အခန်း(5)
ဟယ်ချင်း ဧည့်ခန်းထဲသို့ရောက်ချိန်တွင် သွမ့်ချန်ဟွေ့က ဆိုဖာပေါ်ထိုင်ပြီး တီဗွီကိုကြည့်နေသည်အား တွေ့လိုက်ရ၏။
“မင်္ဂလာမနက်ခင်းလေးပါ ဗိုလ်ချုပ်”
သွမ့်ချန်ဟွေ့က သူ့ဘက်သို့ လှည့်ကြည့်လာလေသည်။
ယနေ့တွင်လည်း ဟယ်ချင်း၏မျက်နှာမှာ သူ့မျက်လုံးထဲတွင် ယခင်ရက်က ကဲ့သို့ ကြည်လင်တောက်ပနေဆဲပင်။
ဗိုလ်ချုပ်သွမ့်၏ အကြည့်များမှာ ပတ်တီးစည်းထားသော ဟယ်ချင်း၏ လက်မောင်းပေါ်သို့ ရောက်သွား၏။
“ဒဏ်ရာက မသက်သာသေးဘူးလား”
အင်ပါယာ၏ဆေးဘက်ဆိုင်ရာ နည်းပညာများဖြင့်ဆိုလျှင် ဤကဲ့သို့သော ဒဏ်ရာ အသေးစားများမှာ လုံလောက်သောကုသမှုကြောင့် တစ်ရက်အတွင်းမှာပင် အနာကျက်သင့်နေပြီပင်။
ဟယ်ချင်းက ချက်ချင်းပင် အားနည်းသူကဲ့သို့ ဟန်ဆောင်လိုက်လေသည်။
“အိုး...ကိုယ်တော့်ရဲ့ ခန္ဓာကိုယ်ကိုက အားနည်းလွန်းတာပါ၊ ကျေးဇူးပြုပြီး ဒီသေးသိမ်တဲ့ဘုန်းတော်ကြီးကို ဗိုလ်ချုပ်ကပဲ နားလည်ပေးပါဦး”
သွမ့်ချန်ဟွေ့မှာ ထိုစကားကိုကြားလိုက်ရပြီးနောက် ရယ်ချင်သွားပြီး မျက်ခုံးများကိုပင့်ကာ ဟယ်ချင်းကိုစိုက်ကြည့်လိုက်၏။
ထို့နောက် သူ၏နှုတ်ခမ်းထောင့်စွန်းမှ မထင်မရှား အပြုံးတစ်ခုပေါ်လာသည်။
“ထိုင်ဦး၊ ခဏနေရင် ငါတို့ မနက်စာအတူစားကြမယ်”
သွမ့်ချန်ဟွေ့၏လေယူလေသိမ်းမှာ အမြဲလိုလိုပင် အမိန့်ပေးနေသကဲ့သို့ အာဏာရှင်ဆန်သော လေသံများ ရောစွက်နေ၏။
ဟယ်ချင်း ခဏမျှ ချီတုံချတုံဖြစ်နေပြီး သွမ့်ချန်ဟွေ့နှင့် အဝေးဆုံးနေရာရှိ တစ်ယောက်ထိုင်ခုံကို ရွေးကာ ဝင်ထိုင်လိုက်သည်။
ဗိုလ်ချုပ်သွမ့်က သူ့လုပ်ရပ်ကို မသိဟန်ဆောင်၍ စက်ရုပ်အစေခံကို လက်ဟန်ပြကာ လက်ဖက်ရည် ဖျော်ခိုင်းလေ၏။
“မင်္ဂလာပွဲကို ဒီလလယ်လောက်မှာ လုပ်မယ်၊ မင်း ငါ့ရဲ်မိသားစုဝင်တွေနဲ့ တွေ့ချင်ရင် ငါစီစဉ်လိုက်မယ်”
မိသားစုဝင်တွေ...?
ရှေးခေတ်က တော်ဝင်မျိုးနွယ်တွေလိုပဲ လူအများကြီးနဲ့တွေ့ဆုံရမယ်။ ဆက်နွှယ်မှုတွေ များလာရင် ကံအကြောင်းတရားတွေ ရှုပ်ထွေးမှုတွေအများကြီး ရှိလာလိမ့်မယ်...မဖြစ်ဘူး။
ဟယ်ချင်းက ဒဏ်ရာရထားသော လက်မောင်းကို ဆုပ်ကိုင်ထားရင်း ဖြူဖတ်ဖြူရော်ဖြစ်နေသော မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးကို တပ်ဆင်လိုက်ပြီး ငြင်းဆန်လိုက်သည်။
“မတွေ့ချင်ဘူး...အဲဒီ ပွဲအခမ်းအနားမျိုးတွေဆို ကိုယ်တော်က နည်းနည်းစိုးရိမ်ပူပန်တတ်လို့ပါ၊ မိသားစုတွေ့ဆုံပွဲ လုပ်ဖို့ မလိုအပ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကိုယ်တော်တို့လည်း အချိန်တန်ရင် ကွာရှင်းဖို့ စီစဉ်ထားတာပဲလေ”
သွမ့်ချန်ဟွေ့က သူ့ကို စိုက်ကြည့်ကာ မျက်ခုံးပင့်ပြီး ပြောလာ၏။
“ကောင်းပါတယ်၊ မတွေ့ရင်လည်း မင်းကို ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ဘူး”
ဒီလူက တကယ့်ကို အာဏာရှင်ဆန်တဲ့သူပဲ…
ဟယ်ချင်း တွေးလိုက်ပြီးနောက် အစေခံများ လက်ဖက်ရည် ယူဆောင်လာသည်ကို ကြည့်လိုက်သည်။
သူ အလျင်အမြန်ပဲ ခွက်ကိုလှမ်းယူလေ၏။ သက်တောင့်သက်သာ မရှိသော စကားဝိုင်းမှ ရှောင်လွှဲဖို့ရန် အကြောင်းပြချက်ရှာခဲ့ခြင်းပင်။
သူ လက်ဖက်ရည်ကို တစ်ငုံ သောက်ကြည့်လိုက်ပြီးနောက် အရသာမှာ ပုံမှန်မဟုတ်ဘဲ ထူးခြားနေခြင်းအား သတိထားမိလိုက်သည်။
ဟယ်ချင်းက လက်ဖက်ရည်ခွက်ထဲသို့ ငုံ့ကြည့်လိုက်လျှင် ခွက်အောက်ခြေတွင် ရှိနေသော ကြာပန်း ပွင့်ဖတ်တစ်ခုကို တွေ့လိုက်ရ၏။
ဗိုလ်ချုပ်သွမ့်က ကြာပန်းတွေကို အစားအသောက်ထဲမှာ ထည့်သုံးနေတာလား။
ဒါဆို ခုနက သူမြင်လိုက်တဲ့ ကြာကန်တစ်ခုလုံးက ဒီတိုင်း အလှဆင်ထားတာမဟုတ်ဘဲ စားဖို့အတွက်လား။
ဟယ်ချင်းက ရှော့ရသွားပြီး ခွက်ကို ပြန်ချလိုက်မိလျှင် ခွက်အောက်ခြေနှင့် ပွတ်တိုက်မိသံ ထွက်လာပြီး သွမ့်ချန်ဟွေ့က သတိပြုမိသွားခဲ့သည်။
“ဘာဖြစ်လို့လဲ၊ ဒါကို မကြိုက်လို့လား”
“မဟုတ်ပါဘူး”
ဟယ်ချင်း သူ့ကို ကြည့်လိုက်ပြီး လက်ဖက်ခွက်ထံသို့ အကြည့်ပြန်ရောက်သွားပြန်၏။
သူ အားအင်ကုန်ခမ်းနေသကဲ့သို့ ဆိုဖာအား ပြန်မှီထားလိုက်ပြီး နဖူးကို ပွတ်သပ်လိုက်သည်။
“မနေ့က သွေးအရမ်းထွက်သွားလို့ထင်တယ် ခန္ဓာကိုယ်က နေလို့မကောင်းဘူး၊ နည်းနည်းမအီမသာဖြစ်နေတာ”
“စိတ်ကြောင့်လည်း ဖြစ်နိုင်တယ်၊ ပင်လယ်ဓားပြတွေက ရက်စက်ကြမ်းကြုတ်ပြီး အရမ်းကြောက်ဖို့ ကောင်းတာပဲ၊ အခုထိ လန့်နေတုန်းပဲ”
ဟယ်ချင်း ထပ်ဖြည့်ကာ ပြောလိုက်ပြီး သူ့ကိုယ်သူ အသုံးမကျဘဲ ပျော့ညံကာ နူးညံသိမ်မွေ့သော ပန်းပွင့်လေးအဖြစ် သရုပ်ဆောင်လိုက်လေ၏။
သွမ့်ချန်ဟွေ့က မျက်ခုံးကိုအသာပင့်၍ ဖြူဖပ်ဖြူလျော်ဖြစ်နေသော ဟယ်ချင်း၏ မျက်နှာကိုကြည့်ပြီး ရယ်ချင်နေခဲ့သော်လည်း ပြန်လည်ထိန်းချုပ်ထားရလေသည်။
ထို့နောက် အနည်းငယ်ပြုံးလိုက်ပြီး သူ၏ ဟန်ဆောင်မှုထဲသို့ အလိုက်သင့် လိုက်ပါကစားပေးရန် ဆုံးဖြတ်လိုက်၏။
“အန်ကယ်ချိုက်၊ ဒေါက်တာကျန့်ကိုခေါ်ပေးပါ”
ဟယ်ချင်းက ချက်ချင်း လက်ပြကာ ဟန့်တားလိုက်လေသည်။
“အိုး...ဆရာဝန် ခေါ်စရာမလိုပါဘူး၊ ကိုယ်တော် နည်းနည်း အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ”
သွမ့်ချန်ဟွေ့က အိမ်တော်ထိန်းအား ဆက်မခေါ်တော့ဘဲ ထားလိုက်၏။
“ကောင်းပြီလေ၊ ဒါဆို မင်း ကောင်းကောင်းအနားယူလိုက်ဦး”
ဟယ်ချင်းက ခန္ဓာကိုယ်ကို ဖြောင့်တန်းရန် အနေအထားပြင်၍ မျက်လုံးများကိုမှိတ်ကာ တရားထိုင်နေသကဲ့သို့ ဟန်ဆောင်လိုက်ပြီး လက်ကောက်ဝတ်ပေါ်ရှိ ပုတီးကို မသိမသာ ကိုင်နေမိသည်။
ဟူး....ဒီဗိုလ်ချုပ်က အတော် ကိုင်တွယ်ရရခက်တဲ့သူပဲ။
သူက အားနည်းတဲ့ပန်းအိုးတွေကို မုန်းမယ်လို့ ထင်ထားတာ။
သွမ့်ချန်ဟွေ့၏ မျက်လုံးများမှာ ဟယ်ချင်း၏ လက်ကောက်ဝတ်ပေါ်ရှိ ပုတီးလုံးများထံသို့ ကျရောက်သွား၏။ ထိုကဲ့သို့သော အရာမျိုးကို သူ ယခင်က မတွေ့ဖူးချေ။
သူ ဆိုဖာပေါ်သို့ မှီရင်းဖြင့် မနက်ခင်းသတင်းများကို စိတ်မပါစွာဖြင့် ကြည့်ကာ အတွေးနယ်ချဲ့နေမိသည်။
ဟယ်ချင်းက သိသိသာသာကို ထူးခြားနေခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သောသုံးနှစ်တာ ကာလအတွင်းမှာပင်။
ဟယ်ချင်းက အာရုံများကို စုစည်းပြီး တရားထိုင်နေခြင်းသို့ လုံးဝစိတ်နှစ်ထားလိုက်သည်။ သို့သော် သူ့၏စိတ်ဝိညာဉ်ကို ဖြန့်မထုတ်ရဲပေ။
စကြာဝဋ္ဌာထဲတွင် အင်အားအကြီးဆုံးလူသားဖြစ်သူ နာမည်ကျော် စစ်နတ်ဘုရား အင်နစ်ဂမာက ဘေးတွင် ရှိနေသည့်အတွက် သူ့၏လျှို့ဝှက်ချက်အား ရှာတွေ့သွားမည်ကို ကြောက်ရွံ့နေလေ၏။
ခဏအကြာတွင် သွမ့်ချန်ဟွေ့က သူ့ကို ပြောလာသည်။
“ဟယ်ချင်း၊ မနက်စာအဆင်သင့်ဖြစ်ပြီ”
ဤတစ်ကြိမ်တွင် သွမ့်ချန်ဟွေ့မှ ဟယ်ချင်းအား ပို၍ရင်းနှီးကျွမ်းဝင်သော အသုံးအနှုန်းကို မသိမသာ ပြောင်းလဲလိုက်သည်။
ဟယ်ချင်းက မျက်လုံးကိုဖွင့်ပြီး မတ်တပ်ရပ်လိုက်၏။
“ကောင်းပါပြီ”
“မင်း ငါ့ကိုခေါ်ရင် ငါ့နာမည်ကို သုံးလို့ရတယ်”
သွမ့်ချန်ဟွေ့က ဧည့်ခန်းမှ ထမင်းစားခန်းသို့ ဟယ်ချင်းအား ခေါ်ဆောင်သွားခဲ့သည်။
“ ‘ဗိုလ်ချုပ်’ လို့ခေါ်တာပဲ ပိုကောင်းမယ်ထင်တယ်၊ အဲအတိုင်းပဲ ခေါ်မယ်”
ဟယ်ချင်းက သွမ့်ချန်ဟွေ့၏အမိန့်ဆန်ဆန် စကားများကို မသိကျိုးကျွန်ပြု၍ ပြောလိုက်လေ၏။
ဟယ်ချင်းတစ်ယောက် အနောက်မှ လိုက်လာရင်းဖြင့် သူ့ရှေ့မှဗိုလ်ချုပ်သွမ့်၏အနည်းငယ် ယိုင်နဲ့နေသော လမ်းလျှောက်နေပုံကို သတိပြုမိခဲ့သည်။
ဤသည်ကို အကဲခတ်ကြည့်ကာ သွမ့်ချန်ဟွေ့မှာ လမ်းကြာကြာ မလျှောက်နိုင်လောက်ဟူ သူ ကောက်ချက်ချလိုက်၏။
သွမ့်ချန်ဟွေ့က ထိုင်ခုံတစ်လုံး၏ နောက်ဘက်ကို လက်ဖြင့်ထိန်းထားရင်း သူ့ဘက်သို့ လှည့်ကြည့်ကာ ပြောလာသည်။
“ကြိုက်သလိုသာခေါ် “
ထို့နောက် သူက ထိုင်ခုံကို အနည်းငယ် ဆွဲထုတ်ပေးလာ၏။
ဟယ်ချင်း ထိုင်ခုံကို ကြည့်ပြီးနောက် ဝင်ထိုင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
သွမ့်ချန်ဟွေ့မှာ သူနှင့်မျက်နှာချင်းဆိုင်ဘက်တွင် ဝင်ထိုင်လိုက်ပြီး လက်ကို အနည်းငယ် မြောက်ကာ အစားအသောက်များ တည်ခင်းနိုင်ရန် စက်ရုပ်အစေခံများကို အချက်ပြလိုက်၏။
အရာအားလုံးအား အစီအစဥ်တကျနှင့် တိတ်ဆိတ်ငြိမ်သက်စွာ လှုပ်ရှားသွားခဲ့သည်။
ဟယ်ချင်းက ပုတီးအား လက်ကောက်ဝတ်ပေါ်သို့ ညင်သာစွာ ဆွဲတင်လိုက်ပြီး မနက်စာများကို ကြည့်လိုက်သည်။
အစားအသောက်များကို ခမ်းခမ်းနားနား ပြင်ဆင်ထားပြီး လတ်ဆတ်သော သစ်သီး ပန်းကန်၊ ပင်လယ်စာများဖြင့်အထူးပြုလုပ်ထားသော ဒင်းဆမ်းအမျိုးအစား ခြောက်ခုပါဝင်၏။
“စားလို့ရပြီ”
သွမ့်ချန်ဟွေ့က တူကို ကောက်ကိုင်လိုက်လေသည်။
ဟယ်ချင်းလည်း တူကိုကိုင်၍ သစ်သီးပန်းကန်ထဲရှိ အသီးများနှင့် ကြက်မောက်သီး ကိတ်မုန့်အနည်းငယ်ကို စားလိုက်ပြီး အခြားအစားသောက်များကိုတော့ သိပ်မထိခဲ့ပါချေ။
သွမ့်ချန်ဟွေ့က သူ့ကို ကြည့်၍ ပြောလာ၏။
“အရသာမကောင်းလို့လား”
“မဟုတ်ဘူး၊ ကိုယ်တော်က အစားနည်းလို့ပါ”
ဟယ်ချင်းမှ ယဥ်ကျေးစွာ တုံ့ပြန်လိုက်သည်။
အားနည်းပြီး ပျော့ညံသော အိုမီဂါ တစ်ယောက်အနေဖြင့် အစားနည်းသည်မှာ သဘာဝကျပေ၏။
သွမ့်ချန်ဟွေ့က တူများကို ချ၍ အချိုပွဲအသစ်များ ယူလာခိုင်းလိုက်သည်။
“မင်း ဒါတွေတော့ ကြိုက်လောက်မယ်ထင်တယ်”
ဟယ်ချင်းမှာ ဟင်္သာပုံစံ ပုံဖော်ထားသည့် ထူးဆန်းသော ကိတ်မုန့်ကို စိုက်ကြည့်နေမိ၏။
ဗိုလ်ချုပ်က သူ့အား အခြားအိုမီဂါများကဲ့သို့ပင် အချိုကြိုက်လောက်မည်ဟု ထင်နေပုံရသည်။
သူ့၏အထင်မှာ မှားယွင်းနေခြင်းတော့ မဟုတ်ပေ။ ဟယ်ချင်းကိုယ်တိုင်လည်း အမှန်တကယ်ပင် အချိုကြိုက်သူဖြစ်၏။
ဟယ်ချင်းက ဇွန်းကိုကောက်ကိုင်လိုက်ပြီး ကိတ်မုန့်ကို ခေါင်းမှစတင်၍ လည်ပင်း နောက်ဆုံး အတောင်ပံအထိ ဖြည်းဖြည်းချင်း ဖျက်ဆီးစားသောက်လိုက်သည်။
သွမ့်ချန်ဟွေ့သည်ကညး လက်နှစ်ဖက်ကို ထောက်ထားပြီး သူ စားသောက်လို့ပြီးသည်အထိ စောင့်ကြည့်နေခဲ့၏။
“ဘယ်လိုနေလဲ”
ဟယ်ချင်း စားသောက်ပြီးသွားကာ ဇွန်းကိုချပြီးမှသာ သူ အစားအသောက်ထဲ လုံးလုံးလျားလျား နှစ်မြှုပ်သွားခဲ့သည့်အဖြစ်ကို သတိထားမိပြီး ရှက်ရွံ့စွာ ပြုံးကာ ဝန်ခံလိုက်သည်။
“စားကောင်းတယ်”
သွမ့်ချန်ဟွေ့က ဟယ်ချင်း၏ အပြုံးမှတဆင့် နွေးထွေးသိမ်မွေ့ပြီး ချိုမြိန်သော အငွေ့အသက်မျိုး ခံစားရလေ၏။
“ဒါဆို မနက်ဖြန် နောက်အရသာတစ်မျိုး စီစဥ်ပေးမယ်”
သွမ့်ချန်ဟွေ့ ဟယ်ချင်းအားကြည့်၍ ပြောလိုက်သည်။
“အဲဒီလောက်ကြီး လုပ်ပေးစရာ မလိုပါဘူး”
ဟယ်ချင်းက ယဥ်ကျေးစွာ ငြင်းလေ၏။
“ရတယ်၊ ဒါက စားဖိုမှူးရဲ့တာဝန်ပဲ”
သွမ့်ချန်ဟွေ့ တူများကို ပြန်ကိုင်ပြီး ပြောလိုက်သည်။
“မင်း ဧည့်ခန်းထဲမှာ စောင့်နေလို့ရတယ် ဒါမှမဟုတ်လည်း အခန်းထဲကို ပြန်ပြီး အနားယူရတယ်”
“အစားအသောက်အတွက် ကျေးဇူးပါ ဗိုလ်ချုပ်”
ဟယ်ချင်း၏ ငြင်းဆိုမှုက နောက်တစ်ကြိမ် ထပ်မံကျရှုံးခဲ့ပြန်၏။ သူ ထပြီး လက်တစ်ဖက်ကိုအရှေ့တွင်ထားကာ ဦးညွှတ်ပြီးနောက် ထွက်လာခဲ့သည်။
သွမ့်ချန်ဟွေ့က ဟယ်ချင်းထွက်သွားသည်ကို စိုက်ကြည့်နေခဲ့ပြီးနောက် မနက်စာကို ဆက်လက်စားသောက်ခဲ့သည်။
*