Ch 4
Viewers 2k

အခန်း(4)


သွမ့်ချန်ဟွေ့ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်သည်။ 


“ငါ မင်းကို ဒီကို လာဖို့အတွက် လူလွှတ်လိုက်မယ်လို့ ပြောထားတယ်လေ၊ နောက်တစ်ခါ ကိုယ့်သဘောနဲ့ကိုယ်  မလုပ်နဲ့၊ ငါ အဲဒီလိုမျိုး တဇွတ်ထိုးဆန်တာမျိုးကို မကြိုက်ဘူး” 


“အင်း” 


ဟယ်ချင်း မကျေမနပ်ဖြင့် တုံ့ပြန်လိုက်သည်။ 


“အေးအေးဆေးဆေး အနားယူလိုက်ဦး၊ နောက်မှ ထပ်လာခဲ့မယ်” 


သွမ့်ချန်ဟွေ့ ပြောလိုက်ပြီးနောက် သက်တော်စောင့်၏ အကူအညီဖြင့် အပြင်သို့ ထွက်သွားခဲ့လေသည်။ 


ဟယ်ချင်း  အခန်းထဲမှ ထွက်ခွာသွားသော သွမ့်ချန်ဟွေ့ကို ကြည့်ပြီး တွေးလိုက်မိသည်။


သွမ့်ချန်ဟွေ့သည်က အမိန့်ပေးခြင်းကို ကျင့်သားရနေသူဖြစ်ပြီး တာဝန်များကို ပြီးမြောက်အောင် တဝေမတိမ်းလိုက်နာဆောင်ရွက်တတ်သူဖြစ်ကြောင်း သိသာထင်ရှားပေ၏။


အခန်းတံခါးက ပြန်လည်ပိတ်ဆို့သွားခဲ့သည်။ 


ဟယ်ချင်း ပြတင်းပေါက်အနီးသို့ လျှောက်သွားပြီး အောက်ကို ငုံ့ကြည့်လိုက်လျှင် အပြင်ဘက်မှ သွမ့်ချန်ဟွေ့၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ 


ရုတ်တရက်ပင် သွမ့်ချန်ဟွေ့လည်း ပြန်လှည့်လာပြီး ဟယ်ချင်းထံသို့ လှမ်းကြည့်လိုက်သောကြောင့် သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားခဲ့ကြသည်။ 


ဟယ်ချင်းမည်သည့်အရာမှ မဖြစ်သကဲ့သို့ ဟန်ဆောင်ရင်း အပြုံးတစ်ခုနှင့် တုံ့ပြန်လိုက်သည်။ 


“ဂရုစိုက်ပြီးပြန်ပါ ဗိုလ်ချုပ်” 


သွမ့်ချန်ဟွေ့လည်း အကြည့်လွှဲပြီး  ယာဥ်ပျံထဲသို့ ဝင်သွားခဲ့သည်။ 



ဟယ်ချင်းက စိတ်အေးလက်အေးဖြင့် သက်ပြင်းချကာ ပြန်ထိုင်လိုက်ပြီး သစ်သားငါးကို ယူလိုက်၏။ 


သွမ့်ချန်ဟွေ့က သူ့ထံတွင် အချိန်သိပ်မကျန်တော့သည့်အတွက် ကွာရှင်းမည့်ကိစ္စကို အလျင်စလို လုပ်ဆောင်လိုခြင်းမရှိသည်ကို သိခဲ့ရပြီဖြစ်၍ ဟယ်ချင်း ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေမိသည်။ 


ဟယ်ချင်း စိတ်ကို တည်ငြိမ်သွားရန် ခဏမျှ ထိန်းချုပ်လိုက်ပြီးနောက် StarNetကိုဖွင့်ကာ သတင်းအသစ်များကို ကြည့်လိုက်၏။ 


အာကာသယာဉ် လုယက်ခံရမှုဖြစ်စဉ်မှာ လူကြည့်အများဆုံးစာရင်းတွင် ရောက်ရှိနေပြီး  သွမ့်ချန်ဟွေ့ ကိုယ်တိုင် ရေးတင်ထားသည့် StarNetပို့စ် တစ်ခုလည်း ရှိနေသည်။ 


သွမ့်ချန်ဟွေ့:


“ယာဉ်ပေါ်မှာပါလာတဲ့ လူတွေကို ကြယ်စုပင်လယ်ဓားပြတွေ လက်ထဲကနေ ကယ်တင်ပေးခဲ့တဲ့ တစ်စုံတစ်ဦးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်၊ တစ်နေ့တော့ ငါတို့ ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်တယ်” 


လူပြောများနေသော ကောလဟာလများ:


“ထူးဆန်းတဲ့ လူတစ်ယောက်က သူ့ရဲ စွမ်းအားကို အသုံးပြုပြီး ပင်လယ်ဓားပြတွေကို နှိမ်နင်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတယ်၊ သူ့ရဲ့ စွမ်းရည်က ဗိုလ်ချုပ်သွမ့်လိုပဲ 3S အဆင့်ရှိပြီး အဆင့်တူတယ်လို့လည်း ကြားတယ်” 


ဟယ်ချင်းက ထိုစာများကို ဖတ်ကြည့်ရင်း သူ့လက်ကောက်ဝတ်ရှိ ကိရိယာကိုပင် လွှင့်ပစ်ချင်လုနီးပါး ဖြစ်သွားလေ၏။ 


ကံကောင်းသည်မှာ ဗိုလ်ချုပ်သွမ့်မှ သူ့အား သံသယမဝင်ခဲ့ခြင်းပင်။ 


ဤသည်ကို ကြည့်၍ ဗိုလ်ချုပ်သွမ့်မှာ စွမ်းအား ရှိသူများကို နှစ်သက်သဘောကျသူဖြစ်ကြောင်း သိသာထင်ရှားပေသည်။ 


ဤသတင်းက အင်တာနက် စာမျက်နှာတစ်ခုလုံးကို ပွက်လောရိုက်သွားစေခဲ့၏။ 


[ဒါက ဗိုလ်ချုပ် နေကောင်းတယ်လို့ ပြနေတာပဲလေ၊ သူ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ ကောလဟာလကို ဘယ်သူ ဖြန့်နေတာလဲ] 



[ဗိုလ်ချုပ်ရဲ့ အသွင်အပြင်က ကြည့်ကောင်းလွန်းတယ်လို့ ထင်နေတာ ငါတစ်ယောက်တည်းလား၊ စက်ရုပ်ကြီးကလည်း စောက်ရမ်းမိုက်တယ်ဟေ့! ရူးတော့မှာပဲ] 



[ဗိုလ်ချုပ်ကို မနာလိုတဲ့ ပြိုင်ဘက်တွေက ဗိုလ်ချုပ် နေမကောင်းဖြစ်နေတယ်ဆိုတဲ့ အခြေအမြစ်မရှိ သတင်းတွေ လိုက်ဖြန့်နေတာပဲဖြစ်မယ်] 



[ဒါနဲ့ အဲ3S အဆင့် ရှိတဲ့သူက ဘယ်သူများလဲ၊ စောက်ရမ်းကြည့်ကောင်းနေမှာ သေချာတယ်] 



[ငါတော့ အခုကတည်းက ဗိုလ်ချုပ်နဲ့ အဲတစ်ယောက်ကို တိတ်တိတ်လေး တွဲပေးနေပြီ၊ ဗိုလ်ချုပ်ကို ကြည့်ရတာလည်း အဲလူကို စိတ်ဝင်စားတဲ့ပုံပဲ] 




သွမ့်ချန်ဟွေ့မှာ ယာဉ်ပျံထဲတွင် ထိုင်ရင်း ဆက်သွယ်ရေးမော်နီတာကို ဖွင့်လိုက်သည်။ 



“အန်ကယ်ချိုက်၊ မင်္ဂလာပွဲကို စီစဉ်လိုက်တော့” 



“ကောင်းပါပြီ” 



သွမ့်ချန်ဟွေ့က စက်ကို ပိတ်လိုက်ပြီး နက်ရှိုင်းသော မျက်လုံးများဖြင့် အရှေ့ရှိ လမ်းကို ကြည့်နေလေ၏။ 


သူ့ကို  ကံကောင်းစေရန်အတွက် ဟယ်မိသားစုမှ တစ်စုံတစ်ယောက်နှင့် လက်ထက်ပေးရန် ယခင်တုန်းက  တိုက်တွန်းခဲ့ဖူးသော်လည်း သူ ငြင်းဆိုခဲ့သည်။ 


သို့သော်လည်း ယခုအချိန်ထိ ထိုသူတို့က သူ့အတိက် တွဲဖက်ရှာပေးနေဆဲပင်။ 


သူ စုံတွဲတွဲဖက်မှု မှတ်တမ်းကို စစ်ကြည့်လိုက်ပြန်၏။ 


လွန်ခဲ့သော သုံးနှစ်က သူနှင့်လိုက်ဖက်ညီသော သူမှာ  ဟယ်ချင်း ဖြစ်ကြောင်းကို စနစ်မှ ဖော်ပြထားခဲ့ပြီးဖြစ်သော်လည်း လိုက်ဖက်မှုရာခိုင်နှုန်းမှာ သုညသာရှိသည်။


သို့သော် ယခုတွင်တော့ ရာခိုင်နှုန်း၁၀၀% အထိ တက်လာခဲ့၏။ 


သွမ့်ချန်ဟွေ့က လက်ကောက်ဝတ်ရှိ ဆက်သွယ်ရေးကိရိယာကို ထိလိုက်သည်နှင့် မျက်နှာပြင်တစ်ခု ပေါ်လာလေသည်။ 


“အန်ကယ်၊ ကျွန်တော် လက်ထပ်တော့မယ်၊ ကျွန်တော့်ရဲ့မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ဖို့ ဖိတ်ပါတယ်” 


စခရင်ပေါ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာခဲ့၏။


“မင်းလက်ထပ်မဲ့လူရဲ့ အချက်အလက်တွေကို အန်ကယ် စုံစမ်းပြီးပြီ၊ သူက အရည်အချင်းလည်းမရှိသလို ဘာမှအသုံးမဝင်ဘူး၊ အဆင့်ကလည်း အနိမ့်ဆုံးအဆင့်မှာပဲ ရှိတယ်၊ သွမ့်မိသားစုအတွက်—” 


“အကျိုးစီးပွားအတွက် လက်ထပ်တာမျိုးကို ကျွန်တော် မလိုချင်ဘူး” 


သွမ့်ချန်ဟွေ့က စကားဖြတ်ပြောလိုက်သည်။ 


သူ့၏အသံက အေးစက်မာကြောခြင်းမရှိသော်လည်း သူ့ဆုံးဖြတ်ချက်အား ကြားဝင်ဟန့်တားခြင်းမပြုစေလိုသော ပြတ်သားသည့်လေသံတို့ ရှိနေသည်။




“အန်ကယ် နားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်” 


တစ်ဖက်မှ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလာ၏။ 


“ဒါဆိုလည်း ကောင်းတဲ့အရာတွေဖြစ်လာဖို့အတွက် လက်ထပ်တယ်လို့ပဲ သဘောထားလိုက်မယ်” 


“ကျေးဇူးတင်ပါတယ် အန်ကယ်” 


သွမ့်ချန်ဟွေ့ ဆက်သွယ်ရေးစက်ကို ပြန်ပိတ်လိုက်သည်။ 


သူ၏ အနာဂတ်လက်တွဲဖော်အား သူ့စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ရှိသော်လည်း စနစ်အတိုင်းသာ သူရွေးချယ်ခဲ့၏။ 


သူ့အတွက် ရုပ်ရည်ချောမောကြည့်ကောင်းပြီး ပြဿနာမရှာတတ်သူ၊ အိမ်တွင် အလှထိုင်ကြည့်နိုင်မည့် အလှပန်းအိုးတစ်လုံးကဲ့သို့သော လူမျိုးသာ လိုအပ်သည်။


ABO အမျိုးအစား ခွဲခြားမှုမျိုးကို သူ လုံးဝ စိတ်မဝင်စားပါချေ။ 



*



ဟယ်ချင်းတစ်ယောက် လက်ထက်ပြီးနောက်ပိုင်း အမြန်ဆုံး ကွာရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်အတွက် ဥပဒေစာအုပ်အား ညလုံးပေါက် ဖတ်ခဲ့၏။ 

 

နောက်ဆုံးတွင် သူ အဖြေကိုရှာတွေ့ခဲ့လေသည်။  

 

တစ်ယောက်နှင့်တစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့ကြောင်း သက်သေပြနိုင်ခဲ့လျှင် ကွာရှင်းမည့်ကိစ္စကို အသက်သွင်းနိုင်လိမ့်မည်။ 

 

ထို့အပြင် ဥပဒေထဲတွင် ထည့်သွင်းထားခြင်းမရှိသည့် စည်းမျဉ်းတစ်ခုလည်း ရှိနေသေး၏။ 

 

ထိုအချက်ကို ကျင်းရီမှ ပြောပြခဲ့ခြင်းဖြစ်သည်။  

 

အိုမီဂါတစ်ယောက်နေဖြင့် လက်ထက်ပြီး သုံးနှစ်အတွင်း ကလေးမွေးဖွားခြင်း မရှိခဲ့လျှင် ခင်ပွန်းနှင့်မိသားစုဝင်များမှ အမြင်မကြည်တော့ဘဲ “ဆက်ဆံရေးပျက်ပြားသည်” ဟူသော အကြောင်းပြချက်ဖြင့် ကွာရှင်းရန် တွန်းအားပေးတတ်ကြောင်း သူသိလိုက်ရ၏။ 

 

ကျင်းရီကလည်း သူနှင့်အတူ တစ်ညလုံး အကြံဉာဏ်များ ဝိုင်းကူစဉ်းစားပေးခဲ့ပြီး သူ့အား ဗိုလ်ချုပ်သွမ့် စိတ်ပျက်ကာ အမြန်ကွာရှင်းလာစေရန် အကြံများပေးခဲ့သည်။ 

 

“မင်းကိုယ်မင်း အားနည်းပြီး အသုံးမကျတဲ့ အိုမီဂါတစ်ယောက်လို ဟန်ဆောင်လိုက်၊ ဗိုလ်ချုပ်က အားနည်းတဲ့ အိုမီဂါတွေကို မကြိုက်ဘူးလို့ ငါကြားဖူးတယ်၊ သူက အင်အားကြီးပြီး ထက်မြတ်တဲ့ ABO တွေကို သဘောကျတာတဲ့” 

 

“မင်းရဲ့ အကြံမဆိုးဘူးပဲ” 

 

ဟယ်ချင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်လေ၏။ 

 

“မတတ်နိုင်ဘူးလေ၊ ဒီမင်္ဂလာပွဲကို မဖြစ်မနေ လုပ်ရမယ်ဆိုရင်လည်း ဒီနိမ့်ကျတဲ့ကိုယ်တော်ကပဲ ဗိုလ်ချုပ်ကို စိတ်ပျက်အောင်လုပ်ပြီး ကွာရှင်းဖို့ ကြိုးစားရတော့မှာပေါ့” 

 

“ဒါပေမဲ့ မင်္ဂလာဦးညမှာ သူ မင်းကို အမှတ်သားပေးရင် ဘယ်လိုလုပ်မလဲ”  

 

ကျင်းရီမှ ချီတုံချတုံဖြင့် မေးလိုက်သည်။  

 

“ဖယ်ရိုမုန်းက နည်းနည်းပဲရှိရင်တောင် လူတစ်ယောက်ရဲ့စိတ်ကို လွမ်းမိုးနိုင်မှာပဲ” 

  

ဟယ်ချင်းက သူ၏ နက်မှောင်နေသော မျက်လုံးများကို အသာပင့်ကာ စခရင်ကိုကြည့်၍ ပြောလေ၏။ 

 

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” 

 

ကျင်းရီ နားလည်သွားဟန်ဖြင့် ပြုံးရင်း တုံ့ပြန်လိုက်သည်။  

 

“မင်း ထိခိုက်ဒဏ်ရာရပြီး နောက်ပိုင်းကတည်းက ပြောင်းလဲနေတာတော့ အမှန်ပဲ” 

 

“ကိုယ်တော်က ဉာဏ်အလင်းရပြီး အရာအားလုံးကို အသစ်ကနေပြန်စဖို့ ဆုံးဖြတ်လိုက်တာပါ”  

 

ဟယ်ချင်းတစ်ယောက် မသိစိတ်မှ လက်ကောက်ဝတ်ပေါ်ရှိ ပုတီးစေ့များကို လှည့်နေမိ၏။



 သို့သော် အိုမီဂါတစ်ယောက်ဖြစ်သည့် သူ့အား တစ်ဖက်လူမှ အမှန်တကယ်ပင် အမှတ်အသားပြုနိုင်ပေသည်။


 သူ၏မူလကိုယ်ခန္ဓာအား ရှာဖွေကာ ဤခန္ဓာကိုယ်မှ လွတ်မြောက်နိုင်မှသာလျှင် စိတ်ချရပေလိမ့်မည်။ 

 

နောက်တစ်နေ့တွင် ဟယ်ချင်းအား ဗိုလ်ချုပ်သွမ့်၏နေအိမ်သို့ သွားရန် လာခေါ်ကြ၏။  

 

သူ အိမ်ထဲသို့ ခြေမချခင်မှာပင် များပြားလှသော စောင့်ကြည့်ကင်မရာများနှင့် အစောင့်အကြပ်အများအပြား နေရာချထားခြင်းကို သတိထားလိုက်မိသည်။ 

 

ဟယ်ချင်းက ပတ်ဝန်းကျင်ကို အကဲခတ်ရင်းဖြင့် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချမိ၏။ 



ဤနေရာမှာ အကျဥ်းထောင်ထက်ပင် ပိုမိုမွန်းကြပ်ပိတ်လှောင်လွန်းပြီး သူ၏ စိတ်စွမ်းအင် အစစ်အမှန်ကို ဖွင့်ထုတ်ဖို့ရန်မှာ မဖြစ်နိုင်ချေ။


 သို့သော်လည်း ယခု သူရောက်ရှိနေသော ခန္ဓာကိုယ်သည်က သူ၏ ကြိုးစားအားထုတ်မှုကြောင့် 3S အဆင့် စိတ်စွမ်းအား ပိုင်ဆိုင်ထားပြီးပြီပင်။  

 

သူ့အနေဖြင့် ဤခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စိတ်စွမ်းအင်များအပေါ် သံသယဖြစ်စရာမလိုဘဲ လက်တွေ့ အသုံးချနိုင်မည်ဟု တွက်ဆရသည်။


သို့ရာတွင် ထိုစွမ်းအင်များကို စမ်းသပ်ဖို့ရန် အခွင့်အရေးတစ်ခု လိုအပ်နေသေး၏။အိမ်တော်ထိန်းက ဟယ်ချင်းအား ရှေ့မှ လမ်းပြကာ ခေါ်လာခဲ့သည်။ 

 

“ကျွန်တော် မစ္စတာဟယ် နေဖို့အတွက် အခန်းတစ်ခုကို အဆင့်သင့်ပြင်ဆင်ထားပါတယ်၊ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို အချိန်မရွေး လှမ်းခေါ်နိုင်ပါတယ်၊ ဒီနေရာက ဗိုလ်ချုပ်ကြီး ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်အဆောက်အဦးပါ”


“အင်း”  

 

ဟယ်ချင်းက ခေါင်းညိတ်၍ တုံ့ပြန်လိုက်ပြီး ဥယျာဉ်ထဲတွင် စိုက်ပျိုးထားသော အလှပန်းပင်များနှင့် သစ်ပင်များကို လှမ်းကြည့်လိုက်၏။


 သူ့အကြည့်များမှာ တစ်နေရာအရောက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့လေ၏။


သူ  ကြာကန်တစ်ခုကို သတိထားမိသောကြောင့် ထိုနေရာသို့လျှောက်သွားလိုက်သည်။ ထို့နောက် ကြာကန်အတွင်းတွင် အစွမ်းကုန် ပွင့်လန်းနေသော  ကြာပန်းပွင့်များကို မြင်လိုက်ရ၏။  

 

“ဗိုလ်ချုပ်သွမ့်က ကြာပန်း ကြိုက်တာလား” 

 

“မကြိုက်ပါဘူး”  

 

အိမ်တော်ထိန်းက ခေါင်းခါပြလိုက်သည်။  

 

“ကြာပန်းတွေက နုနယ်လွန်းလို့ဆိုပြီး ဗိုလ်ချုပ်က ဒီအတိုင်း စိုက်ကြည့်လိုက်တာလေ၊ နောက်ဆုံးတော့ တစ်ကန်လုံး အပြည့်ဖြစ်သွားတော့တာပဲ၊ လူတိုင်းက ဗိုလ်ချုပ်ကို အရမ်းအားကျနေကြတာ” 

  

“အဟမ်း”  

 

ဟယ်ချင်းမှာ အနည်းငယ် ချောင်းဆိုးသွားပြီး ပုတီးစေ့များကို မသိမသာ ဆုပ်ကိုင်မိလေ၏။ 

 

“ဗိုလ်ချုပ်က အပင်တွေနဲ့ပတ်သက်ရင် တော်တော်လေးကျွမ်းကျင်တာပဲ” 

 

သွမ့်ချန်ဟွေ့၏ ဘေးပတ်လည်တွင် မြင်ခဲ့ရသော ရွှေရောင်ကံကြမ္မာအလင်းတန်းက ဤကြာကန်ကြောင့် ဖြစ်နိုင်သည်။ 


ဟယ်ချင်းမှာ ဗုဒ္ဓဘာသာကို ကျင့်ကြံအားထုတ်နေသူဖြစ်ပြီး သွမ့်ချန်ဟွေ့၏ အနားတွင် ရှိနေလျှင် သက်တောင့်သက်သာ ရှိသည်ဟု ထူးထူးဆန်းဆန်း ခံစားရမိ၏။ 


သို့ဖြစ်ရာ သူ့ဘေးတွင်နေပြီး ဗုဒ္ဓဘာသာကို ကျင့်ကြံအားထုတ်ပါက နှစ်ဆအကျိုးရှိမည်ဟု သူ ထင်မိသည်။ 

 

အိမ်တော်ထိန်းက ပြုံးရင်း ခေါင်းညိတ်ကာ တုန့်ပြန်လိုက်၏။ 

 

“ဟုတ်တယ်၊ ဗိုလ်ချုပ်က အပင်တွေနဲ့ပတ်သက်ရင် တကယ်ကျွမ်းကျင်တယ်၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါ၊  ဗိုလ်ချုပ်က မစ္စတာဟယ်ကို စောင့်နေပါတယ်” 

 

ဟယ်ချင်း ကြာကန်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် အိမ်တော်ထိန်း၏ နောက်သို့ လိုက်သွားခဲ့လေသည်။



*