အပိုင်း ၃
Viewers 7k

#sweet   
Chapter ( 3 )


နောက်တစ်နေ့၌ နေ့လည်ခင်းအချိန်မှ သာ ချန်ကျိုး ကဖေးသို့ရောက်လာ၏ ။

ကဖေး ၏ တည်နေရာမှာပုံမှန်အဆောက်အဦးများ၏ မြေညီထပ်၌ဖြစ်ပြီး အနည်းဆုံးမီတာနှစ်ရာပတ်လည်ခန့်ကျယ်၀န်းသည် ။ ပထမထပ်တွင် ကဖေးဆိုင်ဖြစ်ပြီး ဒုတိယထပ်တွင် လူနေအခန်းများရှိသည် ။

ဤအချိန်မှာ ကဖေးအတွင်း၌ လူကျဆုံးအချိန်ဖြစ်နေလေသည် ။ သူကဖေးအတွင်းသို့၀င်လာသည်နှင့် တစ်ပြိုင်နက် နို့လက်ဖက်ရည်သောက်နေသည့်ကောင်မလေးတစ်ယောက်က သူဌေးချန်ဟု ခေါ်ပြီးလက်ပြနှုတ်ဆက်လာသည် ။

ချန်ကျိုးကလည်း တစ်ယောက်ချင်းစီအား ပြုံးပြကာပြန်လည်နှုတ်ဆက်လိုက်သည် ။

ချန်ကျိုး၏ ရုပ်ရည်မှာအင်မတန့်အင်မတန်ကြည့်ကောင်းလှသောကြောင့် သူပြုံးလိုက်သည့်အခါတွင် အန်နီမီဇာတ်ကားများထဲမှအမျိုးသားဇာတ်ကောင်များ၏ ဘေးတွင်ပေါ်လာတတ်သည့် အလင်းတန်းကြီးများပါ ပေါ်ထွက်လာနိုင်သည်ဟု ထင်ရလေ၏ ။

သူ၏ အပြုံးကိုငေးကြည့်မိသည့် ငယ်ရွယ်သောကောင်မလေးတိုင်းမှာ ကမ္ဘာကြီးတစ်ခုလုံးရှိအချိန်များရပ်တန့်သွားပြီး လေထုထဲ၌ ပန်းရောင်အသဲပုံပူပေါင်းလေးများအပြည့်ဖြစ်နေသကဲ့သို့ခံစားရနေကြသည် ။ 

ကဖေးအတွင်း၌ မီးခိုးရောင်၀န်ထမ်း၀တ်စုံများကို၀တ်ထားသည့် ၀န်ထမ်းလေးများက ဟိုဟိုဒီဒီသွားလာ၍ စားသုံးသူများကို၀န်ဆောင်မှုပေးနေကြသည် ။

ချန်းကျိုးက ကောင်တာကိုကျော်၍ မီးဖိုခန်းထဲသို့၀င်၍ လက်ထဲမှအိတ်ကိုချကာ စတော်ဘယ်ရီသီးများကို ထုတ်ယူ၍ဆေးကြောနေလေ၏ ။

ရေသံကြားသောကြောင့် ကျိုးချင်းရှု လာကြည့်သောအခါတွင် သူတို့၏သူဌေးမှာ စတော်ဘယ်ရီသီးများကို ဆေးကြောနေကြောင်းတွေ့လိုက်ရသဖြင့် မျက်ခုံးပင့်ကာ 

" မီနူးအသစ်တစ်ခုခုများလုပ်မလို့လား "

ချန်ကျိုးက ခေါင်းမော့မကြည့်ဘဲဖြေလိုက်သည် ။

" အင်း " 

" စတော်ဘယ်ရီတွေလား "

ချန်ကျိုးက ပြန်မဖြေဘဲ ဆေးကြောပြီးသား စတော်ဘယ်ရီသီးများကို ရေစစ်လိုက်ပြီးနောက် ဖျော်စက်ထဲသို့ထည့်လိုက်သည် ။

ကျိုးချင်းရှုက ရေတစ်ခွက်ခပ်လိုက်ပြီးနောက် အေးအေးဆေးဆေးဖြင့်

" စတော်ဘယ်ရီတွေက နောက်ရာသီလောက်မှစျေးကွက်ထဲ၀င်မှာလေ ... မင်းက အခုကတည်းကတစ်ခုခုစလုပ်ဖို့စီစဥ်နေတာလား "

" ရုတ်တရက်အကြံရလာလို့ပါ " 

ချန်ကျိုးက ဖျော်စက်ကိုဖွင့်ရင်းဖြေလိုက်သည် ။ စက္ကန့်အနည်းကြာသောအခါ၌ ကျိုးချင်းရှုက ထပ်မေးလာပြန်သည် ။

 " နာမည်အတွက်တွေးထားပြီးပြီလား "

" ဟင့်အင်း ." 

ချန်ကျိုးက ရေခဲသေတ္တာထဲမှ ချိစ့်များကိုထုတ်ယူလိုက်ပြီးနောက် အရည်ပျော်ရန်အပူပေးလိုက်သည် ။

ထိုအချိန်တွင် ကျိုးချင်းရှု၏ ဖုန်းတုန်ခါလာသောကြောင့် သူယူကြည့်လိုက်ပြီးနောက်၀မ်းသာအားရပြောလေ၏ ။

" အိုး ... နောက်ဆုံးတော့ ငါတို့နတ်သမီးလေးရဲ့အမှာစာရောက်လာပြီ "

ချန်ကျိုးက ခေါင်းမော့လိုက်ကာ 

 " ရှောင်ရွေ့ ဘယ်မှာလဲ "

ကျိုးချင်းရှု : :" အခုအပြင်မှာပစ္စည်းသွားပို့နေတယ်လေ ခဏနေပြန်လာတော့မှာပါ "

ချန်ကျိုးခေါင်းညိမ့်လိုက်သည် ။

" ဒါဆိုရင် ပုံမှန်နို့လက်ဖက်ရည်ကို သကြားသုံးစွန်းနဲ့ဖျော်ထားလိုက် ... ငါ လမ်းကြုံယူသွားလိုက်မယ် "

ကျိုးချင်းရှုမှာ မိမိကိုယ်တိုင်နားကြားမှားသွားသလားပင်တွေးမိလေသည် ။

 " နတ်သမီးလေးရဲ့အမှာစာကိုလား "

" အင်းလေ "

" တကယ်ကြီးလား ... နတ်သမီးလေးက ငါတို့ကဖေးနဲ့က ထွက်ပြေးသွားတဲ့ရည်စားဟောင်းလေးလိုဆက်ဆံရေးမျိုးဖြစ်နေတာနော် ... သူမကိုအေးအေးဆေးဆေးပေးနေလိုက်စမ်းပါကွာ " 

 ကျိုးချင်းရှု သက်ပြင်းချလိုက်သည် ။

ဘယ်လိုတောင်ထူးဆန်းတဲ့ ဥပမာကြီးလဲဟ ...

ချန်ကျိုးက မျက်မှောင်ကျုံ့ရင်းဖြင့် ခွက်ထဲသို့စတော်ဘယ်ရီအနှစ်ပျစ်ပျစ်များကိုလောင်းထည့်နေ၏ ။

" ကိုယ့်ကိစ္စပဲကိုယ်လုပ်စမ်းပါ "

အမှာစာအများအပြားကျရောက်လာသောကြောင့် ကျိုးချင်းရှုလည်း ချန်ကျိုးနှင့်ပြိုင်မငြင်းနေတော့ပဲ ကောင်တာသို့ထွက်သွားလေသည် ။

×××

ဇာတ်ညွှန်ကိုပြန်လည်ပြင်ဆင်ပြီး ဇာတ်ကွက်များကိုချိန်ညှိရန်အလို့ငှာ ရှန်းပိုင်မှာ အလွန်နောက်ကျသည်အထိအလုပ်လုပ်ခဲ့ရပြီး နောက်တစ်နေ့ သုမအိပ်ရာထချိန်၌ နေ့လည်ဆယ့်နှစ်နာရီ ကျော်ရှိနေပြီဖြစ်သည် ။

ထို့နောက်ဖုန်းယူ၍ ရေချိုးခန်းထဲသို့၀င်သွားလေ၏ ။ သွားတိုက်ဆေးအသစ်လေးမှာ သူမ၏ အကြိုက်နှင့်အမှန်ပင်ကိုက်ညီနေလေသည် ။

မျက်နှာသစ်ပြီးနောက် သူမ၏ မျက်နှာအစိုဓာတ်ထိန်းခရင်မ်ကို လက်ထဲသို့ထည့်၍ မျက်နှာအနှံ့လိမ်းလိုက်ကာ နှိပ်နယ်တော့မည့်အချိန်တွင် အပြင်ဘက်မှတံခါးခေါက်သံထွက်ပေါ်လာသည် ။

ရှန်းပိုင်က တံခါးနားသို့ပြန်လျှောက်သွားပြီးနောက် ချောင်းကြည့်ပေါက်မှနေ၍ အပြင်ဘက်သို့ကြောင်လေးတစ်ကောင်ကဲ့သို့ချောင်းကြည့်နေလေ၏ ။

ထို့နောက် အလန့်တကြားနောက်ပြန်ဆုတ်ကာ 

အာ ...

ဘာလို့ ဆံပင်တစ်၀က်စီးတဲ့ဟိုလူပဲဖြစ်နေတာလဲ ...

သူ ဘာလို့ ဒီကိုရောက်လာရပြန်တာလဲ ...

ရှန်းပိုင်မှာ ရုတ်တရက်စိတ်ရှုပ်လာရပြီး သူမ၏ လက်ချောင်းများကိုလိမ်ယှက်နေကာ တံခါးဖွင့်ရန်သတ္တိမရှိပေ ။

ချောင်းကြည့်ပေါက်မှတစ်ဆင့် အရပ်ရှည်ရှည်နှင့်ထိုလူ၏လက်ထဲတွင် တစ်ခုခုကိုကိုင်ထားသည်အားတွေ့လိုက်ရသည် ။

အချိန်အတော်ကြာစောင့်ပြီးနောက် ထိုသူက သူ၏ဖုန်းကိုထုတ်ယူလိုက်သည် ။

ဟိုတစ်နေ့ကလို ပုံစံမျိုးပဲ ...

ရုတ်တရက်ပင် ... သူမ၏ညအိပ်၀တ်စုံထဲမှ ဖုန်းသံမြည်လာလေ၏ ။ ရှန်းပိုင်က ကြောင်အနေပြီးနောက် သူခိုးလူမိသွားဟန်ဖြင့် ချက်ချင်းဖုန်းချပစ်လိုက်သည်။

သို့သော်လည်း ဖုန်းအသံအား တံခါးနောက်ရှိတစ်ဖက်လူက သတိပြုမိပြီးသားဖြစ်၏ ။

ထိုကောင်မလေးက သူ့အားရှောင်ရှားနေသည်ကိုသတိထားမိသောအခါတွင် ချန်ကျိုး၏ နှုတ်ခမ်းထောင့်၌ အပြုံးရေးရေးလေးပေါ်လာရ၏ ။ ချန်ကျိုးက သူရောက်လာရခြင်းအကြောင်းအား သူမကြားအောင်အော်ပြောလိုက်သည် ။

" ကိုယ်က နို့လက်ဖက်ရည်လာပို့တာပါ "

သူမ စတိုးဆိုင်၌ ကြောက်လန့်သွားသည်အားပြန်တွေးမိ၍ ချန်ကျိုးက သူ၏အသံအား အလွန်တရာမှနူးညံ့ပျော့ပြောင်းစွာဖြင့် ကလေးတစ်ယောက်အားချော့မြူနေရဟန်ဖြင့်ပြောနေရလေ၏ ။ သူ့ကိုယ်သူ ယုန်ငယ်လေးအား တံခါးဖွင့်ပေးရန်လှည့်စား၍ အိမ်ထဲသို့၀င်ကာ ထိုယုန်လေး၏အရိုးရောအသားပါမကျန်၀ါးစားတော့မည့် ၀ံပုလွေဆိုးကြီးတစ်ကောင်ကဲ့သို့ခံစားနေရလေသည် ။

ဒါဆိုရင် ... သူက ပစ္စည်းလာပို့တာပဲ ...

ရှန်းပိုင်က တံခါးသော့ကိုဖွင့်၍ အလွန်သတိထားဖြင့်တံခါးကိုဟလိုက်သည် ။ ချန်ကျိုးသည် ရှောင်လွေ့ပြောပြသည်နှင့် တစ်ထပ်တည်းတူညီသည့်မြင်ကွင်းအားမြင်လိုက်ရ၏ ။

အ၀တ်ပွပွကြီးများဖြင့် ဖုံးအုပ်ထားသည့်ဖြူဖွေးသွယ်လျသည့်လက်ကလေးတစ်ဖက်ထွက်လာပြီး အခြားသောအစိတ်အပိုင်းများပေါ်လွင်သွားမည်အား အလွန်အမင်းကြောက်ရွံ့နေပုံပင် ။

သူ့မျက်စိရှေ့ရှိ လက်ကလေးမှာအလွန်ဖြူအုနေပြီး ထိုသို့ဖြူနေရခြင်းမှာ နှစ်ပေါင်းများစွာနေရောင်နှင့် မထိတွေ့ထားသောကြောင့်ဖြစ်သည် ။

ခရုလေးတစ်ကောင်ကဲ့သို့ သူမကြောက်လန့်သွားသည်နှင့် ချက်ချင်းပင် သူမ၏အခွံလေးထဲသို့ပြေးပုန်းလိမ့်မည် ။ အမှန်ပင် ခရုလေးတစ်ကောင်၏ကာရိုက်တာနှင့်ကိုက်ညီလှ၏ ။

ချန်ကျိုးက စက္ကူအိတ်လေးအား တုန်ရီနေသည့် လက်ဖြူဖြူလေးထဲသို့ထည့်ပေးလိုက်သည် ။

သို့သော်လည်း အထဲရှိပစ္စည်းများ၏ အလေးချိန်ကြောင့် စက္ကူအိတ်ပြုတ်ကျသွားရ၏ ။ သူမ၏ ဖြူသွယ်သည့်လက်ငါးချောင်းမှာမူ တံခါးဘောင်အား တင်းတင်းကြပ်ကြပ်ကိုင်ထားလေသည် ။

ချန်ကျိုးက ဤမြင်ကွင်းအား စိတ်၀င်တစားဖြင့်အေးအေးလူလူကြည့်ရှုနေလေ၏ ။

 စက္ကူအိတ်၏ အရွယ်အစားမှာ အတော်အတန်ကြီးသောကြောင့် ယူမည်ဆိုပါက တံခါးကိုပိုကျယ်ကျယ်ဖွင့်ရမည်ပင် ။ နှာတံသေးသေး မေးစေ့ချွန်ချွန်နှင့် ဂုတ်လောက်ရှိသောဆံနွယ်နက်နက်များနှင့် ကောင်မလေးအား သူမြင်လိုက်ရသည် ။

တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေမိကြပြီးနောက် သူမလေးကအလန့်တကြားအော်ဟစ်ကာ အိမ်ထဲသို့ပြန်၀င်သွားကာ တံခါးဆောင့်ပိတ်လိုက်၏ ။

ဒီလိုမိန်းကလေးမျိုး ဘယ်လိုလုပ်ပြီးတည်ရှိနေနိုင်ရတာလဲ ...

သူတို့ဆိုင်က ပစ္စည်းပို့တဲ့ ဒလီဗာရီကောင်လေးတောင်မှ အိမ်ထောင်ပေါင်းများစွာထဲက သူမအိမ်ကိုပဲမှတ်မိနေတာမဆန်းတော့ပါဘူး ...

တံခါးနောက်မှ ရှန်းပိုင် အတွက်ကတော့ ...

' ဒီနေ့ရဲ့ အိတ်ကအရင်နေ့တွေကထက်ပိုလေးနေသလိုပဲ '

ခွက်အပိုတစ်ခွက်ပါနေခြင်းပင် ...ပုံမှန်မှာနေကျ နို့လက်ဖက်ရည်၏ ဘေးတွင် ပန်းရောက်ခွက်လေးတစ်ခွက်ရှိနေ၏ ...

တစ်ခုခုမှားနေတာလား ...

" မင်းတွေ့ရဲ့လား ?" 

တံခါးက အခုအချိန်ထိပြန်မပိတ်ရသေးပေ ။ တံခါးတစ်ဖက်မှ အလွန်သြရှ၍ဆွဲဆောင်မှုရှိသော အမျိုးသား၏အသံကိုသူမကြားလိုက်ရသည် ။

သူမကနောက်ဆုတ်ကာမေးလိုက်သည် ။

" ဘာကိုလဲ"

သူမ၏ အသံမှာတိုးတိုးလေးဖြစ်သောကြောင့် ချန်ကျိုးမကြားလိုက်ပေ ။ 

" ကိုယ်တို့ရဲ့ မီနူးအသစ်ထဲက နို့စတော်ဘယ်ရီက ဆိုင်မှာမတင်ရသေးဘူး ... ကိုယ်မင်းကို အရင်မြည်းကြည့်ဖို့ပေးတာ "

"..." 

ရှန်းပိုင်အေးခဲသွားရပြန်သည် ။

ဘာလို့ရုတ်တရက်ကြီး အပိုတွေထည့်ပေးလာရတာလဲ ...

အခုဘာဆက်လုပ်ရမှာလဲ ...

သူ့ကိုကျေးဇူးတင်ချင်နေတာလား ...

ငါ ဘယ်လိုသူ့ကိုကျေးဇူးတင်ရပါ့မလဲ ...

တံခါးနောက်မှာပဲ ပုန်းပြီးကျေးဇူးတင်စကားပြောလိုက်မယ်ဆိုရင် ရိုင်းများရိုင်းသွားမလား ...

 သူမကြားလိုက်မှာလဲစိုးရိမ်တယ် ... ဘယ်လိုလုပ်ရပါ့မလဲ ...

သို့သော်လည်း သူမက အ၀တ်အစားအပြည့်အစုံဖြင့်မဖုံးကွယ်ထားဘဲ အပြင်ထွက်ရန်ကြောက်ရွံ့နေဆဲဖြစ်သည် ။

အချိန်အတော်ကြာသည်အထိတံခါးအနောက်ဘက်မှ မည်သည့်အသံမှထွက်မလာခဲ့ပေ ။ ချန်ကျိုး၏ ပတ်၀န်းကျင်နှင့် ကိုက်ညီအောင်နေထိုင်နိုင်စွမ်းမှာမြင့်မားလှသောကြောင့် နှုတ်ဆက်စကားပြောရန်ပြင်လိုက်သည် ။

" ဒါဆို ကိုယ်ပြန်တော့"

" နေ ... ခဏလောက်နေပါဦး "

သူမ၏ အသံမှာတိုးတိုးလေးဖြစ်သော်လည်း ချန်ကျိုးကြားလိုက်သောကြောင့် စိတ်ရှည်ရှည်ဖြင့်ရပ်စောင့်နေမိသည် ။

သူမက အိမ်ထဲသို့ပြန်ပြေး၀င်သွားပြီးနောက် မိနစ်အနည်းငယ်ကြာသောအခါ တံခါးအဟမှစာရွက်တစ်ရွက်ကိုကမ်းပေးလာသည် ။ ချန်ကျိုး ကြည့်လိုက်သောအခါမာကာပင်ဖြင့် ရေးသားထားသောစာပါသည့် စက္ကူဖြူတစ်ရွက်ဖြစ်နေ၏ 

" ကျေးဇူးတင်ပါတယ် "

ထိုစာတန်း၏ နောက်၌ ရှက်နေသောကောင်မလေးတစ်ယောက်၏ ပုံသေးသေးလေးပါရှိသည် ။

 " မလိုပါဘူးကွာ ."

အချိန်ခဏကြာပြီးနောက် ထိုအမျိုးသားက သူ၏အိတ်ထဲမှ ဖောင်တိန်တစ်ချောင်းကိုထုတ်၍ စာရေးကာ သူမထံသို့ပြန်ပေးလာသည် ။ ရှန်းပိုင်က စာရွက်အားလက်နှစ်ဖက်ဖြင့်သေသေချာချာကိုင်၍ ဂရုတစိုက်နှင့်ဖတ်လိုက်၏ ။

" မနက်ဖြန်လည်း ကိုယ်နို့လက်ဖက်ရည်လာပို့ဦးမယ် ... အဲဒီအခါကျ နို့စတော်ဘယ်ရီကို မင်းမြည်းကြည့်ပြီး သုံးသပ်ချက်ကိုစာနဲ့ရေးထားပေးလို့ရမလား "

စာရွက်ပေါ်၌ တစ်ခုခုရေးနေသံကြားရပြီးနောက် တံခါးအပြင်သို့ပြန်ကမ်းပေးလာ၏ ။

" ကောင်းပါပြီ "

×××

လှေကားရင်းသို့ရောက်သည်နှင့် ချန်ကျိုး စိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်မိသည် ။

အစောတုန်းကအချိန်များ၌ သူ့နှလုံးသားလေးမှာ ထိန်းချုပ်မရစွာတင်းကြပ်နေသောကြောင့် အသက်ပင်၀၀မရူရဲခဲ့ပေ ။

ချန်ကျိုးက ကားသော့ကိုထုတ်ယူလိုက်ပြီးနောက် ကျိုးချင်းရှုအား လိမ်ညာထားသည်ကိုပြန်တွေးမိကာပြုံးမိသွားလေ၏ ။

အမှန်၌ လမ်းကြုံ၍မဟုတ်ဘဲ တမင်သက်သက်ကိုလာခြင်းဖြစ်သည် ။

တခြားမည်သည့်အဓိပ္ပာယ်မှတော့မရှိပါချေ ။

မနေ့ညက စတိုးဆိုင်၌တွေ့ခဲ့သည့် အ၀တ်ပွပွကြီးနှင့် ကောင်မလေးက အနည်းငယ်စိတ်၀င်စားဖို့ကောင်းသည်ဟုထင်မိသောကြောင့်ပင် ။

ယဥ်ကျေးမှုအရ ... မီနူးအသစ်ကိုမြည်စမ်းကြည့်သူမှာ သူမဖြစ်စေချင်ခဲ့သည် ။



Xxxxx