အခန်း(6)
သွမ့်ချန်ဟွေ့ စားသောက်ပြီးနောက် ဧည့်ခန်းသို့ ပြန်ရောက်သောအချိန်တွင် ဟယ်ချင်းကို မတွေ့ရတော့ချေ။
အိမ်တော်ထိန်းမှ တင်ပြလာသည်။
“မစ္စတာဟယ်က သူ့အခန်းထဲကို ဝင်သွားပါပြီ ဗိုလ်ချုပ်၊ သူတရားထိုင်ဖို့ အချိန်ရောက်နေတဲ့အတွက် တောင်းပန်ကြောင်းလည်းပြောခိုင်းလိုက်ပါတယ်”
“ပြဿနာမရှိဘူး”
သွမ့်ချန်ဟွေ့က ခေါင်းညိတ်ပြီး အပေါ်ထပ်သို့ တက်သွားခဲ့၏။
သူ ဟယ်ချင်းအခန်းရှေ့မှ ဖြတ်လာချိန်တွင် သစ်သားငါးကို စည်းချက်မှန်မှန် တီးခပ်နေသံကို ကြားလိုက်ရသည်။ အသံမှာ တိကျကာ ထူးခြားနေပြီး နာရီလက်သံကဲ့သို့ စည်းချက်ညီစွာ ထွက်ပေါ်နေ၏။
အသံမှတစ်ဆင့် စိတ်ကို ငြိမ်သက်စေနိုင်သည့် ထူးဆန်းသော သက်ရောက်မှုလည်း ခံစားရသည်။
သွမ့်ချန်ဟွေ့မှာ မနေနိုင်တော့ဘဲ တံခါးနားတွင် ခဏရပ်ကာ နားထောင်နေခဲ့ပြီး နောက်ဆုံးမှ ကိုယ်ပိုင်ဆေးပေးခန်းသို့ ထွက်လာခဲ့၏။
အထဲတွင် သူ၏သီးသန့်ဆရာဝန်က စောင့်မျှော်နေခဲ့သည်။
သွမ့်ချန်ဟွေ့ ဝင်ထိုင်လိုက်သည်နှင့် ညာဘက်ခြေထောက်မှ နာကျင်ကိုက်ခဲနေသော ဝေဒနာကို ခံစားလိုက်ရလေ၏။
သူ ဘောင်းဘီစကို မတင်လိုက်ပြီး ခြေထောက်ပေါ်ရှိ လျှပ်စီးကြောင်းကဲ့သို့ အနီရောင်မျဉ်းများ ဖုံးလွှမ်းနေသည်ကို ပြသလိုက်သည်။
ဒေါက်တာကျန်းက ဘေးထိုင်ချပြီး ဆေးလိမ်းပေးလာခဲ့၏။
“ဒီနေ့ရော ဘယ်လိုခံစားရလဲ”
“နာကျင်မှုကို မိနစ်သုံးဆယ်ပဲ ခံစားရတယ်၊ ဒီထက်ကြာသွားရင် ခြေထောက်က ထုံလာတယ်”
သွမ့်ချန်ဟွေ့က သူ့ခြေထောက်ကို ကြည့်ရင်းဖြင့် အေးဆေးတည်ငြိမ်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
“ဖြေရှင်းဖို့ နည်းလမ်း မရှိဘူးလား”
“ဆေးက ရောဂါကို ထိန်းရုံပဲ ထိန်းနိုင်မှာ၊ လုံးဝ ပျောက်ကင်းသွားအောင် ကုသနိုင်မှာမဟုတ်ဘူး”
ဒေါက်တာကျန်းက ခေါင်းခါလိုက်၏။
“အခု မိခင်အင်းဆက်ရဲ့အဆိပ်အကြောင်းကို သုတေသနဓာတ်ခွဲခန်းက စမ်းသပ်ထားတဲ့အဖြေကို စောင့်နေပါတယ်၊ အင်းဆက်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ မပျံ့နှံသွားဖို့ မျှော်လင့်ရမှာပဲ အထူးသဖြင့် နှလုံးဆီကို မရောက်သွားဖို့ပဲ”
“အခု ပေါင်ထိရောက်နေပြီ”
သွမ့်ချန်ဟွေ့က ထိုင်ခုံလက်ရန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
ဒေါက်တာကျန်းတွင်လည်း အဖြေမရှိနေခဲ့သောကြောင့် ကျန်ရှိနေသေးသော ဆေးကိုသာ တိတ်တဆိတ်လိမ်းပေးနေခဲ့လေ၏။
“ကျွန်တော် ရှေးဟောင်း ဆေးကျမ်းတွေကိုတော့ ဖတ်နေတယ်၊ ကျွန်တော်တို့ စမ်းသပ်ကြည့်လို့ရလောက်မလားပဲ”
သွမ့်ချန်ဟွေ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကြိုးစားပေးတဲ့အတွက် ကျေးဇူးပဲ”
“ဒါက ကျွန်တော့်တာဝန်ပါ”
ဒေါက်တာကျန်းက ဆေးပုလင်းကို ဘေးတွင်ချလိုက်ပြီး နောက်ဆေးတစ်ပုလင်းကို လက်ထဲသို့ထည့်ပေးလေ၏။
“ဒါကို တစ်နေ့သုံးကြိမ်သောက်ရမယ်၊ မခံမရပ်နိုင်အောင် နာလာရင်လည်း ဒီဆေးကို သုံးပါ”
သွမ့်ချမ်ဟွေ့က ထိုပုလင်းကို လှမ်းယူ၍ ပုလင်း၏ မျက်နှာပြင်ကို ပွတ်သပ်နေခဲ့သည်။ သူ့ထံတွင် အချိန် သိပ်မကျန်တော့ကြောင်းကို သူသိနေခဲ့ပေ၏။
ဟယ်ချင်းနှင့်လက်ထပ်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ သူ့အတွက် ရည်ရွယ်ချက် များစွာရှိသည်။
စစ်တပ်အတွင်း စစ်သားများ၏ ယုံကြည်မှုပျက်ပြားနေခြင်း၊ မတည်မငြိမ်ဖြစ်နေခြင်းများကို ချုပ်ကိုင်နိုင်ရန်နှင့် တော်ဝင်မဟာမိတ်ဖွဲ့လိုသည့် မည်သည့်ရည်ရွယ်ချက်ကိုမဆို ချေမှုန်းနိုင်ရန် ဖြစ်၏။
ထို့အပြင် ဟယ်ချင်းမှာလည်း နောက်ပိုင်းတွင် သူလိုချင်သော လွတ်လပ်ခွင့်ကိုပြန်လည်ရရှိနိုင်ပေလိမ့်မည်။
ထိုအချိန်တွင် သူ၏ဆက်သွယ်ရေးမှ မက်ဆေ့ဝင်လာခဲ့သည်။ သွမ့်ချန်ဟွေ့ ဖွင့်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာအမူအရာတို့က တင်းမာသွားလေ၏။
[ဗိုလ်ချုပ် နောက်ဆုံးတော့ ကြယ်စုပင်လယ်ဓားပြတွေက အမှန်အတိုင်းဝန်ခံခဲ့ပါပြီ ၊သူတို့က မြေအောက်လေလံပွဲတစ်ခုကနေ ခိုးယူခံရတဲ့ ပစ္စည်းကို ရှာဖွေနေကြတာလို့ သိရပါတယ်]
“အဲဒါ ဘာလဲ”
သွမ့်ချန်ဟွေ့က မေးရင်းဖြင့် မသိစိတ်မှ ထိုင်ခုံလက်တန်းကို လက်ဖြင့် ပွတ်သပ်နေသည်။
[ Zerg ရဲ့ဥပါ]
“အဲနောက်ကို ခြေရာခံပါ”
“ကောင်းပါပြီ၊ ဗိုလ်ချုပ်”
—
ဟယ်ချင်း တရားထိုင်လို့ပြီးသွားချိန်တွင် မျက်လုံးများကို ပြန်ဖွင့်လိုက်လေ၏။ သူ့၏တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ခံစားရသည်။
သူက ပုတီးကို လည်ပင်းတွင် ပြန်ချိတ်လိုက်ပြီး ယနေ့က လပြည့်ညဖြစ်လောက်မည်ဟု တွက်ချက်လိုက်သည်။
ဤညတွင်ပင် သူ၏ ဘုန်းတော်ကြီးဘဝအား စွန့်လွှတ်ရန် အခမ်းအနားပြုလုပ်ရပေလိမ့်မည်။
ဟယ်ချင်းက ညနက်ပိုင်းတွင် စံအိမ်အတွင်းရှိ လူများအားလုံး အိပ်ပျော်နေကြောင်း သေသေချာချာ အတည်ပြုပြီးနောက် အိမ်ခေါင်မိုးပေါ်သို့ တိတ်တဆိတ် တက်သွားခဲ့သည်။
အပေါ်သို့ရောက်ချိန်တွင် လမင်းကြီးကို မော့ကြည့်ပြီး မျက်လုံးများကို မှိတ်ကာ နေမင်းနှင့်လမင်းတို့၏ အာဟာရဓာတ်ကို စုပ်ယူလိုက်၏။
အချိန်ကောင်းသို့ရောက်လာချိန်တွင်တော့ သူ၏သိုလှောင်နေရာမှ စားပွဲအသေးကို ထုတ်ယူပြီး အဖြူရောင်ဝိုင်၊ အမွှေးတိုင်နှင့် ကြာပန်းတစ်ပွင့်ကို ဘုရားရှင်အား ပူဇော်ရန် ပြင်ဆင်လိုက်သည်။
ဟယ်ချင်းက ကြာပန်းကို ပန်းအိုးထဲတွင် သေချာနေရာချပြီးနောက် လက်အုပ်ချီ၍ မျက်လုံးများမှိတ်ထား၏။
“အရှင်ဘုရား၊ ဤနုံချာတဲ့ ဘုန်းတော်ကြီး ဟယ်ချင်းက သွမ့်ချန်ဟွေ့နဲ့ ကံကြမ္မာကြိုး ချည်နှောင်ခံရပြီး မကြာမီလပိုင်းအတွင်းမှာပဲ လက်ထပ်ရတော့မှာပါ၊ ဒီလက်ထပ်ပွဲကို ဖြေရှင်းဖို့ရန်အတွက် တပည့်တော်ရဲ့ ကတိသစ္စာကို စွန့်လွှတ်ရပါတော့မယ် အရှင်ဘုရား၊
ကျေးဇူးပြုပြီး တပည့်တော်ကို နားလည်ခွင့်လွှတ်ပေးတော်မူပါ”
ဟယ်ချင်းမှ ထိုသို့ပြောပြီးသည်နှင့်တပြိုင်နက် လေပြင်းများတိုက်ခတ်လာပြီး ကောင်းကင်တစ်ခုလုံးတွင် မည်းမှောင်သော တိမ်တိုက်များ ရွေ့လျားလာကာ လမင်းနှင့်ကြယ်များကို ဖုံးလွှမ်းသွားသည်။
တစ်ဆက်တည်းမှာပဲ မိုးခြိမ်းသံများ ကျယ်လောင်စွာမြည်ဟီးလာ၏။
ဟယ်ချင်းက တုန်လှုပ်ခြင်းမရှိဘဲ မျက်လုံးများကို မှိတ်ကာ နဂိုအတိုင်း ရပ်နေခဲ့လေသည်။
ခဏကြာလျှင် ဟယ်ချင်းထံသို့ လျှပ်စီးကြောင်းနှင့်အတူ မိုးကြိုးတစ်စင်းကို ပစ်လွှတ်လာခဲ့၏။
ဟယ်ချင်းတစ်ယောက် သူ့အရှေ့မှ စားပွဲအား မိုးကြိုးထိမှန်သွားပြီး မိုးရေစက်များက သူ့၏မျက်တောင်မွှေးပေါ်သို့ ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။
သူ စိတ်ထဲတွင် သက်ပြင်းချကာ ဗုဒ္ဓနှင့် သူ၏ ဆက်သွယ်မှုမှာ ပြီးဆုံးသွားပြီဟု တွေးလိုက်မိ၏။
သူ မျက်လုံးများကို ပြမ်ဖွင့်လိုက်ချိန်၌ စားပွဲပေါ်တွင် ပြာအဖြစ် ပြောင်းလဲနေသော ကြာပန်းကို တွေ့လိုက်ရသည်။
မိုးကြိုးက သူ့အား လာရောက်ထိမှန်ခြင်းတော့ မရှိချေ။
အောမီထောဖော....
ဟယ်ချင်းက ဦးခေါင်းကိုညွှတ်ကာ ဗုဒ္ဓအား အရိုအသေပေးလိုက်လေ၏။ ထို့နောက် သူ့လက်ကို ဖြေလျော့လျက် ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်လိုက်သည်။
သူ ရုတ်တရက် ဉာဏ်အလင်းရသွားခဲ့သည်။
ဗုဒ္ဓက သူ့၏နှလုံးသားထဲတွင် ရှိနေသရွေ့ ပြင်ပပုံပန်းသဏ္ဍန်များကို တွယ်တာနေစရာမလိုတော့ချေ။
အမြဲတမ်း သူလျှောက်ရမယ့်လမ်းက တစ်လမ်းတည်းပဲလို ထင်ခဲ့ပေမဲ့ အမှန်တကယ်တော့ သူက ကိုယ့်ကိုကိုယ် ကန့်သတ်ထားခဲ့တာပဲ။
ဟယ်ချင်း စားပွဲကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ရင်း နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိ၏။
ယခု သူရောက်ရှိနေသောကမ္ဘာက သူ နေထိုင်ရာ မူလကမ္ဘာနှင့် သမိုင်းကြောင်းဆင်တူမှုများ ရှိသော်လည်း တစ်ထပ်တည်းကျနေခြင်းတော့ မရှိပါချေ။
“မင်း ဘာလုပ်နေတာလဲ”
ရုတ်တရက် သွမ့်ချန်ဟွေ့၏ အသံက အနောက်မှ ထွက်ပေါ်လာသည်။
ဟယ်ချင်းတစ်ယောက် အံ့ဩတုန်လှုပ်မှုတို့နှင့် လှည့်ကြည့်လိုက်လျှင် သွမ့်ချန်ဟွေ့၏ မျက်လုံးများနှင့် ပက်ပင်းတိုးလေ၏။
ထိုအခိုက်အတန့်တွင် လေထုက ထူးဆန်းနေပြီး ကသိကအောင့်ဖြစ်သွားခဲ့သည်။ ဟယ်ချင်းက ရှင်းပြရန် ကြိုးစားလေ၏။
“ဓလေ့ထုံးတမ်းအရ ကိုယ်တော့်ရဲ့ကတိသစ္စာကို စွန့်လွှတ်ဖို အခမ်းအနား ပြုလုပ်နေတာ၊ ဒါပေမဲ့ ရာသီဥတုက ကိုယ်တော့်ဘက်မှာ ရှိမနေဘူးလေ၊ ကိုယ်တော် ဒီရက်ပိုင်းအတွင်းမှာ ကံဆိုးမှုတွေ ဆက်တိုက်ကြုံနေရတာပဲ”
“အခုရော”
သွမ့်ချန်ဟွေ့က မျက်ခုံးများကို ပင့်တင့်ရင်း ထီးတစ်လက်ဖြင့် သူ့ထံသို့ လျှောက်လာခဲ့သည်။
သူက မိုးခြိမ်းသံကြောင့် နိုးလာခြင်းပင် ဖြစ်ပေ၏။ ထို့နောက် ခေါင်မိုးပေါ်တွင် မိုးကောင်းကင်ကိုမော့ကြည့်ရင်း ရပ်နေသော ဟယ်ချင်းကို တွေ့သွားခဲ့၏။
“ပြီးသွားပါပြီ၊ ဗုဒ္ဓက ကိုယ်တော်ကို ခွင့်လွှတ်မှုပေးလိုက်တယ်”
ဟယ်ချင်းက ထီးအောက်သို့ အမြန်ပြေးဝင်သွားပြီး သွမ့်ချန်ဟွေ့၏လက်မောင်းကို ဆုပ်ကိုင်ကာ ချိုသာသော လေသံဖြင့် ပြောလေ၏။
“သွားရအောင် ဗိုလ်ချုပ်၊ အပြင်မှာ မိုးတွေ အရမ်းရွာနေပြီ”
သွမ့်ချန်ဟွေ့က သူ့ဘက်သို့ မျက်လုံးကိုစောင်းကြည့်လိုက်သော်လည်း မည်သည့်မေးခွန်းကိုမှ ဆက်မမေးတော့ချေ။
“မိုးမလင်းသေးဘူး၊ နားလိုက်ဦး”
“အင်း”
ဟယ်ချင်း သူ့နဖူးကိုပွတ်သပ်ရင်း တဖြည်း ဖြည်း ဆုတ်ခွာသွားသော မိုးသားတိမ်စိုင်များကို ကြည့်၍ နောက်ဆုံး၌ စိတ်သက်သာရာရသွားခဲ့သည်။
ဟယ်ချင်းက ဗိုလ်ချုပ်သွမ့်အား ကူညီကာ အခန်းသို့ လိုက်ပို့ပေးခဲ့ပြီး “ကောင်းသောညပါ ဗိုလ်ချုပ်” ဟု အလျင်အမြန် နှုတ်ဆက်၍ ထွက်လာခဲ့၏။
သူက သူ့၏ကိုယ်ပိုင်အခန်းသို့ ခပ်သုတ်သုတ် ပြန်လာခဲ့ပြီး သစ်သားငါးကို ဖက်ထားကာ စိုးရိမ်စိတ်ဖြင့် တွေးလိုက်မိသည်။
“ငါ တစ်ခုခုများ ထုတ်ဖော်ပြမိသွားလား”
မိုးတိမ်များက ရုတ်တရက်ကြီး ထွက်ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
စိတ်ပူစရာမလိုဘူး။
ဘာပဲဖြစ်ဖြစ် သွမ့်ချန်ဟွေ့က ဒါကို ကျင့်ကြံရေးနဲ့ဆက်နွယ်နေတယ်လို့ ထင်မှာမဟုတ်ဘူး။
ဟယ်ချင်း ထိုအတွေးကြောင့် စိတ်သက်သာရာရသွားပြီး သစ်သားငါးကိုပွေ့ဖက်ရင်းဖြင့် အိပ်ပျော်သွားလေ၏။
မိုးကြိုးပစ်ခံရပြီးနောက် ဘုန်းကြီးဘဝမှ လူထွက်ခဲ့ရသော ဟယ်ချင်းမှာ သွမ့်ချန်ဟွေ့ ထိုအကြောင်းကို မေ့လျော့သွားဖို့ရန် မျှော်လင့်ရင်း ရက်အနည်းငယ်ကြာသည်အထိ အခန်းထဲတွင်သာ ပုန်းအောင်းနေခဲ့သည်။
သို့သော် ယနေ့တွင်တော့ သွမ့်ချန်ဟွေ့အား ရှောင်တိမ်းနေခဲ့သည့် အကြံအစည်မှာ မအောင်မြင်တော့ချေ။
သူက လူ့ဘဝသို့ ပြန်ရောက်သွားသော်လည်း သူ၏ နေ့စဉ်လုပ်ထုံးလုပ်နည်းများမှာ ပြောင်းလဲမရှိသောကြောင့် ဖြစ်ပေသည်။
သွမ့်ချန်ဟွေ့က ဝှီးချဲပေါ်တွင်ထိုင်ကာ ဟယ်ချင်းအခန်းတံခါးရှေ့သို့ရောက်လာပြီး ပိတ်ဆို့လိုက်၏။
“ငါ မင်းအတွက် အဝတ်အစားနည်းနည်းလောက် ပေးမလို့”
ထိုသို့ ပြောပြီးနောက် သူက ဝှီးချဲကိုတွန်းကာ ထွက်သွားလေသည်။ ဟယ်ချင်းကိုလည်း သူ့နောက်မှလိုက်လာရန် အချက်ပြလိုက်သေး၏။
ဒီလူက အာဏာရှင် တကယ်ကိုဆန်လွန်းတာပဲ....
ဟယ်ချင်း စိတ်ထဲတွင်တွေးလိုက်မိသည်။
*