရှိန်မှာလျှင်မြန်လွန်းသောကြောင့် လေအေးအေးများဖြတ်သန်းတိုက်ခတ်သွားသည်ကိုပင် ခံစား၍ရနိုင်သည် ။ ရှန်းပိုင် မျက်လုံးပိတ်ပြီး ပြန်ဖွင့်လိုက်သောအခါ၌ အနည်းငယ်စိတ်ပျက်မိသလိုခံစားရလေ၏ ။

သူဘာလို့ အဲလောက်တောင်သန်မာနေလဲမသိတော့ပါဘူး ...

တစ်ဖက်လူ ဒေါသထွက်သွားသလားလည်းသူမ မသိ‌ေပ။ 

မည်သို့ပင်ဖြစ်စေ သူမမစဥ်းစားဘဲတံခါးပိတ်လိုက်မိရခြင်းအကြောင်းအရင်းမှာ အပြင်ဘက်မှမည်သည့်လှုပ်ရှားသံကိုမှမကြားရတော့သောကြောင့်ပင် ။

အချိန်အတော်ကြာ သူမ၏ ရင်တွင်းမှအပူကိုငြိမ်အောင်ထိန်းညှိပြီးနောက် ချောင်းကြည့်ပေါက်မှတစ်ဆင့် ခိုးကြည့်လိုက်ပြန်၏ ။

ယခုတစ်ခေါက်တွင်မူ မည်သူတစ်ဦးတစ်ယောက်မှ မရောက်ရှိခဲ့ဖူးသကဲ့သို့ လျှောက်လမ်းတစ်ခုလုံးတိတ်ဆိတ်နေတော့ ၏ ။

ရှန်းပိုင်မှာ နောက်တစ်ကြိမ်ခေါင်းကုတ်မိပြန်၏ ။ သူမသည် ဤကဲ့သို့လူအများနှင့် ဆက်သွယ်ပြောဆိုရမည်ကိုတွေးကြည့်ရုံနှင့်ပင် စိတ်ညစ်လာရသည် ။

တစ်ခါခွင့်ပြုပေးလိုက်သည်နှင့် နောက်ထပ်အကြိမ်ပေါင်းများစွာ ၀င်ရောက်စွက်ဖက်ခွင့်ပေးလိုက်ခြင်းနှင့်တူပြီး တစ်ဖက်လူအတွက်လည်း အကျိုးမရှိသည့် မျှော်လင့်ချက်များစွာရသွားစေနိုင်သည် ။ 

ဥပမာ ...

ပေါင်းသင်းဆက်ဆံရေးတစ်ခုတည်ဆောက်မှုကဲ့သို့ပင် ထိုဆက်ဆံရေး၏ နောက်ကွယ်၌ ကြီးမားသော ရှုပ်ထွေးမှုများအပြင် ဒုက္ခများနှင့် သူမကိုယ်တိုင် အသေးစိတ်ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်သည့်အရာတွေ အများကြီးရှိသည် ။

အမည်မသိတောအုပ်တစ်ခုအတွင်းသို့ခြေချလိုက်ရသကဲ့သို့ပင် ပန်းခင်းလမ်းလော ဆူးခင်းလမ်းလော သိနိုင်မည်မဟုတ်ပေ ။ထို့ကြောင့် သူမ မတွေးရဲချေ ။

သို့သော်လည်း သူမက ပထမဆုံးစတင်ကမ်းလှမ်းခဲ့သူဖြစ်နေပြန်၏ ။

ဘာလို့များ လျှာရှည်ပြီးမေးခဲ့မိတာပါလိမ့် ...

အပြုအမူတွေက ကျိုးကြောင်းမဆီလျှော်ဘူးဖြစ်သွားတယ် ...

အဲဒီလူက သူ့ကိုငါကအခွင့်ကောင်းယူနေတယ်လို့များထင်သွားမလား...

ဘယ်လိုလုပ်ရပါ့မလဲ ...

ရှန်းပိုင်မှာ အလွန်အတွေးလွန်စိုးရိမ်နေသောကြောင့် သူမ၏ မျက်လုံးများမှာနီရဲနေပြီး နှလုံးသားထဲ၌လည်း သံပုရာသီးစားထားသကဲ့သို့ ချဥ်စုပ်စုပ်ဖြစ်နေလေ၏။

သူမ၏ အခြေအနေအရအကူအညီပေးရန် အကြံဥာဏ်တောင်းနိုင်သည့်သူမှာတစ်ဦးသာရှိတော့သည် ။

 ရှန်းပိုင်က ကွန်ပျူတာရှေ့တွင်ထိုင်လိုက်ပြီးနောက် သူမ၏ အယ်ဒီတာယွမ်ယွမ်ထံ QQ မှတစ်ဆင့်စာပို့လိုက်သည် ။ သူမ၏ လက်ချောင်းများမှာ ကီးဘုတ်ပေါ်၌ လျှင်မြန်စွာပြေးလွှားနေပြီး မျက်နှာချင်းဆိုင်စကားပြောရသည်ထက် စာပို့ခြင်းကသာသူမအတွက် ပိုမိုလွယ်ကူ၏ ။

ရှန်းပိုင် " ယီယီ ရှင်ရှိနေလား ..."

ယီယီ " ပြောလေ "

" ကျွန်မ တစ်ခုခုမှားတာလုပ်လိုက်မိပြီထင်တယ် ... "

" ဘာလဲ ... စာမူကြမ်းကို အချိန်မှီမအပ်နိုင်လို့လား "

" မဟုတ်ပါဘူး "

" အဲတာဆိုဘာလို့လဲ ဒါ့ထက်ပိုပြီးအရေးကြီးတဲ့ကိစ္စမျိုးတော့ ငါစဥ်းစားလို့မရတော့ဘူး "

ရလဒ်အနေဖြင့် ရှန်းပိုင်က စာအရှည်ကြီးရိုက်လိုက် ပြန်ဖျက်လိုက်ဖြင့်နောက်ဆုံး၌ မပို့ဖြစ်တော့ပေ။

အချိန်စောသေးသောကြောင့် ယီယီအားဖြစ်သမျှအကြောင်းစုံပြောပြလိုက်သည် ။ နောက်ဆုံး၌ စာတစ်ကြောင်းဖြင့်သာအဆုံးသတ်သွား၏ ။

" ကျွန်မဘာဆက်လုပ်ရမလဲဟင် "

" နင်စာပို့တာကိုစောင့်နေရတာ ငါအိပ်တောင်ပျော်တော့မလို့ ... နေပါဦး ငါစဥ်းစားပါရစေဦး "

" အွန်း "

ရှန်းပိုင်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူမ၏ လက်ဖ၀ါးနှစ်ဖက်အား စိတ်လှုပ်ရှားစွာပွတ်သပ်နေမိသည် ။

ချွေးများပင်ထွက်နေတော့၏ ။

ရှန်းပိုင်က တစ်ရှုးကိုယူလိုက်ပြီးချွေးများကိုသုတ်ကာ ကွန်ပျူတာမောက်စ်ကိုကိုင်လိုက်သည် ။ သို့သော်လည်း ချွေးပြန်ထွက်လာသောကြောင့် မောက်စ်ပါ စိုရွှဲသွား၏ ။

ရှန်းပိုင်မှာ ပြောမပြနိုင်လောက်သည်အထိမျက်နှာပူလာပြီးနောက် တစ်ရှုးဖြင့် မောက်စ်ကိုထပ်မံသုတ်လိုက်ပြန်သည် ။

ကွန်ပျူတာဖန်သားပြင်ပေါ်၌ ယွမ်ယွမ်က စာတစ်စောင်ပို့ထားပြီး သူမ၏စိတ်၀င်စားမှုမှာ နို့လက်ဖက်ရည်လာပို့သည့်သူပင် ။

" နို့လက်ဖက်ရည်လာပို့တဲ့လူက ချောလား "

 " ဘာလို့မေးတာလဲ "

" ဘာလို့လဲဆိုတော့ ငါရဲ့နောက်ဖြေမဲ့အဖြေကအဲဒီအပေါ်မှာမူတည်နေလို့ "

ရှန်းပိုင်က ခဏမျှစဥ်းစားပြီးနောက် 

" အမ် ... အရမ်းစိတ်ထားကောင်းတယ် နူးညံ့ပြီးတခြားသူတွေနဲ့မတူဘူး "

" ရုပ်ချောလား မချောလားပဲသေသေချာချာပြောစမ်းပါ "

" အင်း ချောတယ် "

ထိုစကားကိုပြောပြီးနောက် ရှန်းပိုင်မှာ သူမ၏ အနားတွင်ထိုသူရှိနေသကဲ့သို့ မျက်နှာတစ်ခုလုံးနီရဲကာ ရှက်သွေးဖြာနေတော့၏ ။

" ဒါဆိုလဲငါပြောမယ် နင်အရမ်းအတွေးလွန်နေပြီ ... အဲဒီလူက နင့်ကိုသောက်စရာတစ်ခုအလကားပေးတယ် နင်ကအဲ့တာကိုဝေဖန်ကြည့်ပြီး သုံးသပ်ချက်တစ်စောင်ရေးပေးတယ် ပုံမှန်ပဲလေ ဘာမှထူးဆန်းနေတာမရှိပါဘူး... ဒါပေမဲ့လည်း နောက်နေ့တွေလဲလာပို့ပေးဖို့တောင်းဆိုလိုက်တာက နည်းနည်းတော့ ... "

" အဲလိုတောင်းဆိုမိတာက သူ့အပေါ် ကျွန်မကအမြင်ကောင်းရှိလို့ဆိုတဲ့သဘောမျိုးမဟုတ်ဘူးလား "

" နောက်လည်း လာပို့ပေးလို့ရမလားဆိုတာက နောက်လည်း ရှင့်ကိုတွေ့ဖို့မျှော်လင့်တာပဲဆိုတဲ့ အဓိပ္ပာယ်ကြီးလေဟာ "

ထိုစကားကြောင့် ရှန်းပိုင်မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ခံစားရပြီး တုန်လှုပ်သွားရသည် ။

ယီယီက သတိမထားမိသေးဘဲ တောက်လျှောက်ပေါက်ပေါက်ဖောက်နေဆဲပင် ။ 

" တကယ်လို့နင်သာ အဲလူကိုထပ်မတွေ့ချင်ဘူးဆိုရင် နင်မေးလိုက်မှာမဟုတ်ဘူးလေ ... မေးလိုက်တယ်ဆိုတာက နင့်ရဲ့နှလုံးသားထဲကနေ သူ့ကိုထပ်တွေ့ဖို့ ဆန္ဒရှိတယ်လို့ ဆိုလိုနေတာပဲလေ "

"သြော် အဲ့လိုလား ..."

သူမ၏ မျက်နှာပေါ်သို့ ကွန်ပျူတာဖန်သားပြင်မှ အလင်းရောင်ပြန်ဟပ်နေပြီး ယွမ်ယွမ်နောက်ဆုံးပို့ထားသည့် စာကြောင်းကိုသာ မျက်တောင်မခတ်ပဲစိုက်ကြည့်နေမိ၏ ။

" နင်တစ်ယောက်ယောက်နဲ့ သူငယ်ချင်းဖြစ်ချင်တယ်လို့ကြားရတာ ကောင်းလိုက်တာ "

ယီယီက အဆက်မပြတ်စာပို့နေဆဲပင် ။

" နင်ချက်ချင်းတံခါးပိတ်လိုက်တာလား"

" ဒါပေမဲ့လည်း နင့်မှာတက်တက်ကြွကြွနဲ့ တောင်းပန်ဖို့အခွင့်အရေးရှိပါသေးတယ် "

" သူနင့်ကို နို့လက်ဖက်ရည်လာပို့တဲ့အခါကျ နင်ဆက်သွယ်ဖို့ အီးမေးလ်ပဲဖြစ်ဖြစ် ဖုန်းနံပါတ်ပဲဖြစ်ဖြစ်တောင်းထားလိုက်လေ ... ပြီးရင် ပုံမှန်အတိုင်းပဲစာပို့ပြီးတောင်းပန်လိုက် "

" သူတိုက်ရိုက်ကြီးအဖြေပြန်မပေးလောက်ပေမဲ့ ... နင့်ကိုတစ်ခုခုတော့ပြန်မေးလောက်တယ် "

" ငါ့အထင်တော့ သူရှက်နေတာဖြစ်ရမယ် ... သူ့ဘက်ကလည်းနင့်ဆီ လာချင်နေမလားဆိုတာမသိနိုင်ဘူးလေ "

" သူ့နင့်အပေါ် ဘယ်လောက်စိတ်ရှည်ခဲ့လဲဆိုတာကိုတွေးကြည့်စမ်းပါ ... ဘယ်လိုလူမျိုးကများ စကားလေးတစ်ခွန်းပြောဖို့အရေး တံခါးကြားကနေအခေါက်အခေါက်အခါခါစာရေးပို့နေရတာကိုစိတ်ရှည်မှာလဲ တော်တော်ကြီးကိုထူးဆန်းနေပြီ ဟုတ်ပြီလား ... မသိရင် အလယ်တန်းကလေးတွေအချင်းချင်းစာတိုလေးတွေပို့နေကြသလိုပဲ "

" ဒါနဲ့သူက အသက်ဘယ်လောက်ရှိပြီလဲ "

ရှန်းပိုင် : သူမစကားပြောရမဲ့အလှည့်ရောရောက်လာပါဦးမလား ...

ရှန်းပိုင်က နံပါတ်နှစ်လုံးကိိုရိုက်လိုက်သည် ။

" သုံးဆယ်ကျော် ... "

အနည်းငယ်ထပ်မံစဥ်းစားပြီးနောက် စကားလုံးသုံးလုံးထပ်ရိုက်လိုက်၏ ။

" ထင်ရတာပဲ "

ယီယီမှာ အလွန်အမင်းအံ့သြသွားရလေ၏ ။

" အသက်ကြီးတယ်ဟ "

" ငါက ငယ်ရွယ်ပြီးချောမောတဲ့ ဒလီဗာရီ ရှောင်ကောကောလို့ထင်နေတာလေဟာ... ဘယ်လိုလုပ်ပြီး အသက်ကြီးကြီး ဦးလေးကြီးဖြစ်နေရတာလဲ "

ရှန်းပိုင်က အချိန်အတော်ကြာနှုတ်ခမ်းကိုက်ထားမိပြီး စကားလုံးအချို့ကိုရိုက်ကာ အသံတိုးတိုးလေးနှင့်ပြောလိုက်သည် ။

" အသက်ကြီးတာရှက်စရာမှမဟုတ်တာကို "

" နင်လှည့်စားခံနေရတာဟ!!!!" 

ယီယီက သူမ၏ စိတ်ခံစားချက်များကိုဖော်ပြရန် အာမေဋိတ်အမှတ်အသားကြီးများကိုပင်ပို့လာ၏ ။

——

ထို့နေ့ည၌ ချန်ကျိုးမှာ ရေချိုးပြီးနောက် သူ၏ရေစိုနေသည့် ဆံပင်အားသပ်တင်လိုက်ကာ သဘက်ကိုခေါင်းပေါ်၌တင်ထားလေ၏ ။ ရေချိုးခန်းတံခါးအားဖွင့်ရန် လက်ကိုင်ကိုကိုင်ထားမိသည့်အချိန်တွင် မနက်ကအဖြစ်အပျက်အား ပြန်တွေးမိသွားလေသည် ။

နေ့လည်က အမှန်ပင် သူ၏စိတ်မှာထိန်းချုပ်မှုလွတ်ထွက်သွားခဲ့၏ ။ မကောင်းဆိုး၀ါး၀င်ပူးခံလိုက်ရသကဲ့သို့ပင် သူကိုယ်သူမထိန်းချုပ်နိုင်ခဲ့ပေ ။ စတိုးဆိုင်၌ သူမအားတွေ့ခဲ့သည့်အချိန်တုန်းကလိုပင်ဖြစ်နေသည်။

တံခါးပိတ်လိုက်ပြီးနောက် ချန်ကျိုးက မိမိကိုယ်ကို လှောင်ရီနေဟန်ဖြင့် ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် အိပ်ခန်းထဲသို့လျှောက်လာလိုက်သည် ။

စားပွဲပေါ်မှ ဖုန်းကိုယူလိုက်သည့်ခါတွင် သူ့အားတစ်စုံတစ်ယောက်မှမက်ဆေ့ပို့ထားသည်ကိုမြင်လိုက်ရသည် ။

စာကိုနှိပ်ကြည့်လိုက်သောအခါ၌ ပေးပို့သူမှာ ' မစ္စရှန်း ' ဖြစ်နေသည် ။ 

 " တောင်းပန်ပါတယ် ... ကျွန်မအဲလိုကြီးတံခါးပိတ်ပစ်လိုက်ဖို့မရည်ရွယ်ခဲ့ပါဘူး [ ဒူးထောက်လျှက် ] "

ချန်ကျိုးမှာ မထိန်းချုပ်နိုင်စွာ အားရပါးရရယ်မောမိသွားပြီး စာကိုနောက်တစ်ကြိမ်ပြန်ဖတ်နေလေသည် ။

ခေါင်းပေါ်မှာ တဘတ်ကိုယူပြီးပစ်ထုတ်လိုက်ကာ သက်ပြင်းဖွဖွတစ်ချက်ချလိုက်မိ၏ ။

ချန်ကျိုး... ချန်ကျိုး ... ရက်နည်းနည်းထဲမှာတင် မင်းရဲ့တန်ဖိုးရှိတဲ့ဖောက်သည်လေးက မင်းကိုဒူးထောက်ပြီး တောင်းပန်နေရအောင် ဘယ်နှစ်ခါတောင် လုပ်ခဲ့တာလဲကွာ ...

ချန်ကျိုးက ပြတင်းပေါက်နားသို့သွားပြီးနောက်လိုက်ကာစကိုမတင်ကာ အပြင်ဘက်မှ တလက်လက်တောက်ပနေသော နီယွန်မီးရောင်များအား အချိန်အတော်ကြာငေးကြည့်ပြီးနောက် စာပြန်ရန် မက်ဆေ့ဘောက်စ်ကိုဖွင့်လိုက်၏ ။

တစ်ချိန်တည်းမှာပင် ရှန်းပိုင်သည်လည်း လက်နှစ်ဖက်ဖြင့် ဖုန်းကိုဆုပ်ကိုင်ထားပြီး အခန်းအတွင်းတစ်ကြိမ်ပြီးတစ်ကြိမ် စက်၀ိုင်းပုံပတ်လျှောက်နေမိ၏ ။

အကြိမ်ပေါင်းများစွာ မိမိ၏နှလုံးသားလေးမှာသန်မာသည်ဟုသာ အားပေးရေရွတ်နေရသည် ။အဖြေတစ်ခုတည်းနှင့်တင် အရာအားလုံးကိုဆုံးဖြတ်သွားပေလိမ့်မည် ။

သူမ၏ နှုတ်ခမ်းကိုလက်များဖြင့်အကြိမ်ကြိမ်ပွတ်သပ်မိနေသည့်အပြင် လက်သည်းထိပ်လေးများအား ကိုက်နေမိသည် ။ အနည်းငယ်နာကျင်မိပါသော်လည်း ထိုသို့ပြုလုပ်နေခြင်းကပင် သူမ၏စိုးရိမ်ပူပန်မှုများနှင့် စိတ်ဖိအားတို့ကိုလျော့ကျသွားစေသလိုပင် ။

နှစ်စက္ကန့်ကျော် သုံးစက္ကန့်လောက်ဖတ်ရုံနှင့်မှတ်မိနိုင်မည့် စာတိုတိုလေးအားရေးသားခြင်းနှင့် သတ္တိများစုစည်းကာပေးပို့ခြင်းကိစ္စတစ်ရပ်လုံးတို့၌ သူမ၏အားအင်အကုန်လုံးကိုအသုံးပြုခဲ့ရပြီး နာရီ၀က်ကျော်ကြာမြင့်ခဲ့၏ ။အလွန်ကြိုးစားချခဲ့ရသည့် ဆုံးဖြတ်ချက်ပင် ။

ထို့ကြောင့် သူမ၏ လက်ထဲမှဖုန်းအား ရုပ်ပွားတော်တစ်ဆူအားပင့်ဆောင်ထားရသကဲ့သို့ သတိထား၍တရိုတသေနှင့်ဆုပ်ကိုင်ထားမိ၏ ။

စာတစ်စောင်၀င်လာတယ် ...

ရှန်းပိုင်က စိတ်သက်သာရရစွာသက်ပြင်းချပြီးနောက် ထိုင်ခုံပေါ်သို့လှဲချလိုက်သည် ။ 

အားးးးးးး

ကြက်သီးထလာသောကြောင့် သူမ၏လက်မောင်းကိုပွတ်သပ်လိုက်ပြီးနောက် အသက်ရှုအောင့်၍ စာကိုဖွင့်ကြည့်လိုက်သည် ။

" တောင်းပန်ပါတယ် "

အမ် ...

ရှန်းပိုင်မှာ မျက်လုံးအပြူးသားနှင့်ကြောင်အကာကြည့်နေမိတော့၏ ။ သူမအနေဖြင့် တောင်းပန်စကားထပ်ပြောလျှင် ရိုင်းရာကျမည်စိုးသောကြောင့်

 " ရ... ရပါတယ် "

ဖုန်းက ရုတ်တရက်တုန်ခါလာသောကြောင့် ရှန်းပိုင်မှာ လွှတ်ချမိမတတ်ပင်ဖြစ်သွားရ၏။

" ကိုယ်မင်းကို ခြောက်လှန့်မိသွားတယ် "

ဘာကြီး ...

မနက်ကဖြစ်ခဲ့တဲ့ ကိစ္စကြောင့်နဲ့ တောင်းပန်နေတာလား ဒါမှမဟုတ်ရင် အကြောင်းပြချက်မရှိဘဲ လာတောင်းပန်နေတာလား...

ရှန်းပိုင်မှာ ကျောပြင်တစ်ခုလုံး၌ချွေးများရွဲနစ်နေသည်အထိစိတ်လှုပ်ရှားနေတော့၏ ။

နားမလည်နိုင်ဘူး ယွမ်ယွမ်ကို သွားမေးပြီး အကူအညီတောင်းရမလား ...

ဒါပေမဲ့ ယွမ်ယွမ်လည်း ဒီအချိန်ဆိုအလုပ်ဆင်းနေလောက်ပြီ ...

ထို့ကြောင့် ပြတ်သားသည့်ဆုံးဖြတ်ချက်တစ်ခုအား သတ္တိအလုံးစုံဖြင့်ချလိုက်ပြီးနောက် အရှင်းလင်းဆုံးစာတစ်ကြောင်းကိုပို့လိုက်လေ၏ ။

" ကျွန်မတောင်းပန်ပါတယ် ... ကျွန်...ကျွန်မမေးလိုက်မိတာက နောက်နေ့တွေမှာလဲရှင့်ကိုတွေ့ချင်လို့ပါ "

" ကိုယ်လဲမင်းကိုတွေ့ချင်ပါတယ် "


Xxxxxx