Ch 2
Viewers 2k

အခန်း(2)


ဟယ်ချင်း သူငယ်ချင်းဖြစ်သူနှင့်အတူ ညစာစားပြီး နောက်တစ်နေ့တွင် မျက်နှာဖုံးကို တပ်ပြီး မြို့တော်ကြယ်စုသို့ ဦးတည်ကာ သွားရောက်မည့် သင်္ဘောပေါ်သို့ တက်လိုက်သည်။





ဟယ်ချင်း သင်္ဘော ထွက်ခွာလာသည်ကို ကြည့်ရင်း သူ့လက်ချောင်းများဖြင့် ရေတွက်နေသည်။


နောက်ဆုံးတော့ အကျဉ်းထောင်ကဲ့သို့ မွန်းကြပ်ပိတ်လှောင်နေသည့် ဤကမ္ဘာမှ သူထွက်သွားနိုင်တော့မည်ဖြစ်သည်။ 





သူသည်ကား လျှို့ဝှက်ကမ္ဘာတစ်ခုထဲက ကျင့်ကြံသူများနှင့် မိစ္ဆာများ၏ တိုက်ပွဲအကြား မတော်တဆပါဝင်သွားခဲ့ပြီး အကျိုးဆက်အနေဖြင့် ဝိညာဉ်စွမ်းအား ပေါက်ကွဲထွက်မှုကြောင့် သူ့ဝိညာဉ်က ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့ခြင်းပင်ဖြစ်ပေသည်။ 


သို့ဖြစ်ရာ သူ့၏ ခန္ဓာကိုယ် မည်သည့်နေရာတွင် ရှိနေသည်ကို သူရှာဖွေရဦးပေမည်။





ဟယ်ချင်း မေးစေ့ကို လက်ဖြင့် ထောက်လျက် အနေအထားဖြင့် စခရင်ပေါ်ရှိ ကြယ်တာရာများပြည့်နှက်နေသော ကောင်းကင်ကြီးကို စိုက်ကြည့်နေမိသည်။ 


သူ ထိုစခရင်ကိုကြည့်ရင်း ဤကမ္ဘာပေါ်ရှိ နည်းပညာ၏ တိုးတက်ဖွံ့ဖြိုးမှုက အလွန်ကို အံ့ဩမှင်သက်ဖွယ်ကောင်းပြီး လူသားများ၏ တီထွင်ဖန်တီးနိုင်စွမ်းမှာ အဆုံးမရှိနိုင်ကြောင်း သုံးသပ်နေခဲ့သည်။ 


သူကိုယ်တိုင်လည်း သူ့အတွက် အထောက်အကူဖြစ်စေမည့် အမျိုးမျိုးသော အသိပညာများကို အချိန်အတိုင်းအတာတစ်ခုအထိ သင်ယူခဲ့ပြီးဖြစ်လေသည်။





သူ့အတွက်တော့ သွမ့်ချန်ဟွေ့က တခြားနေရာမှ အင်မော်တယ်တစ်ယောက်သာဖြစ်လေသည်။





သူ အတွေးလွန်နေစဉ် သင်္ဘောမှာ ရုတ်တရက် ခါယမ်းသွားပြီး သတိပေးအချက်ပေးသံ ထွက်ပေါ်လာသည်။





[ဒင်...ဒင်...ဒင်! ကျွန်တော်တို့ရဲ့သင်္ဘောကို ကြယ်စု ပင်လယ်ဓားပြတွေ ကျူးကျော်တိုက်ခိုက်နေကြတယ်၊ 


ဒါပေမဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားထားပြီးပြီဖြစ်လို့ အားလုံးပဲ မစိုးရိမ်ကြဖို့ပြောချင်ပါတယ်၊ 


ကျေးဇူးပြု၍ စိတ်အေးအေးထားပြီး ကိုယ့်နေရာမှာ နေရင်း ကူညီကယ်ဆယ်ရေးအဖွဲ့ကို စောင့်ပေးကြပါ]





ကျယ်လောင်သော အချက်ပေးသံကြားလိုက်သည်နှင့်တပြိုင်နက် အားလုံး ထိတ်လန့်သွားကြသည်။





“ချီး...!!! ငါတို့ ဘယ်လိုတွေတောင် ကံဆိုးနေလို့ ကြယ်စု ပင်လယ်ဓားပြတွေနဲ့မှ တည့်တည့်ကြီး လာတိုးရတာလဲ?”





“ဘယ်လိုလုပ်ကြမလဲ? ဒီအနီးအနားမှာ ကင်းလှည့်သင်္ဘောတွေ ရှိပါ့မလား?”





“မသိဘူး၊ သင်္ဘော‌ပေါ်မှာ အထူးသယ်ဆောင်လာတဲ့ အရာတခုခုများ ပါလာလို့လား?”





ဟယ်ချင်း စခရင်မှတဆင့် အနက်ရောင် သင်္ဘော ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ 


ခဏအကြာတွင် စခရင်က မည်းမှောင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အမျိုးသားတစ်ယောက်၏ ပုံပန်းသွင်ပြင်တစ်ခု ပေါ်လာသည်။





“မင်းတို့သင်္ဘောရဲ့ စနစ်ကို ငါတို့ ထိန်းချုပ်လိုက်ပြီ၊ မင်းတို့သာ ဉာဏ်ကောင်းတယ်ဆိုရင် အသာတကြည် အညံ့ခံလိုက်၊ ငါတို့ဘက်ကလည်း ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုးကို မလုပ်ချင်ဘူး”





အမျိုးသားတစ်ယောက်၏ သတိပေးသံ အဆုံးတွင် သင်္ဘောက ထပ်ပြီး ယိမ်းခါသွားပြန်သည်။





“သူ.... သူတို့ သင်္ဘောပေါ်တက်လာကြပြီ၊ ငါတို့ကို ဖမ်းတော့မယ်!”





တစ်စုံတစ်ယောက်၏ ထိတ်လန့်တကြား အော်ဟစ်သံ အဆုံးတွက် သင်္ဘောပေါ်ရှိ လူများက ကြောင်အစွာနှင့် ထိုင်နေရာမှ ထလာကြပြီး ကမန်းကတန်း ထွက်ပြေးရန် ကြိုးစားလိုက်သည်။





“အားလုံးပဲ ၊ စိတ်မလှုပ်ရှားကြပါနဲ့၊စိတ်အေးအေးထားပြီး ကိုယ့်နေရာမှာပဲ ကိုယ်နေကြပါ! ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မကြာခင် ရောက်လာလိမ့်မယ်!”





“ငါတို့ အသက်ကယ်သင်္ဘောတွေကို သုံးပြီး ထွက်ပြေးရမယ်!”





“အလုပ်ဖြစ်မှာ မဟုတ်ဘူး! အဲဒါတွေက လုံလောက်တဲ့ စွမ်းအင်မရှိဘူး၊ ငါတို့ ဝေးဝေးပြေးနိုင်မှာမဟုတ်ဘူး၊ ဓားပြတွေဆီမှာ ဖမ်းမိသွားလိမ့်မယ်!”





လုံခြုံရေးများက အခြေအနေအား တည်ငြိမ်အောင် ထိန်းသိမ်းရန် ကြိုးစားခဲ့သော်ငြားလည်း တုန်လှုပ်ခြောက်ခြားနေသည့် အနေအထားကိုမူ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ချေ။


ကလေးများက ထိတ်လန့်တကြား ငိုကြွေးနေကြပြီး တချို့မှာကား ကြောက်လန့်တကြား အော်ဟစ်နေကာ တချို့က မျက်ရည်များ စီးကျလို့နေသည်။





“အဲဒီပင်လယ်ဓားပြတွေက အရမ်းရက်စက်တယ်၊ သူတို့ရဲ့လက်ထဲရောက်သွားရင် လွတ်လမ်းမရှိတော့ဘူးလို့ ကြားဖူးတယ်”





ဟယ်ချင်း၏ နံဘေးရှိ လူက ခေါင်းကိုငုံ့လျက် သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။





အောမိထောဖော...





ဟယ်ချင်း သူ့ကိုယ်သူ စိတ်အေးလက်အေးရှိစေရန် ဖြေသိမ့်လိုက်လေသည်။ 


“ဒီနေ့က ကောင်းမြတ်တဲ့ နေ့တနေ့ပဲ၊ ကိုယ်တော်တို့ကို ကူညီမယ့်သူ သေချာပေါက် ရောက်လာလိမ့်မယ်”





ထိုအချိန်တွင်အမျိုးသားတစ်ယောက် ရုတ်တရက် ထလာပြီး ဟယ်ချင်းလက်ထဲသို့ သေတ္တာတစ်လုံး ထိုးထည့်ပေးလိုက်သည်။ 





“ကျွန်တော့်နာမည် ဘီဒဲပါ၊ ကျွန်တော့်မိသားစုက မြို့တော်ကြယ်စု၊ ရှင်းချန် ၂၈ လမ်း၊ ခရိုင်၅ မှာ နေတယ်၊ တကယ်လို့ ကျွန်တော် တစ်ခုခု ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ဒီပစ္စည်းလေးကို ကျွန်တော်မိသားစုဆီ သွားပို့ပေးဖို့ တောင်းဆိုပါတယ်”





ထိုစကားကို ပြောပြီးနောက် ဘီဒဲဆိုသူက ထွက်ပြေးနေသော လူအုပ်ကြီးနောက်သို့ ကမန်းကတန်းလိုက်သွားခဲ့လေ၏။





ဟယ်ချင်းသည် ထိုလူ ထွက်သွားရာဘက်သို့ လှမ်းကြည့်ပြီးနောက် ခေါင်းကိုငုံကာ သူ့၏ သိုလှောင်ရေးလက်စွပ်ထဲသို့ ထိုဘူးလေးကို သိမ်းဆည်းထားလိုက်သည်။


“ကောင်းပြီလေ၊ ဒီဆင်းရဲတဲ့ ဘုန်းတော်ကြီးက ကူညီပေးရမှာပေါ့၊ ဒါကို ဒီအထဲမှာ ခဏလောက် သိမ်းပေးထားလိုက်မယ်”





ဟယ်ချင်း မတ်တပ်ရပ်လိုက်ပြီး အပေါ်ဘက်ရှိ စောင့်ကြည့်ကင်မရာများကို ကြည့်ကာ သူ့လက်ကိုလှုပ်ယမ်းလိုက်လျှင် ကင်မရာမှန်များက ကွဲကြေသွားခဲ့သည်။





-





မကြာခင်မှာပင် ကြယ်စင်စု ပင်လယ်ဓားပြများက သင်္ဘောပေါ် သို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ 


ဟယ်ချင်း လျှောက်လာရင်း ထိုပင်လယ်ဓားပြအုပ်စုနှင့် ပက်ပင်းတိုးသွားခဲ့လေသည်။





“မင်း ဘယ်ကိုသွားမလို့လဲ?”





ကြီးမားတောင့်တင်းသော ခန္ဓာကိုယ်နှင့် မျက်နှာထက်ဝယ် အမာရွတ်ရာများဖြင့် ပြည့်နှက်နေသော ပင်လယ်ဓားပြတစ်ယောက်က လေဆာသေနတ်ဖြင့် ဟယ်ချင်းအား ချိန်ထားရင်း မေးလိုက်သည်။





နူးညံသိမ့်မွေ့သော ဟယ်ချင်း၏မျက်ဝန်းများက အပြုံးနှင့်အတူ ကွေးညွှတ်သွားပြီးနောက် ထိုပင်လယ်ဓားပြအား အဖြေပြန်ပေးလိုက်သည်။





“အိုး...ဒီဆင်းရဲသေးသိမ်တဲ့ ဘုန်းတော်ကြီးက လက်နတ်ချပြီး အရှုံးပေးပါတယ်”





“အဟက်! ငါ ထင်တဲ့အတိုင်းပဲ၊ သူက အင်ပါယာက ပျိုးထောင်ထားတဲ့ အသုံးမကျတဲ့ အိုမီဂါတစ်ယောက်သာသာပဲ၊ သူတို့တွေက ရုပ်ချောတာလေးတစ်ခုပဲ အလုပ်ဖြစ်တာ၊ ကျန်တာ ဘာမှ အသုံးမဝင်ဘူး”





တခြားပင်လယ်ဓားပြတစ်ယောက်သည်လည်း အနားသို့ ချဉ်းကပ်လာပြီး ဟယ်ချင်း၏ခေါင်းအား သေနတ်ဖြင့် ဖိထားလိုက်သည်။ 


ထို့နောက် ဟယ်ချင်း၏ လက်ထဲရှိ တန်ဖိုးရှိသောအရာကို ရယူရန် ကြိုးစားလိုက်လေသည်။





ဟယ်ချင်း လက်စွပ်ကို ကြည့်လိုက်ပြီး ပြုံးလိုက်ကာ သူ့ခေါင်းကို မော့လိုက်သည်။


ထိုအခိုက်အတန့်၌ သူ့မျက်လုံးထဲတွင် ဝိညာဉ်စွမ်းအားများ စုစည်းဝင်ရောက်လာခဲ့သည်။


“ဒါကိုတော့ ပေးလို့မရဘူး၊ ငါ ကတိပေးထားတာ ရှိတယ်”





“ဟာသပဲ၊ မင်းကိုယ်မင်းတောင် မကာကွယ်နိုင်တဲ့ အခြေအနေမှာ တခြားသူအတွက် စဉ်းစားပေးနေတာလား? !”





ပင်လယ်ဓားပြက သူ့အား ခနဲ့ကာ လှောင်ရယ်လိုက်လေသည်။ သူ့၏စိတ်ထဲတွင်တော့ အိုမီဂါများအားလုံးကို အရူးများသာဟု လက်ခံယုံကြည်ထားသည်ပင်။ 


သူ ဟယ်ချင်း၏လက်ကို ခပ်ကြမ်းကြမ်း ဆုပ်ကိုင်လိုက်ပြီး ပြောခဲ့သည်။


“ပေးစမ်းပါ၊ မင်းက အိုမီဂါဆိုတော့ အသုံးဝင်တဲ့နေရာတော့ ရှိနေသေးတယ် ၊မဟုတ်ရင် ငါ မင်းကို ဒီနေရာမှာ တခါတည်း ပစ်သတ်လိုက်ပြီ”





ဤနေရာတွင် သူ့ထက် ပိုပြီး သာလွန်ကောင်းမွန်သည့် စွမ်းအင်ပိုင်ဆိုင်ထားသူမရှိကြောင်းကို ဟယ်ချင်း တွက်ဆထားပြီးပေပြီ။


ကြယ်စု ပင်လယ်ဓားပြများ၏ တည်နေရာကို သူ အတိအကျ အာရုံခံလိုက်မိသည်။ 


သူ က ပင်လယ်ဓားပြများ၏ နောက်ကျောကို စိုက်ကြည့်လိုက်ပြီး မျက်လုံးများကို အသာပိတ်ဆို့လိုက်သည်။ ထို့နောက် စွမ်းအင်များတောက်လောင်လာပြီး အသံတိတ် စိတ်ဝိညာဉ် ဖိအားတစ်ခုကို လမ်းကြောင်းတစ်လျှောက် ပစ်လွှတ်လိုက်သည်။





သူ့၏ရှေ့သို့ လျှောက်လာသော ပင်လယ်ဓားပြမှာ ရုတ်တရက် သူ့မျက်လုံးများ ပေါက်ထွက်လုမတက် ပြူးကျယ်သွားပြီး အသံနက်ကြီးဖြင့် အော်ဟစ်ကာ ပြိုလဲသွားခဲ့ပြလေ၏။





အောမိထောဖော...





ဟယ်ချင်း သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ ရေရွတ်လိုက်၏။ ထိုနောက် ထိုင်ချကာ ၎င်းတို့ခန္ဓာကိုယ်ပေါ်က လက်နက်ပစ္စည်းများနှင့်အတူ သူ၏သိုလှောင်လက်စွပ်ကိုပါ ပြန်ယူလိုက်သည်။





ထိုနောက် ဟယ်ချင်း မတ်တပ်ရပ်ကာ သင်္ဘောဝင်ပေါက်ဆီသို လျှောက်သွားလိုက်သည်။


ထိုနေရာတွင် တာဝန်ချထားသော ကြယ်စု ပင်လယ်ဓားပြများလည်း မြေပြင်ပေါ်တွင် အတုံးအရုန်းလဲကြနေခဲ့ပေပြီ။ 


လုံခြုံရေးဝန်ထမ်းများက အချိန်ကိုက်ပင် ပင်လယ်ဓားပြများကို အလျင်အမြန် ဖမ်းဆီးလိုက်ကြပြီး ခရီးသည်များကို ကယ်တင်နိုင်ခဲ့သည်။





“ဘယ်လိုဖြစ်တာလဲ? သူတို့တွေ ဘာလို့ ရုတ်တရက်ကြီး မေ့လဲကုန်တာလဲ?”





“မသိဘူးလေ၊ သူတို့ အစာအဆိပ်သင့်သွားတာများလား?!”





“ဒဏ်ရာရသွားတဲ့သူတွေကို အရင်ဆေးကုပေးလိုက်ရအောင်!”





“ငါတို့ သင်္ဘောကို ပြန်ပြီးထိန်းချုပ်လိုက်နိုင်ပြီလား?”





“ထင်တာပဲ”





[ဒင်! စစ်ဘက်ဆိုင်ရာယာဉ်တစ်စီး လုံခြုံရေး ဂိတ်တံခါး 1 မှ ဝင်ရောက်လာပါတယ်၊ကျေးဇူးပြုပြီး လမ်းရှင်းပေးထားကြပါ]





လူတိုင်း အေးခဲသွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ 





“ကြယ်စု ပင်လယ်ဓားပြတွေ ထပ်ရောက်လာတာလား?”





ဟယ်ချင်းလည်း ကြီးမားသော ဂိတ်တံခါးနေရာသို လှမ်းကြည့်လိုက်သည်။ တံခါးပွင့်သွားပြီး အနက်ရောင် စစ်ဘက်ဆိုင်ရာ ယာဉ်တစ်စီး မြင်ကွင်းထဲတွင်ပေါ်လာလေ၏။


ထို့နောက် အထဲမှ အေးတိအေးစက် မျက်နှာဖြင့် အမျိုးသားတစ်ယောက် ဆင်းလာခဲ့သည်။





“ကူညီကယ်ဆယ်ရေးအသင်း ရောက်လာပြီ”





ပတ်ဝန်းကျင်ရှိ ဆူညံသံများက တိုးဖျော့သွားသလို ထင်ရလေ၏။


ဟယ်ချင်း ထိုအမျိုးသားကို အာရုံစိုက်ကြည့်လိုက်မိသည်။ ထိုအမျိုးသား၏ပ တ်ပတ်လည်တွင် အရှိန်အဟုန်ဖြင့် တောက်ပနေသော ရွှေရောင်ဝိညာဉ်အလင်းတန်းကို သူမြင်လိုက်ရသည်။


ဤကမ္ဘာတွင် ထိုကဲ့သို့ အင်အားကြီးမားသည့် ကံကြမ္မာစွမ်းအားကိုပိုင်ဆိုင်ထားသည့် လူသားများလည်း ရှိနေသေးသည်လား။ 


သူ တွေးတောလိုက်မိသည်။





“အဲဒါ ဗိုလ်ချုပ်သွမ့်ပဲ!!ဗိုလ်ချုပ်သွမ့်က ဒီကိုဘာလာလုပ်တာလဲ?!”





“ဘုရားသခင်ရဲ့ ကျေးဇူးကြောင့်ပဲ၊ ငါတို့ အခု လုံခြုံသွားပြီ”


“ဗိုလ်ချုပ်၊ ဗိုလ်ချုပ် ငါ မင်းကို အရမ်းကြိုက်တာ! ငါ မင်းနဲ့အတူ ဓာတ်ပုံ တွဲရိုက်လို့ရမလား?!”



ဟယ်ချင်း အတွေးလွန်နေရာမှ ရုတ်တရက် သတိပြန်ဝင်သွားရသည်။ 


သွမ့်ချန်ဟွေ့က သူ့ကို ကယ်တင်ဖို့အတွက်များ ဒီနေရာကို ကြိုရောက်နေတာလား? 


ဟယ်ချင်းတစ်ယောက် ပင်လယ်ဓားပြများ လဲကျနေသည်ကိုပြန်ကြည့်လိုက်ပြီး ဤအခြေအနေမှာ စကားလုံးများဖြင့် ဖြေရှင်းဖို့ရန် မဖြစ်နိုင်ကြောင်းကို နားလည်သဘောပေါက်သွားရလေသည်။ 


လူပများ ရှုပ်ယှက်ခတ်နေသည်ကို အခွင့်ကောင်းပြီး ဟယ်ချင်း ထိုနေရာမှ အလျင်အမြန် ရှောင်ထွက်လာကာ ပင်လယ်ဓားပြများ လဲကျနေသည့်နေရာသို့ ဦးတည်လိုက်သည်။ 


ထိုနေရာသို့ရောက်လျှင် ချက်ချင်းပင် လှဲချလိုက်ပြီး သူ့၏မျက်လုံးများကို ပိတ်ဆို့လိုက်လေသည်။ 


ထို့နောက်တွင် ထိုမျှလောက်နှင့် ယုံကြည်လောက်မည်မဟုတ်ဟု တွေးတောမိကာ မျက်လုံးများကို ဖွင့်ပြီး သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်လိုက်ပြန်သည်။ 



ပြီးမှသာ လုံလောက်ပြီဟု ယူဆလိုက်ပြီး သူ့၏စိတ် ဝိညာဉ်ကို ပိတ်ဆို့ကာ မေ့လျော့နေသကဲ့သို့ ဟန်ဆောင်လိုက်တော့သည်။