အခန်း (၉) ဘဲကင် (၁)
Viewers 820


 

ပွဲတော်ရက်ဖြစ်သောကြောင့်  ယနေ့တွင် ဖောက်သည်များ အထူးပင် များပြားလှပါသည်။ စုဝမ်နှင့်သူငယ်ချင်းတစ်စု ထွက်ခွာသွားပြီးနောက် ဖောက်သည်များမှာ တစ်ဦးပြီးတစ်ဦး ဝင်လာကြရာ မကြာမီပင် မုန့်ဆိုင်ရှိ စားပွဲလေးလုံးစလုံး ပြည့်သွားတော့၏။

 

 

 

ဆိုင်တွင် ပုစွန်ထုပ်လေးများနှင့် ချိုချဉ်ကြော်များ ကျန်ရှိနေသေးသဖြင့် ဟွာကျွင်းသည် ဖောက်သည်တစ်ဦးလျှင် ပုစွန် (၅) ကောင်နှုန်း၊ စားပွဲတစ်ဝိုင်းလျှင် ချိုချဉ်ကြော်တစ်ပန်းကန်နှုန်းဖြင့် တည်ခင်းဧည့်ခံပါသည်။ အဓိက စားစရာအဖြစ် နေ့ခင်းက ဝယ်ထားသော ပေါက်စီများသာ ရှိပါတော့၏။

 

 

 

 

အိုးဖုံးကို ဖွင့်လိုက်သည့်အခါ ပုစွန်ထုပ်လေးများ၏ မွှေးရနံ့မှာ ဆိုင်တစ်ဆိုင်လုံးကို လွှမ်းမိုးသွားပြီး တံခါးအပြင်ဘက်အထိတိုင် ပျံ့လွင့်သွားသည်။ ထိုရနံ့ကြောင့် လူအတော်များများ ဆိုင်ထဲသို့ ဝင်ကြည့်ကြသော်လည်း ထိုင်ခုံမရှိသဖြင့် ပြန်ထွက်သွားကြရ၏။ အချို့မှာ မပြန်ချင်သေးသဖြင့် ဆိုင်ထဲရှိ လူများကို အစားအသောက် အရသာရှိမရှိ လှမ်းမေးကြတော့သည်။

 

 

ပါးစပ်တွင် ဆီများပေကျံနေသည့် လူတစ်ဦးက ဗလုံးဗထွေး ပြန်ဖြေလိုက်၏။

 

“အရသာရှိလိုက်တာမှ ပြောမနေနဲ့တော့၊ ဒီလောက် အရသာရှိတာမျိုး တစ်ခါမှ မစားဖူးဘူး”

 

ဟွာကျွင်းသည် ဤကဲ့သို့ အခြေအနေမျိုးနှင့် ပထမဆုံး ကြုံတွေ့ဖူးခြင်းဖြစ်ရာ အနည်းငယ်တော့ ပျာယာခတ်သွားမိသည်။ ကံကောင်းသည်မှာ အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် အဆင်ပြေသွားပါ၏။

 

 

မကြာမီပင် ပုစွန်ထုပ်တစ်ပန်းကန် ကုန်သွားတော့သည်။ သို့ဖြစ်၍ သူမ မီးဖိုချောင်သို့ ပြန်ဝင်ကာ ဒုတိယအသုတ်ကို နွှေးရပြန်၏။ သူမ ပြန်ထွက်လာချိန်တွင် ချိုချဉ်ကြော်များလည်း ကုန်သွားပြီဖြစ်ရာ အသားများကို ထပကြော်ပေးရတော့သည်။

 

 

ဟွာကျွင်းမှာ အတော်ပင် နုံးချိနေပြီ ဖြစ်သည်။ သူမ ရေတစ်ခွက်ကို ငှဲ့သောက်ရင်း ခဏမျှထိုင်ကာ ချွေးသုတ်နေပါ၏။ သို့သော် ကြာကြာမနားလိုက်ရဘဲ အပြင်ဘက်မှ လူများက အော်ဟစ်မေးမြန်းလာကြသည်။

 

 

ဖောက်သည်များ ပို၍ များလာသောကြောင့် သူမ အလျင်အမြန်ပင် ထကာ ချိုချဉ်ကြော်များကို ထုပ်ပိုး၍ ချပေးလိုက်၏။

 

 

နှစ်နာရီခန့် ကြာပြီးနောက် ပုစွန်ထုပ်များနှင့် ချိုချဉ်ကြော်များအားလုံး ကုန်သွားသည့်အပြင် အသုံးပြုရန် ပန်းကန်များပင် မကျန်တော့ပေ။ ဟွာကျွင်း သက်ပြင်းတစ်ချက် အသာချလိုက်ရင်း ပြောလိုက်သည်။

 

 

“အားလုံး ကုန်သွားပါပြီရှင်။ ဒီနေ့အတွက် ဆိုင်ပိတ်ပါပြီနော်။ မနက်ဖြန်မှ ပြန်လာခဲ့ကြပါဦးနော်”

 

သူမ ခေါင်းငုံ့ကာ ယနေ့ရရှိသည့် ဝင်ငွေကို တွက်ချက်နေလိုက်၏။ စုဝမ်နှင့်သူငယ်ချင်းတစ်စုမှာ လက်အဖွာဆုံးဖြစ်ပြီး ငွေတုံးနှစ်တုံး ပေးသွားကြသည်။ အခြားဖောက်သည်များ ပေးသွားသည့် ငွေစများကိုကား ဟွာကျွင်း လူတစ်ဦးကို ငွေတုံးနှင့် လဲခိုင်း၏။ ယနေ့ စုစုပေါင်းဝင်ငွေမှာ ငွေတုံး (၃) တုံးနှင့် ကြေးပြား (၃၅)ပင်။

 

 

သူမ မော့ကြည့်လိုက်သောအခါ ဆိုင်ထဲက ဖောက်သည်များမှာ ထွက်သွားကြသော်လည်း ကောင်တာရှေ့တွင် လူတစ်ဦး ရပ်ကျန်နေသေးသည်ကို တွေ့လိုက်၏။

 

ဆံပင်ကို သေသပ်စွာ စည်းနှောင်ထားပြီး အမည်းရောင် ဝတ်စုံဝတ်ထားသည့် လူငယ်က ဟွာကျွင်းကို ပြုံးပြလျက် မေးလိုက်သည်။

 

“ဆိုင်ရှင်၊ ကျွန်တော့်ကို ငါးချဉ်စပ်ဟင်း တစ်ပွဲလောက် ပေးပါဦး”

 

ထိုအခါမှ ဟွာကျွင်းသည် သာမန်ဝတ်စုံ လဲဝတ်ထားသည့် မော့ချွမ်းကို မှတ်မိသွားတော့၏။ သူမ ပြန်ဖြေလိုက်သည်။

 

“ဒီနေ့ ငါးချဉ်စပ်ဟင်း မရှိတော့ဘူးရှင်။ တခြားဟာတွေလည်း အကုန် ရောင်းကုန်သွားပြီ။ မနက်ဖြန်မှပဲ ပြန်လာခဲ့ပါတော့”

 

မော့ချွမ်း လက်မလျှော့ဘဲ အိုးထဲသို့ လည်ဆန့်ကာ ကြည့်ရင်း ပြော၏။

 

“အဲဒီအိုးထဲမှာ တစ်ခုခု ကျန်သေးတယ် မလား၊ အဲဒါပဲ စားမယ်လေ”

 

အိုးထဲတွင် ဟွာကျွင်း ကိုယ်တိုင်စားရန် ချန်ထားသည့် ပုစွန်ထုပ် (၅) ကောင်သာ ကျန်တော့သည်။ မော့ချွမ်း ဤမျှ မျက်စိလျင်လိမ့်မည်ဟု သူမ မထင်ထားမိ။ ဟွာကျွင်း ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

 

“မရဘူး၊ အဲဒါက ကျွန်မ စားဖို့ ချန်ထားတာ”

 

မော့ချွမ်း အတင်းအကျပ် ဆိုပြန်သည်။

 

“ရပါတယ်၊ ရပါတယ်။ ဆော့စ်လေး ကျန်ရင်လည်း ရပြီ၊ ပေါက်စီနဲ့ တို့စားလို့ ရတာပဲ”

 

ဟွာကျွင်း တွေးကြည့်လိုက်သည်။ ဆိုင်ကို လာသမျှ လူများသည် ဧည့်သည်များပင်။ သူ့ကို ဆော့စ်အကျန်လေးပဲ ကျွေးရန်မှာလည်း မသင့်တော်ပေ။ သူမ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

 

“တကယ် မကျန်တော့လို့ပါရှင်။ မနက်ဖြန် စောစောလာခဲ့ပါ၊ ရှင့်အတွက် အရသာရှိတာလေး ချန်ထားပေးပါ့မယ်”

 

ထိုသို့ပြောပြီးနောက် ဟွာကျွင်းသည် သူ့ကို ဂရုမစိုက်တော့ဘဲ စားပွဲများကို သိမ်းဆည်းရန် လှည့်ထွက်သွားတော့၏။

 

 

 

ဆိုင်ထဲရှိ အသုံးပြုထားသော ပန်းကန်ခွက်ယောက်များကို ကြည့်ပြီး ဟွာကျွင်း တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်သွားပါသည်။ ပုံမှန်အားဖြင့် အစားအသောက်များကို ပါဆယ်မှာစားလေ့ရှိသူဖြစ်ရာ သူမ ပန်းကန်များစွာ မဆေးဖူးပေ။ ပန်းကန်ဆေးစက် အကြီးစားတစ်လုံးကို အမြန်ဆုံး ဝယ်ယူမှ ဖြစ်ပေမည်။ သို့မဟုတ်ပါက နေ့စဉ် ဤမျှ ပင်ပန်းနေရမည်ဆိုပါက မတွေးဝံ့စရာပင်။

 

 

 

ဟွာကျွင်း ပုံးတစ်ပုံးကို ယူကာ စားပွဲတစ်ခုချင်းစီမှ စားကြွင်းစားကျန်များကို လောင်းထည့်ပြီး ပန်းကန်နှင့် တူများကို ဇလုံအကြီးကြီးတစ်ခုထဲသို့ ထည့်လိုက်၏။

 

မော့ချွမ်းသည် ဟွာကျွင်း တစ်ယောက် စားပွဲများကို တုံ့တုံ့ဆိုင်းဆိုင်း သန့်ရှင်းရေးလုပ်နေသည်ကို ကြည့်နေသည်။ ထို့နောက် ဘာမှမပြောဘဲ ရှေ့သို့ လျှောက်လာကာ ပန်းကန်ဇလုံကို မပြီး တံခါးဝသို့ ထွက်သွားရင်း ပြောလိုက်သည်။

 

“ဆိုင်ရှင်၊ ကျွန်တော် ပန်းကန်ဆေးပေးပါ့မယ်”

 

ဟွာကျွင်းက အလန့်တကြား တားလိုက်သည်။

 

“မလိုပါဘူးရှင်”

 

ဖောက်သည်တစ်ဦးကို အလုပ်ခိုင်းရန်မှာ သူမအတွက် မဖြစ်နိုင်သောအရာပင်။ သူမ ဆက်မေးလိုက်သည်။

 

 

“ရှင်က တပ်ဖွဲ့နဲ့အတူ မြို့တော်ကို မပြန်ဘူးလား၊ ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ အဖွဲ့နောက်မှာ ကျန်ခဲ့လိမ့်မယ်နော်”

 

မော့ချွမ်း အရေးမစိုက်သလို မျက်နှာပေးဖြင့် ပြန်ဖြေပါ၏။

 

“ကျွန်တော့် တာဝန်တွေ ပြီးသွားပြီလေ။ အထက်လူကြီးက ခဏနားဖို့ ခွင့်ပြုထားတယ်။ ကျွန်တော့်အိမ်က ရှေ့က မြို့ထဲမှာတင် ရှိတာ၊ ဒီနဲ့ အရမ်းနီးတယ်”

 

ထို့နောက် သူ ဆက်လက် ရှင်းပြသည်။

 

“ကျွန်တော် ဒီမှာ ဆိုင်အကူ လုပ်ပေးမယ်လေ။ အောက်ခြေသိမ်း အလုပ်တွေ အကုန် လုပ်ပေးမယ်။ ပန်းကန်လည်းဆေးပေးမယ်၊ လစာလည်း မလိုပါဘူး။ ရောင်းမကုန်တဲ့ မုန့်တွေ ပေးရင် ရပြီ”

 

မော့ချွမ်း မနေ့က ဤဆိုင်တွင် စားပြီးကတည်းက ထိုအရသာကို မမေ့နိုင်ဘဲ ဖြစ်နေခဲ့သည်။ အခြားစားသမျှ အရာအားလုံးသည် သူ့အတွက် အရသာမရှိသကဲ့သို့ ခံစားနေရ၏။ ထို့ကြောင့် တာဝန်ပြီးသည်နှင့်  မြင်းစီးကာ အမြန်ဆုံး ပြန်လာခဲ့သည်။ ညစဉ် ဤဆိုင်က အစားအစာကို စားရမည်ဆိုပါက သူ မည်သည့်အလုပ်မဆို လုပ်ပေးရန် အဆင်သင့်ပင်။

 

ဟွာကျွင်း ခေါင်းခါလျက် ငြင်းလိုက်သည်။

 

“ကျွန်မဆိုင်က လူမငှားပါဘူး”

 

 

မုန့်ဆိုင်၏ လျှို့ဝှက်ချက်များကို အခြားသူအား မသိစေချင်ပေ။ သို့သော် မော့ချွမ်းမှာ ဇလုံကို ကိုင်ထားပြီး ပြန်မပေးတော့ချေ။ ဟွာကျွင်းလည်း မတတ်သာသည့် အဆုံးလျှော့ပေးလိုက်ရသည်။

 

“ကောင်းပါပြီ၊ ခဏစောင့်ပါ။ ရှင့်အတွက် ပြန်နွေးပေးပါ့မယ်”

 

ဟွာကျွင်းသည် ပုစွန်ထုပ်များကို မီးဖိုချောင်သို့ ယူသွားပြီး အိုးငယ်လေးတစ်ခုထဲသို့ ပြောင်းထည့်လိုက်၏။ ကျန်ရှိသော ဆော့စ်များကို ကော်ထည့်ကာ ရေအနည်းငယ်ထည့်၍ ဆူအောင် တည်လိုက်သည်။

 

ထို့နောက် အခြားအိုးတစ်လုံးဖြင့် အသင့်စားခေါက်ဆွဲတစ်ထုပ် ပြုတ်လိုက်ပြီးနောက် ခေါက်ဆွဲများကို ဆယ်ယူကာ ပုစွန်ထုပ်အိုးထဲသို့ ထည့်၏။ သူမ ထိုအိုးကို မော့ချွမ်းအား ပေးလိုက်သည်။

 

“ရှင့်အတွက် ခေါက်ဆွဲ နည်းနည်း ထည့်ပေးထားတယ်။ နယ်ပြီး စားလိုက်ပါဦး”

 

မော့ချွမ်း ခေါက်ဆွဲတစ်လုပ် စားလိုက်သည်နှင့် မျက်လုံးများ တောက်ပသွားပြီး ခေါင်းကို တရစပ် ညိတ်တော့၏။

 

“အရသာရှိလိုက်တာ”

 

ဟွာကျွင်းကတော့ စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားနေမိသည်။

ရှင့်အတွက်တော့ အဆင်ပြေသွားပြီ၊ ကျွန်မမှာတော့ ဒီည စားစရာ မရှိတော့ဘူး

 

 

မော့ချွမ်း၏ အကူအညီကြောင့် ဟွာကျွင်းမှာ အတော်လေး သက်သာသွားတော့သည်။ သူ အလုပ်ကို သွက်လက်စွာ လုပ်ကိုင်ပေးသည့်အတွက် မကြာမီမှာပင် စားပွဲနှင့် ထိုင်ခုံများကို သပ်သပ်ရပ်ရပ် ပြန်စီရီသွား‌တော့၏။ သို့သော် မီးဖိုချောင်ထဲတွင် လျှပ်စစ်ပစ္စည်းများစွာ ရှိနေသဖြင့် မော့ချွမ်းကို မြင်သွားမည်ကို သူမ စိုးရိမ်နေမိသည်။

 

ထို့ကြောင့် သူမ မော့ချွမ်းကို အပြင်မှာသာ စောင့်ခိုင်းပြီး ရေပုံးထဲသို့ ရေဖြည့်ကာ အပြင်သို့ ထုတ်ပေးလိုက်၏။ မော့ချွမ်းကလည်း ထိုရေပုံးကို တံခါးဝသို့ သယ်သွားပြီး ပန်းကန်များကို ဆေးကြောပေးပါသည်။ အနည်းငယ် အလုပ်ရှုပ်သော်လည်း သူမအတွက် ပို၍ စိတ်ချရပါ၏။

 

မော့ချွမ်းသည် မီးဖိုချောင်ဝတွင် ရပ်ကာ အထဲသို့ သေချာ စိုက်ကြည့်နေရင်း မေးလိုက်လေသည်။

 

“ဆိုင်ရှင်၊ ခင်ဗျားက တကယ်ပဲ နတ်သမီးတစ်ပါးလား။ ဒီထဲက အရာတွေ အကုန်လုံးက ကျွန်တော် တစ်ခါမှ မမြင်ဖူးတာတွေချည်းပဲ”

 

ဟွာကျွင်း ဒုက္ခပါပဲဟု တွေးလိုက်မိသည်။ မီးဖိုချောင်တွင် အစားအသောက် ထုတ်ပေးသည့် အပေါက် ပါရှိ၏။ ပုံမှန်အားဖြင့် အပြင်ကလူ မြင်နိုင်ရန် ခဲယဉ်းသော်လည်း ဤနေရာအထိ လာကြည့်ပါက မြင်နိုင်ပါသည်။ မနက်ဖြန်တွင် လိုက်ကာတစ်ခုကို အမြန်ဆုံး ချိတ်ဆွဲရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။

 

ဟွာကျွင်း ပြန်၍ နောက်ပြောင်လိုက်၏။

 

“ကျွန်မကို စုန်းမလို့ ဘာလို့ မပြောတာလဲ”

 

မော့ချွမ်း ပြတ်သားစွာ ပြန်ပြောသည်။

 

“မဖြစ်နိုင်တာ။ စုန်းမတွေဆိုရင် အသားစိမ်းတွေနဲ့ သွေးတွေကိုပဲ စားကြတာလေ၊ တချို့ဆို လူတောင် စားကြတာ။ ဒီလောက် အရသာရှိတဲ့ အရာတွေကို သူတို့ မလုပ်နိုင်ပါဘူး”

 

ဟွာကျွင်း မော့ချွမ်းကို စသလိုနောက်သလို ပြောလိုက်၏။

 

“ရှင် သိထားတာ ကောင်းပါတယ်။ ဒါက လျှို့ဝှက်ချက်မို့လို့ ဘယ်သူ့ကိုမှ မပြောပါနဲ့ဦး”

 

မော့ချွမ်းက လေးလေးနက်နက် ခေါင်းညိတ်ပြသည်။

 

“ခင်ဗျားလုပ်တဲ့ အရာတွေ ဘာလို့ ဒီလောက် အရသာရှိလဲဆိုတာ မအံ့ဩတော့ပါဘူး။ တကယ်ပဲ ဒီကမ္ဘာက အရာတွေ မဟုတ်လို့ကိုး”

 

ဟွာကျွင်း စကားလမ်းကြောင်း လွှဲလိုက်ပြီး ပြောတော့၏။

 

“ကောင်းပြီ၊ ဆိုင်ပိတ်တော့မယ်။ ရှင်လည်း အိမ်ကို မြန်မြန် ပြန်တော့နော်”

 

 

 

ဟွာကျွင်း ငွေတုံးများကို ခဏခဏ လဲလှယ်နေကြောင်း လူသိသွားမည်ကို စိုးသဖြင့် ဘဏ်ထဲရှိ ငွေများကိုသာ သုံးရန် ဆုံးဖြတ်လိုက်ပြီး ငွေတုံးများကို လောလောဆယ် သိမ်းထားလိုက်သည်။

 

 

 

သူမ အွန်လိုင်းမှ ပန်းကန်ဆေးစက် တစ်လုံးကို မှာယူလိုက်ပြီး ဖုန်းကိုင်ကာ ယနေ့ညအတွက် ဟင်းလျာအသစ် ရှာဖွေရန် အပြင်သို့ ထွက်လာပါ၏။ သူမ ပုစွန်ထုပ်များကို နောက်ထပ် မရောင်းချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က မီးဖိုချောင်ကို များစွာ ညစ်ပတ်စေသည့်အပြင် သူမ တစ်ယောက်တည်း သန့်ရှင်းရေးလုပ်ရသည်မှာ အလွန်ပင်ပန်းပေသည်။

 

 

သူမ လျှောက်သွားရင်းနှင့် လူတန်းအရှည်ကြီး ရှိနေသော ဘဲကင်ဆိုင် တစ်ဆိုင်ကို တွေ့လိုက်၏။ နေရာလေးက သေးငယ်သော်လည်း လူတန်းရှည်နေခြင်းမှာ ထိုဆိုင်၏ အရသာကို သက်သေပြနေပါသည်။

 

 

 

ကြွပ်ရွနေသော ဘဲအရေခွံကို သကြားဖြူဖြင့် တို့စားခြင်း၊ ဘဲသားဖတ်များကို ပဲငံပြာရည်အကြည်၊ သခွားသီးနှင့် ကြက်သွန်မြိတ်လေးများ ထည့်ကာ မုန့်ပြားဖြင့် လိပ်စားခြင်းတို့သည် အလွန် စားရလွယ်ကူပြီး ပန်းကန်ခွက်ယောက်များ မလိုအပ်ပေ။ ထို့ပြင် ဘဲရိုးကို မူလအရသာ၊ ဆားငရုတ်ကောင်းအရသာ သို့မဟုတ် အစပ်အရသာ စသည်ဖြင့် ကြိုက်နှစ်သက်ရာ ပြုလုပ်နိုင်သေး၏။

 

ဟွာကျွင်း ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် ဝင်တန်းစီပြီး ဘဲကင် အကောင် (၃၀) မှာယူလိုက်သည်။ ဆိုင်တွင် အဆင်သင့် မရှိသဖြင့် ညနေပိုင်းမှ လာယူရန် ဆိုင်ရှင်နှင့် ချိန်းဆိုလိုက်၏။

 

 

 

ဆိုင်အပြင်အဆင်ကို ပြုပြင်မည့် အလုပ်သမားများ ရောက်လာသဖြင့် သူမ မုန့်ဆိုင်တွင် နေ၍ လိုအပ်သည်များကို ညွှန်ကြားသည်။ ဆိုင်တွင် ပစ္စည်းတန်ဆာပလာများမှာ ပြည့်စုံပြီးသားဖြစ်သည့်အတွက် လျှပ်စစ်ပတ်လမ်းများကို စစ်ဆေးခြင်း၊ နံရံကပ်မီးအိမ် အချို့ ထပ်တိုးခြင်းနှင့် စားပွဲ၊ ထိုင်ခုံများကို တရုတ်စတိုင် ပရိဘောဂများဖြင့် လဲလှယ်ခြင်းတို့ကိုသာ ပြုလုပ်လိုက်၏။

 

 

ကြီးကြီးမားမား အပြောင်းအလဲ မဟုတ်သဖြင့် နေ့တစ်ဝက်အတွင်းမှာပင် အားလုံး ပြီးစီးသွားသည်။ သူမ အွန်လိုင်းမှ မှာယူထားသော သစ်သားသေတ္တာများ၊ ဝါးပြွန်များ၊ ဆီစက္ကူများနှင့် ဟန်ဖု ဝတ်စုံများလည်း တစ်ခုပြီးတစ်ခု ရောက်ရှိလာတော့၏။

 

 

ဟွာကျွင်းသည် ဘဲကင်အကောင် (၃၀) ကို သွားယူ၍ ထုပ်ပိုးမှုများကို ဖယ်ရှားကာ ပန်းကန်များတွင် သေသေသပ်သပ် ပြင်ဆင်ထားလိုက်သည်။ ထို့နောက် ဟန်ဖုဝတ်စုံကို လဲဝတ်ပြီး စုဝမ်ကဲ့သို့ ဆံပင်ကို ထုံးဖွဲ့ကာ ဆံထိုး ထိုးလိုက်၏။

 

မှန်ထဲတွင် ကြည့်လိုက်သောအခါ တကယ်ပင် လှပနေတော့သည်။

 

အလုပ်များနေသော ဟွာကျွင်းသည် သူမ၏ မုန့်ဆိုင်မှ အရသာများမှာ အခြားကမ္ဘာတစ်ခုတွင် နာမည်ကြီးနေပြီ ဖြစ်ကြောင်းကို လုံးဝ မသိသေးပေ။