အခန်း(7)
ဟယ်ချင်းအနေဖြင့် တစ်ဖက်လူကို သဘောမကျသော်လည်း မတက်နိုင်ဘဲ စိတ်မပါစွာဖြင့် လိုက်လာရင်း ကြီးမားသော အဝတ်အစားခန်းထဲသို့ ရောက်လာခဲ့၏။
ထိုအထဲတွင် စက်ရုပ်များက အတန်းလိုက်ရပ်နေပြီး သူတို့၏လက်ထဲတွင် အဝတ်အစားများကို ကိုင်ဆောင်ထားလေသည်။ ထိုအထဲတွင် သက်ရှိလူသားဖြစ်ဟူ၍ အန်ကယ်ချိုက်သာ ရှိနေလေ၏။
“အဲဒါတွေ သွားဝတ်ကြည့်လိုက်”
သွမ့်ချန်ဟွေ့က ဝှီးချဲလက်တန်းပေါ် လက်တင်၍ လည်ပင်းကို မြှောက်ကာ မေးဆတ်ပြလိုက်သည်။
“ဗိုလ်ချုပ် ဒီလောက်လုပ်ပေးစရာမလိုပါဘူး၊ ဒီအတိုင်းလည်း အဆင်ပြေပါတယ်”
ဟယ်ချင်းက သူ့လည်ပင်းတွင် ဆွဲထားသော ပုတီးကို ထိကာ သူတို့အကြား အကွာအဝေးကို သတ်မှတ်ဖို့ကြိုးစားလေ၏။
သွမ့်ချန်ဟွေ့က သူ့ကိုစိုက်ကြည့်လိုက်သည်။
“ငါ မင်းရဲ့အပြောင်းအရွှေ့အတွက် စီစဥ်ပြီးပြီ၊ မင်းရဲ့ မေဂျာဟောင်းဖြစ်တဲ့ ဇီဝဗေဒနဲ့ ပန်းအလှဆင်တဲ့ ပညာကို ဆက်ပြီး လေ့လာလို့ရတယ်၊
ဒါပေမဲ့ အဝတ်အစားတွေကတော့ ဒီနေရာနဲ့ အံဝင်ဂွင်ကျ လိုက်ဖက်ညီနေဖို့လိုတယ်”
ဟယ်ချင်းတစ်ယောက် ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသော ဘုန်းကြီးအဝတ်အစားကို ငုံကြည့်လိုက်ပြီး သူ့လက်ကို အသာမြှောက်ကာ ပြောလေ၏။
“ကျွန်တော်က ဒီလိုဝတ်စားရတာကို ပဲ ကျင့်သားရနေလို့ပါ”
“မင်း ပန်းဒီဇိုင်းတွေပဲ လေ့လာတယ်ဆိုရင်တောင် ဗဟိုအကယ်ဒမီ (Central Academy) မှာ အပြင်ကိုထွက်ရတဲ့ အတန်းတွေများတယ်”
ဟယ်ချင်းက ခဏတိတ်ဆိတ်သွားပြီးနောက် သူ့လေသံကို အလျင်အမြန်ပြောင်းကာ တုန့်ပြန်လိုက်သည်။
“ကောင်းပါပြီ၊ ကျွန်တော်က အိမ်ရှင်ရဲ့ စကားကို လိုက်နာရမှာပေါ့၊ ကျေးဇူးပါပဲ ဗိုလ်ချုပ်”
“အင်း”
သွမ့်ချန်ဟွေ့က အိမ်တော်ထိန်းကို အချက်ပြလိုက်၏။
“မင်းရဲ့ စာရွက်စာတမ်းတွေကို သေချာထိန်းသိမ်းထားလိုက်ဦး”
အိမ်တော်ထိန်းမှ ဟယ်ချင်းအား သေတ္တာတစ်လုံး ပေးလာသည်။ ဟယ်ချင်း ဖွင့်ကြည့်လိုက်လျှင် ကျောင်းဝင်ခွင့်လက်မှတ်နှင့် စာရွက်စာတမ်းများအပြင် ရွှေရောင်ကတ်များ အစုလိုက် ထည့်ထားခြင်းကို တွေ့လိုက်ရ၏။
ဟယ်ချင်းက သေတ္တာကို ပြန်ပိတ်လိုက်ပြီး သွမ့်ချန်ဟွေ့အား စောင်းကြည့်လိုက်သည်။
ဒီလူက ကတ်တွေကို ပါးပါးနပ်နပ်နဲ့ လာပေးနေတာလား။
ငါ့ကို ဇနီးတစ်ယောက်လို မွေးမြူချင်နေတာလား။
“ဗိုလ်ချုပ်၊ ကျွန်တော်အတွက် အဲဒီလောက်မလိုအပ်ပါဘူး”
ဟယ်ချင်း ပြုံးပြီး ရွှေရောင်ကတ်တစ်ခုကို ထုတ်ယူလိုက်၏။
သွမ့်ချန်ဟွေ့က ဝှီးချဲလက်တန်းကို ပွတ်သပ်ရင်း ခေါင်းကိုမော့ကာ ဟယ်ချင်းနှင့် အကြည့်ချင်း ဆုံလိုက်သည်။
သူ့အသံမှာ ရုတ်တရက်ကြီး ပိုပြီးမာကျောပြတ်သားလာ၏။
“ ဗဟိုအကယ်ဒမီ (Central Academy) က အဖြူရောင်မျှော်စင်လိုမဟုတ်ဘူး၊ မင်းရဲ့အသုံးစရိတ်တွေ အကုန်လုံးကို မင်းကိုယ်တိုင် ရှင်းရမယ်”
ဟယ်ချင်း ခဏတာမျှ အေးခဲသွားခဲ့သည်။
သူ့အနေဖြင့် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိဘများမှာ ကွယ်လွန်သွားပြီဖြစ်ပြီး သူ အဖြူရောင်မျှော်စင်တွင် နေထိုင်ခဲ့စဉ်ကလည်း အစစအရာရာ အခမဲ့သာဖြစ်၏။
ဆင်းရဲလှသော မိဘများက သူ့အား ယွမ်တစ်ပြားပင် မပေးနိုင်ခဲ့ချေ။ ဟယ်ချင်းမှာ အလွန်ကို ဆင်းရဲမွဲတေသူဖြစ်ပြီး ဤကမ္ဘာသည်လည်း ကျင့်ကြံခြင်းကမ္ဘာမဟုတ်သည့်အတွက် အသက်ရှင်နေထိုင်ဖို့ရာ အရာအားလုံးက ခက်ခဲပင်ပန်းလှ၏။
“အိုး...ဒါဆိုလည်း ကျေးဇူးပါပဲ ဗိုလ်ချုပ်”
ဟယ်ချင်းက သွမ့်ချန်ဟွေ့၏ ခြေထောက်ထံသို့ အကြည့်ရောက်သွားသည်။
ဒါက အပေးအယူတစ်ခုလိုပဲ။
ငါ့ခန္ဓာကိုယ်ကို ရှာတွေ့ရင် သူ့ကိုလည်း ဆေးကုပေးနိုင်တယ်၊ ဒီတော့ ဒါကို ကြိုတင်ပေးချေမှုတစ်ခုလို သဘောထားလိုက်တာပေါ့။
ဟယ်ချင်းမှာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီး ရွှေရောင်ကတ်နှင့်သေတ္တာကို သိမ်းဆည်းထားလိုက်၏။
ထို့နောက် သွမ့်ချန်ဟွေ့ ရွေးပေးထားသည့်အဝတ်အစားများကို ဝတ်ဆင်ရန် အဝတ်လဲခန်းထဲသို့ ဝင်သွားသည်။
သူ အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ပြီး နက်ကတိုင်ကို လက်မှကိုင်ဆွဲကာ ထွက်လာခဲ့၏။
သွမ့်ချန်ဟွေ့က ခေါင်းမော့ကြည့်လိုက်သည်။
“အနက်ရောင်က တကယ့်ကို အရောင်မှိန်သွားတာပဲ”
သူ့လေသံမှာ တရားသူကြီး အမိန်းချမှတ်သကဲ့သို့လေးနက်ပြတ်သားနေ၏။
ဟယ်ချင်း မှန်ထဲရှိ သူ့ကိုယ်သူ ကြည့်လိုက်သည်။ ဤကမ္ဘာရှိ အဝတ်အစား အပြင်အဆင်များကို သူ ကျင့်သားမရသေးတာတော့ အသေအချာပင်။
ရုတ်တရက်ပင် သွမ့်ချန်ဟွေ့က ထလာပြီး သူ့ထံသို့လျှောက်လာ၏။
ဟယ်ချင်း အလျင်အမြန်မေးလိုက်သည်။
“နောက်ဝတ်စုံတစ်စုံ လဲလိုက်ရမလား”
သွမ့်ချန်ဟွေ့က သူ့ကို ထိုအတိုင်းရပ်ခိုင်းထားပြီး နက်ကတိုင်ကိုယူကာ ကိုယ်တိုင်စည်းပေးနေ၏။
“တရားဝင်အခမ်းအနားပွဲတွေမှာ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်သွားရမယ်၊ နက်ကတိုင် ဘယ်လိုစည်းရမယ်ဆိုတာ မင်း သင်ယူဖို့လိုတယ်၊ အဖြူရောင်မျှော်စင်မှာ ရခဲ့တဲ့ လွတ်လပ်မှုမျိုးနဲ့ ဒီနေရာက မတူဘူး”
“ကျွန်တော် နားလည်ပါပြီ”
ဟယ်ချင်းက ခေါင်းကိုငုံ့ပြီး သွမ့်ချန်ဟွေ့၏လက်ကို ကြည့်နေမိသည်။ သွမ့်ချန်ဟွေ့မှာ နက်ကတိုင်ကို တစ်ဆင့်စီတိုင်းကို ဖြည်းဖြည်းချင်း ချည်ပေးပြီး ဟယ်ချင်း နားလည်အောင် ပြပေး၏။
ထို့နောက် လည်စည်းကို ဖြောင့်တန်းအောင် ပြုလုပ်ပြီး နက်ကတိုင်ကလစ်ကို တပ်ပေးလိုက်သည်။
ပြီးသွားချိမ်တွင် သူက ဝှီးချဲပေါ်သို့ ပြန်ထိုင်ကာ ဟယ်ချင်းကို အပေါ်အောက် သေချာကြည့်ရှုပြီးနောက် ပြောလေ၏။
“အဖြူရောင်ဝတ်စုံ သွားလဲလိုက်”
“အင်း”
ဟယ်ချင်းက နောက်ဝတ်စုံတစ်စုံလဲနေရင်းဖြင့် ဗိုလ်ချုပ်သွမ့်အတွက် အဝတ်အစားပြပွဲ ဖျော်ဖြေပေးနေသည့် အရုပ်တရုပ်ကဲ့သို့ သူ့ကိုယ်သူခံစားလာရသည်။
အနောက်တိုင်းဝတ်စုံ အနည်းငယ် စမ်းဝတ်ကြည့်ပြီးနောက် တချို့ဝတ်စုံများမှာ ခေတ်မှီပြီး တချို့က ရှေးဟောင်းဒီဇိုင်းများ အနည်းငယ် ပါဝင်နေသည်ကိုတွေ့ရ၏။
ဟယ်ချင်း မှန်ရှေ့တွင် အနည်းငယ် လှည့်ကြည့်လိုက်သည်။ ဤဝတ်စုံများမှာ ဘုန်းကြီးဝတ်စုံထက် ပို၍ အမြင်ဆန်းသော်လည်း သူ့အတွက်တော့ အခြေခံ အချက်အလက်များကို ထိန်းသိမ်းထားသည့် ဘုန်းကြီးဝတ်စုံကသာ ပိုပြီးသက်တောင့်သက်သာရှိလေ၏။
သွမ့်ချန်ဟွေ့က သူ့အား အဖြူရောင်နှင့်ရွှေရောင်ဝတ်စုံကို လဲခိုင်းပြီး ရင်ဘတ်ပေါ်ရှိ ကြိုးကွင်းကို လာစည်းပေးခဲ့သည်။
“ကျောင်းဝတ်စုံ မဝတ်ရတဲ့နေ့တွေမှာ ဒီလို ဝတ်စုံမျိုး ဝတ်လို့ရတယ်”
ဟယ်ချင်းမှာ သူ့လက်မောင်းပေါ်ရှိ ပန်းထိုးအလှဆင်ထားသော အရာနှင့် သတ္တုကလစ်ကို ထိကြည့်လိုက်၏။ သူကလစ်ကို ဆွဲထုတ်ပြီး မေးလိုက်သည်။
“ဒါ လျှို့ဝှက်လက်နက်လား”
သို့သော် ဤလျှို့ဝှက်လက်နက်မှာ အလွန်လှပလွန်းပြီး ရောင်စုံကျောက်များဖြင့် အလှဆင်ထား၏။
“ဒါက ရှေးဟောင်းစာတမ်းတွေကို အခြေခံပြီး အထူးလုပ်ခိုင်းထားတာ၊ ဒီလို လက်နက်အမျိုးအစားက ခေတ်နောက်ကျနေပြီမလို့ တကယ် အသုံးပြုလို့မရတော့ဘဲ အလှဆင်ပစ္စည်းအဖြစ်ပဲ သုံးလို့ရတယ်”
ဟယ်ချင်းက အရောင်တလက်လက် တောက်ပနေသော သတ္တုကလစ်လေးအား လက်ဖြင့် ခဏစမ်းသပ်ကြည့်ပြီးနောက် မူလနေရာတွင် ပြန်ထားလိုက်သည်။
“ဗိုလ်ချုပ်က ကျွန်တော့်အတွက် အသေးစိတ်ကအစ သေချာစဉ်းစားပေးထားတာပဲ၊ ကျွန်တော် ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး၊ ဗိုလ်ချုပ် ဖြစ်နိုင်ရင်…”
“မင်္ဂလာပွဲအတွက် ပြင်ဆင်မှုတွေ စလုပ်နေပြီ”
သွမ့်ချန်ဟွေ့မှာ ခေါင်းမော့ကြည့်လာပြီးနောက် သူ့စကားကို ကြားဖြတ်ကာ ပြောလေ၏။
“မင်း မကြာခင်မှာပဲ ကျေးဇူးပြန်ဆပ်နိုင်တော့မှာ”
ထိုစကားကိုကြားလိုက်ရသည်နှင့် ဟယ်ချင်းမှာ မည်သို့မျှ မတုန့်ပြန်နိုင်တော့ဘဲ သနားစဖွယ် ပါးစပ်ကို ပိတ်ထားရလေတော့သည်။
အားနည်းပြီး ပျော့ညံတဲ့ အိုမီဂါတွေကိုမကြိုက်ဘူးလို့ သူပြောခဲ့တာ မဟုတ်လား။
ငါက နက်ကတိုင်တောင် ဘယ်လိုစည်းရမလဲမသိတဲ့ အသုံးမကျတဲ့ အိုမီဂါတစ်ယောက်ပဲလေ။
သွမ့်ချန်ဟွေ့က သိုလှောင်လက်စွပ်တစ်ကွင်းအား ဟယ်ချင်းလက်ချောင်းတွင် စွပ်ပေးလိုက်၏။
“ဒီလက်စွပ်ရဲ့ အထဲကို မက်ခါတစ်ခုလုံးတောင် ထည့်လို့ရတဲ့အထိ ဆန့်တယ်”
“ကျွန်တော်မှာ စိတ်စွမ်းအား သိပ်မရှိဘူး...”
“အခြားပစ္စည်းတွေလည်း ထည့်လို့ရတယ်”
“…”
ဟယ်ချင်းမှာ မငြင်းဆန်နိုင်တော့ဘဲ လက်စွပ်ကို ထိကြည့်လိုက်သည်။
ဤသည်မှာ သွမ့်ချန်ဟွေ့မှ သူ့အား စမ်းသပ်နေသည့် နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်သေး၏။
ဗိုလ်ချုပ်၏အိမ်ကြီးထဲတွင် နေထိုင်စဉ်အတွင်း မည်သည့်လုပ်စရာမှ မရှိသဖြင့် ဟယ်ချင်းမှာ ပျင်းရိလာခဲ့ပြီး သူ၏စွမ်းအားများကို ဖွင့်ထုတ်ဖို့ရန် အခွင့်အရေးမရှိသလိုပင် ခံစားလာရသည်။
မနက်ခင်းတစ်ခုတွင် ဟယ်ချင်း တရားထိုင်ချိန် ပြီးဆုံးသွားချိန် ကြာကန်အတွင်းရှိ ငါးကြင်းများကို အစာကျွေးရန် သွားခဲ့၏။
ဝဖြိုးလုံးတစ်နေသည့် ငါးကြင်းကြီးများမှာ လူရိပ်ကိုမြင်လိုက်ရလျှင် အားသွန်ခွန်စိုက် ကူးခတ်လာပြီး သူတို့၏ပါးစပ်များကို ခပ်ကျယ်ကျယ် ဟထားကာ အစာများကို တောင်းနေလေသည်။
ဟယ်ချင်းက ငါးစာများကို ကြာကန်ထဲသို့ ကျဲချပေးရင်းဖြင့် ရောင်စုံငါးကြင်းကြီးများ၏ အလုအယက် စားသောက်နေခြင်းကို စိုက်ကြည့်နေမိ၏။
“ဗိုလ်ချုပ်က မင်းတို့ကို ဘယ်လိုများ မွေးမြူထားလို့ အဲဒီလောက်တောင် အဆီတွေပြည့်ပြီး ဝဖြိုးနေကြတာလဲ”
ဟယ်ချင်း ဒူးထောက်ထိုင်ချလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ ငါးကြင်းများကို တစ်ကောင်ချင်းစီ ကိုင်ကြည့်လိုက်သည်။
သို့သော် ခဏအကြာတွင် သူ စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်လေ၏။ ထိုငါးကြင်းများမှာ တစ်ကောင်မျှ အသိဉာဏ် မရှိကြချေ။
ဟယ်ချင်းက ငါးစားများကို ကြာကန်ထဲသို့ အကုန်သွန်ချပေးလိုက်ပြီး လက်အုပ်ချီကာ ဆုတောင်းလိုက်သည်။
“မင်းတို့တွေ အစားအစာတွေကို ထပ်ပြီး စားခွင့်ရကြပါစေ”
ဟယ်ချင်း၏ ဆုတောင်းမှာ အဓိပ္ပာယ်ရှိပေ၏။
မနေ့ညက သွမ့်ချန်ဟွေ့မှ ငါးကြင်းတစ်ကောင် ချက်စားခဲ့သည်ဟု သိရသည်။ blue star ဂြိုဟ်ရှိ ရှေးခေတ်ငါးကြင်းကြီးများမှာ အလွန်တန်ဖိုးကြီးလှပြီး မင်းမျိုးမင်းနွယ်များပင်လျှင် အမြဲတစေ စားသောက်နိုင်ခြင်း မရှိကြချေ။
သို့သော် ဗိုလ်ချုပ်သွမ့်က ငါးကြင်းကို စားခွင့်ရလေ၏။
ထို့အပြင် ငါးကို အရသာမရှိဘူးဟုလည်း ပြောသေးသည်။
ဟယ်ချင်း ကိုယ်တိုင်လည်း မြည်းစမ်းကြည့်ခဲ့ပြီးနောက် ထိုအချက်ကို လက်ခံလိုက်ရ၏။
ငါး၏အရသာမှာ ရွံ့အရသာကဲ့သို့ ရနေခဲ့သည်။ အာကာသစားဖိုမှူးများက ဤငါးကို အရသာရှိရှိ ချက်ပြုတ်နိုင်စွမ်းမရှိကြဟု သူ သုံးသပ်မိ၏။
ဟယ်ချင်း ငါးကြင်းများကို အစာကျွေးပြီးနောက် အနောက်မှ ဝှီးချဲ ရွေ့လျားလာသည့် အသံကို ကြားရလေသည်။
သူ လှည့်ကြည့်လိုက်လျှင် ထင်ထားသည့်အတိုင်းပင် သွမ့်ချန်ဟွေ့ကို တွေ့လိုက်ရ၏။
“မင်း ကြာပန်းတွေကို ကြိုက်ရင် ခူးလို့ရတယ်”
ဗိုလ်ချုပ်သွမ့်က ချမ်းသာသော သူဌေးကြီးကဲ့သို့သော လေသံမျိုးဖြင့် ပြောလာသည်။ ဤကြာပန်းများက အာကာသကမ္ဘာတွင် အလွန်တန်ဖိုးကြီးပြီး ဈေးကြီးလှပေ၏။
“ကျေးဇူးပါ ဗိုလ်ချုပ်”
ဟယ်ချင်းက ယဉ်ကျေးစွာ တုံ့ပြန်လိုက်ရင်းဖြင့် ဝှီးချဲအား တွန်းပေးရန် ကမန်းကတန်း ထလာခဲ့သည်။
ထို့နောက် သူ စိတ်ဝင်တစားဖြင့် စပ်စုကြည့်လိုက်၏။
“ဗိုလ်ချုပ်ကို ကြည့်ရတာ ဒီရက်ပိုင်း အချိန် နည်းနည်းပိုရနေတဲ့ပုံပဲ”
သူ့ ခြေထောက်ဒဏ်ရာကြောင့် ဘေးဖယ်ခံထားရတာများလား။
ဟယ်ချင်း၏ စိတ်ထဲတွင် တွေးနေမိသည်။
ရှေးခေတ်ဘုရင်များမှာ အသုံးမဝင်တော့သည့် သစ္စာရှိ အမှုထမ်းများကို မည်သို့ မည်ပုံ စွန့်ပစ်တက်ခြင်းအား တွေးရင်းဖြင့် ဗိုလ်ချုပ်သွမ့်အတွက် အနည်းငယ် စိုးရိမ်စိတ်များ ဝင်လာခဲ့၏။
“Zergတွေ ခဏ ပြန်ဆုတ်သွားလို့ ငါ အနားယူဖို့ အချိန်နည်းနည်းရနေတာ”
သွမ့်ချန်ဟွေ့မှ ဟယ်ချင်းအား ကြည့်၍ တည်ငြိမ်အေးဆေးသောအသံဖြင့် ပြန်ဖြေလေသည်။
“အဟမ်း… ဒါဆို ကျွန်တော်တို့ လမ်းလေး ဘာလေး သွားလျှောက်ကြရအောင်”
ဟယ်ချင်းက ပြောပြီးသည်နှင့် သွမ့်ချန်ဟွေ့၏ ခြေထောက်သို့ အကြည့်ရောက်သွား၏။
သူ့အရှေ့ရှိ အမျိုးသားမှာ ထိုမျှ ဒဏ်ရာရထားသော်လည်း မာန်မကျဘဲ တည်ငြိမ်လွန်းနေသည်။
“စစ်နတ်ဘုရား” ဟူသော ဂုဏ်ပုဒ်မှာ ထိုသူနှင့် အမှန်တကယ်ပင် လိုက်ဖက်ညီလှပေ၏။
*
T/n : လူဝတ်လဲလိုက်ပြီဆိုတော့ ကိုယ်တော်အစား ကျွန်တော်လို့ပြောင်းလိုက်ပါပြီ