Chapter 135
“ဆာစီးနီယာ ဒီမှာပဲနေချင်တယ်ဆိုရင် ကိုယ်အဆင်ပြေတယ်နော်.. အဲတော့ နေလို့ရတယ်”
“ရှင်…”
အံ့သြသွားတဲ့ ဆာစီးနီယာက သူနဲ့မျက်နှာချင်းဆိုင်ဖို့လှည့်ကြည့်ရန်ကြိုးစားလိုက်ပေမယ့် မရခဲ့။ ဘန်က သူမရဲ့လည်ပင်းပေါ်မှာ သူ့မျက်နှာကို ပို၍နစ်မြုပ်အောင် ထားထားသောကြောင့်ဖြစ်သည်။
“ဘန် လွှတ်တော့”
“...”
လွှတ်ပေးဖို့ပြောနေတဲ့ သူမရဲ့စကားတွေမှာတောင်မှ သူ့လက်က ပိုပြီးအားထည့်လိုက်ကာ ခါးကိုဖက်ထားဆဲဖြစ်သည်။ သူမကို ဘယ်တော့မှ လက်မလွှတ်ချင်သည့်ပုံပေါ်သည်။
တကယ်တော့ သူ့စကားတွေနဲ့လုပ်ရပ်တွေဟာ တခြားစီဖြစ်နေသည်။ ဒီမှာနေလည်း အဆင်ပြေတယ်လို့ပြောခဲ့ပေမယ့် သူမကို ဆုပ်ကိုင်ထားပြီး လက်မလွှတ်ပေးပေ… ဆာစီးနီယာက ရွေးချယ်စရာမရှိပဲ သူ့ပုခုံးပေါ်မှာ ခေါင်းမှီတင်၍ အနားယူရုံသာတတ်နိုင်သည်။ အခုထိ စိတ်ခံစားချက်တွေမတည်ငြိမ်နိုင်သေးတဲ့ သူ့ကိုစောင့်ရန်သာဖြစ်သည်။
“ရှင်သိခဲ့တာပဲ”
သက်သောင့်သက်သာဖြစ်တဲ့အနေအထားနဲ့ သူ့ရဲ့ ခိုင်ခံ့တဲ့ ကိုယ်ပေါ်မှာနေနေရင်း မျက်နှာကြက်ကိုငေးကြည့်ရင်း ရေရွတ်လိုက်သည်။
ဘန်က အားလုံးကို သိခဲ့သည်။ သူမသည် ဒါနဲ့ပတ်သက်ပြီး အကျပ်အတည်းဖြစ်နေတယ်ဆိုတာကိုသိသည်။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းထဲက တစ်ခုကတော့ သူမ ဒီပိုင်နက်ထဲမှာ နေဖို့သာဖြစ်သည်။ ဘန်သည်လည်း ထိုအတွက် ချင့်ချိန်စဥ်းစားခဲ့သည်။ ထို့ကြောင့် သူက သူ့ရဲ့ကိုယ်ပိုင်အဆုံးသတ်ကို ပြင်ဆင်ခဲ့ပြီး သူမကို ဒီမှာနေဖို့ပြောခဲ့ခြင်းဖြစ်သည်။
“ကိုယ်အဆင်ပြေပါတယ်..ဒီနေရာက သိပ်ဝေးတာမဟုတ်ဘူး.. အဲတော့ မကြာခဏလာနေမှာပါ”
နောက်ဆုံးတော့ အဓိပ္ပာယ်မရှိတဲ့စကားသံက သူ့နှုတ်ကနေထွက်လာခဲ့သည်။
ဆာစီးနီယာက မယုံနိုင်စရာကောင်းတဲ့ ပြက်ချော်ချော်စကားကြောင့် အံ့အားသင့်သွားရပြီး ပြောလိုက်သည်။ “ဟ သိပ်ဝေးတာမဟုတ်ပါဘူးဆိုတာ ဘာကိုပြောချင်တာလဲ ဒီကိုရောက်လာဖို့ ကျွန်မတို့ နှစ်ရက်ကြီးများတောင် ကုန်ဆုံးခဲ့ရတယ်ဆိုတာကို မေ့သွားတာလား”
သူတို့ အဆက်မပြတ် ခရီးနှင်လာခဲ့လို့သာ နှစ်ရက်တည်းနဲ့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူမရဲ့ နယ်မြေဖြစ်တဲ့ ဂလော်ရီက ဧကရာဇ်နန်းတော်ရဲ့အစွန်အဖျားမှာရှိသည့်အတွက် မြို့တော်ကနေ ဒီကို သွားလိုက်ပြန်လိုက်လုပ်ဖို့ဆိုတာမလွယ်ကူလှ။ ထို့ကြောင့် သူမသည် ဒီကို အားလပ်ရက်မှာသာရောက်လာခဲ့ခြင်းဖြစ်၏။ နီးတယ်ဆိုလျင် ချက်ချင်းသွားလည်ဖြစ်မည်သာဖြစ်သည်။
“ရပါတယ် ဆာစီးနီယာက ဒီမှာပဲပိုအာရုံစိုက်သင့်တယ်.. အဲတော့ ကိုယ်လည်း မကြာမကြာလာခဲ့မယ်”
“ဘာ.. ဘာလို့ တစ်ယောက်တည်းဆုံးဖြတ်နေတာလဲ”
နည်းနည်းချင်းစိတ်တိုလာတဲ့ ဆာစီးနီယာက သူမရဲ့ခန္ဓာကိုယ်ကို သူနဲ့ဝေးအောင် ရွေ့လျားလိုက်သည်။ သို့သော် သူမကိုဖက်တွယ်ထားတဲ့ သူ့လက်များကတော့ မလွှတ်ပေးချေ။
“ဒါဆို ကိုယ်ဒီမှာ အခြေချလိုက်မယ်”
“...”
သူ့နားကလွတ်မြောက်ဖို့ရုန်းနေတဲ့ ဆာစီးနီယာက ခဏတာမျှ ရပ်တန့်လိုက်သည်။ သူ့ရဲ့မပွင့်တပွင့်ပြောလိုက်တဲ့အသံသည် အစစ်အမှန်ဖြစ်သည်။ ဘန်က ဒါကို ဟာသအနေနဲ့ပြောမည့်သူမဟုတ်။
‘ထပ်ပြီး.. သူက သူ့အတွက်သူ မစဥ်းစားပဲနဲ့ ငါ့အတွက်ပဲ စဥ်းစားပေးနေပြန်ပြီ’
နောက်ဆုံးမှာတော့ သူမရဲ့ဦးနှောက်ထဲမှာ ဒေါသတွေပြည့်နှက်သွားရပြီး အေးစက်သောအသံဖြင့်ပြောလိုက်သည်။
“လွှတ်”
“...”
“လွှတ်လို့ပြောနေတယ်လေ”
အဆက်မပြတ်ခြိမ်းခြောက်လိုက်မှုကြောင့် သူ့လက်သည် မတတ်သာပဲလွှတ်ပေးလိုက်ရ၏။ ဆာစီးနီယာက ချက်ချင်း ကိုယ်ကိုလှည့်၍ သူ့ကို စူးစူးဝါးဝါးကြည့်လိုက်သည်။
“ရှင်လာနောက်နေတာလား.. ကျွန်မက ဒီလိုမျိုးဖြစ်စေချင်တယ်လို့ ထင်နေတာလား”
ဆာစီးနီယာက သူမနှုတ်ခမ်းကို ကိုက်ထားသည်။ သူမရဲ့ မျက်ဝန်းထဲမှာ မီးတောက်များထက် ပြင်းထန်တောက်လောင်နေသည့် မကျေချမ်းမှုတွေရှိနေသည်။ သူမသည် ဒီလိုမျိုးကို မလိုချင်သလို သူ့ရဲ့ အနစ်နာခံမှုကိုလည်း မလိုချင်ခဲ့။
‘သူက ငါတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုထင်နေတာလဲ.. ဘာလို့ အချိန်တိုင်း သူ့ကိုယ်သူ အနစ်နာခံဖို့ပဲ ကြိုးစားနေတာလဲ’
“ဆာစီးနီယာ”
ဘန်က ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။ သူ့မျက်လုံးများက အရင်ကထက်ပိုပြီး လေးပင့်စွာ နစ်ဝင်နေခဲ့သည်။ ဟဲနပ်စ်စျေးလမ်းမကနေ အုပ်ချုပ်ရေးအဖွဲ့ဆီကို ရထားလုံးပေါ်ကနေ ဆင်းလာတုန်းက သူမကို ကြည့်နေခဲ့ခြင်းဖြစ်သည်။
ထိုမျက်နှာက အတွေးထဲမှာ နက်ရှိုင်းဝင်နေခဲ့သည်။ ကြက်သွေးရောင်မျက်လုံးက အတွင်းထဲမှာ တောက်ပနေသည်။ သူမရဲ့မျက်ဝန်းက ကြွေကြလာတဲ့ ကြယ်ပွင့်လေးများထက်ပို၍ ဖြိုးဖြိုးဖြက်ဖြက်ဖြစ်နေခဲ့သည်။
ဘန်က သူမရဲ့ဆန္ဒနှင့် ရည်မှန်းချက်ကို သတိထားမိခဲ့သည်။ တစ်ခါတစ်လေမှာ ဆာစီးနီယာက အလုပ်များခြင်းနှင့်ပက်သက်ပြီး ချစ်စရာကောင်းတဲ့အကြောင်းပြချက်လေးတွေကိုပေးတတ်သည်။ သို့သော်လည်း သူမသည် ရုံးခန်းထဲမှာသာ အမြဲထိုင်ပြီး သူမရဲ့ပိုင်နက်ကို ဂရုစိုက်သည်။ တာဝန်ဝတ္တရားဆိုတာကလွဲလို့ ကိုယ်မလုပ်ချင်လျင် မလုပ်နိုင်သည့်ကိစ္စဖြစ်သည်။ ထိုအချိန်က ဆာစီးနီယာ အဲလိုပုံစံဖြစ်ခဲ့တာ ပထမဆုံးပင်ဖြစ်သည်။ သူမရဲ့မျက်ဝန်းများက သူမ ကောင်းကောင်းလုပ်ဆောင်ခြင်းကြောင်း သူ့အား ပြောပြနေသည်။
ဘန်က ထိုအရာကိုမှတ်မိပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ထိုဆုံးဖြတ်ချက်ကိုချလိုက်ချိန်မှာ ဘာစိုးရိမ်မှုမှမရှိခဲ့။ သူမ လိုချင်တဲ့အရာသာဖြစ်မည်ဆိုလျင် သူက အမှန်တကယ်ဖြစ်လာအောင်လုပ်ပေးချင်သောကြောင့်ဖြစ်သည်။ ပြီးတော့ သူမရဲ့ ပျော်ရွှင်မှုအတွက်ကိုပဲ အမြဲဆန္ဒရှိခဲ့သည်။ သို့သော်လည်း သူမဘေးမှာ အမြဲရှိနေချင်သည့် သူ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ဆန္ဒတွေကို နှိမ်နင်းဖို့အတွက်ကတော့ အချိန်ကြာခဲ့လေသည်။
“မင်းလုပ်ချင်တာတွေကို ဝင်မပါချင်ပါဘူး.. မင်းရဲ့ ရွေးချယ်မှုမှာ ဘာကိုမှ တုံ့ဆိုင်းမနေစေချင်ဘူး”
“အဲတော့ ရှင်က ဒီကိုလာဖို့အတွက် ဒီလိုအဖြေရှာခဲ့တာပေါ့.. အဲဒါက အဓိပ္ပာယ်ရောရှိရဲ့လား.. ရှင်တစ်ယောက်တည်း တစ်ဖက်သတ်ကြီး အနစ်နာခံနေတာမဟုတ်ရင် ဘာလဲ”
“ဒါကို အနစ်နာခံတယ်လို့ ကိုယ်တော့မထင်ဘူး”
ဆာစီးနီယာက သဘောမတူတဲ့မျက်နှာနဲ့ ထေ့ငေါ့ပြောလိုက်ပေမယ့် ဘန်က တိတ်ဆိတ်စွာနဲ့ ပြန်ဖြေသည်။
‘အနစ်နာခံတယ်တဲ့လား’
သူသည် အမှန်တကယ် သူ့ရဲ့ ဆုံးဖြတ်ချက်ကို အနစ်နာခံတယ်လို့ မထင်မိပေ။ သူမအတွက် သူလုပ်ပေးခဲ့တဲ့အရာအားလုံးက အနစ်နာခံခြင်းမဟုတ်သောကြောင့်ဖြစ်သည်။ သူမရဲ့ဘေးမှာရှိနေချင်တဲ့ဆန္ဒကို တိုးချဲ့လိုက်ခြင်းသာဖြစ်သည်။
“...”
ပါးစပ်ပိတ်ပြီး သူ့ကိုစိုက်ကြည့်နေတဲ့ ဆာစီးနီယာသည် နောက်ဆုံးတော့ လက်ကိုမြှောက်တင်လိုက်သည်။ သူ့မျက်နှာပေါ်ကို ရေများနှင့် ပက်လိုက်၏။
“အသိစိတ်ဝင်စမ်းပါ”
သနားစရာကောင်းတဲ့ သူ့မျက်နှာပေါ်ကနေ ရေတစ်စက်စက်စီးကျနေတာကိုကြည့်၍ သူမက ပြောလိုက်သည်။
“အမှန်တိုင်းပြောရရင် ပြဿနာကိုဖြေရှင်းဖို့အတွက် နယ်မြေကိုပြန်ဖို့မတွေးမိဘူးလို့ပြောရင် လိမ်ရာကျလိမ့်မယ်.. ဒါက ရလဒ်ထွက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ”
“ဒါဆို ဒီမှာပဲနေ.. ကိုယ်–”
“ဟင့်အင်း မနေနိုင်ဘူး”
“ဘာလို့လဲ.. မင်းလုပ်ချင်တာကိုပဲ ကိုယ်ကလုပ်စေချင်တာ”
သူက ဒီတစ်ခေါက်မှာလည်း အရှုံးမပေးသေးပေ။
“ရှင့်ကြောင့်”
သူမရဲ့အဖြေမှာ သူတို့ရဲ့မျက်ဝန်းတွေ ဆုံတွေ့သွားကြသည်။ ဆာစီးနီယာရဲ့မျက်လုံးက တုန်လှုပ်ခြင်းမရှိပေမယ့် သူ့မျက်လုံးကတော့ ဖြည်းဖြည်းချင်း အားအင်တွေယုတ်လျော့လာ၏။ ဘန်က သူမရဲ့မျက်ဝန်းထဲက အမှန်တရားကို ဖတ်နေသည်။
‘အာ… ထင်တဲ့အတိုင်းပဲ’
ဘန်က ခေါင်းငုံ့လိုက်သည်။ ရေစက်များက သူ့ရဲ့မေးစေ့ကနေ တစ်စက်ချင်း ကူကယ်ရာမဲ့စွာ ကျနေသည်။ နောက်ဆုံးမှာတော့ သူ့ကြောင့် သူမရဲ့ ဆုံးဖြတ်ချက်ထဲမှာ တုံ့ဆိုင်းမှုများပေါ်ပေါက်လာရ၏။ သူသည် တကယ် ဒီလိုမျိုးမဖြစ်ချင်ခဲ့။ သူလိုချင်တာက သူမကို အရာအားလုံးမှာ ပျော်ရွှင်စေချင်ပြီး သူမလုပ်ချင်တာကို လုပ်နိုင်ဖို့သာဖြစ်သည်။
တစ်ခါတစ်ရံမှာ သူမသုံးလို့ရတဲ့ ဓားရှည်ဖြစ်ချင်ပြီး တစ်ခါတစ်ရံမှာတော့ သူမကို ကာကွယ်ပေးနိုင်သည့် ဒိုင်းကာဖြစ်ချင်သည်။ သူ အင်အားကို ဖက်တွယ်ဆုပ်ကိုင်ထားရတာကလည်း ဒီအကြာင်းပြချက်ကြောင့်သာဖြစ်သည်။ သူမရဲ့ရှေ့မှာ အရာအားလုံးကို ထားထားပေးချင်ခဲ့သည်။ ထိုမှသာ ဒီကမ္ဘာမှာ သူမမလုပ်နိုင်သည့်အရာ ဘာမှမရှိမည်ဖြစ်သည်။ သူသည် သူမရဲ့လမ်းကြောင်းထဲမှာ မပါဝင်ချင်ခဲ့ပေ။
ထိုအခါမှာဖြစ်သည်။ ကိုယ့်ကိုယ်ကို ဝေဖန်နေတဲ့ဘန်က ကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးပင့်ကြည့်လိုက်သည်။
“ကျွန်မက ရှင့်ကို ထည့်မတွေးပဲနေနိုင်ပါ့မလား.. ရှင်ပဲရှိတာ.. ဘယ်သူမှမရှိဘူး.. အမှန်တိုင်းပြောရရင် ကျွန်မဆုံးဖြတ်ခဲ့တာတွေအားလုံးထဲမှာ ရှင်ပါပြီးသားပဲ”
“...”
“ဒါက ကျွန်မတို့တာဝန်ပဲ”
ဆာစီးနီယာက သူ့ရဲ့တုန်ယင်နေတဲ့ မျက်ဝန်းတည့်တည့်ကိုကြည့်လိုက်သည်။
ဒါက လွယ်ကူသည့်အဖြေပင်ဖြစ်၏။ သူမက သူ့ကိုချစ်သောကြောင့်ဖြစ်သည်။ ဘန်က သူမရဲ့ချစ်သူဖြစ်သောကြောင့်ဖြစ်သည်။ သူတို့ရဲ့ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံးမှာ အတူတူရှိနေနိုင်ဖို့အတွက်ထိ ဆုံးဖြတ်ထားခဲ့ကြသည်။ ထို့ကြောင့် ဒါက သူတို့ရဲ့အလုပ်ပင်ဖြစ်သည်။ သူနဲ့သူမရဲ့ တာဝန်ဖြစ်သည်။
ဘန်နဲ့ ဆာစီးနီယာက တစ်ယောက်နဲ့တစ်ယောက် တစ်စိတ်တစ်ဒေသအားဖြင့် တွဲလက်ညီကြသည်။ ဘန်က သူမရဲ့ဘဝထဲမှာ ခိုင်မာစွာ အမြစ်တွယ်နေခဲ့သည့်အတွက် သူ့ဆီကနေ သူမကိုခွဲထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူသည် ဆုံးဖြတ်ချက်ချချိန်တိုင်း သူ့ကိုထည့်တွေးစဥ်းစားပေးလေ့ရှိသည်။ ထို့ကြောင့်ပဲ သူတို့အတွက် အကောင်းဆုံးအရာကိုတွေးခဲ့ကြခြင်းဖြစ်၏။
“ကျွန်မတို့…”
ဘန်က “ကျွန်မတို့” ဆိုတဲ့ စကားအရောက်မှာ ဆာစီးနီယာရဲ့အကြည့်နဲ့ ရိုက်နှက်ခံလိုက်ရသလို တွေဝေသွားရသည်။ သူ့ရဲ့နှလုံးသားထဲမှာ ချော်ရည်တွေလိုပဲ ပူလောင်လာ၏။
ဒုတ်
ထိုစကားတစ်ခွန်းကြောင့် ဘန်ရဲ့နှလုံးသားက တဖျပ်ဖျပ်တုန်လှုပ်သွားရသည်။
“ရှင်က ကျွန်မအတွက် ဘယ်တုန်းကမှ ဆူးညှောင့်ခလုတ်မဖြစ်ခဲ့ပါဘူး.. ကျွန်မမှာရွေးချယ်စရာမရှိပဲ တုံ့ဆိုင်းနေဖို့ပဲတတ်နိုင်ခဲ့တယ်.. ရွေးချယ်မှုတွေက ကျွန်မတို့အတွက် အကောင်းဆုံးအဖြေဖြစ်မယ်လို့ မျှော်လင့်ပါတယ်”
“...”
ဘန်က ကောင်းစွာသိရှိခဲ့သည်။ သူသည် ဆာစီးနီယာအတွက် ဘယ်တုန်းကမှ ဆူးညှောင့်ခလုတ်မဖြစ်ခဲ့ဘူးဆိုတာကို သိရှိခဲ့သည်။ သူနှင့် သူမသည် တစ်ယောက်နှင့်တစ်ယောက်အတွက် အဖိုးထိုက်တန်ကြသောကြောင့်ဖြစ်သည်။ သူ့အတွက် သူမက အရာအားလုံးဖြစ်ခဲ့သလို သူမအတွက်လည်း သူက အရာအားလုံးဖြစ်သည်။ ထို့ကြောင့်လည်း ဘယ်ဆုံးဖြတ်ချက်ကိုပဲချချ သူတို့အချင်းချင်းအတွက် တွေးတောပေးကြသည်သာဖြစ်၏။ ဘန်က ဖြည်းဖြည်းချင်း သူ့လက်ကို ပင့်တင်ပြီး သူမရဲ့ ပါးပြင်ပေါ်ကို တင်လိုက်သည်။ မော့ကြည့်နေတဲ့ သူမရဲ့မျက်စံအိမ်ထဲမှာ သူတစ်ယောက်သာရှိသည်။ သူတို့ရဲ့အချစ်တွေက ညီတူညီမျှရှိကြသလိုပင်။
“အဲတော့ အဲလိုမတွေးပါနဲ့”
ဆာစီးနီယာက သူမရဲ့ပါးပြင်ပေါ်က သူ့လက်ဖမိုးပေါ်ကို ကြင်နာစွာပွတ်သပ်လိုက်သည်။ သူ့အပေါ်ထားတဲ့ဒေါသတွေက ပျောက်ကွယ်သွားခဲ့ရပြီး ချစ်ခင်ကြင်နာမှုတွေပဲ ကျန်ရှိတော့သည်။ သူ့အချစ်က ကြီးမားလွန်းသည့်အတွက် သူမတောင် မတွေးတောနိုင်တော့ပဲ တစ်ခါတစ်ရံမှာ ဒီလိုဒေါသဖြစ်မိတဲ့ထိဖြစ်သည်။ ဒါပေမယ့် ဒီလိုမျိုးဖြစ်တာတောင်မှ ဒါက သူ့အချစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာကို သူမ ကောင်းကောင်းသိသည်။
“ဆာစီးနီယာ”
အနိမ့်သံက ထွက်ပေါ်လာသည်။
“အင်း”
သူမရဲ့တုံ့ပြန်သံကြားသောအခါ သူ့လက်မက ဆာစီးနီယာရဲ့ပါးပြင်လေးကို ညင်သာစွာပွတ်သပ်လိုက်သည်။
‘ကိုယ့်ကိုယ်ကို အသိစိတ်ဝင်အောင်လုပ်နိုင်တဲ့ တည်ရှိမှုလေးတစ်ခုပဲ.. မင်းနဲ့ပက်သက်တာတွေအားလုံးက.. ကိုယ့်ကို ချက်ချင်း ဖျက်ဆီးလိုက်နိုင်တဲ့ တစ်ခုတည်းသောတည်ရှိမှုပဲ’
“ကိုယ်မင်းကို ချစ်တယ်.. အမြဲတမ်းအတွက်”
သူဒါကို အကြိမ်ထောင်ပေါင်းများစွာပြောမယ်ဆိုရင်တောင် မလုံလောက်သေးပေ။
“ကျွန်မရောပဲ.. ရှင့်ကိုချစ်တယ်..ဘန်”
အရောင်အသွေးနဲ့ ပမာဏများထပ်တူညီကြတဲ့ ချစ်ခြင်းတရားတွေဟာ အချင်းချင်း ထိတွေ့သွားကြလေသည်။
အချိန်ကြာသည်အထိ ဆန္ဒတွေနှင့်ပြည့်နှက်နေတဲ့ သူ့မျက်ဝန်းသည် ဆာစီးနီယာဘက်ကို လှည့်လာသည်။ ပူနွေးတဲ့ အသက်ရှုသံတွေဟာ လိမ်ယှက်ကုန်ကြသည်။ ကြီးမားတဲ့လက်က သူမရဲ့ခါးကို တင်းတင်းမြဲမြဲဆုပ်ကိုင်ထားသည်။ တစ်ယောက်နဲ့တစ်ယောက် တောင့်တကြတဲ့ အပူရှိန်တွေက ရေချိုးခန်းထဲမှာ ပြည့်နှက်သွားလေသည်။ ထိုညသည် သူတို့အတွက် ရှည်ကြာခဲ့လေပါ၏။
***
လအနည်းငယ်ကြာသောအခါ
“ငါထင်ထားတာထက် မင်းက ကြည့်ကောင်းတာပဲ.. အစားအသောက်တွေကို အပြီးတိုင်ပိတ်သိမ်းလိုက်တော့မယ်ထင်နေတာ”
လိုင်မာဖီးယပ်စ်က သူ့အရှေ့မှာရှိနေတဲ့ ဘန်ရဲ့ပုံစံကို သဘောမကျဖြစ်နေသည်။
ယမန်နေ့မတိုင်ခင်က မြို့စားကတော် ဂါဘီတာက သူမရဲ့ နယ်မြေကို ပြန်သွားခဲ့သည့်အတွက် ဘန်က အဆင်မပြေဖြစ်နေမယ်လို့ ထင်ခဲ့သော်လည်း သူ့ပုံစံက အရမ်းကို အေးဆေးတည်ငြိမ်နေခဲ့သည်။
“အခု ဘာလို့ သူမနောက်ကိုမလိုက်တာလဲ”
“ငါအဲမှာရှိနေရင် သူမကို နှောင့်ယှက်မိသလိုပဲဖြစ်နေမှာ.. ငါ့ကြောင့်နဲ့ သူမလုပ်ချင်နေတာတွေအပေါ် အာရုံပျက်သွားမှာမလိုလားဘူး”
“...”
ကြက်သီးထစေတဲ့အဖြေကြောင့် လိုင်မာဖီးယပ်စ်က ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။
‘ဟုတ်တယ် အဲဒီအကောင်က အဲတိုင်းပဲ’
ဘန်က ဘာလို့ သူမနောက်ကို မလိုက်သွားလဲလို့ သိချင်နေခဲ့ပေမယ့် အဆုံးမှာတော့ ဒါဟာ မြို့စားကတော် ဂါဘီတာအတွက်ဖြစ်နေခဲ့လေသည်။
“ကျစ် ဘာပဲဖြစ်ဖြစ်”
မပြောင်းလဲတဲ့ဘန်ရဲ့ပုံစံကိုကြည့်ပြီး လိုင်မာဖီးယပ်စ်က လျှာဖြင့်စုပ်သပ်လိုက်သည်။ ဘန်က သူ့ရဲ့တုံ့ပြန်မှုကြောင့် ဘာမှထိခိုက်နာကျင်သွားခြင်းမရှိခဲ့။
သူတို့နှစ်ယောက် အပန်းဖြေခရီးသွားခဲ့ကြပြီးတာ လပေါင်းအနည်းငယ်ပင်ရှိလေပြီဖြစ်သည်။ အိမ်ရှေ့စံမင်းသားက မင်္ဂလာဆောင်သွားတော့ ဆာစီးနီယာက ပို၍အလုပ်ရှုပ်သွားခဲ့သည်။ ဆာစီးနီယာ ဂါဘီတာအဖြစ်နဲ့ ဘဝကို ပြည့်ပြည့်စုံစုံနေထိုင်ဖို့အတွက်ပင်ဖြစ်၏။ ကံကြမ္မာက ဖန်တီးပေးတဲ့ဘဝမဟုတ်ပဲ သူမကိုယ်တိုင်ရွေးချယ်ထားတဲ့ဘဝမှာ နေထိုင်နေခြင်းဖြစ်သည်။ ပြီးတော့ ဘန်ကလည်း သူမရဲ့ လှုပ်ရှားမှုတိုင်းကို အဆက်မပြတ်ထောက်ပံ့ပေးခဲ့သည်။
‘“ဒါဆို ပြီးမယ့်ရက်က ဘယ်တော့လဲ”
“ဒီတစ်ပတ်ထဲ”
“ကျောင်းပဲပေါ့..ထင်တဲ့အတိုင်း သူမက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ”
လိုင်မာဖီးယပ်စ်က စိတ်လှုပ်ရှားနေတဲ့အမူအရာနဲ့ သူ့မေးစေ့ကို ပွတ်သပ်နေလိုက်သည်။
Xxxxxxx