အပိုင်း ၁၃၇ (Extra of End)
Viewers 12k

Chapter 137 (End Extra)

ဆာစီးနီယာက ကျောင်းဘက်ကို အမြန်ပြေးသွားလိုက်သည်။ ထို့နောက် မထင်မှတ်ထားတဲ့မြင်ကွင်းက သူမမြင်ကွင်းရှေ့မှာပေါ်လာခဲ့၏။ ကျောင်းရှေ့က ကြီးမားတဲ့လူအုပ်ကြီးသည် တစ်နေရာတည်းမှာ စုဝေးနေကြသည်။ သူတို့အားလုံးသည် မျှော်လင့်စောင့်စားနေသောမျက်နှာများနှင့် တစ်နေရာတည်းကိုပဲ ကြည့်နေကြလေ၏။

“ဝိုး ဘုရားရေ…”

နောက်ကျမှရောက်လာတဲ့မေက ရှုမောမှုအပြည့်နှင့် ပါးစပ်ကိုလက်နှင့်အုပ်ထားသည်။

“ဒါက တကယ်ကျောင်းကြီးတစ်ခုဖြစ်လာခဲ့ပြီပဲ.. ဒီထက်ပိုပြီးပြည့်စုံနိုင်တော့မှာမဟုတ်ဘူး”

ဂျိုအန်နာကလည်း မျက်တောင်များ လှုပ်ခတ်သွားသည်အထိ အံ့သြသွားရသည်။

“အားချန် နင်သိနေခဲ့တာလား…”

ဆာစီးနီယာက စိတ်ရှုပ်ထွေးသွားသောအကြည့်ဖြင့် မေးလိုက်သည်။

“ကျွန်တော်တောင်းပန်ပါတယ်.. သံအမတ်ကြီးက မမလေးကို ကြိုမပြောဖို့မှာထားလို့ပါ”

ဘေးကိုရောက်လာတဲ့အားချန်သည် ဦးညွတ်ကာ ယဥ်ယဥ်ကျေးကျေးပြန်ဖြေလိုက်သည်။

ဆာစီးနီယာက ဖြည်းဖြည်းချင်း ခြေလှမ်းရွေ့ကာ လူတွေအားလုံးကြည့်နေတဲ့နေရာကိုကြည့်လိုက်သည်။ ကျောင်းအဆောက်အအုံပတ်ပတ်လည်ကနံရံတွေမှာ ထွင်းဖောက်ထားတဲ့ အဓိကဝင်ပေါက်ကြီးသည် ပြည့်နှက်နေသည်။ မုခ်ခုံးပါစင်္ကြံပန်းပုရုပ်ထုဖြစ်ပြီး ကျောင်းဝင်ပေါက်ရဲ့ သင်္ကေတအမှတ်အသားလည်းဖြစ်သည်။ လူတွေအံ့သြနေကြခြင်းက ထိုအတွက်ကြောင့်မဟုတ်။

‘ဂလော်ရီ’ လို့ရေးထားတဲ့ဝင်ပေါက်သည် မည်သည့်ဧကရာဇ်မှမသိနိုင်သည့်နေရာဖြစ်သည်။ ဧကရာဇ်နန်းတော်ရဲ့ပုံစံကွက်အတိုင်း ထွင်းထုထားသောကြောင့်ဖြစ်သည်။ အဓိပ္ပာယ်ကတော့ ရှင်းလင်းထင်ရှားသည်။ ဧကရာဇ်မိသားစုရဲ့ အထောက်အပံ့နဲ့ခွင့်ပြုချက်တွေပါရှိသည့် ပညာရေးအဖွဲ့အစည်းဖြစ်သည်။ 

ကျောင်းက ကြီးကျယ်ခမ်းနားတဲ့နေရာတော့မဟုတ်ပေ။ လူတွေ ရေးတတ်ဖတ်တတ်အောင်သင်ယူနိုင်သည့် နေရာသာဖြစ်သည်။ သို့သော်လည်း အမှတ်အသားပုံစံကွက်ရဲ့အဓိပ္ပာယ်က ဒီနေရာသည် ဧကရာဇ်နှင့်သက်ဆိုင်သည့် ပညာရေးကျောင်းအဆောက်အအုံဖြစ်ကြောင်း အသိမှတ်ပြုခံထားရသည့်အတွက် မည်သူမှ အလေးမထားပဲ ထိတွေ့နှောင့်ယှက်လို့မရ။

ဘန်က အလယ်ဗဟိုနေရာမှာရှိနေသည်။ ကလေးတွေကို ကျောင်းနဲ့ပက်သက်တဲ့ ပစ္စည်းကိရိယာတွေ ကမ်းပေးနေသည်။

“ဘန်…” ဆာစီးနီယာက သူ့နာမည်ကိုခေါ်လိုက်သည်။

သူက လူအုပ်ထဲမှာ မြင့်မားစွာရပ်နေ၏။ လူတွေအများကြီးစုဝေးပြီး ဆူညံနေသည့်အတွက် ဘန်ကြားနိုင်မည်မဟုတ်သော်လည်း သူက ခေါင်းမော့ကြည့်လိုက်လေသည်။

“ဆာစီးနီယာ”

သူမကိုတွေ့သွားတဲ့ သူ့မျက်နှာပေါ်မှာ ထူးခြားပြောင်မြောက်တဲ့နန်းဆောင်များထက် ပိုတောက်ပတဲ့အပြုံးကို ရေးဆွဲလိုက်သည်။ ဘန်က ချက်ချင်းဆိုသလို အလုပ်များကို တခြားလူတွေဆီသို့ အပ်နှံ၍ ဆာစီးနီယာကို ချက်ချင်းရောက်လာခဲ့သည်။

“ကျောင်းဖွင့်ပွဲအတွက် ဂုဏ်ယူပါတယ်”

သူက သူ့လက်လောက်အရွယ်အစားရှိသည့် ပန်းစည်းကို သူမထံသို့ ပေးလိုက်သည်။ သူမက တုန်ယင်နေတဲ့မျက်လုံးများနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားရပြီး လှပတဲ့ပန်းစည်းနဲ့ဘန်ကို တစ်လှည့်စီကြည့်နေမိသည်။

“ဒါတွေအားလုံးကို ဘယ်တုန်းကပြင်ဆင်ထားခဲ့တာလဲ”

“ဒါက ဧကရာဇ်ဘုရင်ဆီက လက်ဆောင်ပဲ”

သူက သူဘာမှမလုပ်ခဲ့ကြောင်းကို နှိမ့်ချကာပြောဆိုလိုက်သည်။ သို့သော် ဆာစီးနီယာက သိသည်။ ဘန်က မြို့တော်ကို မကြာခဏသွားရခြင်းအကြောင်းအရင်းက ဒါကြောင့်ပဲဖြစ်လိမ့်မည်။ သူသည် ဧကရာဇ်ဘုရင်ကိုတွေ့ပြီး ဆာစီးနီယာရဲ့လုပ်ငန်းဆောင်တာအကြောင်းတွေကို အကြိမ်ပေါင်းများစွာရှင်းပြခဲ့လိမ့်မည်။ ဆာစီးနီယာအတွက် ပြီးပြည့်စုံတဲ့အချိန်လေးကို ပြုလုပ်ပေးဖို့အတွက်ဖြစ်သည်။ 

“အဆုံးမသတ်နိုင်တဲ့ ဂုဏ်ကျက်သရေတွေက မင်းအတွက်ပဲ အမြဲဖြစ်ပါစေ”

“ကျေးဇူးတင်ပါတယ်”

ဆာစီးနီယာက သူမရဲ့မျက်ရည်တွေကို ထိန်းချုပ်ပြီး သူပေးတဲ့ပန်းစည်းကို ယူလိုက်သည်။

“လှတယ်”

ပန်းတွေကို ဂရုတစိုက်ကြည့်နေတဲ့ သူမရဲ့မျက်နှာပေါ်မှာ ကျောက်မျက်ရတနာများထက် စူးရှတောက်ပတဲ့အပြုံးကို ရေးဆွဲလိုက်သည်။ သူမကို တခြားသူတွေအားလုံးထက် ထောက်ပံ့ပေးသည့်သူဖြစ်သည်။ သူမကို အမြဲတမ်း ကူညီထောက်ပံ့ပေးနေမည့်သူဖြစ်သည်။ ဒီလိုမျိုးက သူမရဲ့ဘေးမှာရှိနေပြီး သူမချစ်တဲ့သူကလည်း ဒီလူဆိုတာကိုသိရခြင်းက သူမအား အလွန့်အလွန်ပျော်ရွှင်စေသည်။

                                   ***

ကျောင်းဖွင့်ပွဲက ချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့သည်။ ကလေးအများစုက ကျောင်းတက်နေကြပြီး မကြာမီမှာဖွင့်လှစ်တော့မည့် ညနေပိုင်းအတန်းတွေဟာလည်း စာဖတ်ဖို့သင်ယူချင်နေကြတဲ့ လူငယ်တွေရဲ့ လျှောက်ထားမှုများသောကြောင့် တိုးတက်နေပြီဖြစ်သည်။

ကျောင်းဖွင့်ပွဲမတိုင်မီကနေ ဆောက်လုပ်ခဲ့စဥ်အတွင်းမှာ ဆာစီးနီယာက အလွန်အလုပ်ရှုပ်ခဲ့သည်။ မြို့တော်ကနေ သူမရဲ့ နယ်မြေဆီကို လပေါင်းများစွာ ခေါက်တုံ့ခေါက်ပြန်လုပ်ခဲ့ရသည်။ 

သူမ ဒီလိုအလုပ်ရှုပ်နေပုံကိုကြည့်ပြီး ဘန်က တစ်နေ့မှာ “ကိုယ်တို့ရဲ့ မင်္ဂလာကိစ္စကို ရွေ့ဆိုင်းရအောင်” လို့ပြောခဲ့သည်။ သူမရဲ့အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ချင်တဲ့ဆန္ဒကို သိရှိပြီး ဘန်က သူမအတွက် စဥ်းစားပေးခဲ့သည်။ ထို့ကြောင့် သူတို့ရဲ့ မင်္ဂလာပွဲကိစ္စကို သေချာတဲ့နေ့ရက်မရှိပဲ ရွေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ သူမသည် ထိုအတွက် စိတ်မကောင်းဖြစ်မိသော်လည်း သူ့ရဲ့ နားလည်ပေးမှုကြောင့် ဝမ်းသာရသည်။

နေ့ရက်တိုင်းမှာ သူမသည် စိတ်လှုပ်ရှားမှုများနှင့် တစ်နေ့တာကို ကုန်ဆုံးခဲ့ရသည်။ မူလဝတ္ထုက ပြီးဆုံးသွားသည်နှင့် သူမခန့်မှန်းနိုင်တာလည်း ဘာမှမရှိတော့သည့်အတွက် သူမ၏နှလုံးသာက ထိုအတွက်ကြောင့်နဲ့ တဒိန်းဒိန်းခုန်နေရသည်။ ထိုခံစားချက်သည် သူမ အသက်ရှင်ဖို့အတွက် ကြိုးစားရုန်းကန်ခဲ့ရတဲံ့ လေးနှစ်အတွင်းမှာ မခံစားခဲ့ရသည့် လွှမ်းမိုးနိုင်လွန်းသည့်ခံစားချက်ပင်ဖြစ်သည်။ 

အခုဆို သူမသည် ‘သူမ’ အဖြစ်ကနေ လွတ်မြောက်ပြီး ဆာစီးနီယာ ဂါဘီတာအဖြစ်နဲ့ သူမရဲ့ဇာတ်လမ်းကို အပြီးထိရေးပြီးသလိုခံစားရသည်။ သူမကိုယ်တိုင်ပြုလုပ်ခဲ့သည့် ရွေးချယ်မှုသည် သူမရဲ့အနာဂတ်ကို အကျိုးသက်ရောက်နိုင်သည်။ သူမရဲ့ ဇာတ်လမ်းအစက ကျောင်းဖွင့်ပွဲနှင့် စတင်လိမ့်မည်ဟု မျှော်လင့်မိသည်။ 

ဆာစီးနီယာက သူမလိုချင်သည့်အရာကို မျှော်မှန်းကြည့်နေမိသည်။

“ဆောင်းဦးရောက်တော့မယ့်ပုံပဲ” ဘန်က သူ့ဆံပင်အရောင်နှင့်တူသည့် မှောင်မိုက်တဲ့ ညကောင်းကင်ယံကို မော့ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်တယ် နည်းနည်း ချမ်းစိမ့်စိမ့်လည်းဖြစ်လာပြီ”

ထိုစကားဆုံးတဲ့အခါမှာ သူမရဲ့ပုခုံးပေါ်တွင် အပေါ်ဝတ်တစ်တည်ခြုံလွှားခြင်းကိုခံလိုက်ရသည်။

“အေးတယ်ဆိုရင် အထဲဝင်ကြမလား”

ဘန်က သူ့အင်္ကျီကို အမြန်ချွတ်ပြီး သူမအပေါ်ကို ထပ်ဝတ်ပေးလိုက်သည်။ သူ့မျက်ဝန်းများက စိုးရိမ်မှုများဖြင့်ပြည့်နေ၏။

“ရပါတယ် အဆင်ပြေတယ်.. ခဏလောက်နေရအောင်”

သူမရဲ့ကိုယ်ပေါ်မှာလွှမ်းခြုံထားတဲ့ သူ့အင်္ကျီကိုကြည့်ရင်း သူမက အသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။ သူမအတွက်ထားရှိတဲ့ သူ့ရဲ့ခံစားချက်တွေက သူမ၏နှလုံးသားကို အမြဲတမ်း လှုပ်ခါစေသည်။

သူတို့နှစ်ယောက်သည် လှေကားထစ်ပေါ်မှာ ညလေအေးကိုသောက်သုံးနေကြသည်။ ကောင်းကင်ယံထက်မှာ ကြယ်များချဲ့ကားနေရာယူထားခြင်းကို ထင်ထင်ရှားရှားမြင်တွေ့ရသည့် ညပင်ဖြစ်သည်။ ဒီအချိန်ခဏလေးဟာ ငြိမ်းချမ်းပြီးတိတ်ဆိတ်တယ်ဟုထင်ရပေမယ့် ထိုသို့မဟုတ်ခဲ့။ ဆာစီးနီယာက သူမရဲ့ဦးနှောက်ထဲမှာ အလုပ်ရှုပ်ခံပြီး တွေးတောစဥ်းစားနေရသောကြောင့်ဖြစ်သည်။

‘ငါဘာပြောသင့်လဲ’

သူမသည် စကားလုံးတွေပျောက်ရှနေခဲ့သည်။ သူမရဲ့ အနီရောင်နှုတ်ခမ်းကို လျှာဖြင့် အကြိမ်ပေါင်းများစွာသပ်နေမိပေမယ့် ဘာအသံမှထွက်မလာခဲ့သေး။ ပြောဖို့က သူမထင်ထားတာထက်ပိုပြီး ခက်ခဲနေခဲ့သည်။

“ဆာစီးနီယာ” ဘန်က သူမကိုခေါ်လိုက်သည်။

ဘန်က သူမသည် ယခင်ကထက်ပိုပြီး နည်းနည်းကွဲပြားနေကြောင်းကို သတိထားမိခဲ့သည်။ သူ့မျက်လုံးသည် အမြဲတမ်း သူမကိုပဲကြည့်နေသောကြောင့်ဖြစ်သည်။

“...”

သို့သော် တုံ့ပြန်သံမလာခဲ့။ ဆာစီးနီယာသည် တစ်ခုခုကို ချင့်ချိန်စဥ်းစားနေပြီး အတွေးထဲမှာ နစ်မြုပ်နေပုံရသည်။

“ဘာဖြစ်လို့လဲ…”

“ဟမ်”

အတွေးထဲမှာနစ်မျောနေခဲ့သည့် ဆာစီးနီယာသည် အံ့သြသွားသောမျက်နှာဖြင့် လက်ချောင်းလေးကို ဆန့်ထုတ်လိုက်သည်။ ဘန်ရဲ့အကြည့်က သူမရဲ့ လက်ဖျားထိပ်များနောက်ကိုလိုက်သွားသည်။ 

“ဥက္ကာပျံပဲ”

ဥက္ကာပျံသည် မှောင်ပိန်းနေတဲ့ ညကောင်းကင်ကနေ ရောင်ခြည်တစ်ခုအဖြစ် ကျရောက်လာသည်။

“ကျွန်မတို့ ဆုတောင်းရမယ်.. မြန်မြန်”

ဆာစီးနီယာက ဘန်ရဲ့လက်မောင်းကိုပုတ်ပြီး တိုက်တွန်းပြောဆိုလိုက်သည်။ ထို့နောက် သူမသည် လျင်မြန်စွာနဲ့ မျက်လုံးမှိတ်ပြီး ဆုတောင်းလေတော့သည်။

ဆုတောင်းမည့်အစား ဘန်က သူမကို ဖျတ်ခနဲကြည့်လိုက်သည်။ ဆာစီးနီယာက သူမရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး တည်ကြည်လေးနက်သောမျက်နှာဖြင့် မျက်စိကိုမှိတ်ထားသည်။

‘ဘယ်လိုဆုတောင်းမျိုးဖြစ်မလဲ’

‘ဘယ်လိုဆုတောင်းမျိုးက သူမကို လေးလေးနက်နက်ဆုတောင်းနေစေတာလဲ’

သူသည် ထိုဆုတောင်းကို အမှန်တကယ်ဖြစ်လာအောင်လုပ်ပေးနိုင်လျင် ကောင်းလိမ့်မည်။

“ဆုတောင်းပြီးပြီလား”

ထို့နောက် သူမက မျက်လုံးဖွင့်လာပြီး ဘန်ကို မေးလိုက်သည်။

“အင်း ပြီးပြီ”

ဘန်က ပေါ့ပါးစွာပြုံး၍ ခေါင်းငြိမ့်လိုက်သည်။ သူသည် အမြဲတမ်း တစ်ခုတည်းကိုပဲ ဆုတောင်းပြီး ထိုတောင်းဆုက

“တကယ်လား”

ဆာစီးနီယာသည် သူမဆုတောင်းပြီးလို့ မျက်လုံးဖွင့်ဖွင့်ချင်း ဘန်က သူမကို ကြည့်နေတာကိုမြင်ခဲ့သည့်အတွက် သံသယဖြစ်သောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ 

“အင်း တကယ်ဆုတောင်းခဲ့တယ်”

သူမရဲ့ သံသယများကို လွှမ်းမိုး၍ ပြန်ပြောလာတဲ့အဖြေက ထပ်တူညီသာဖြစ်သည်။

‘အခုအချိန်ကျပြီ’

ဆာစီးနီယာက သူမရဲ့ပါးစပ်ထဲမှာ စကားလုံးများကို ဝေ့ပတ်နေပြီးနောက် ဂရုတစိုက်နဲ့ နှုတ်ဟလိုက်သည်။

“ဘန် ရှင်သိနေခဲ့တာလား”

“ဘာကိုလဲ”

“ဥက္ကာပျံကိုတွေ့ပြီးတောင်းတဲ့ဆုက ကိုယ့်ပါးစပ်နဲ့ကိုယ်ထုတ်ပြောမှပဲ တကယ်ပြည့်တာတဲ့”

ဒါက အလိမ်အညာဖြစ်သည်။ ဆုတောင်းတွေကို သူများတွေကိုထုတ်မပြောပဲ ကိုယ့်ဘာသာသိုသိုသိပ်သိပ်ထားမှပြည့်ကြတယ်လို့ လူတိုင်းက ယုံကြည်ထားကြခြင်းဖြစ်သည်။ သို့သော်ငြားလည်း ဆာစီးနီယာသည် သူမရဲ့ဆုတောင်းကို သူ့ကိုပြောချင်ခဲ့သည့်အတွက် သိသာထင်ရှားတဲ့ မုသားစကားကိုပြောဆိုခဲ့သည်။

“...”

ဘန်ရဲ့မျက်နှာက သူမပြောတာကိုကြားပြီးနောက် နီမြန်းသွားရသည်။ သူ့ရဲ့ ရှက်စိတ်ကြောင့် နီမြန်းသွားတဲ့မျက်နှာကို ဖုံးကွယ်ဖို့အတွက် လျင်မြန်စွာနဲ့ တစ်ဖက်ကိုလှည့်လိုက်သည်။ သူ့နှလုံးသားထဲမှာ အမြဲသိမ်းဆည်းထားခဲ့တဲ့ တောင်းဆုကို ထုတ်ဖော်ပြောပြဖို့အတွက် အလွန်ရှက်နေခဲ့သည်။ မဖြူစင်တဲ့ ဆန္ဒဖြစ်သောကြောင့်ဖြစ်၏။ 

“ပြောဖို့ခက်တယ်ဆိုရင် မပြောပါနဲ့”

ဆာစီးနီယာက သူ့ရဲ့ နီရဲနေတဲ့နားရွက်ဖျားတွေကိုတွေ့ပြီး ထပ်တိုးပြောဆိုလိုက်သည်။ ဘန်က သူ့ဆုတောင်းကိုပြောမယ်ဆိုရင် သူမကလည်း သူမရဲ့ဆုတောင်းကိုပြောဖို့တွေးထားခဲ့ပေမယ့် မထင်မှတ်ထားတဲ့ အစီစဥ်ပင်ဖြစ်သည်။

“အာ… အဲဒါက…”

“ကျွန်မဆုတောင်းက တစ်ခုတည်းပဲ”

သူမက ရှက်ရှက်နဲ့ ထုတ်ပြောဖို့အတွက် ပါးစပ်ဟလိုက်ချိန်မှာ သူ့အသံနဲ့ တစ်ထပ်တည်းဖြစ်သွားခဲ့သည်။

“ကိုယ် မင်းရဲ့ ဝင်သက်ထွက်သက်လေးဖြစ်ချင်တယ်”

ဘဝတစ်လျှောက်လုံး သူမရဲ့ဘေးမှာနေနိုင်ဖို့အတွက်ဖြစ်သည်။ ထိုမှသာ ဝေးကွာတဲ့ အနာဂတ်မှာ သူမ အသက်ရှုသံတွေရပ်သွားခဲ့လျင် သူသည်လည်း သူမရဲ့ ဝင်သက်ထွက်သက်တွေလို ပျောက်ကွယ်သွားချင်ခဲ့၏။

“ဝင်သက်ထွက်သက် ဟုတ်လား”

“ဟုတ်တယ်…”

ဘန်က ပြန်ဖြေပြီး သူ့ရဲ့ နီမြန်းပူလောင်နေတဲ့မျက်နှာကို ဖုံးကွယ်လိုက်သည်။ သူသည် ဒီအကြောင်းကို အချိန်တိုင်းတွေးနေခဲ့ပေမယ့် သူမကို တိုက်ရိုက်ပြောရခြင်းကတော့ တွေးထားတာထက်ပိုပြီး ရှက်ရွံ့စရာဖြစ်ရသည်။

“ဟုတ်ပါပြီ နားလည်ပြီ”

ဆာစီးနီယာက ခေါင်းငြိမ့်လိုက်သည်။ သူမသည် ထိုအကြောင်းကိုမသိခင်ကတည်းက မျက်နှာမှာ ရှက်သွေးဖြာနေခဲ့သည်။ သူ့စကားတွေက ဘာကိုဆိုလိုချင်လဲဆိုတာကို ထပ်လောင်းရှင်းပြစရာမလိုပဲနဲ့ နားလည်သည်။

‘လူ့နှလုံးသားဆိုတာ စကားလုံးတွေနဲ့ ထုတ်မပြောမချင်း နားမလည် မမြင်တွေ့နိုင်ဘူးဆိုတာကို ဘယ်သူကပြောတာလဲ’

 အဘယ်ကြောင့်ဆိုသော် သူသည် သူ့အချစ်တွေကို ခန္ဓာကိုယ်တစ်ခုလုံးနှင့်တောင် ထုတ်ဖော်ပြသနေသောကြောင့်ဖြစ်သည်။ 

“ဘန် ကျွန်မရဲ့ဆုတောင်းက…”

ထို့ကြောင့် သူမရဲ့ မူလအစဟာလည်း သူပဲဖြစ်မှာသေချာသည်။

“ကျွန်မရဲ့ ဘဝတစ်လျှောက်လုံးကို ရှင်နဲ့ပဲအတူကုန်ဆုံးရပါစေလို့ ဆုတောင်းခဲ့တာ.. မြို့စားကတော်အဖြစ်နဲ့ရော ရှင့်ဇနီးအဖြစ်နဲ့ရော”

“...”

သူ့ခေါင်းကို ဆာစီးနီယာဘက်ကို လျင်မြန်စွာလှည့်သွားခဲ့သည်။ သူ့မျက်လုံးတွေက မမျှော်မှန်းထားတာတစ်ခုကိုကြားလိုက်ရသကဲ့သို့ တုန်လှုပ်နေသည်။

ဒါသည် ဒုတိယအကြိမ်မြောက် လက်ထပ်ခွင့်တောင်းခြင်းဖြစ်သည်။ ပထမတစ်ကြိမ်လက်ထပ်ခွင့်တောင်းခြင်းက သူမကြောင့်နဲ့ ဝိုးတဝါးရွေ့ဆိုင်းခံခဲ့ရသည်။ ထို့ကြောင့် ဒီတစ်ခေါက်မှာ သူမသည် သူ့ကိုပြောချင်ခဲ့သည်။ သူမရဲ့ ဘဝတစ်ခုလုံးကို တစ်ယောက်တည်းမဟုတ်ပဲ သူနဲ့ပဲ စတင်ချင်သည်။

“ရှင်ကျွန်မရဲ့ ဆုတောင်းကို အမှန်တကယ်ဖြစ်အောင်လုပ်ပေးမလား”

“ဒါပေါ့” စိတ်လှုပ်ရှားစွာ အသက်မရှုပဲပြောလိုက်တဲ့အဖြေက သူ့ဆီကထွက်လာခဲ့သည်။

သူမလိုချင်ဘူးလို့ပြောခဲ့လျင် မုသားဖြစ်လိမ့်မည်။ သူတို့နှစ်ယောက်သည် ခင်ပွန်း-ဇနီးဆက်ဆံရေးအဖြစ်နဲ့မဟုတ်ရင်တောင်မှ အတူတူရှိနေရင် အဆင်ပြေမည်ဟု တွေးခဲ့သည်။ သို့သော်လည်း သူသည် သူမရဲ့လူဖြစ်ကြောင်းကို လူပုံအလယ်မှာ ပွင့်ပွင့်လင်းလင်းပြသချင်ခဲ့သည်။ 

ထိုအချိန်မှာ သူတို့နှစ်ယောက်သည် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ပျော်ရွှင်စွာပြုံးနေခဲ့ကြသည်။

                                                  ***

သူတို့ရဲ့ မင်္ဂလာပွဲဟာ အလွန်ကြီးကျယ်ခမ်းနားခဲ့သည့်အတွက် တော်ဝင်မင်္ဂလာပွဲဟု လူတွေကြားမှာ အမှတ်ရစေခဲ့သည်။ ကြီးမြတ်တဲ့ဘုရားကျောင်းမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကို လူတွေအများကြီးတက်ရောက်ခဲ့ကြပြီး စည်ကားခဲ့သည်။ လိုင်မာဖီးယပ်စ်နှင့် ဗားန်သည်လည်း ပွဲတက်ရောက်ခဲ့ကြသည်။

စွဲမက်ဖွယ်ကောင်းသည့် ဖြူစင်တဲ့ဝတ်စုံကိုဝတ်ဆင်ထားသောဆာစီးနီယာသည် မင်္ဂလာပွဲရဲ့ မင်းလမ်းထက်မှာရပ်နေသည်။ သူမရဲ့ဘေးမှာကတော့ အဖြူရောင်ကုတ်ကို ဝတ်ဆင်ထားသည့်လူရှိသည်။ အားလုံးက သူတို့ရဲ့အသက်ရှုသံတွေကိုအောင့်ပြီး သူတို့နှစ်ယောက်ကိုကြည့်နေကြသည်။ သူတို့နှစ်ယောက်ထက် လိုက်ဖက်တဲ့အတွဲမရှိတော့ဘူးလို့ လူတွေက ထင်နေကြသည်။ 

“ဆာစီးနီယာ”

တရားဝင်ပွဲထဲမဝင်ရောက်ခင် ဘန်က သူ့လက်ကို ဆာစီးနီယာထံကမ်းပေးလိုက်သည်။

“အင်း”

အဖြူရောင်လက်အိတ်နဲ့ သူမရဲ့လက်သည် သူ့လက်ပေါ်မှာ တင်လိုက်သည်။

ထိုနေ့က သူမသာ သူ့ဆီမရောက်ခဲ့ရင် သူ့ဘဝကလည်း ဒီမှာဒီလိုမျိုးရှိနေမည်မဟုတ်ပေ။ သူမသာ သူ့ကို မိုးသည်းတဲ့နေ့ ကုန်လှောင်ရုံမှာ ရှာမတွေ့ခဲ့ရင် သူ့အသက်ရှုသံတွေလည်း ရပ်တန့်နေလောက်ပြီဖြစ်သည်။ ဒီငရဲလိုနေရာမျိုးမှာ သူရှင်သန်ချင်ခဲ့သည့် တစ်ခုတည်းသောအကြောင်းပြချက်သာဖြစ်သည်။ သူ့ဘဝ၊ သူ့အသက်ရှုသံနှင့် သူ့ရဲ့အရာအားလုံးပင်ဖြစ်သည်။

ဘန်က တုံ့ဆိုင်းခြင်းမရှိပဲ သူမရဲ့ လက်ဖမိုးပေါ်ကိုနမ်းလိုက်သည်။ ကျမ်းကျိန်တာနဲ့တူတဲ့ အနမ်းပင်ဖြစ်သည်။ သူသည် ဘဝတစ်လျှောက်လုံးမှာ ဒီလက်ကလေးကို ကာကွယ်သွားမည်သာဖြစ်သည်။ သူမလိုချင်တာအားလုံးကို သူက ပေးဆပ်မည်သာဖြစ်၏။

ငါ့ဘဝတစ်လျှောက်လုံးကို ဒီလက်လေးကို ကာကွယ်သွားမယ်။ ဒီလက်ထဲမှာ သူမလိုချင်တာတွေအားလုံးကို ငါပေးမယ်။

“ကိုယ်မင်းကိုချစ်တယ်.. အမြဲတမ်းအတွက်”

“ကျွန်မလည်း ရှင့်ကိုချစ်တယ်”

အလွန်အမင်းပျော်ရွှင်မှုများနှင့်အတူ သူမအပြုံးအတိုင်းလိုက်ပြုံးလိုက်သည်။

ခဏကြာသောအခါ သတို့သားနှင့်သတို့သမီးနေရာအတွက် ကြေညာသံထွက်ပေါ်လာသည်။ နှစ်ယောက်သားသည် လက်ချင်းတွဲပြီး ဖြည်းဖြည်းချင်းလျှောက်လာကြသည်။ ပန်းများနှင့်ပြည့်နေသည့် ပွဲလျှောက်လမ်းအပေါ် တစ်လှမ်းချင်းစီးလျှောက်လှမ်းလာကြသည်။

မင်္ဂလာပွဲအစအဆုံးမှာ သူတို့နှစ်ယောက်သည် ကောင်းချီးမင်္ဂလာများနှင့်ပြည့်နှက်ကာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။ သူတို့လျှောက်လှမ်းရမယ့်လမ်းဟာ အမြဲပျော်ရွှင်မှုတွေနဲ့ပဲပြည့်နှက်နေမည့်အတွက် ဘာသံသယမှမရှိကြပေ။ ကံကြမ္မာလိုမျိုးပဲ အဆုံးမှာ သူတို့နှစ်ယောက်သည် အချင်းချင်းတွေ့ရှိခဲ့ကြပြီး နှစ်ယောက်အတူရှိနေမည်ဆိုလျင် ဘာကြောက်စရာမှရှိတော့မည်မဟုတ်ပေ။ 

၎င်းသည် သူတို့၏နေ့ရက်တွေရဲ့ အစဖြစ်၏။ 

                                                                                                                              XxxxxxxxxxxxxThe END xxxxxxxxxxxX

Translated by -

Myathet 

Hsularb

Triple H

NASan

Imperial Meow ❤️ 

THANKS ❤️