Chapter 134
ရုံးခန်းသည် တိတ်ဆိတ်ခြင်းနှင့် ဖုံးလွှမ်းခံထားရသည်။ အားလုံးက အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ဒါသည် မယုံကြည်နိုင်တဲ့မြင်ကွင်းပင်ဖြစ်၏။
ကောလဟာလတွေက အမှန်ဖြစ်နေခဲ့သည်။ သူတို့၏မြို့စားကတော်သည် မီးကို ကိုင်တွယ်နိုင်တယ်ဟု ကြားသိထားသော်လည်း အဲဒါက အမှန်တကယ်ဖြစ်နေကြောင်းကိုတော့ မသိခဲ့ကြ… အရမ်းကို ထိပ်လန့်သွားရလို့ လူတွေက အဟောင်းသားဖြစ်နေတဲ့ပါးစပ်ကို ဘယ်လိုပြန်ပိတ်ရမှန်းပင်မသိကြတော့ချေ။ ထိုအထဲမှာမှ ဒါက လက်တွေ့ဖြစ်ရပ်လား၊ အိပ်မက်လားဆိုတာကိုတောင်မှ မပြောနိုင်တဲ့သူတွေရှိကြသေးသည်။
“အမတ် ဂဲတီရွန် ရှင်အလုပ်ပြုတ်ပြီ”
ဆာစီးနီယာက ဆန့်တန်းထားတဲ့ သူမရဲ့လက်ကို အောက်ပြန်ချလိုက်ပြီး သူမရဲ့ သွေးရောင်တောက်နေသောမျက်ဝန်းများကတော့ သူ့ထံသို့ ဦးတည်နေသည်။
“အရှင်...…”
အမတ် ဂဲတီရွန်က ကြက်သေသေသွားရပေမယ့် ဆာစီးနီယာကတော့ အကြင်နာမဲ့စွာကြည့်နေသည်။
“ပြည်တွင်းအခွန်လို့ အမည်တပ်ပြီး ရှင်အလွဲသုံးစားလုပ်ခဲ့တဲ့ပိုက်ဆံတွေကို သူတို့ကို နှစ်ဆပြန်လျော်ပေးပြီး ဂလော်ရီထဲက ထွက်သွားတော့”
“ကျေး-ကျေးဇူးပြုပြီး ဒီတစ်ခါပဲခွင့်လွှတ်ပေးပါ.. ကျွန်တော်မျိုးမလုပ်ခဲ့တာကို ပြန်စဥ်းစားပေးပါဦး.. ဒီ-ဒီတစ်ခါပဲ ခွင့်လွှတ်မယ်ဆိုရင်–”
“ဘာလုပ်နေတာလဲ”
ခွင့်လွှတ်ဖို့ကို အသနားခံတောင်းဆိုနေသည့် အမတ် ဂဲတီရွန်အားကြည့်နေသော သူမရဲ့အကြည့်သည် အစောင့်ဆီသို့ ရောက်သွားသည်။
“သူ့ကိုခေါ်သွား”
နှင်းခဲများဆင်းသက်လာသကဲ့သို့ အေးစက်တဲ့အမိန့်သည် ထွက်ပေါ်လာခဲ့သည်။
“ဟုတ်ကဲ့”
တံခါးအရှေ့မှာစောင့်နေတဲ့ အစောင့်သည် အမတ် ဂဲတီရွန်ရဲ့လက်မောင်းကိုဆွဲကာ ဒီအချိန်ကိုစောင့်စားနေသည့်အလား အပြင်သို့ခေါ်ထုတ်သွားလေသည်။
“အရှင်မ ကျွန်တော်မှားသွားပါတယ် ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး…”
အမတ် ဂဲတီရွန်က ဆွဲထုတ်ခံသွားရတဲ့ကြားကနေ သဲကြီးမဲကြီးတောင်းပန်သော်လည်း အကျုံးမဝင်တော့ပေ။ ဆာစီးနီယာက သူမရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ဖို့ ရည်ရွယ်ချက်မရှိတော့။
ကိုယ့်အပိုင်မဟုတ်တဲ့အရာတစ်ခုကို ပိုင်ရှင်လိုဟန်ဆောင်နေမယ်ဆိုရင် ထိုအပြစ်အတွက် အများကြီးပြန်ပေးဆပ်ဖို့ ပြင်ဆင်ထားသင့်သည်။
“ကျစ် သူ့ကို မြေအောက်အကျဥ်းတိုက်ထဲ ထည့်ထားလိုက်”
အင်္ကျီအနားစတွေမှာမီးစွဲပြီး ဘာမှဝတ်ထားခြင်းမရှိပဲ မဖြစ်စလောက်လေးကို တုန်ယင်နေတဲ့ လူကြီးကို သူမက စူးစိုက်၍ကြည့်လိုက်သည်။
“ကျေး-ကျေးဇူးပြုပြီး ချမ်းသာပေးပါ.. ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
ဂျိန်း
ထိုလူကြီးရဲ့ ရုန်းကန်မှုတွေပြီးနောက်မှာ တံခါးချပ်ဟာ ပိတ်သွားခဲ့သည်။ အစောင့်တွေက အမတ် ဂဲတီရွန်နှင့် ထိုလူနှစ်ယောက်လုံးကို ခေါ်ဆောင်သွားခဲ့၏။
ကိုယ်ပေါ်မှဖုန်တွေကိုခါချလိုက်သကဲ့သို့ အနည်းငယ် လှုပ်ခါလိုက်ပြီးနောက် ဆာစီးနီယာသည် သူမရဲ့အကြည့်ကို အဝေးသို့ ပို့လိုက်သည်။
“နောက်တစ်ခါ ဒီလိုမျိုးထပ်ပြီး တရားမမျှတတဲ့စာချုပ်မျိုးရှိမှာမဟုတ်တော့ဘူး.. ပြည်တွင်းအခွန်အတွက်ဆောင်ထားတဲ့ ပိုက်ဆံတွေကို ကျွန်မ ပြန်ပေးမယ်”
မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးနေကြတဲ့အမူအရာတွေနဲ့ကြည့်နေတဲ့လူတွေကို သူမက မျက်နှာထားတင်းတင်းဖြင့် ပြောဆိုလိုက်သည်။
“...”
“...”
ဆာစီးနီယာရဲ့ မှတ်ချက်ချမှုပြီးနောက်မှာ ကုန်သည်တွေက အချင်းချင်းကြည့်လိုက်ကြသည်။
ဒါက တကယ်ပဲလား။ ဒီတစ်ခေါက်မှာရော သူမကို ယုံကြည်လို့ရရဲ့လား။
သူတို့မျက်ဝန်းတွေထဲမှာ သံသယစိတ်တွေ၊ စိုးရိမ်စိတ်တွေနှင့် ကြောက်စိတ်တွေ ရောထွေးပြည့်နှက်နေ၏။
“ဂျိုအန်နာ အဲဒါတွေပေး”
ထိုမျက်ဝန်းများကိုဖတ်ပြီးနောက်မှာ ဆာစီးနီယာက ဂျိုအန်နာကို အမိန့်ပေးလိုက်သည်။ ခေါ်ဆောင်ခြင်းခံလိုက်ရတဲ့ ဂျိုအန်နာသည် သူမလက်ထဲက ကိုင်ထားတဲ့စာချုပ်တွေကို တစ်ရွက်ပြီးတစ်ရွက် ကမ်းပေးလိုက်သည်။
“ဒါက စာချုပ်အသစ်ပဲ.. အဲဒီထဲမှာ လစဥ်ငှားရမ်းခကလွဲလို့ မတရားသဖြင့် အကျိုးအမြတ်မယူပါဘူးလို့ ထည့်သွင်းဖော်ပြထားတယ်.. အဲဒီတော့ ရှင်တို့ဖတ်ကြည့်ပြီး လက်မှတ်ထိုးလို့ရတယ်”
ဂျိုအန်နာက စာရွက်တွေအားလုံးကို ကမ်းပေးလိုက်ပေမယ့် ကုန်သည်တွေကတော့ သူတို့လက်ထဲက စာရွက်တွေကိုမကြည့်ပဲ အချင်းချင်းသာကြည့်နေကြလေသည်။ ဒီစာချုပ်ကို တစ်ယောက်ယောက်က အရင်ဆုံး လက်မှတ်ထိုးမှာကို စောင့်နေသည့်ပုံဖြစ်သည်။
“ကျွန်-ကျွန်မ ဒီမှာ လက်မှတ်ထိုးလို့ရလား”
ထို့နောက် တစ်ယောက်က အရင်ဆုံးဦးဆောင်၍ ကသိကအောက်ဖြစ်စေတဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ လက်ထောင်လိုက်သည်။ ခုနက စျေးလမ်းထဲမှာ ယောင်္ကျားတစ်ယောက်ဆီက အရိုက်ခံခဲ့ရတဲ့ သက်လတ်ပိုင်းမိန်းမပင်ဖြစ်သည်။
“ဟုတ်တယ် ထိုးလို့ရပါတယ်”
ဂျိုအန်နာက သူမပြင်ဆင်လာခဲ့တဲ့ဘောပင်ကို ထိုမိန်းမထံ ပေးလိုက်လေသည်။ အမျိုးသမီးက ဘောပင်ကိုယူ၍ အလျင်စလို တံတွေးမျိုချလိုက်သည်။ သူမသည် အသက်ကို ပြင်းပြင်းရှုထုတ်ပြီးနောက် ကိုင်ထားတဲ့ဘောပင်ကို ရွေ့ရန် ဖြည်းဖြည်းချင်း စတင်လှုပ်ရှားလိုက်သည်။ တုန်ယင်နေတဲ့အမျိုးသမီးရဲ့လက်က တွန့်လိမ်ကောက်ကွေ့စွာနှင့် သူမရဲ့နာမည်ကို ရေးလိုက်သည်။ ထိုစဥ်မှာပင် အမျိုးသမီးရဲ့မျက်ဝန်းများက အလွန်တုန်ယင်နေခဲ့သည်။ သူမက ဒီတစ်ခေါက်တော့ ထပ်ဖြစ်တော့မှာမဟုတ်ဘူးဟု ယုံကြည်ကာ လက်မှတ်ထိုးလိုက်ပေမယ့် စိုးရိမ်နေဆဲပင်ဖြစ်သည်။
“... ကျွန်မလည်း ထိုးမယ်”
“ကျွန်-ကျွန်တော်ရောပဲ…”
တုံ့ဆိုင်းနေကြတဲ့ ကုန်သည်များလည်း တစ်ယောက်ပြီးတစ်ယောက် လက်မှတ်ထိုးဖို့ အားမွေးလိုက်ကြသည်။
“...”
ဆာစီးနီယာက ဘာစကားတစ်ခွန်းမှမပြောပဲ အခြေအနေကို ကြည့်နေခဲ့သည်။ သူမ ဘာတွေးနေလဲဆိုတာကို သူများတွေမသိနိုင်သည့် အကြည့်ကို ပိုင်ဆိုင်ထားပြီး သူမရဲ့ ကြက်သွေးရောင်မျက်ဝန်းများသည် ယခင်ကထက်ပို၍ အသက်၀င်နေခဲ့သည်။ ဘန်က သူမရဲ့ ထိုအကြည့်ကို ဖမ်းယူခဲ့သည်။
***
ထိုညနေ
ဆာစီးနီယာက ရေနွေးဇလုံထဲမှာ သူမရဲ့ ခန္ဓာကိုယ်ကို နှစ်စိမ်နေရင်း ဒူးကိုဖက်ထားသည်။
“ဟ…”
ရေချိုးခန်းထဲမှာ လေးလံတဲ့ သက်ပြင်းချသံဟာ မြူဆိုင်းတဲ့ ရေနွေးငွေ့တွေကြားထဲ နစ်မြုပ်သွားခဲ့သည်။ ဟဲနပ်စ်စျေးလမ်းမကနေ အိမ်ဂေဟာကိုလာတဲ့ လမ်းတစ်လျှောက်လုံး အတွေးထဲမှာ နစ်မျောနေခဲ့ခြင်းဖြစ်သည်။
သူမ ဒီနေ့ကံကောင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ ဟဲနပ်စ်စျေးလမ်းမကို သွားတဲ့အချိန်တုန်းက ဖြစ်ခဲ့သောကြောင့်ဖြစသည်။ မတရားတဲ့စာချုပ်အကြောင်းကို သိရှိခဲ့ရပြီး မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ခဲ့လို့ ကျေးဇူးတင်မိပေမယ့် ဒီလိုကိစ္စမျိုးက အခြားတစ်နေရာရာမှာလည်း ဖြစ်ချင်ဖြစ်နေနိုင်လိမ့်မည်။
သူမသည် စာရွက်စာတမ်းတွေကို နှစ်ခါထပ်ပြီး စစ်ကြည့်လေ့ရှိသည်။ သို့သော်လည်း သူမကို လှည့်ဖြားဖို့ ဆုံးဖြတ်ထားကြတယ်ဆိုရင် စာရွက်စာတမ်းတွေကိုကြည့်တာနဲ့ အကဲဖြတ်နိုင်မည်မဟုတ်။
“ဒါပြဿနာပဲ”
ဆာစီးနီယာက စိုးရိမ်နေတဲ့မျက်နှာနဲ့ နှုတ်ခမ်းကိုက်လိုက်သည်။
သူမသည် ကိုယ့်ကိုယ်ကို ကျေနပ်အားရနေခဲ့ခြင်းဖြစ်သည်။ သူမသည် စားပွဲမှာထိုင်ပြီး စာရွက်စာတမ်းတွေကို နားလည်ရုံနှင့် ကောင်းကောင်းလုပ်နိုင်ပြီဟု အထင်မှားခဲ့သည်။ မဟုတ်၊ ဒါနဲ့ပက်သက်ပြီး ဘာပြဿနာမှမဖြစ်နိုင်လောက်ဘူးလို့ ယုံကြည်ချင်ခဲ့သောကြောင့်ဖြစ်နိုင်သည်။
လုပ်ပိုင်ခွင့်ကို အမှတ်မထင်ပေးအပ်ထားခြင်းခံရပေမယ့် သူမသည် ဘာပြဿနာမှမရှိပဲ ကောင်းကောင်းလုပ်နိုင်နေပြီဟုထင်ခဲ့သည်။ ထိုအတွေးများက သူမကို ကောင်းမွန်တဲ့ဘုရင်မတစ်ပါးဖြစ်ကြောင်း ထင်စေခဲ့သည်။ စာရွက်စာတမ်းတွေထဲမှာ တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို ရှာတွေ့သင့်ခဲ့ပေမယ့် ဘာမှထွေထွေထူးထူးမရှိပါဘူးဟုဆိုကာ မကြည်လင်သောမျက်ဝန်းများဖြင့် ဒီတိုင်းကျော်လာခဲ့သည်။
“ငါက ဘာမှမထူးခြားဘူးပဲ..”
ရေပေါ်မှာမြင့်တက်နေတဲ့ ပေါင်ပေါ်သို့ သူမသည် ကိုယ့်မျက်နှာကိုနစ်မြုပ်လိုက်လေ၏။
သူမသည် လိုင်မာဖီးယပ်စ်ကြောက်တဲ့ ဗျူရိုကရက်အရာရှိနှင့် သိပ်မကွာပေ။
ယနေ့တွင် ကုန်သည်တွေအားလုံး စာချုပ်အသစ်မှာ လက်မှတ်ထိုးခဲ့ကြသည်။ သို့သော်လည်း အားလုံးက စာချုပ်အသစ်ကိုကြောက်နေကြဆဲသာဖြစ်၏။ သူမက မတရားတဲ့အကြောင်းအရာ မပါဝင်ပါဘူးလို့ပြောထားပေမယ့် သူတို့အားလုံးက မဖတ်တတ်ကြသည့်အတွက် မသိနိုင်ပေ။ ဒါသည် ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်ခဲ့သည်။
ဆာစီးနီယာသည် ထိုအတွက် အကောင်းဆုံးဖြေရှင်းနည်းကိုသိသည်။ ထိုဖြေရှင်းနည်းသည် သူမ ဒီမှာဆက်လက်နေထိုင်ဖို့အတွက်ဖြစ်သည်။ ဒီမှာအခြေချပြီး အချိန်နဲ့အမျှပုံမှန်စစ်ဆေးနေမည်ဆိုလျင် ဒီနေ့လိုကိစ္စမျိုးထပ်ဖြစ်တော့မှာမဟုတ်။
သို့သော် ဒါက သူမကိုယ်တိုင်ဆုံးဖြတ်လို့ရသည့်အရာမဟုတ်။ သူမရဲ့ဘေးမှာ တစ်သက်တာလုံးအတွက်အတူရှိနေပေးပါမယ်လို့ ကတိပေးခဲ့တဲ့ လူတစ်ယောက်ရှိနေသောကြောင့်ဖြစ်သည်…
ဒေါက် ဒေါက် (တံခါးခေါက်သံ)
ထို့နောက် တံခါးခေါက်သံကိုကြားလိုက်ရသည်။
‘ငါတစ်ယောက်တည်းရှိနေချင်လို့ ဘယ်သူမှဝင်မလာပါနဲ့လို့ပြောခဲ့တယ်မဟုတ်ဘူးလား’
“ကိုယ်ပါ ဆာစီးနီယာ.. ဝင်လာလို့ရမလား”
သို့သော် အပြင်ကအသံကတော့ မထင်မှတ်ထားခြင်းဖြစ်သည်။
“ဘန်လား”
ဆာစီးနီယာက နားမလည်သည့်မျက်နှာနှင့် တံခါးကိုကြည့်လိုက်သည်။
‘သူဝင်လာတာလား.. ဘယ်ကိုလဲ.. ဒီကိုလား’
“မ-မလာနဲ့ဦး.. ခဏလေးစောင့်.. ကျွန်မရေချိုးနေလို့”
“ကိုယ်သိပါတယ်”
“...”
တုံ့ဆိုင်းခြင်းမရှိပဲပြန်ဖြေလာတဲ့အဖြေကြောင့် သူမသည် နားလည်ရခက်သွားရ၏။
‘ဘာ’
သူမသည် ရုတ်တရက်ကြောက်စိတ်ဝင်သွားရပေမယ့် အရေးတကြီးကိစ္စဖြစ်မယ်ဟုထင်သောကြောင့် ရေချိုးကန်ထဲမှထလိုက်သည်။
“ခဏလေးစောင့်”
“ရပါတယ် ကိုယ်စောင့်နေမယ်”
ရေလဲဝတ်ရုံကိုဝတ်ဖို့လုပ်တဲ့အချိန်မှာ ဆာစီးနီယာရဲ့လှုပ်ရှားမှုတွေက ခဏတာမျှ ရပ်တန့်သွားရသည်။ အဖြေကတော့ ဒါက တကယ်အရေးမကြီးသောကြောင့်ဖြစ်သည်။ ထိုအခါမှ သူမသည် အားလုံးကိုနားလည်သွားပြီး ရေချိုးကန်ထဲမှာပြန်ထိုင်လိုက်သည်။
“...အင်း ဝင်ခဲ့”
ကျွီ
တံခါးကပွင့်လာပြီး သူက ရေချိုးခန်းထဲသို့ဝင်လာသည်။
“...”
ထိုအချိန်မှာ ဆာစီးနီယာရဲ့မျက်ဝန်းများသည် တဖျပ်ဖျပ်လှုပ်ခါသွားခဲ့ပြီး အသက်ရှုနှုန်းသည် ချက်ချင်းရပ်တန့်သွားခဲ့သည်။
ဘန်က သက်သောင့်သက်သာဝတ်စားထားပေမယ့် သူ့ရဲ့အေပါ်ပိုင်းကတော့ ဘာမှဝတ်ဆင်ထားခြင်းမရှိပေ။ ရေစိုဖို့ မျှော်လင့်နေသလိုပုံစံဖြစ်သည်။ ဘန်က သူမရဲ့မျက်ဝန်းတွေကိုသာကြည့်ပြီး မတုံ့ဆိုင်းပဲ အနားကိုချဥ်းကပ်လာသည်။ သူ့အကြည့်က ပူလောင်လွန်းလို့ အကြည့်ခံနေရတဲ့ အရေပြားများသည်တောင်မှ လောင်ကျွမ်းသွားသလိုဖြစ်ခဲ့သည်။
ဆာစီးနီယာသည် စိတ်တင်းမာသွားရပြီး အသိဝင်ကာ ခန္ဓာကိုယ်ကို ဖုံးကွယ်ရန်အတွက် ဒူးကိုထောင်လိုက်သည်။ သူတို့အချင်းချင်းရဲ့ခန္ဓာကိုယ်များကို အကြိမ်ပေါင်းများစွာတွေ့ခဲ့ရပြီးဖြစ်ပေမယ့် ဒီလိုလင်းထိန်နေတဲ့နေရာမှာတော့ ရှက်ကိုးရှက်ကန်းဖြစ်ရဆဲသာဖြစ်သည်။
“ဆာစီးနီယာ”
“ဟ-ဟမျ”
အရိုင်းဆန်ဆန်ထွက်ပေါ်လာတဲ့ သူ့အသံက ဆွဲဆောင်မှုရှိလွန်းလို့ သူမကို စကားတောင်ထစ်စေ၏။
“ကိုယ်ဝင်လာလို့ရမလား”
သူက ရုတ်တရက် ရေချိုးကန်ရှေ့မှာရပ်ပြီး သူ့ရဲ့မျက်ဝန်းများနဲ့ သူမအား ငေးကြည့်နေ၏။ ထိုပူလောင်နေတဲ့မျက်ဝန်းများထဲမှာ ဆာစီးနီယာသည် ပိတ်မိသွားခဲ့သည်။ သူမရဲ့ နှုတ်ခမ်းများသည် ခြောက်သွေ့သွားခဲ့၏။ သူ့မျက်ဝန်းထဲမှာ ပုံရိပ်ထင်နေတဲ့ ဆန္ဒတွေက ယခင်ကထက်ပိုပြီး နက်ရှိုင်းနေသလိုခံစားရသည်။ သို့သော် သူမသည် ငြင်းဆန်ဖို့ ရည်ရွယ်ချက်မရှိသည့်အတွက် ဘာမှမပြောပဲ ခေါင်းငြိမ့်လိုက်သည်။
သူမရဲ့ ခွင့်ပြုချက်ရတာနဲ့ ဘန်က လှုပ်ရှားလိုက်သည်။ ဗွမ်းဆိုသည့်ရေသံနဲ့အတူ သူက ရေချိုးကန်ထဲသို့ ဝင်ရောက်လာခဲ့၏။
“...”
မြင့်တက်လာတဲ့စိတ်ခံစားချက်တွေနဲ့အတူ တုန်ယင်စွာနဲ့ ဆာစီးနီယာက သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ ရေချိုးကန်က ကျယ်ပြန့်ပေမယ့် သူကတော့ သူမရဲ့ နောက်ကျောမှာထိုင်လိုက်သည်။ ဘန်က သဘာဝကျကျနဲ့ သူ့လက်များကို ဆန့်ထုတ်လိုက်သည်။
ရေချိုးကန်က ကျယ်ဝန်းပေမယ့် သူကတော့ သူမရဲ့ နောက်မှာထိုင်နေသည်။
“ဟူး…”
ဆာစီးနီယာက အံ့အားသင့်စွာနဲ့ အသက်ရှုလိုက်သည်။ သူ့လက်မောင်းတွေက သူမရဲ့ခါးကို ရစ်ပတ်ပြီး အနားကိုဆွဲတိုးလိုက်သည်။ သူမရဲ့ ပေါ့ပါးတဲ့ကိုယ်လေးက သူ့လက်တွေနဲ့ဆွဲယူခြင်းခံလိုက်ရတဲ့အခါမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို အချင်းချင်းထိတွေ့ခံစားရစေသည်။ ရေတွေတောင် ဝင်ရောက်မစီးဆင်းနိုင်သည့်အနေအထားထိဖြစ်သည်။
ဆာစီးနီယာက ကောင်းမွန်စွာ အသက်မရှုနိုင်ပေ။ နည်းနည်းလေးလှုပ်လိုက်တာနဲ့တောင်မှ သူ့ရဲ့ကြွက်သားကောက်ကြောင်းတွေက သူမရဲ့နောက်ကျောကို ဆွဲယူနေသလို ထိတွေ့လာနေသောကြောင့်ဖြစ်သည်။ ထို့အပြင် သူ့ရဲ့ ပုံမှန်အသက်ရှုသံသည်လည်း သူမရဲ့ လည်ပင်းနဲ့နားရွက်ကို ယားကျိကျိဖြစ်စေသောကြောင့်ဖြစ်သည်။
အလွန်သည်းထိတ်ရင်ဖိုဖြစ်စရာကောင်းသောကြောင့် သူမရဲ့ခေါင်းသည်လည်း မူးနောက်လာရပြီး သူမရဲ့နှလုံးခုန်နှုန်းသည်လည်း ပို၍မြန်ဆန်လာရသည်။ ရေချိုးခန်းထဲမှာရှိတဲ့ လေပူတွေနဲ့ သူမထိတွေ့နေတဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့်ဖြစ်ဖို့များသည်။ ရေချိုးခန်းထဲရှိ တိတ်ဆိတ်နေမှုပင်ဖြစ်သည်။
သူမကြားနိုင်တာကတော့ ရေစက်များစီးကျနေတဲ့အသံပင်ဖြစ်သည်။ ထို့ကြောင့်မို့ သူမရဲ့ နှလုံးခုန်သံကိုတောင်ကြားနိုင်တဲ့ထိ စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်လိမ့်မည်။
“ဆာစီးနီယာ”
ထို့နောက် မိနစ်ပိုင်းမျှ နှုတ်ဆိတ်နေခဲ့တဲ့ဘန်က စကားစလာလေသည်။ ရုတ်တရက်ခေါ်လိုက်မှုကြောင့် သူမရဲ့ သေးသွယ်တဲ့ပုခုံးလေးများသည် တုန်လှုပ်သွားရ၏။
“အင်း…”
ဆာစီးနီယာက ရှက်ပြီး ပူလောင်နေတဲ့ သူမရဲ့ လည်ကုပ်ကို ပွတ်သပ်လိုက်သည်။ အခု စိတ်လှုပ်ရှားနေတဲ့သူက သူမ တစ်ယောက်တည်းဖြစ်နေတယ်လို့ ထင်မိ၏…
“အာ…”
ထိုအခိုက်အတန့်တွင်ဖြစ်သည်။ မမျှော်လင့်ထားတဲ့ အထိအတွေ့က သူမရဲ့ အနီရောင်နှုတ်ခမ်းကို ညည်းသံထွက်စေမိ၏။ သူ့နှုတ်ခမ်းက သူမကို တကျွိကျွိမြည်သံနဲ့ ထိတွေ့နေလေသည်။ သူ့နှုတ်ခမ်းက အလွန်နှေးကွေးစွာနဲ့ လျှောဆင်းလာခဲ့ပြီး သူမရဲ့ လက်ချောင်းများအားလုံးကို နမ်းရှိုက်နေသည်။ သူမရဲ့ ခြေချောင်းတွေကွေးတက်စေတဲ့ထိဖြစ်ပေါ်လာရတဲ့ စပ်ဖျဥ်းဖျဥ်းခံစားချက်ကြောင့် သူမသည် နှုတ်ခမ်းကို ကိုက်ခဲထားမိသည်။
သူမရဲ့ လက်ချောင်းငါးချောင်းလုံးကို နမ်းပြီးတဲ့ ဘန်သည် သူ့လက်တွေနှင့် သူမရဲ့လက်တွေကို ရစ်ပတ်ပြီး ရေချိုးကန်ထဲကို နှိမ့်ချလိုက်သည်။ ဖုံးကွယ်နေခဲ့တဲ့ သူမရဲ့ လည်ပင်းသည် ပေါ်နေလေသည်။ သူမရဲ့ နားရွက်ဖျားများသည်လည်း နီရဲနေ၏။
စွဲလမ်းသောမျက်ဝန်းများနှင့် သူမအားကြည့်ရင်း ဦးခေါင်းကိုနှိမ့်ချပြီး မခံမရပ်နိုင်ဖြစ်နေသောဆန္ဒများနှင့် ဖြူဝင်းတဲ့ကုပ်ပိုးလေးအား နူးညံ့စွာ ကိုက်ခဲလိုက်သည်။
“အာ…”
ထို့နောက် သူ့လက်မောင်းတွေကြားမှာ သူမသည် နာကျင်မှုကြောင့် တုန်ယင်သွားရ၏။ ဘန်က သူမရဲ့လည်ပင်းပေါ်မှာ သူ့မျက်နှာကိုနစ်ဝင်ထားရင်း နူးညံ့တဲ့အသားအရေကို ခံစားနေလေသည်။ ရေရဲ့အနံ့နဲ့ ပြင်းထန်တဲ့ကိုယ်သင်းနံ့သည် သူ့နှာခေါင်းထဲမှာ စိမ့်ဝင်ပျံ့နှံ့နေ၏။ သူ့ဘဝတစ်လျှောက်လုံး လက်မလွှတ်ချင်တဲ့ ရနံ့လေးပင်ဖြစ်သည်။ ကိုယ့်ကိုယ်တောင်သတိမထားမိလိုက်ပဲ သူမရဲ့လက်ကို ဖမ်းဆုပ်လိုက်ရင်း တင်းကျပ်စွာ ဖျစ်ညှစ်လိုက်မိသည်။ သူလက်မလွှတ်ချင်ကြောင်းကို သူ့ရဲ့နှလုံးသားအောက်ခြေကနေ အစီအစဥ်ရေးဆွဲထားခြင်းဖြစ်သည်။
“...”
ဆာစီးနီယာက ဆွဲဆောင်မှုရှိတဲ့စွမ်းအားတွေကြောင့် မျက်လွှာချ၍ ရေကိုသာငေးကြည့်နေမိသည်။ သူ့လက်တွေက အားအင်နဲ့ သူမကို ဆုပ်ကိုင်ထားရင်းကနေ အနည်းငယ်တုန်ယင်နေသည်။ သာမာန်လိုမဟုတ်ပဲ သူ့ရဲ့စိတ်ခံစားချက်တွေက ထူးထူးခြားခြား နက်ရှိုင်းမှောင်မိုက်နေခဲ့သည်။
“ဘန် ဘာဖြစ်လို့လဲ”
“ခဏလေး”
ဆာစီးနီယာက စိတ်ပူသွားလို့ သူ့ကို လှည့်ကြည့်မလို့လုပ်ပေမယ့် မရခဲ့။ သူမရဲ့ခါးကို တင်းကျပ်စွာ ပွေ့ဖက်ထားသောကြောင့်ဖြစ်သည်။
“ဒီလိုမျိုးလေး ခဏလောက် အတူရှိနေချင်တယ်”
သူ့ရဲ့ သဲသဲကွဲကွဲမကြားရပဲ မပွင့်တပွင့်ပြောလိုက်တဲ့အသံက သူမရဲ့ အသားရေကိုထိပြီး ပြန့်ကျဲသွားခဲ့သည်။
ဆာစီးနီယာက နှုတ်ဆိတ်စွာနဲ့ သူ့ကို စောင့်နေခဲ့သည်။ သူ့ရဲ့ ကျယ်ပြန့်တဲ့လက်မောင်းတွေကြားမှာ သူစကားပြန်စလာတဲ့ထိ စောင့်နေခဲ့သည်။
ဘယ်လောက်ကြာသွားခဲ့ပြီလဲ။
ရေချိုးကန်ထဲက ရေနွေးတွေ အေးလုနီးပါးဖြစ်နေတဲ့အချိန်မှာ သူနှုတ်ဟလာခဲ့သည်။
Xxxxxx