“နင်
တကယ်ပြောနေတာလား”
ကျောက်လုအာသည်
လက်ထဲရှိ ကန်စွန်းဥမုန့်ကို ပါးစပ်နားသို့ အထည့် သူငယ်ချင်းဖြစ်သူ၏ စကားကို
ကြားသော် လှုပ်ရှားမှုများ ရပ်တန့်သွား၏။ သူမ၏ မျက်ဝန်းတွင် သံသယရိပ်များ
ယှက်သန်းနေပါသည်။
ယနေ့သည်
နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂန္ဓာမာပန်းပွဲတော် ဖြစ်သည်။ သာမန်အရပ်သားများအတွက်
ဂန္ဓာမာပန်းများကို ကြည့်ရှုခံစားသောနေ့ဖြစ်ပြီး၊ မိန်းကလေးများအဖို့
စုဝေးကစားကြခြင်း၊ ပန်းကြည့်ခြင်း၊ မုန့်စားခြင်းနှင့် ကံကောင်းခြင်းအတွက်
ဂန္ဓာမာပန်းပုံစံ မီးပုံပျံများ လွှတ်တင်ကြခြင်းတို့ ပြုလုပ်သည့်နေ့လည်း ဖြစ်၏။
ကျောက်လုအာ၏
အဘိုးမှာ နန်းတွင်း၌ ရာထူးကြီးသူဖြစ်ပြီး ဖခင်မှာလည်း ဘုရင်ခံဖြစ်၏။ ယနေ့တွင် သူမ၏
နေအိမ်၌ ယခင်နှစ်များကဲ့သို့ပင် ဆွေမျိုးမိတ်သင်္ဂဟများအတွက် တည်ခင်းဧည့်ခံပွဲ
ကျင်းပနေပြီး ကျောက်လုအာသည် သူမ ခင်မင်ရသော ညီအစ်မတစ်စုကို ကစားရန်
ဖိတ်ကြားထားသည်။
အိမ်တော်အတွင်း၌
မီးအိမ်မျာ၊ ရောင်စုံအလံများဖြင့်
တန်ဆာဆင်ထားပြီး အစားအသောက်များမှာလည်း အထူးပင် လက်ရာမြောက်လှသည်။ အထူးသဖြင့်
မိန်းကလေးများ ကြိုက်နှစ်သက်သော မုန့်များမှာပင်။ မြို့ထဲမှ
နာမည်ကြီးစားဖိုမှူးများကို ငှားရမ်း ပြုလုပ်ထားပြီး မြို့တော်တွင် ခေတ်စားနေသော
နောက်ဆုံးပေါ် မုန့်များကို ရနိုင်ရန် လူလွှတ်၍ပင် အထူးတလှည် မှာယူထားသည်။
ကျောက်လုအာ၏
ဘယ်ဘက်တွင် ထိုင်နေသော စုဝမ်က ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်၏။ “တကယ်ပြောတာ၊
မြို့ပြင်က ဝူရှန်းတောင်ခြေမှာ ရှိတာ။ ငါ လော့ရှဘုရားကျောင်းကို
ဆုတောင်းဖို့သွားရင်း တွေ့ခဲ့တာလေ”
“ဆိုင်ကရောင်းတဲ့
မုန့်တွေက နူးညံ့ပြီး မွှေးကြိုင်နေတာပဲ၊ မြို့မှာရှိတဲ့ ဖျောင်ရှန်းခန်းမက
မုန့်တွေထက်တောင် ပိုကောင်းသေးတယ်”
“ပြီးတော့
လက်ဖက်ရည်တစ်မျိုးလည်း ရှိသေးတယ်၊ နာမည်
မေ့နေတာ၊ ဟုတ်သား။ နို့လက်ဖက်ရည်လို့ ခေါ်တယ်။ အဲဒါကို တွေးကြည့်လိုက်ရင် အခုထိ
ပါးစပ်ထဲမှာ အနံ့က မွှေးကြိုင်နေတုန်းပဲ”
စုဝမ်သည်
အစားအသောက်များ၏ အရသာကို ကျောက်လုအာအား အသေးစိတ် ပြောပြနေ၏။ ထို့နောက်
အဖော်စပ်လိုက်သည်။ “ငါတို့ ခဏနေရင် သွားမြည်းကြည့်ကြရအောင်”
ကျောက်လုအာ
နှာခေါင်းရှုံ့လိုက်၏။ “နင်ကတော့ အပို တွေပြောနေပြန်ပြီ”
မြို့တော်မှ
မုန့်ဆိုင်များမှာ မည်သည့်နေရာများဖြစ်သနည်းဟု မေးလျှင် မျိုးရိုးမြင့်များပင်
အမြဲသွားဝယ်စားကြသည့် နေရာများ ဖြစ်သည်ဟု ဖြေရမည်။ ထိုဆိုင်များတွင်
အချိုပွဲများကို နေ့စဉ် စမ်းသပ်ပြုလုပ်နေသော ထိပ်တန်းစားဖိုမှူးများရှိပြီး
အချို့မှာ နန်းတော်မှ ထွက်လာကြသူများ ဖြစ်သည်။ ဖျောင်ရှန်းခန်းမမှာ ထိုအထဲတွင်
နာမည်အကြီးဆုံး ဖြစ်သည်။ ထိုဆိုင်ထက် အရသာပိုကောင်းသည်ဟု ပြောခြင်းမှာ
အလိမ်အညာတစ်ခုဟု သူမ မြင်သည်။
စုဝမ်
ခေါင်းခါလိုက်သည်။ “ငါ တကယ် အပိုမပြောပါဘူး၊ နင် မြည်းကြည့်ရင် သိမှာပါ။
ဘာပဲဖြစ်ဖြစ် ဒီညက ညမထွက်ရအမိန့်လည်း မရှိဘူးဆိုတော့ သွားကြည့်တာ အရှုံးမရှိပါဘူး”
ကျောက်လုအာသည်
အစပိုင်းတွင် မသွားလိုပေ။ သူမ၏ သူငယ်ချင်းကောင်းမှာ ကောင်းမွန်သော အရာများကို
မစားဖူးသောကြောင့် သာမန်အစားအသောက်ကိုပင် နတ်သုဒ္ဓါကဲ့သို့ ထင်မှတ်နေခြင်း
ဖြစ်မည်ဟု တွေးမိသည်။
သို့သော်
အခြားသော ညီအစ်မငယ်များမှာ စုဝမ်၏ စကားကို ကြားသောအခါ အတူတူ သွားကြည့်လိုကြောင်း
ပြောလာကြသည်။
ထို့ကြောင့်
ကျောက်လုအာလည်း မတတ်သာဘဲ သဘောတူလိုက်ရသည်။ လူအများအပြား အတူသွားကြမည် ဖြစ်ရာ အကယ်၍
မုန့်များက မကောင်းခဲ့ပါက သူမလည်း စုဝမ်နှင့် ငြင်းနေစရာမလိုတော့ပေ။
ဟွာကျွင်းသည်
ကိတ်မုန့်လိပ်များကို အအေးခံရာမှ ထုတ်၍ အသင့်ထုတ်ပိုးထားလိုက်၏။ ထိုစဉ်
နို့လက်ဖက်ရည်များကို ရေခဲသေတ္တာထဲသို့ ထည့်လိုက်သည်။ ထို့နောက်
ပုစွန်ထုပ်လေးများကို မိုက်ခရိုဝေ့ဗ်ဖြင့် အပူပေးကာ ကွေ့ပေါင်ရို့ လုပ်ရန်
ပြင်ဆင်တော့သည်။
ပြုလုပ်ရသည်မှာ
မခက်ခဲလှ။ ဟွာကျွင်း ညွှန်ကြားချက်များအတိုင်း ဂျုံနယ်ထားသော အသားများကို
ကြော်စက်ထဲတွင် မိနစ် (၂၀)ခန့် ကြော်လိုက်သည်။ ထို့နောက် ပြင်ဆင်ထားသော
ဆော့စ်များကို အိုးထဲထည့်၍ အပူပေးပြီး အသားများနှင့် သေချာစွာ ရောမွှေလိုက်သည်။
အသားဖတ်များ၌ ဆော့စ်များ စိမ့်ဝင်သွားသောအခါ ချက်ပြုတ်ခြင်းအမှု အောင်မြင်စွာ
ပြီးဆုံးသွားတော့၏။
ယနေ့
ဖောက်သည် မည်မျှလာမည်ကို သူမ မသိသေးပေ။ အကယ်၍ လူသိပ်မများပါက နို့လက်ဖက်ရည်ကို
အရင်ဆုံး ကြော်ငြာရမည်။ အဘယ်ကြောင့်ဆိုသော် မနက်ဖြန်အထိ ထားပါက သောက်ရန်
မကောင်းတော့ပေ။
ထိုစဉ်
ဆိုင်တံခါးဝမှ မိန်းကလေးများ၏
အသံလေးများကို ကြားလိုက်ရသည်။ ဆိုင်ထဲသို့ ပထမဆုံး ဝင်လာသူမှာ
စုဝမ်ဖြစ်ပြီး သူမနောက်တွင် မတူညီသည့် အရောင်များဝတ်ဆင်ထားသည့် မိန်းကလေး လေးငါးဦး
ပါလာသည်။
စုဝမ်သည်
ဟွာကျွင်းကို မြင်သောအခါ ကလေးတစ်ယောက်ကဲ့သို့ ပြုံးပြလိုက်သည်။ သူမ၏ စိတ်ထဲတွင်
ဟွာကျွင်းရောင်းသော အစားအသောက်များမှာ အကောင်းဆုံးဖြစ်သည့်အတွက် ဟွာကျွင်းကိုလည်း
လျင်မြန်စွာပင် ခင်မင်သွားသည်။
“ဟွာကျွင်း၊
ကျွန်မရဲ့ ညီအစ်မတွေကို ခေါ်လာခဲ့ပြီ။ နို့လက်ဖက်ရည် လိုချင်တယ်။ ပြီးတော့
မနေ့ကလို မုန့်မျိုး(၆) ခုလောက် ပေးဦးနော်”
မိန်းကလေးများမှာ
ညစာ စားခဲ့ပြီး ဖြစ်သဖြင့် အချိုပွဲများကိုသာ မှာယူကြလိုက်သည်။
ဟွာကျွင်းကလည်း
နွေးထွေးစွာ ပြုံးပြလိုက်သည်။ “ကောင်းပါပြီရှင်၊ အရင်ဆုံး စားပွဲမှာ ထိုင်ကြပါဦး”
လူအများအပြား
လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ နို့လက်ဖက်ရည်မှာ လေးခွက်သာ ရှိသည်။
ထို့ကြောင့် သူမ နို့လက်ဖက်ရည်များကို လက်ဖက်ရည်အိုး လေးလုံးထဲသို့ ခွဲထည့်ပြီး
ရှေးခေတ်လူများ အရက်သောက်သကဲ့သို့ ခွက်ငယ်လေးများဖြင့် တည်ခင်းရန် အကြံရလိုက်သည်။
ကိတ်မုန့်လိပ်မှာမူ
အလုံအလောက် ရှိပါသည်။
ဟွာကျွင်းသည်
စေတနာဖြင့် အရသာမျိုးစုံ မြည်းစမ်းစေချင်သောကြောင့် မေးမြန်းလိုက်သည်။
“မုန့်တွေကို အရသာလေးမျိုး ခွဲပြီး ပေးရမလား”
စုဝမ်သည်
ကိတ်မုန့်လိပ်နှစ်မျိုးကိုသာ မြည်းဖူးသေးသည်။ အခြားအရသာများ ရှိသေးသည်ဟု
ကြားသောအခါ သူမ၏ လေသံမှာ စိတ်လှုပ်ရှားသွား၏။ “ရတာပေါ့၊ ရတာပေါ့။ အကုန်လုံး
ယူခဲ့ပါ။ အကုန်မြည်းကြည့်ချင်တယ်”
ကျောက်လုအာသည်
သူငယ်ချင်း ဖြစ်သူမှာ မျိုးရိုးမြင့် သခင်မလေးတစ်ဦးနှင့် မတူဘဲ
ကုန်သည်တစ်ဦးကိုပင် အစ်မဟု ခေါ်ကာ ပြုမူနေသည်ကို ကြည့်ပြီး မျက်လုံးများပင်
ပြူးသွားရှာသည်။
“ငါက
နင့်နောက်ကို အဖော်လိုက်ပေးတာ၊ ငါ့အတွက် သီးသန့်မှာပေးစရာ မလိုဘူးနော်”
စုဝမ်ကမူ
သူမ၏ စကားကို တိုက်ရိုက်ပင် လျစ်လျူရှုလိုက်သည်။ “ဟွာကျွင်း၊ ကျွန်မပြောသလိုပဲ
ပေးပါ”
ကျောက်လုအာသည်
စုဝမ်ကို ဤမျှအထိ ဇွတ်တရွတ်နိုင်သူဟု တစ်ခါမျှ မထင်ခဲ့ဖူးပေ။
‘ကောင်းပြီလေ၊
လုပ်ချင်သလိုသာ လုပ်တော့။ မုန့်က မကောင်းရင် နင် ဘယ်လိုလုပ်မလဲဆိုတာ
ကြည့်ရသေးတာပေါ့’
ဟွာကျွင်းသည်
မူလအရသာ နှစ်ခု၊ အရသာသစ်နှစ်ခု၊ ချောကလက်အရသာ တစ်ခုနှင့် ကော်ဖီအရသာ တစ်ခုတို့ကို
ယူကာ ပန်းကန်ငယ်လေးများဖြင့် သီးသန့်စီ ပြင်ဆင်ပေးလိုက်သည်။
ရုတ်တရက်ဆိုသလို
မိန်းကလေးများ၏ စားပွဲဝိုင်းမှာ စားသောက်ဖွယ်ရာများနှင့် ပြည့်သွားတော့သည်။
စုဝမ်သည်
မအောင့်နိုင်တော့ဘဲ မူလအရသာ ကိတ်မုန့်လိပ်ကို ဓားငယ်လေးဖြင့် လှီးဖြတ်လိုက်သည်။
ထိုမုန့်သည် သူမ ပါးစပ်ထဲ ရောက်သွားသည်နှင့် ကျေနပ်စွာဖြင့် မျက်လုံးများကို
မှိတ်လိုက်မိသည်။
‘ဟုတ်တယ်၊
ဒီအရသာပဲ၊ နို့နံ့ပြင်းပြင်းလေးနဲ့ ကိတ်သားက အိအိလေး’
စားပွဲရှိ
အခြားငါးဦးမှာမူ မစားရဲသေးပေ။ စုဝမ်၏ အမူအရာကို မြင်သောအခါ သူတို့အားလုံး ဇဝေဇဝါ
ဖြစ်သွားကြသည်။ “တကယ်ပဲ အဲဒီလောက် အရသာရှိလို့လား”
ကျောက်လုအာ
မွှေးရနံ့ကို ရသော်လည်း ပုံစံတူပြီး အရောင်မတူသော မုန့်များ၏ အံ့ဩဖွယ်အရသာကို
မသိရှာပေ။
သူမသည်
ကိတ်မုန့်လိပ်ကို အရင်မစားဘဲ လက်ဖက်ရည်အိုးကိုသာ လှမ်းယူလိုက်သည်။
သူမ
အိုးကို မကာ ရှေ့ရှိ ခွက်ထဲသို့ နို့လက်ဖက်ရည်ကို လောင်းထည့်လိုက်သည်။ သင်းပျံ့သော
လက်ဖက်ရည်ရနံ့မှာ သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
ပုံမှန်အားဖြင့်
ကျောက်လုအာသည် အိမ်တွင် လက်ဖက်ရည်ကို ကိုယ်တိုင် ဖျော်သောက်လေ့ရှိသည်။ သို့သော်
ဤလက်ဖက်ရည်မှာ ထူးခြားနေသည်။ စံပယ်ပန်းရနံ့ သင်းသင်းလေးမှာ နို့ရနံ့နှင့်
ရောယှက်နေသည်။ သူမ အနံ့ကို အမှန်ပင် နှစ်သက်သွား၏။
သူမသည်
တစ်ငုံမျှ မြည်းစမ်းလိုက်ရာ အမွှေးနံ့နှင့်အတူ အချိုဓာတ်လေးအပြင်
အငန်ဓာတ်အနည်းငယ်ရလိုက်သည်။
သူမအနေဖြင့်
ဤအရသာကို အတိအကျ ဖော်ပြရန် ခက်ခဲနေပါသည်။
အရသာကို သိနိုင်ရန် သူမ တစ်ခွက်ပြီး တစ်ခွက်
ငုံ့သောက်မိတော့သည်။
ခဏအတွင်းမှာပင်
လက်ဖက်ရည်အိုးထဲ၌ အနည်းငယ်သာ ကျန်တော့သည်။
ကျောက်လုအာသည်
အိုးဖုံးကို လှန်ကြည့်လိုက်သောအခါ အထဲတွင် အစေ့အဆန်အလုံးလေးများကို မမျှော်လင့်ဘဲ
တွေ့လိုက်ရသည်။ သူမ ဇွန်းဖြင့် ထိုအစေ့များကို ခပ်ယူပြီး ခွက်ထဲထည့်ကာ
အကုန်သောက်ပစ်လိုက်သည်။
ခွက်ကို
ပြန်ချလိုက်သည့် အခါမှသာ သူမ၏ အပြုအမူမှာ အနည်းငယ် ရိုင်းပျသွားသည်ကို
သတိပြုမိသည်။ သို့သော် မည်သူမျှ သူမကို သတိမထားမိကြပေ။ သူမ၏ ညီအစ်မများမှာ
ကိတ်မုန့်လိပ်များကိုသာ အာရုံစိုက် စားနေကြပြီး စားပွဲပေါ်ရှိ
ကိတ်မုန့်လိပ်များမှာ ကုန်လုနီးပါး ဖြစ်နေပါပြီ။
ကိတ်မုန့်လိပ်
(၆)ခုကို လူ (၆) ဦး ခွဲဝေစားရမည် ဖြစ်သော်လည်း သူတို့သည် သူမ၏ ဝေစုကိုပင်
စားထားသည်။ သို့သော် သူမကိုယ်တိုင်က မစားဘူးဟု ပြောထား၍ အပြစ်မတင်နိုင်ပေ။ သူမ
စိတ်ထဲမှသာ တိတ်တဆိတ် နောင်တရနေမိသည်။
နို့လက်ဖက်ရည်က
ဤမျှ အရသာရှိလျှင် မုန့်များမှာလည်း မဆိုးနိုင်ပေ။
ဟွာကျွင်းသည်
မီးဖိုချောင်မှ ခေါင်းပြူထွက်ကြည့်လိုက်သည်။ စားပွဲပေါ်ရှိ အစားအသောက်များ အားလုံး
ကုန်သွားသည်ကို မြင်သောအခါ သူမ အနားသို့ လျှောက်လာပြီး မေးလိုက်သည်။
“ကိတ်မုန့်လိပ်တွေက အရသာရှိရဲ့လား ညီမလေးတို့”
‘ဒီမုန့်ကို
ကိတ်မုန့်လိပ်လို့ ခေါ်တာကိုး’
စုဝမ်
ခေါင်းညိတ်ပြလိုက်သည်။ “အရသာရှိတယ်၊
ကျွန်မကတော့ ဒီနေ့ အသစ်ပါတဲ့ အရသာကို အကြိုက်ဆုံးပဲ။ အပြင်ဘက်မှာ အညိုရောင်
အလွှာလေးပါတာလေ။ ခါးသက်သက်အရသာနဲ့ အချိုအရသာက ဒီလောက်အဆင်ပြေပြေ
ရောယှက်နေလိမ့်မယ်လို့ မထင်ထားဘူး”
“အဲဒါက
ချောကလက်အရသာလေ။ အမည်းရောင်တစ်ခုကတော့ ကော်ဖီအရသာကွဲ့”
“နာမည်တွေက
တကယ် ထူးခြားတာပဲ”
ဟွာကျွင်းက
ဆက် ရှင်းပြလိုက်သည်။
“ပြီးတော့
ညီမလေးတို့ သောက်တဲ့ နို့လက်ဖက်ရည်ထဲက ဒီတစ်အိုးက စံပယ်နို့လက်ဖက်ရည်လို့ ခေါ်တယ်။
အထဲမှာ အငန်အရသာချိစ် နဲ့ အစေ့အဆန်လေးတွေ ပါတယ်။ ဒီတစ်အိုးကတော့
ပိန်းဥနို့လက်ဖက်ရည်လေ၊ လက်ဖက်စိမ်းကို နို့နဲ့ ပိန်းဥ ပြန်ရောထားတာ။
နောက်တစ်အိုးကတော့ အော်စမန်းသပ်စ်ဆန်စေးလက်ဖက်ရည်ပဲ။ အော်စမန်းသပ်စ် ပန်းရနံ့နဲ့
ဆန်စေးနည်းနည်း ပါတယ်။ ကျန်တဲ့တစ်အိုးကတော့ ပုလဲနို့လက်ဖက်ရည်ကွဲ့။ အထဲမှာ
ပုလဲလုံးလေးတွေနဲ့ တူတဲ့ ဂျုံလုံးလေးတွေ ပါတယ်”
မိန်းကလေးငယ်များသည်
ဟွာကျွင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် တိုးတိုးတိတ်တိတ် ဆွေးနွေးကြတော့သည်။
“နာမည်လေးတွေက
တကယ် လှတာပဲ၊ ငါကတော့ ပိန်းဥနို့လက်ဖက်ရည်ကို အကြိုက်ဆုံးပဲ”
“ငါကတော့
အော်စမန်းသပ်စ် ဆန်စေးလက်ဖက်ရည်ကို အကြိုက်ဆုံးပဲ”
“ငါကတော့
ပုလဲနို့လက်ဖက်ရည်က ကြိုက်တယ်။ အထဲက ပုလဲလုံးလေးတွေက ဝါးလို့ ကောင်းတယ်”
စုဝမ်သည်
ဟွာကျွင်း၏ လက်မောင်းကို ဆွဲလိုက်၏။
“ဟွာကျွင်း၊ ညီမ ကိတ်မုန့်လိပ်တချို့ကို
မိဘတွေအတွက် ပြန်ယူသွားချင်တယ်၊ ခုနက အရသာအသစ် နှစ်မျိုးလုံးနော်”
“ညီမလည်း
ယူမယ်၊ ညီမလည်း ယူမယ်”
ကျောက်လုအာသည်လည်း
အမူအရာကို မထိန်းနိုင်တော့ဘဲ အလောတကြီး ပြောသည်။ “ကျွန်မလည်း အိမ်အတွက်
ဝယ်သွားမယ်”
သူမ
ခေါင်းလှည့်ကြည့်လိုက်သောအခါ စုဝမ်၏ အကြည့်နှင့် သွားဆုံသည်။ စုဝမ်က ကျောက်လုအာ၏
အနားသို့ တိုးကပ်ကာ ပြောသည်။ “ငါပြောသားပဲ၊ အရသာရှိပါတယ်လို့”
ကျောက်လုအာသည်
မျက်နှာလေး ရဲသွားပြီး ပြန်ဖြေသည်။ “အင်း...အတော်လေး ကောင်းပါတယ်”
မကြာမီမှာပင်
ကိတ်မုန့်လိပ်များအားလုံး ရောင်းကုန်သွားပါတော့သည်။