#sweet
Chapter ( 4)
ရှန်းပိုင်က အခန်းအတွင်းသို့ပြန်၀င်ပြီးနောက် စက္ကူအိတ်ကိုခုံပေါ်သို့တင်လိုက်သည် ။
မီးခိုးနှင့်အ၀ါရောင်ရောစပ်ထားသည့် စက္ကူအိတ်ပေါ်၌ မည်သို့သောအလှဆင်ထားသည့်အရာမှမရှိပေ။တိုတိုတုတ်တုတ်ရိုးရှင်းသည့် စာနှစ်လုံးကိုသာစိတ်ကျေနပ်ဖွယ်ရေးထိုးထားသည် ။
ရှန်းပိုင် နို့စတော်ဘယ်ရီခွက်အားစက္ကူအိတ်ထဲမှထုတ်လိုက်သည့်အခါတွင် သူမ၏ လက်ဖျားထိပ်များပင် အေးစက်သွားရသည် ။
ပန်းရောင်ဖျော်ရည်ထဲတွင် စတော်ဘယ်ရီသီးအပိုင်းအစများကိုလှပစွာမြင်တွေ့ရလေ၏ ။ နို့မှုန့်ဖြင့်ရောထားသည့် နူးညံ့သောနို့ခရင်မ်များသည်လည်း ခွက်၏ သုံးပုံနှစ်ပုံကိုနေရာယူထားသည်။
ခွက်အဖုံးအားဖွင့်လိုက်သောအခါတွင် နှာခေါင်းထဲသို့ချိုမြိန်သည့်နို့နံ့လေးတိုး၀င်ထွက်ပေါ်လာလေသည် ။
အရသာရှိမဲ့ပုံပဲ ...
ပိုက်တစ်စုံအား စက္ကူအိတ်သေးသေးလေးတစ်အိတ်ဖြင့် လှပလှပပသပ်သပ်ရပ်ရပ်ထပ်မံထုပ်ပိုးထားပြန်၏။
စက္ကူအိတ်အားဖွင့်နေရခြင်းသည် လက်ဆောင်သို့မဟုတ် အနုပညာလက်ရာတစ်ရာတစ်ခုကို ဖွင့်ဖောက်နေရသကဲ့သို့ ခံစားနေရလေသည် ။ ပိုက်ဖောက်ပြီးနောက် ခွက်ထဲသို့ထည့်၍ နို့စတော်ဘယ်ရီဖျော်ရည်ထဲမှ အမြှုပ်များကိုမွှေလိုက်သည် ။
ရှန်းပိုင်က လက်အုပ်ချီလိုက်ပြီးနောက် အစားစားအတွက်ကျေးဇူးတင်သည့်စကားများကိုရွတ်ဆိုလိုက်သည် ။ထို့နောက် သူမက အသက်၀၀ရှုသွင်းလိုက်၏ ။
ဝါး အရသာရှိလိုက်တာ ...
အရသာတကယ်ကောင်းပြီး အသီးတွေလဲအများကြီးပဲ ...
အချိုကလဲ အနေတော်ပဲ ...
ပုံမှန်အားဖြင့် သူမကအချိုအရမ်းကြိုက်သူမဟုတ်သောကြောင့် နို့လက်ဖက်ရည်ကိုပင် သကြားသုံးဇွန်းတည်းဖြင့်သာသောက်လေ့ရှိသည် ။
သူမက ချိုသည့် နို့စတော်ဘယ်ရီဖျော်ရည်တစ်ခွက်ဟုသာထင်ထားသော်လည်း အချိုအရသာအားထိန်းသိမ်းထားသည့် လက်ဖက်စိမ်းအပြင် ဆားပါ၀င်သည့် ချိစ့်လည်းပါ၀င်သည် ။ ထိုသို့ပါ၀င်မှုကပင် အချိုအရသာလွန်ကဲမသွားစေပဲ အရသာရှိနေစေ၏ ။ချိုမြိန်သည့်အရသာလေးမှာအဆုံးမရှိပေ ။
နာရီ၀က်ကျော်ကြာအောင် အသေအချာအရသာခံသောက်နေသည့်အပြင် ပိုက်ဖြင့်ခွက်တွင်ကပ်နေသည့် အမြှုပ်များကိုပါမချန် ခြစ်ကုတ်သောက်ပစ်လိုက်သည် ။
ထို့နောက် A4 စာရွက်တစ်ရွက်ကိုယူ၍ မာကာပင်ဖြင့် စာစရေးရန်ပြင်လိုက်သည် ။ အခြားတစ်ယောက်အား သုံးသပ်ချက်ရေးပေးမည်ဟု ကတိပေးထားသည့်အတွက် သူမမည်မျှပင် စိတ်မလုံခြုံသည်ဟုခံစားနေရပါစေမှု ရေးကိုရေးပေးရမည်ဖြစ်သည် ။
ဘာပဲဖြစ်ဖြစ် အအေးတစ်ခွက်လည်းအလကားတိုက်ထားတာကို ...
ထိုသို့တွေးပြီးနောက် ရှန်းပိုင်က အဘိဓာန်စာအုပ်ကိုလှန်၍ အဓိပ္ပာယ်အလွန်ပြည့်၀လှပသည့်စကားလုံးများအားရွေးထုတ်တော့သည် ။ သူမက နို့စတော်ဘယ်ရီ၏ အရသာအားဖော်ထုတ်ရန် ပြောင်မြောက်သည့် စကားလုံးနှစ်ရာကျော်ကို ဦးစွာရေးချလိုက်သည် ။
ရေးချပြီးသည့်နောက်၌ ထပ်တလဲလဲပြန်ဖတ်ကာ စကားလုံးဆီလျော်ညီညွန်မှုရှိစေရန် ပြန်လည်ပြင်ဆင်လိုက်သေး၏ ။
သူမက အကြောင်းအရာတစ်စုံတစ်ခုကိုကောင်းစွာဖော်ပြနိုင်သည့်သူမျိုးမဟုတ်ပေ ...
သူမ စိတ်ဓာတ်ကျကာ စားပွဲပေါ်သို့ လှဲချလိုက်ပြီး အချိန်အနည်းငယ်တွေးတောနေမိပြီးနောက် စင်ပေါ်မှပန်းချီဆွဲသည့်ဆေးများနှင့် စုတ်တံကိုယူလိုက်သည် ။
——
နောက်တစ်နေ့ နေ့လည်၌ ချန်ကျိုးက နောက်ထပ်တစ်ကြိမ် ရှောင်လွေ့၏ အလုပ်ကိုထပ်မံခိုးယူပြန်သည် ။
ဖုန်တလုံးလုံးထအောင် လေအလျင်ဖြင့်မောင်းနှင်ထွက်သွားသည့် သူတို့သူဌေး၏ ကားကိုနောက်မှကြည့်ကာ ရှောင်လွေ့နှင့် မန်နေဂျာကျိုးတို့မှာ အဓိပ္ပာယ်အပြည့်ပါသည့် အကြည့်များဖြင့် တစ်ယောက်နှင့်တစ်ယောက် အူကြောင်ကြောင်လေးစိုက်ကြည့်နေမိကြတော့၏ ။
ရှောင် လွေ့ : :" သူဌေးကအခုတစ်လော အရမ်းကြီးများတစ်ခုခုထူးဆန်းနေသလားလို့လေ "
ကျိုးချင်းရှုက ပြုံး၍
" မင်းဘာသိလို့လဲ ... ဒါက ကောင်းကင်ဘုံကို၀င်တော့မဲ့ လက္ခဏာတွေပြနေတာကွ "
ရှောင်လွေ့ : :" ဟမ် "
ကျိုးချင်းရှုက ထပ်မံစပ်စုပြန်၏ ။
" ဒါနဲ့ နတ်သမီးက တကယ်ကြီးချောတာလားကွ "
ရှောင်လွေ့က လက်ဖြန့်လိုက်ကာ
" ကျွန်တော်ဘယ်လိုလုပ်သိမှာလဲ ... လက်ကလေးပဲမြင်လိုက်ရတာပါဆို စကားတောင်မပြောဖူးဘူး "
ကျိုးချင်းရှုက ခေါင်းတညိမ့်ညိမ့်ဖြင့်
" သေချာနေပါပြီ ...ငါတို့ရဲ့သူဌေးလိုမျိုး ယောက်ျားတွေက ထူးဆန်းလျှို့၀ှက်နက်နဲတဲ့ မိန်းကလေးမျိုးကိုပဲသဘောကျကြတာ "
ရှောင်လွေ့ : : " ဟမ် "
ကျိုးချင်းရှုက ရှောင်လွေ့၏ ပုခုံးကိုပုတ်လိုက်ကာ
" မင်း ငယ်သေးတော့နားလည်မှာမဟုတ်သေးဘူး ... အရပ်အများကြီးရှည်လာတဲ့အခါကျသိလာလိမ့်မယ် "
အလယ်တန်းကျောင်းသားလေးတစ်ယောက်၏ အရပ်မျှသာရှိသေးသည့် ရှောင်လွေ့က ကျိုးချင်းရှု၏လက်ကိုပုတ်ထုတ်၍
" အသက်နဲ့ အရပ်ကိုမထိခိုက်စမ်းပါနဲ့ဗျာ "
ချန်ကျိုးက ရှန်းပိုင်၏ အိမ်သို့ပုံမှန်အချိန်များထက် ဆယ်မိနစ်စော၍ရောက်လာလေ၏ ။ ထိုအချိန်တွင် ရှန်းပိုင်က စာရေးခုံပေါ်တွင်ထိုင်၍ မိစ္ဆာဘုရင်နှင့်တိုက်ခိုက်နေသည့်အခန်းအား သူမ၏ ဦးနှောက်သေးသေးလေးကိုအရည်ဖျော်ချမတတ်စဥ်းစားခန်းဖွင့်နေရခြင်းဖြစ်သည် ။
" မိစ္ဆာဘုရင် "
တံခါးဘဲလ်သံကြားသည်နှင့်တစ်ပြိုင်နက် လုပ်လက်စအကုန်ပစ်ချထားတော့သည် ။ အကြိမ်ပေါင်းများစွာကြားခဲ့ဖူးသည့်တံခါးဘဲလ်သံဖြစ်ပါသော်လည်း သူမအားခြေမကိုင်မိလက်မကိုင်မိဖြစ်စေတုန်းပင် ။
မည်သူမှန်းသတိပြုမိသွားသောအခါမှသာ သူမ၏ ပုံဆွဲစားပွဲကြီးဆီသို့သွား၍ ဆီဆေးပန်းချီအထပ်လိုက်ကြားထဲမှ ယမန်နေ့ကရေးသားထားသည့် သုံးသပ်ချက်စာရွက်ကိုခက်ခက်ခဲခဲထုတ်ယူလိုက်သည် ။ ထို့နောက်ဖိနပ်အပါးကိုစီးကာ တံခါး၀သို့အသည်းအသန်ပြေးတော့၏ ။
ချောင်းကြည့်ပေါက်မှတစ်ဆင့် ခြေဖျားထောက်၍ကြည့်လိုက်သောအခါ အမှန်ပင်ထိုလူဖြစ်နေသည် ။
ကာတွန်းဇာတ်ကောင်ကဲ့သို့ ချောမောလှသည့်အမျိုးသားမှာ ယခင်နေ့များကဲ့သို့ စတိုင်လ်ထုတ်၀တ်ဆင်ထားခြင်းမရှိဘဲ သူ၏ လှပစွဲမက်ဖွယ်ကောင်းသည့် လည်တိုင်အားလုံးလုံးလျားလျားပင် လှစ်ဟပြသထား၏ ။
ထိုသူဤမျှကြည့်ကောင်းရခြင်း၏ အကြောင်းအရင်းတစ်ရပ်မှာ လှုပ်ရှားနေသည့်လည်ဇလုတ်အပြင် တိကျသပ်ရပ်သော မေးရိုးလိုင်းသည်လည်း တစ်စိတ်တစ်ပိုင်းပါ၀င်လေသည် ။
သူမ နားလည်သဘောပေါက်ထားသည့် ယောကျ်ားတစ်ဦး၏ ခန္ဓာကိုယ်တည်ဆောက်မှုပုံစံအရ လည်စေ့၏ ဆွဲဆောင်မှုမှာသူမအပေါ် အလွန်တရာမှသက်ရောက်မှုပြင်းထန်လှသည်ပင် ။
ထို့နောက် တိကျပြတ်သားသည့်မေးရိုးလိုင်း ...
အဆုံးသတ်အနားမှာ အလွန်သပ်ရပ်လှသောကြောင့် ဂုတ်ထောက်နေသည့်ဆံပင်သည်ပင် ထိုသူ၏ ရုပ်ရည်ရူပကာအားထိခိုက်မှုမရှိပေ ။
ရှန်းပိုင်မှာ သတိလက်လွှတ်နှင့်ပင် ငေးကြည့်မိရင်းငေးကြည့်မိနေ၏ ။
သုံးသပ်ချက်နှင့်အတူ ဆွဲသားထားသည့်ဆီဆေးပန်းချိီပုံစံမှာ သူမပုံမှန်ဆွဲလေ့ဆွဲထားမရှိသောကြောင့် ထိုသူအားကျေနပ်နိုင်စေမည်လားသူမမသိပါပေ ။
အသက်ပြင်းပြင်းရှုရှိုက်ပြီးနောက် တံခါးကိုသူမ၏ ပုံမှန်သတ်မှတ်ချက်ထက်ကျော်လွန်သည့်အကွာအဝေးအထိ တွန်းဖွင့်လိုက်သည် ။
ထို့နောက် ... စာရွက်လေးအား တံခါးအဟမှ ဖြည်းဖြည်းချင်းအပြင်ထုတ်ပေးလာ၏ ။
တံခါးအပြင်ဘက်တွင်ရပ်နေသည့် ချန်ကျိုးမှာ မျက်ခုံးပင့်လိုက်မိကာ သူ၏မြင်ကွင်းမှဆိုလျှင် စရွက်ဖြူဖြူလေးကိုသာမြင်ရ၏ ။
ချန်ကျိုး စာရွက်အားလှမ်းယူလိုက်သောအခါ တစ်ဖက်မှကြောက်လန့်သွားဟန်ဖြင့် တုန်ရီသွားလေသည် ။ သူ့ဘက်မှတစ်လက်မလောက်ရှေ့တိုးလိုက်ရုံဖြင့် တစ်ဖက်မှမိန်းကလေးမှာ ရှက်ရွံ့မှုကြောင့် လောင်ကျွမ်းေသတော့မည့်အတိုင်းပင် ။
တံခါးနောက်မှ မိန်းကလေးက စာရွက်ကိုလွှတ်ချလိုက်သောအခါမှသာ ချန်ကျိုး၏ လက်ထဲသို့စာရွက်တစ်ခုလုံးပါလာလေ၏ ။
ချန်ကျိုး၏ မျက်တောင်များမှာ လှုပ်ခတ်သွားပြီး စာရွက်အားစိုက်ကြည့်နေလေ၏ ။ စာရွက်ပေါ်၌ စကားလုံးအချို့အပြင် အကြီးမားဆုံးအံ့အားသင့်စရာမှာ ပန်းချီကြီးတစ်ခုပင် ။
ရေးဆေးပန်းချီကြီး ...
သွယ်လျ၍ ဆံပင်ဖြူအရှည်ကြီးနှင့်ကောင်မလေးတစ်ယောက်သည် အဖြူရောင် အကျီပေါ်၌မက်ကရွန်ပုံစံလေးနှင့် လက်ဖက်စိမ်းရောင်စကတ်တို့ကိုတွဲဖက်၀တ်ဆင်ထားသည် ။
သေးငယ်သည့် သားရေဖိနပ်အဖြူရောင်လေးအပြင် သူမ၏ဆံနွယ်များထဲ၌ သစ်ရွက်ပုံဆံညှပ်လေးတစ်ခုဖြင့် မျက်နှာပေါ်သို့ဆံဆံပင်များကျမလာစေရန်ညှပ်ထား၏ ။
စတော်ဘယ်ရီပုံစံအိတ်လေးနှစ်လုံးကို လက်တစ်ဖက်စီတွင် ကိုင်ထားပြီး သူမ၏ မျက်လုံးလေးများမှာ လခြမ်းကွေးသဏ္ဍာန်ကွေးညွတ်သည်အထိပြုံးနေသည် ။
ထိုပုံ၏ အပေါ်၌ စကားလုံးအနည်းငယ်ကိုရေးသားထား၏ ။
" ကျေးဇူးတင်ပါတယ် ... နို့စတော်ဘယ်ရီဖျော်ရည်က အရမ်းအရသာရှိပါတယ်. ... ကျွန်မပိုပြီးကောင်းတာလေးဆွဲပေးချင်ပေမဲ့ ကျွန်မရဲ့အရည်အချင်းကသိပ်မကောင်းလို့ဒီလိုပုံလေးပဲထွက်လာတာ "
ချန်ကျိုးက ခပ်ယောင်ယောင်လေးပြုံးရင်းဖြင့် ထိုဆီဆေးအား ဂရုတစိုက်ဖြင့်ထပ်မံကြည့်ရှုလိုက်သည်။
အသိအသာကိုပင် သူမ၏ သရုပ်ဖော်စွမ်းရည်မှာမဆိုးလှသည့်အပြင် အရောင်အရောအစပ်များကိုလည်း လိုက်ဖက်စွာအသုံးပြုထားသည်။
ထိုပုံထဲမှ ကောင်မလေး၏ အပြုံးတစ်ချက်ကြောင့်ပင် နို့စတော်ဘယ်ရီတစ်ခွက် သောက်ချင်စိတ်ဖြစ်ပေါ်လာစေ၏ ။
ချန်ကျိုးအတွက်မူ " အရမ်းအရသာရှိပါတယ် " ဟူသည့်စကားကပင် လုံလောက်နေပြီဖြစ်သည် ။
အပိုအနေဖြင့် ပါလာသည့် ဆီဆေးပန်းချီကြောင့် အလွန်အံ့အားသင့်သွားရသည် ။
ချန်ကျိုးက ဘောင်းဘီအိတ်ကပ်ထဲမှ ဘောပင်တစ်ချောင်းကိုထုတ်၍ စာရေးလိုက်ကာ
" ပန်းချီက အရမ်းကောင်းပါတယ် ... မင်းကိုယ့်ကိုပေးလို့ရမလား "
ထို့နောက် တံခါးအဟမှပြန်ထိုးထည့်ပေးလိုက်သည် ။
ရှန်းပိုင်က ထိုစာအားဖတ်လိုက်ပြီးနောက် သူမ၏ နှလုံးသားလေးမှာ အဆမတန်ခုန်ပေါက်လာလေတော့သည် ။ သူမ၏ နှုတ်ခမ်းပါးများမှာ ပျော်ရွှင်နေသည့်ဟန်ပြုံးယောင်သမ်းနေပြီး ဘောပင်ပြေးယူကာ စာအချို့ရေးသားလိုက်သည် ။
" အစကတည်းက ရှင့်အတွက်ပါပဲ "
အပြင်ဘက်တွင်ရပ်နေသည့် ချန်ကျိုးသည်ပင် အတွင်းထဲမှ မိန်းကလေး၏ ရှပ်ပြာရှပ်ပြာဖြင့်ပြေးသွားသည့် ခြေသံလေးများအားအတိုင်းသားကြားနေရလေ၏ ။
ချန်ကျိုးက သဘောတကျရီမောလိုက်ပြီးနောက် တံခါးအဟကြားထံမှထွက်လာသည့် စာရွက်လေးအား ဆွဲယူလိုက်သည် ။ ဤတစ်ခေါက်တွင်မူ မိန်းမငယ်လေးကတုန့်ဆိုင်းနေခြင်းမရှိဘဲ ထုတ်ပေးလာ၏ ။
ချန်ကျိုး စာအားဖတ်ပြီးနောက် တစ်ဖန်မျက်ခုံးပင့်မိပြန်သည် ။
ချန်ကျိုးက ကျေးဇူးတင်ပြီးနောက် စာရွက်အားပြန်ပေးတော့မည့်အချိန်မှာပင် တစ်ခုခုထပ်ရေးရန်တွေးမိသွားသည် ။
ထိုစာ ရှန်းပိုင်၏ လက်ထဲသို့ပြန်ရောက်လာသောအခါ၌ သူမလန့်ဖြပ်သွားရ၏ ။
သူမကဲ့သို့ပင် ချန်ကျိုးက ကျေးဇူးတင်စကား၏ နောက်၌ ပြုံးနေသည့်ပုံလေးထည့်ဆွဲပေးလိုက်သည် ။
ဒါက ...
သူဆွဲထားတာ ရုပ်ဆိုးလိုက်တာ ...
ရုပ်ဆိုးပေမဲ့ ချစ်ဖို့လဲကောင်းသား ...
ထိုအချိန်တွင် တံခါးအပြင်ဘက်မှလူကပြောလာသည်။
" မင်းဒီနေ့အတွက် နို့လက်ဖက်ရည်မယူရသေးဘူးနော် "
"..."
ဟုတ်သားပဲ ... နို့လက်ဖက်ရည်
ရှန်းပိုင်က သူမ၏ နှလုံးသားထဲမှ နို့လက်ဖက်ရည်မသောက်ရသေးကြောင်းညည်းညူနေတော့သည် ။
ပြုံးနေသည့်ပုံလေးအားကြည့်၍ ရုတ်တရက်ပင် ထိုလူ၏ သရုပ်မှန်နှင့် အကြောင်းများကိုသိချင်လာ၏ ။
ဒီနေရာသို့ပြောင်းလာပြီးနောက်ပိုင်း အယ်ဒီတာများမှလွဲ၍ သူစိမ်းတစ်ယောက်အား စကားအများကြီးပြောသည့် ပထမဆုံးအကြိမ်ပါပင် ။
နို့လက်ဖက်ရည်လာပို့နေကျ ကောင်လေးမဟုတ်တော့ပဲ လူပြောင်းသွားလို့များလား ...
သူမ၏ ရင်ထဲ၌ သံသယများစွာပေါက်ဖွားလာသောကြောင့် မေးရန်ပါးစပ်ဟလိုက်သော်လည်း မေးမထွက်ခဲ့ပေ ။
ခက်ခဲလွန်းလိုက်တာ ……
သူမတွင်ရွေးချယ်စရာမရှိသောကြောင့် စာရွက်ပေါ်တွင်သာ စာရေး၍မေးလိုက်သည် ။
" ရှင် နောက်နေ့တွေမှာရော နို့လက်ဖက်ရည်လာပို့ဦးမှာလား "
ပုံမှန်ကဲ့သို့ပင် ထိုလူအားပန်းချီပေးပြီးနောက် ယနေ့၏ ပါဆယ်အားယူလိုက်သည် ။ အပြင်ဘက်မှလူက ပန်းချီကိုကိုင်ထားသော်လည်း ဘာစကားမှပြန်မပြောပါပေ ။
ပြန်သင့်နေပြီမဟုတ်လား ...
သူလဲ ပန်းချီရပြီး ... သူမလဲ နို့လက်ဖက်ရည်ယူပြီးသွားပြီလေ ...
သူကျေးဇူးတင်စကားပြောတာက စကား၀ိုင်းကိုအဆုံးသတ်ချင်လို့လေ ... ဟုတ်တယ်မလား ...
တစ်ခုခုမှားသွားလို့တော့ မဟုတ်ပါဘူးနော် ....
တံခါးပိတ်လိုက်သင့်လား ...
ရှန်းပိုင်မှာ တံခါးအနောက်တွင်ရပ်နေရင်း ခေါင်းကုတ်ကာ အနည်းငယ်အူလည်လည်ဖြစ်နေတော့၏ ။
စာရွက်ပေါ်မှာ တစ်ခုခုများမှားနေလို့လား ...
ငါ အများကြီးမေးလိုက်မိတာလား ...
ပြီးသွားပြီ ... ငါသူ့အပေါ် အီစီကလီနဲ့အကွက်ချနေတယ်လို့များထင်သွားတာလား ...
အားးး စပ်စုချင်စိတ်က လူတစ်ယောက်ကိုတစ်ကယ်သေစေနိုင်တာပဲ ... TAT
လျှောက်လမ်းမှာ အလွန်ပင်တိတ်ဆိတ်နေလေ ၏ ။
ရုတ်တရက် တံခါးအပြင်မှလူ၏ တည်တည်ငြိမ်ငြိမ်ပြောစကားပြင် အဝေးသို့လျှောက်ထွက်သွားသည့် ခြေသံတစ်ချက်တစ်ချက်ကိုကြားလိုက်ရ၏ ။
" ကိုယ်သွားတော့မယ် "
ကံကောင်းလို့ ... ကံကောင်းလို့ အဲဒီလူ ဘာမှတစ်ခုခုမှားယွင်းနေတာမတွေ့သွားတာ ...
စိတ်ပိုင်းဆိုင်ရာ အဆက်မပြတ်တိုက်ခိုက်ခံနေခဲ့ရသလို ခံစားရသောကြောင့် ရှန်းပိုင်းမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့၏ ။
တံခါးမပိတ်ရသေးကြောင်း သတိထားမိသောကြောင့် ပိတ်ရန်လက်လှမ်းလိုက်သောအခါ၌ တံခါးအားသန်မာသည့်လက်တစ်ဖက်က ဆွဲထားလေသည် ။
ရုတ်တရက်ဖြစ်ပေါ်လာသည့်အဖြစ်အပျက်ကြောင့် ရှန်းပိုင်မှာ တစ်မီတာလောက်ပင် နောက်ပြန်ဆုတ်လိုက်မိ၏ ။
ထို့နောက် တံခါးအပြင်မှလူ၏ ညို့အားပြင်းပြင်းအသံအကြားလိုက်ရသည် ။
" မင်းကိုယ့်ကို နေ့တိုင်းလာပို့စေချင်လား "
အရမ်းအရမ်းကို ဆွဲဆောင်မှုရှိတဲ့အသံကြီး ...
တံခါးတစ်ချက်ပဲခြားနေတာ ...
...
...
ဘာ ဘာကြီး ...
ဦးနှောက်ထဲသို့သွေးဆောင့်တက်သွားသကဲ့သို့ ရှန်းပိုင်၏ မျက်နှာတစ်ခုလုံးနီရဲလာတော့၏ ။
Xxxxx