အပိုင်း ၁၃၆
Viewers 12k

Chapter 136

“ကူညီပေးလို့ ကျေးဇူးပါ အရှင့်သား”

“အထင်မမှားနဲ့.. မင်းချစ်သူဖြစ်နေလို့ သူမကို ကူညီပေးနေတာမဟုတ်ဘူး.. သူမရဲ့ အရည်အချင်းကို ငါသိခဲ့ရလို့”

“သိပါတယ်.. ဒါပေမယ့် သူမက အကူညီဖြစ်တယ်လို့ပြောပြီး အရမ်းသဘောကျနေခဲ့တာမို့”

ဘန်က စိတ်ရင်းနဲ့ လိုင်မာဖီးယပ်စ်ကို ကျေးဇူးတင်နေသည်။

ကျောင်းဆောက်ဖို့ဆိုတာက သူမထင်ထားတာထက် အများကြီးပိုကုန်ခဲ့ရပြီး ကျောင်းကို စတင်လည်ပတ်တဲ့အခါမှာလည်း ထိန်းသိမ်းပြုပြင်ခတွေက မြင့်တက်ခဲ့သည်။ ဘန်က ထုံးစံအတိုင်း ငွေကြေးနဲ့ပတ်သက်ပြီး ကူညီပေးဖို့ ကြိုးစားခဲ့ပေမယ့် သူမက ခေါင်းမာစွာနဲ့ ငြင်းဆန်ခဲ့သည်။ သူမကိုယ်တိုင်လုပ်ဆောင်ဖို့က သူမရဲ့ဆန္ဒသာဖြစ်သည်။

ဘန်က သူမရဲ့ဆန္ဒကို အသိအမှတ်ပြုပါသည်။ အခုဆို သူက နှုတ်ဆိတ်စွာနဲ့ပဲ သူမရဲ့ဘေးမှာနေပြီး ထောက်ပံ့ပေးသည်။ သူမ အကူညီလိုတိုင်း သူက ကူညီပေးနိုင်သောကြောင့်ဖြစ်၏။ ထို့နောက် လိုင်မာဖီးယပ်စ်က သူမ ကျောင်းဆောက်နေတယ်ဆိုတဲ့ သတင်းကိုကြားပြီး ကူညီထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။

 “ကျွန်မ မယူဘူး”

ဆာစီးနီယာက ပြတ်သားစွာ ငြင်းဆိုလိုက်သည်။ 

“ကျွန်မ သူများတွေဆီကနေ အကူညီမယူချင်ဘူး.. သူကျွန်မကို ဘယ်လောက်ပဲ ကူညီချင်နေပါစေ”

သူမက ထင်ရှားပြတ်သားတဲ့ စည်းမျဥ်းကိုဆွဲလိုက်သည်။ 

  “ဆာစီးနီယာ မင်းအခုထိ နားမလည်သေးပါဘူး”

  "ဘာကို ဆိုလိုချင်တာလဲ”

“အရှင့်သားက တစ်စုံတစ်ယောက်ကို လွယ်လွယ်နဲ့ ကူညီတတ်တဲ့သူမဟုတ်ဘူး.. မင်းက ကိုယ့်ချစ်သူဖြစ်နေလို့ သူက မင်းကို ကူညီချင်တာမဟုတ်ဘူး”

ဘန်က သူ့ကြောင့်နဲ့ လိုင်မာဖီးယပ်စ်က သူမကို ကူညီဖို့ကြိုးစားနေတာမဟုတ်ကြောင်းသိသည်။ ဆာစီးနီယာရဲ့အကြံက ကောင်းမွန်တဲ့အကြံညဏ်ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း လိုင်မာဖီးယပ်စ်က သူမကို ကူညီထောက်ပံ့ပေးချင်ခဲ့ခြင်းဖြစ်သည်။ ထောက်ပံ့ပေးရင်းနှင့် လိုင်မာဖီးယပ်စ်က သူမရဲ့အကြောင်းကို ပိုသိချင်ခဲ့သည်။ အထူးသဖြင့် ဘယ်လိုအနာဂတ်မျိုးကို သူမရောက်ရှိချင်သလဲဆိုတာပင်ဖြစ်၏။

 “အရှင့်သားက မင်းကိုကူညီထောက်ပံ့ပေးလိမ့်မယ်.. ပြီးတော့ အရှင့်သားရဲ့ ထောက်ပံ့ပေးမှုက မင်းတစ်ယောက်တည်းအတွက်ပဲ”

ဘန်ကပြုံးပြီး တွေဝေနေတဲ့ ဆာစီးနီယာရဲ့လက်ကို ကိုင်လိုက်သည်။ 

 “အဲတော့ သူ့အကူညီကို လက်ခံလိုက်ပါ.. အဲဒါက မင်းလုပ်ချင်တာတွေအတွက်ပိုပြီး အကူညီဖြစ်လိမ့်မယ်”

ထိုအကူညီက ဘယ်သူမှ သူမရဲ့လမ်းကြောင်းမှာ ဝင်မရှုပ်နိုင်မည့် အကာအကွယ်ဖြစ်ပေလိမ့်မည်။

  “ဟုတ်ပါပြီ”

အသိအမြင်ကြွယ်ဝသွားတဲ့ဆာစီးနီယာက ပြုံးလိုက်သည်။ 

“ကျွန်တော် ဘယ်လိုခံစားရမလဲဆိုတာကို မြို့စားကတော် သိဖို့ မျှော်လင့်ပါတယ်.. ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ကျေးဇူးပြန်ဆပ်တာကောင်းမယ်”

လိုင်မာဖီးယပ်စ်က ထိုသို့ပြောပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ကျောင်း။ ဆာစီးနီယာသည် လူငယ်တွေရဲ့ စာတတ်မြောက်မှုနှုန်းက မြင့်တက်နေကြောင်းကို သိမြင်နားလည်ခဲ့ရသည့်အတွက် ကျောင်းဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဒါသည် အမှန်တကယ်ပင် သမားရိုးကျမဟုတ်တဲ့ လှုပ်ရှားမှုပင်ဖြစ်သည်။ ပညာရေးက ဆွေကြီးမျိုးကြီးတွေအတွက် အထူးသီးသန့်ဂုဏ်ပုဒ်တစ်ခုဖြစ်ပြီး သူတို့ကိုပဲ ခွင့်ပြုထားတဲ့ အခွင့်အရေးတစ်ခုဖြစ်သည်။

ယခင်တုန်းက မင်းမျိုးမင်းနွယ်မဟုတ်တဲ့ အရပ်သူ အရပ်သားတွေအတွက် သင်ယူနိုင်ဖို့ အခွင့်အရေးမရှိခဲ့။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်တိုင်နေထိုင်ရုန်းကန်နိုင်ဖို့အတွက် ဝင်ငွေရှာခဲ့ရသည့်အတွက် ပညာမတတ်မြောက်ခဲ့ခြင်းဟာ သဘာဝကျသည်။ သို့သော်လည်း မြို့စားကတော် ဂါဘီတာသည် ဆွေကြီးမျိုးကြီးတွေပဲ အကျိုးခံစားခွင့်ရမည့် သင်ကြားရေးအခွင့်အလမ်းကို မျှဝေချင်ခဲ့သည်။ သူမ လုပ်ခဲ့တာတွေက ကလေးတွေလည်း မဖြစ်မနေသင်ယူရမယ့် ပညာရေးကို အခမဲ့သင်ကြားစေနိုင်ဖို့ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေတဲ့ စာပေတတ်မြောက်ရေးပြဿနာကို ဖြေရှင်းဖို့အတွက် ကျောင်းဆောက်လုပ်ခြင်းဟာ အချိန်များများပေးရတဲ့နည်းလမ်းပင်ဖြစ်သည်။ သို့သော်လည်း ဒါက အထိရောက်ဆုံးနှင့် အကျိုးအပြုဆုံးနည်းလမ်းပင်ဖြစ်သည်။

ဆာစီးနီယာက သူမလုပ်ချင်တာတွေကို စကားလုံးတွေနဲ့တင်မဟုတ်ပဲ လက်တွေ့လုပ်ဆောင်ပြသွားခဲ့သည်။ ထင်ထားသည့်အတိုင်း သူမက အရည်အချင်းရှိသည့်သူဖြစ်သည်။ လိုင်မာဖီးယပ်စ်က သူမကို သူ့ရဲ့ အကွက်ချတတ်သူအဖြစ်မရရှိခဲ့တာကတော့ စိတ်မကောင်းစရာပင်ဖြစ်ပေသည်။

“အဲတော့ မင်းအဲဒီကို ဘယ်တော့သွားမှာလဲ”

“ခဏနေရင် သူမဆီကိုသွားမှာ

ဒီရက်ပိုင်းတော့ မင်းကိုတွေ့ဖို့က ခက်ခဲတော့မှာ”

နောင်တရမှုကြောင့် လိုင်မာဖီးယပ်စ်ရဲ့မျက်နှာမှာ ခါးသက်မှုတွေ ပျံ့နှံ့သွားခဲ့သည်။ သူဆွေးနွေးချင်ခဲ့တာက တစ်ခု၊နှစ်ခုလောက်သာရှိပေမယ့် သူတို့ပိုင်နက်မြေကိုပဲကြည့်ရှုဖို့အတွက် ပြန်သွားတဲ့သူကို မခေါ်နိုင်ခဲ့ပေ။

ဒါက သူနောင်တရရတဲ့ အချက်တစ်ခုတည်းမဟုတ်။ လိုင်မာဖီးယပ်စ်က စိတ်ပျက်မှုတွေကို ဖယ်ရှားပြီး သူ့အရှေ့က လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။ သူ့အကြည့်က အရှေ့ကိုရောက်သွားပြီး ဘာအနှောင့်အယှက်မှမဖြစ်ပဲ တည့်တည့်မတ်မတ်ပုံစံအတိုင်းထိုင်ရှိနေတဲ့ အလက်စ်ကို တွေ့လိုက်သည်။

ထိုအကြောင်းကိုတွေးကြည့်မှ သူတစ်စုံတစ်ရာကိုကြားခဲ့သည်။ သူက အလက်စ်ကို အဆင်ပြေတယ်ဟုတွေးထားသည့်အတွက် လက်ဖက်ရည်ခွက်ကို ပြန်ချပြီး နှုတ်ဟလိုက်သည်။

“ဒါနဲ့ မင်းအဆင်ပြေရဲ့လား”

“ဘာကိုပြောချင်တာလဲ”

“မင်းလက်ထပ်တဲ့ကိစ္စက နှောင့်နှေးနေလို့လေ”

ထိုသတင်းသည် သူမကြာသေးခင်လောက်ကမှ ကြားသိခဲ့ရသည့် သတင်းပင်ဖြစ်သည်။ သူလက်ထပ်ခွင့်တောင်းတဲ့အကြောင်းကိုကြားပြီးခဲ့ပေမယ့် သူတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းကိစ္စဟာ နှောင့်နှေးနေခဲ့သည်။

“အဆင်ပြေပါတယ်.. ဒါငါတို့ရဲ့ ဆုံးဖြတ်ချက်ပဲ”

ဘန်က အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်ပေမယ့် သူ့နှုတ်ခမ်းထက်မှာတော့ အပြုံးရေးရေးမျှသာရှိသည်။ ဒါက တကယ်မရေးမပါသလိုပုံစံနှင့်ဖြစ်သည်။ ထို့အပြင် သူ့နားရွက်ဖျားများကလည်း ပူပြင်းစွာ နီရဲနေခဲ့သည်။

သူတို့ရဲ့ မင်္ဂလာကိစ္စကို ရွေ့ဆိုင်းခဲ့သည်။ ဘန်ကိုယ်တိုင်ကပဲ ထိုကိစ္စကို ရွေ့ဆိုင်းဖို့အတွက် အကြံပြုခဲ့ခြင်းဖြစ်သည်။ ဆာစီးနီယာက သူမလုပ်ချင်သည့်အလုပ်ကိုလုပ်နေတဲ့အချိန်မှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်သည့်အတွက်ကြောင့်ဖြစ်သည်။ 

ဘန်က သူမကို ချစ်မြတ်နိုးလို့ လက်ထပ်ခွင့်တောင်းခဲ့တာသေချာပေမယ့် အဲဒါက သူ့ရဲ့ စိုးရိမ်မှုတွေကနေ ပေါ်ပေါက်လာရခြင်းလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ရဲ့ လက်ထပ်ထိမ်းမြားမှုက သေချာပေါက် ဆာစီးနီယာကို ဆုပ်ကိုင်ထားဖို့ဖြစ်သောကြောင့်ပင်။ ဒါပေမယ့် အခုတော့ သူသိခဲ့လေပြီ။ သူတို့ရဲ့ ဆက်ဆံရေးက ကျောက်မျက်ရတနာများထက်ပို၍ စူးရှတောက်ပနေခဲ့ပြီး ကျောက်ဆောင်ကျောက်ခဲများထက်ပို၍ သန်မာသောကြောင့်ဖြစ်သည်။ သူတို့သည် အချင်းချင်းချစ်မြတ်နိုးကာ ယုံကြည်ကြတယ်ဆိုတဲ့အသိနဲ့တင် သူသည် သူမကို တစ်သက်လုံးစောင့်နိုင်၏။

“...”

လိုင်မာဖီးယပ်စ်က ကြက်သေသေသွားရသည်။ သူ့ရဲ့ ကျောက်တုံးနဲ့တူတဲ့ သူငယ်ချင်းက ‘ငါတို့’ ဆိုတဲ့စကားမှာ ရှက်သွေးဖြာပြီး မျက်နှာများနီမြန်းသွားရသောကြောင့်ဖြစ်သည်။ 

 “ဟ မင်းက မြို့စားကတော်ကို အဲလောက်တောင် သဘောကျတာပဲလား.. ငါ့ရှေ့မှာတောင် မဖုံးကွယ်နိုင်တဲ့ထိလေ”

လိုင်မာဖီးယပ်စ်က စပ်ဖြီးဖြီးနှင့်မေးလိုက်သောအခါ ဘန်က မော့ကြည့်လာသည်။ သူက အဖြေမပေးပေမယ့် အဖြေကို သူ့မျက်ဝန်းထဲကနေ မြင်တွေ့နိုင်သည်။

ဒါကို မေးခွန်းလို့ခေါ်နေတာလား။

“မေးတယ်ဆိုမှတော့ မေးခွန်းပဲပေါ့”

အဲလက်စ်က အဓိပ္ပာယ်မရှိတဲ့မေးခွန်းလို့ထင်နေတာကို သိသွားရပြီး လိုင်မာဖီးယပ်စ်က ရှက်ရှက်နဲ့ သူ့ဆံပင်တွေကိုသပ်လိုက်သည်။ ဆာစီးနီယာက အလက်စ်အတွက် ဘယ်လိုလဲဆိုတာကို သူသိသောကြောင့်ဖြစ်သည်။ မီးထဲမှာ သေမလိုဖြစ်နေတဲ့ သူမကို ကယ်တင်ဖို့အတွက် ပြေးဝင်သွားတဲ့ အလက်စ်ရဲ့ပုံစံက သူ့စိတ်ထဲမှာ အခုထိ ထင်ထင်ရှားရှားရှိနေသေးသည်။

“မင်းသာ အသက်မရှင်ခဲ့ရင် ဒါတွေအားလုံး အလကားပဲ…”

ဆိုးရွားတဲ့နေ့ရက်တွေကို ပြန်အမှတ်ရတာနဲ့ လိုင်မာဖီးယပ်စ်က မျက်မှောင်ကြုတ်ပြီး ရေရွတ်ပြောဆိုလိုက်သည်။ သူသာ သေသွားလျင် အရာအားလုံးက အလကားဖြစ်သွားပေလိမ့်မည်။ ကိုယ်ချစ်တဲ့သူကို မကယ်တင်လိုက်နိုင်လို့ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ကာ နောင်တရစရာလည်းမလိုတော့ပေ။ သေသွားလျင် အားလုံးပြီးသွားမည်ဖြစ်သည့်အတွက် မမှတ်မိနိုင်တော့သလို တောင်းပန်နိုင်ခြင်းလည်းမရှိတော့ပေ။

“မင်းဆီမှာ ဒီလိုမျိုး တစ်စုံတစ်ရာဖြစ်ခဲ့မယ်ဆိုရင် မင်းနားလည်မှာပါ”

ပြတင်းပေါက်မှတစ်ဆင့် နေဝင်တာကို လှမ်းကြည့်နေသောဘန်သည် လိုင်မာဖီးယပ်စ်စကားရဲ့ အဓိပ္ပာယ်ကို နားလည်ပြီး ပြန်ဖြေလိုက်သည်။

“ဘာ”

“တစ်ယောက်တည်းကျန်ခဲ့ရတာက ဘာမှမထူးဘူး”

“...ငါအခုထိ မင်းကို နားမလည်သေးဘူး”

“ဟုတ်လား”

ဘန်က ခေါင်းငြိမ့်ကာ ခပ်ရေးရေးလေးပြုံးလိုက်သည်။ သူနားမလည်ဘူးဆိုလည်း ကိစ္စမရှိပေ။ ဘန်က တစ်စုံတစ်ယောက်ရဲ့နားလည်မှုကို ရယူဖို့ လုပ်ခဲ့ခြင်းမဟုတ်။ ထိုအချိန်တုန်းက သူမကိုကယ်တင်ရမည်ဟုသာ တွေးခဲ့ခြင်းဖြစ်သည်။ သူမ မရှိတဲ့ကမ္ဘာမှာမနေနိုင်သောကြောင့်ဖြစ်သည်။

“မင်းဘယ်တော့သွားမှာလဲ”

“ငါပြီးရင်သွားမှာပါ”

“ကောင်းပါပြီ.. ကောင်းမွန်တဲ့ခရီးလေးဖြစ်ပါစေကွာ.. မြို့စားကတော်ကိုလည်း ငါကနှုတ်ဆက်တယ်လို့ပြောလိုက်ပါဦး”

“ဟုတ်ပါပြီ.. ငါသွားပြီ အရှင့်သား”

ဘန်က ထိုင်ခုံမှထကာ လောကဝတ်ပြု၍ ရုံးခန်းထဲမှ ထွက်သွားလေသည်။ 

တစ်ယောက်တည်းကျန်ခဲ့တဲ့ လိုင်မာဖီးယပ်စ်သည် ကျန်ရှိသောအရာများကို ကြည့်ရှုစစ်ဆေးနေလိုက်၏။ နေဝင်ပြီး အပြင်မှာ လုံးဝအမှောင်ကျသွားသည်နှင့် သူသည် ထိုင်ခုံမှထလိုက်၏။ စင်္ကြံလမ်းအတိုင်းထွက်လာစဥ်တွင် သူ့ကိုစောင့်နေတဲ့ လက်ထောက်အားမေးလိုက်သည်။

“ဗားန် အခုဘယ်မှာလဲ”

“မိန်းကလေးက သူမရဲ့အခန်းထဲမှာ ညစာစားနေပါတယ်”

“ငါ သူမအခန်းကိုသွားမယ်”

ဗားန်ဆီကိုသွားဖို့ လိုင်မာဖီးယပ်စ်က ခြေလှမ်းရွေ့လိုက်ချိန်မှာ

“အရှင့်သား”

ပြတ်သားတဲ့အသံက အနောက်ကနေထွက်ပေါ်လာခဲ့သည်။ လိုင်မာဖီးယပ်စ်က အံ့အားသင့်မှုကြောင့် လှည့်ကြည့်လိုက်ချိန်မှာ ဗားန်က စကြဝဠာထက်တောက်ပသောအပြုံးနှင့် လျှောက်လှမ်းလာသည်။ 

“အရှင့်သားအလုပ်တွေပြီးပြီလား.. ကျွန်မ အရှင့်သားနဲ့အတူ ပြန်ချင်တယ်”

ဗားန်က သူ့ရှေ့မှာ ရှက်ပြုံးပြုံးပြီးရပ်နေသည်။ လိုင်မာဖီးယပ်စ်က သူ့ရဲ့ချစ်ရသူဇနီးကို နှုတ်ဆိတ်စွာနဲ့ ငေးကြည့်နေမိ၏။

“အရှင့်သား”

သူအခုထိ အလက်စ်ကို နားမလည်သေးပေ။ သူတွေးခဲ့တဲ့ အသက်မရှင်ဘူးဆိုရင် အလကားပဲဆိုတဲ့အတွေးက မပြောင်းလဲသေးပေ။ အခုထိဖြစ်သည်။

“ငါနည်းနည်းတော့ သိလာပြီထင်တယ်”

လိုင်ဖာဖီးယပ်စ်က သူ့လက်ကိုမြှောက်ပြီး ဗားန်ရဲ့ နူးညံ့တဲ့ပါးပြင်လေးကို ထိတွေ့လိုက်သည်။ ဒီအပြုံးကိုမမြင်တွေ့နိုင်တဲ့ ကမ္ဘာကြီးမှာ အလက်စ်ပြောသလို တစ်ယောက်တည်းကျန်နေခဲ့ရလည်း ဘာမှမထူးပေ။ 

“မအေးဘူးဆိုတော့ လမ်းလျှောက်ထွက်ရအောင်”

“အင်း”

လိုင်မာဖီးယပ်စ်နဲ့ ဗားန်က အတူတူလက်တွဲပြီးလျှောက်လာကြသည်။ 

                                     ***

“ကျွန်မ ကောင်းကောင်းလုပ်နိုင်ပါ့မလား…”

“ရပါတယ် နင်ကြိုးစားခဲ့တာပဲ”

စိုးရိမ်ပြီးတုန်ယင်နေတဲ့မေကို ဆာစီးနီယာက နှစ်သိမ့်ပေးလိုက်သည်။ မေက ကလေးတွေကို စာဘယ်လိုရေးရမလဲဆိုတာကို သင်ပေးနေသည်။

ဆာစီးနီယာက မေကို ကျောင်းဆောက်ချင်တယ်လို့ပြောတုန်းက မေက စာဘယ်လိုရေးရမလဲဆိုတာကို သင်ချင်သည်ဟုပြောခဲ့သည်။ ရိုးရှင်းတဲ့စကားလုံးတွေနဲ့ နာမည်တွေကိုပဲ ဘယ်လိုရေးရမလဲဆိုတာကို သိခဲ့သည့်မေသည် ထိုအချိန်တုန်းက ပထမဆုံးအကြိမ် စိတ်အားထက်သန်မှုကိုပြခဲ့ခြင်းဖြစ်သည်။ 

ပထမနေ့ပြီးတော့ မေက သူမကိုယ်သူမ စာလေ့လာဖို့အတွက် စိတ်နှစ်ထားခဲ့သည်။ ဆာစီးနီယာက သူမကို ဘာတွေသင်ယူပြီး ဘာတွေပြန်လေ့လာရမလဲဆိုတာကို နေ့စဥ်နေ့တိုင်း ပြင်ဆင်ပေးခဲ့သည်။ မေက အရမ်းကြိုးစားလွန်းလို့ လပိုင်းအနည်းငယ်နဲ့ စာရွက်ပေါ်မှာရေးပြီးဖတ်နိုင်ခဲ့သည်။

ထို့အပြင် မေက သူမသင်ကြားခဲ့တာတွေကို ပြန်ပြီးမျှဝေချင်ခဲ့သည်။ မေ ဘာလို့ဒီလိုဖြစ်နေလဲဆိုတာကို ဆာစီးနီယာက ကောင်းကောင်းသိသည်။ သူမကိုသူမကြောင့်ပင်ဖြစ်သည်။

 “အားလုံးသိဖို့လိုတယ်.. ဆာစီးနီယာက ဘယ်လိုကောင်းတဲ့အလုပ်ကိုလုပ်နေလဲဆိုတာ”

ဆာစီးနီယာက မေကိုလုပ်စရာမလိုဘူးလို့ပြောခဲ့ပေမယ့် မေက သူမ တကယ်လုပ်ချင်တယ်ဟုဆိုကာ သူမကိုသူမ တွန်းအားပေးခဲ့သည်။ 

“ငါစားခဲ့တဲ့အစားအသောက်တွေကိုပြန်ပေးရမယ်.. ငါက ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာကိုသိတဲ့သူပဲ”

သူမကပြော၍ ရယ်မောခဲ့သည်။

“ကောင်းကောင်းမလုပ်နိုင်လည်း ဘာမှမဖြစ်ဘူး.. နင်အကောင်းဆုံးလုပ်ခဲ့တာပဲ”

“ဟဟ ဟုတ်တယ် ကျွန်မအကောင်းဆုံးလုပ်ခဲ့တယ် ဟီဟီ”

ဆာစီးနီယာက မေရဲ့ပုခုံးကိုပုတ်လိုက်သည်။ မေ ဘယ်လောက်ကြိုးစားခဲ့လဲဆိုတာ သူမသိသည့်အတွက် မေ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာကိုလည်း သူမယုံကြည်သည်။

“အရှင်မ အချိန်ကျပြီ.. လူတွေစောင့်နေကြတယ်”

ဂျိုအန်နာက သူမရဲ့လက်ပတ်နာရီကိုကြည့်၍ ဆာစီးနီယာကို အကြောင်းကြားလိုက်သည်။

“ခဏလေး.. အားချန်”

“ဟုတ်ကဲ့ မြို့စားကတော်”

အားချန်က သူမခေါ်လိုက်လို့ အနားကိုရောက်လာသည်။ အားချန်က ဘန်ရဲ့အမိန့်ကြောင့် ဆာစီးနီယာကို ကူညီဖို့ ဂလော်ရီမှာနေနေခြင်းဖြစ်၏။

“ဘန်က သူဘယ်အချိန်လာမယ်လို့ပြောလဲ”

“စာထဲမှာတော့ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ထွက်လာပြီလို့ပြောထားပါတယ်.. အဲဒီတော့ သံအမတ်ကြီး ခဏနေရင် ရောက်လာပါလိမ့်မယ်”

ဆာစီးနီယာက စိုးရိမ်တဲ့မျက်နှာကို ထိုနေရာကို လှမ်းကြည့်လိုက်သည်။ ဘန်ကို အခုထိမတွေ့ရသေးပေ။ သူမသည် ကျောင်းဖွင့်ပွဲမှာ ပထမဆုံးရောက်လာသူကို ဘန်ဖြစ်စေချင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူက ကြန့်ကြာနေခဲ့သည်။

“သခင်မ”

“ခဏလေး.. ခဏလေးနေပါဦး…”

ဂျိုအန်နာက အလျင်လိုစွာပြောဆိုနေသော်လည်း ဆာစီးနီယာက ခြေလှမ်းမရွေ့နိုင်သေးပေ။

‘မတော်တဆမှုတစ်ခုခုများဖြစ်လို့လား.. သူဒါအတွက်နဲ့ နောက်မကျနိုင်ပါဘူး’ 

‘ဒီအချိန်မှာ ကျွန်မနဲ့အတူရှိပါမယ်လို့ ရှင်ကတိတောင်ပေးထားခဲ့တာမလား’

ထိုအချိန်မှာပင်ဖြစ်သည်။

“ဝိုး”

စိုးရိမ်မှုကြောင့် သူမရဲ့နှုတ်ခမ်းကိုကိုက်ထားရင်းနဲ့ နားထဲမှာ ကျယ်လောင်တဲ့အော်သံတစ်ခုကိုကြားလိုက်ရသည်။ ဖွင့်တော့မလိုလုပ်နေတဲ့ ကျောင်းရှေ့က အသံပင်ဖြစ်၏။

Xxxxxxxxx