Chapter 133
“...ဘယ်လိုသိတာလဲ”
“အလိုလိုသိနေတာ.. အားချန်က ရှင့်ကိုမဟုတ်ပဲ မေရဲ့နောက်ကိုလိုက်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”
စိတ်ရှုပ်ထွေးနေသည့်ဘန်ကိုကြည့်ရင်း သူမက ပြုံးလိုက်သည်။
ဆာစီးနီယာမသိစရာအကြောင်းလုံးဝမရှိ။ အားချန်ရဲ့ ပင်ကိုယ်စရိုက်ကိုကြည့်ခြင်းအားဖြင့် သူသည် ဘန်က အမိန့်မပေးမချင်း ဘန်ရဲ့အနားက ထွက်ခွာသွားမည့်သူမျိုးမဟုတ်။
“ကိုယ်သူတို့နှစ်ယောက်ကိုသွားရှာမယ်…”
လှည့်စားခံလိုက်ရတဲ့ဘန်က သူ့ရဲ့ ငိုက်ကျနေတဲ့ပုခုံးများကို လှည့်ဖို့ကြိုးစားလိုက်သည်။ သို့သော် သူမလှည့်နိုင်ခဲ့။ လက်ကိုလွှတ်လိုက်မယ့်အစား ဆာစီးနီယာက သူ့လက်ကို တင်းကျပ်စွာချိတ်တွဲထားလိုက်သည်။
“ကျွန်မ အခုရှင်နဲ့ပဲအတူရှိနေချင်တယ်”
အနည်းငယ်ရှက်သွေးဖြန်းသွားသောမျက်နှာအမူအရာနှင့် သူမက ပြောလိုက်သောအခါ သူ့မျက်နှာသည်လည်း ချက်ချင်းနီမြန်းသွားရလေသည်။ သူမက ဒီတိုင်းနှစ်ယောက်အတူတူရှိနေချင်တယ်ဆိုသော်လည်း တစ်နည်းနည်းနဲ့တော့ စွဲမက်စရာကောင်းနေလေသည်။ သူတို့နှစ်ယောက်လုံးသည် တချို့သောညတွေကို အတူတူကုန်ဆုံးခဲ့ကြသော်လည်း အခုထိ နှစ်ယောက်သားဟာ ထိုအကြောင်းနဲ့ပက်သက်ပြီး ရှက်နေကြသေးသည်။
“ဝါး ဒါက တကယ်နာမည်ကြီးမယ့်ပုံပဲ”
အချိုတည်းစရာဆိုင်ရှေ့ကို လက်ချင်းတွဲပြီးရောက်ရှိလာတဲ့ ဆာစီးနီယာသည် အံ့အားသင့်သွားရလေသည်။ အချိုပွဲများကို ဝယ်ယူဖို့အတွက် ဆိုင်ရှေ့မှာ လူတွေအများကြီး တန်းစီလျက်ရှိနေကြသည်။
“ဒီမှာထိုင်စောင့်နေ.. ကိုယ်သွားမှာလိုက်မယ်”
“မဟုတ်တာ.. အတူတူသွားရအောင်”
“မင်းခြေထောက်နာလိမ့်မယ်.. ဒီမှာပဲနေခဲ့”
ဘန်က သူမရဲ့နဖူးကိုအနမ်းပေးပြီး ရှည်လျားတဲ့လူတန်းထဲကို ဝင်သွားသည်။ ဆိုင်နဲ့ အနည်းငယ်ဝေးတဲ့ ခုံတန်းလျားမှာထိုင်နေတဲ့ ဆာစီးနီယာသည် လူတန်းထဲက ဘန်ကို လှမ်းကြည့်လိုက်သည်။ ကြီးမားတဲ့လူအုပ်ကြီးရဲ့အလယ်မှာတောင်မှ သူမသည် သူ့ကိုမှတ်မိနိုင်၏။ ဘန်က သူများတွေထက် ခေါင်းတစ်လုံးပိုပါနေသည့်အလား မတ်မတ်မားမားရပ်နေ၏။
‘ထင်တဲ့အတိုင်း သူက ချောတာပဲ’
သူ့မျက်နှာကိုကြည့်ရင်း အတွင်းစိတ်ထဲကနေ တွေးတောနေခဲ့တဲ့ဆာစီးနီယာသည် ခဏတာ အေးခဲသွားရသည်။
“...”
သူ့မျက်ဝန်းများက သူမကိုတွေ့သွားပြီး ပြုံးပြလာသည်။ သူ့ရဲ့ပြောင်မြောက်လှတဲ့အပြုံးက ဖုံးကွယ်လို့မရတဲ့ စိတ်ခံစားချက်တွေ ပါဝင်နေသည်။ သူမအတွက်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းတရားတွေက အလွန်ပြည့်စုံလွန်းသည့်အတွက် ဘာမှပြောစရာမလိုပဲနဲ့တောင် ဆာစီးနီယာက ခံစားသိရှိနိုင်သည်။
ထို့နောက် ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူနဲ့အတူတန်းစီနေကြတဲ့လူတွေထဲမှာ ရုတ်ရုတ်သဲသဲဖြစ်လာခဲ့သည်။ သူတို့အားလုံးသည် ရှက်နေကြပြီး ဘန်ကို ငေးကြည့်နေကြသည်…
“အာ…”
ထိုအခါမှ ဆာစီးနီယာသည် ခုနက မေပြောခဲ့တဲ့စကားကို နားလည်သွားရလေသည်။ ဘန်က ဘာလို့ ခေါင်းစွပ်အင်္ကျီကို မဝတ်ရလဲဆိုတဲ့စကားပင်ဖြစ်သည်။ ဒီလိုဖြစ်မယ်ဆိုတာသာသိရင် သူမသည် ဘန်ကို ခေါင်းစွပ်အင်္ကျီဝတ်ပေးစေခဲ့သည်။
သူ့နားမှာရှိတဲ့မိန်းကလေးတွေအားလုံးက သူ့ကိုကြည့်နေကြတယ်ဆိုတာဟာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။ အချိန်နှောင်းမှရတဲ့ နောင်တတွေနဲ့အတူ ဆာစီးနီယာရဲ့ ထူးဆန်းတဲ့ သဝန်တိုမှုတွေဖြစ်ပေါ်လာရချိန်မှာ
“ဟူးဟူးဟင်း”
တစ်နေရာရာကနေ ငိုသံကို ကြားလိုက်ရသည်။ ဆာစီးနီယာက လျင်မြန်စွာနဲ့ လှည့်ကြည့်လိုက်သည်။ သိပ်မဝေးတဲ့နေရာကနေ ကလေးတစ်ယောက်ဟာ အော်ကြီးဟစ်ကျယ်ငိုကြွေးနေလေသည်။
“ဘာဖြစ်တာလဲ”
ကလေးအနားကို ချဥ်းကပ်သွားတဲ့ ဆာစီးနီယာက ကလေးနှင့်မျက်လုံးချင်းဆုံစေရန် ဒူးကွေးထိုင်လိုက်သည်။
“သားမေမေက မကောင်းတဲ့လူကြီးနဲ့ စကားပြောနေတယ်.. အီးဟီး”
“သားရဲ့ မေမေက အခုဘယ်မှာလဲ”
ကလေးက တရှုံ့ရှုံ့ငိုပြီး သူ့အမေကို လက်ညှိုးညွှန်ပြသည်။ ဆာစီးနီယာက ကလေးညွှန်ပြတဲ့နေရာတည့်တည့်ကို စိုက်ကြည့်လိုက်သည်။ သူမဘေးနားက ကုန်သည်တွေက တစ်နေရာတည်းကိုပဲ ကြည့်နေကြသည်။
“အဲဒါကြောင့် လက်မှတ်မထိုးခင် စာချုပ်ကို သေချာကြည့်သင့်တယ်လေ ခွေးမရဲ့”
ထိုနေရာမှာ မိန်းကလေးတစ်ယောက်ကို အသံမြှင့်ပြီးပြောနေတဲ့ ယောကျ်ားတစ်ယောက်ရှိလေသည်။ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့မိန်းကလေးဟာ ကြမ်းပြင်ပေါ်မှာ ပုံလျက်သားကျနေပြီး အလွန်အမင်းစိုးရိမ်နေသောမျက်နှာထားနှင့် ထိုလူကြီးရဲ့ဘောင်းဘီကို လှမ်းဆွဲထားလေသည်။
“ကျွန်-ကျွန်မ မဖတ်တတ်လို့ပါ…”
“အဲဒါ မင်းအလုပ်လေ”
မိန်းကလေးကို ညစ်ပတ်နေသည့်လူတစ်ယောက်လိုကြည့်ကာ မျက်နှာကို ရှုံ့တွလိုက်ပြီး ထိုမိန်းကလေးရဲ့လက်အား ဖြတ်ရိုက်ချလိုက်လေသည်။ သက်လတ်ပိုင်းဖြစ်တဲ့ မိန်းကလေးဟာ မြေပြင်ပေါ်မှာ ကူကယ်ရာမဲ့စွာ လဲကျသွားခဲ့သည်။
“အား”
သို့သော်လည်း အခုထိ ဒေါသတွေ မပြေလျော့သေးသည့်အလား ထွားကျိုင်းတဲ့လူကြီးတစ်ယောက်ဟာ ခက်ထန်သောမျက်နှာထားနှင့် မြေပြင်ထက်ကို တံတွေးထွေးချလိုက်လေသည်။
“ကျွန်-ကျွန်မ စာချုပ်ကို လက်မှတ်ထိုးတုန်းက ပြောခဲ့တယ်လေ.. စာမဖတ်တတ်ပါဘူးလို့.. အဲတော့ ရှင်တို့ပဲ စာချုပ်ကိုဖတ်ခဲ့ကြပြီး အဲဒီအချိန်တုန်းက ဘာမှမပြောခဲ့ကြဘူးလေ”
“ငါမင်းကိုပြောခဲ့ပြီးသား.. မင်းဘာသာနားကန်းတာ မင်းအမှားပဲကို ဘာလို့ ငါ့ကိုလာပြီးအပြစ်တင်နေတာလဲ.. ငါပြောပြီး မင်းလည်း စာချုပ်ကိုလက်မှတ်ထိုးပြီးသားလေ.. အဲတော့ အခု ပိုက်ဆံယူလာခဲ့တော့”
ထိုလူကြီးက ကြမ်းကြုတ်ရက်စက်တဲ့မျက်နှာနဲ့ သူ့လက်ထဲက စာချုပ်ကို ဝေ့ယမ်းပြလိုက်ပြီး သူမကို အော်ပြောလိုက်လေသည်။
“အီးဟီး..”
နောက်ဆုံးမှာတော့ မိန်းကလေးဟာ ငိုကြွေးပါတော့သည်။ ဒီစိုးရိမ်ဖွယ်အခြေအနေကနေ လွတ်မြောက်ဖို့ နည်းလမ်းမရှိသည့်အလား ငိုကြွေးတော့သည်။ စုဝေးနေကြတဲ့ကုန်သည်များသည် သနားစရာကောင်းတဲ့ မိန်းကလေးရဲ့မျက်ရည်များကိုကြည့်ပြီး သူတို့ရဲ့အသံကို စကားတစ်ခွန်း သို့မဟုတ် နှစ်ခွန်းမြောက်မှာ မြှင့်ပြောလိုက်ကြသည်။
“ရှင်-ရှင်တို့က လူတေလူညစ်တွေ…”
“တကယ် ငွေညစ်တဲ့ကောင်တွေပဲ”
ထိုလူသည် တီးတိုးစကားသံကိုကြားလိုက်ပြီး လှည့်ကြည့်ကာ အော်ပြောလိုက်သည်။
“ဘာလာကြည့်နေတာလဲ.. ငါတို့ကိုကြည့်နေတာလား ဟမ်.. မင်းတို့လည်း ပြင်ဆင်ထားသင့်တယ်.. ရက်စေ့တာနဲ့ ငါလာယူမှာ”
ဘေးပတ်ဝန်းကျင်ကလူတွေက ရေနဲ့ ပက်ဖျန်းခံလိုက်ရသကဲ့သို့ တိတ်ဆိတ်သွားကြလေသည်။ ကြည့်နေသောသူများအားလုံးက တရားမမျှတမှန်းသိလို့ ဝင်ပြောချင်ကြပေမယ့် လူကောင်ကြီးမားတဲ့ယောကျ်ားသန်မာကြီးတွေကို မနိုင်သည့်အတွက် ပါးစပ်ပိတ်ထားရုံသာ တတ်နိုင်ခဲ့ကြသည်။
အခြေအနေကိုကြည့်ပြီးနောက် ဆာစီးနီယာက ထိုလူရဲ့လက်ထဲက စာချုပ်ကို ဆတ်ခနဲ ဆွဲယူလိုက်လေသည်။
“မင်း.. ဘာလုပ်တာလဲ.. သေချင်လို့လား”
သူမသည် ဘေးကနေ တကျည်ကျည်ပြောနေတဲ့အသံတွေကို လျစ်လျူရှုကာ စာချုပ်ကို ဖတ်လိုက်သည်။
အရမ်းကိုရိုးရှင်းတဲ့စာချုပ်ဖြစ်ပေမယ့် ထူးဆန်းတဲ့ စာပိုဒ်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။
[လစဉ်ငှါးရမ်းခနှင့်အတူ ဆိုင််ခန်း၏ လစဉ်ရောင်းရငွေထဲက ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းအခွန်အဖြစ် ပေးချေရမည်ဖြစ်သည်။]
ပြည်တွင်းအခွန်။
သူမ တစ်ခါမှ အစီရင်မခံခဲ့ဖူးတဲ့အရာသာဖြစ်သည်။ အရင်ရက်က သူမကြည့်ခဲ့တဲ့ ဆိုင်ခန်းစာချုပ်သည် လစဥ်ငှားရမ်းခအကြောင်းကိုသာ ဖော်ပြထားခြင်းဖြစ်သည်။
“ပြည်တွင်းအခွန်.. ပြည်တွင်းအခွန်ဆိုတာ ဘာလဲ.. ငါဒီလိုမျိုး တစ်ခါမှမကြားဖူးဘူး”
ဆာစီးနီယာမေးလိုက်ချိန်မှာ ထိုလူကြီးက စိတ်မရှည်သည့်ပုံစံနှင့် စာချုပ်ကို သူ့လက်ထဲသို့ ပြန်ဆွဲယူသွားလေသည်။
“မင်းနဲ့မဆိုင်ဘူး..ဝေးဝေးသွား.. လာမပက်သက်နဲ့”
ထိုလူကြီးက သူမကိ အရေးမစိုက်တဲ့မျက်နှာနဲ့ကြည့်ပြီး ငိုနေတဲ့ဆိုင်ရှင်ဘက်ကို ပြန်လှည့်လိုက်သည်။
“စာချုပ်က ဘုရင်ဆီကိုလည်း တင်ပြပြီးသား.. ချိုးဖောက်မယ်ဆိုရင် ဘာဖြစ်မလဲဆိုတာရောသိလား.. မနက်ဖြန် ပြည်တွင်းအခွန်ဆောင်ဖို့လုပ်ထား”
အကြွင်းမဲ့ အမိန့်ပေးနိုင်သည့်အလား ထိုလူကြီးက စာချုပ်ကို တစ်ဖန်ထပ်ပြီး ဝေ့ယမ်းပြလိုက်ပြန်လေသည်။
ထိုအချိန်တွင်
“ဘာ-ဘာလဲ”
ထိုလူကြီးက ရုတ်တရက် မြောက်တက်ပြီး ပျာယာခတ်ကာ စိတ်ရှုပ်ထွေးသွားသောပုံစံနှင့် အောက်သို့ ပြန်ကျသွားလေသည်။ ကြည့်နေကြတဲ့ ကုန်သည်တွေလည်း အံ့အားသင့်သွားကြရသည်။ လူကြီးကိုင်ထားတဲ့ စာချုပ်က ရုတ်ချည်းဆိုသလို မီးလောင်ကျွမ်းသွားခဲ့ပြီး ပြာကျကာ ပျောက်ကွယ်သွားခဲ့လေသည်။
“အိုး..မီးလောင်သွားပြီ.. စာချုပ်က”
ဆာစီးနီယာက သူမရဲ့လက်ချောင်းများကို နှိမ့်ချလိုက်ရင်း ပြုံးလိုက်လေသည်။ သူမက အံ့အားသင့်ပုံမပြပဲ ပြုံးလိုက်တာကိုကြည့်ပြီး ထိုလူကြီးသည် ဒေါသစိတ်များမွှန်ထူသွားရလေသည်။
“မင်း မင်း ခွေးမ”
ထို့နောက် အားလုံးကို သတိထားမိသွားသကဲ့သို့ သူမဆီကို အပြေးအလွှားသွားတော့သည်။ ဆာစီးနီယာက သက်သောင့်သက်သာပဲရှောင်တိမ်းလိုက်ပေမယ့် သူမဝတ်ထားတဲ့ ခေါင်းစွပ်အင်္ကျီကတော့ လျှောကျသွားလေသည်။ ဖုံးကွယ်ထားခဲ့တဲ့ သူမရဲ့ ဆံနွယ်အရှည်များသည် ခါးအောက်ထိ ကျဆင်းသွားခဲ့သည်။ နေဝင်ချိန်ထက် ပိုမိုနက်မှောင်တဲ့ ကြက်သွေးရောင်မျက်လုံးနှင့် အနီရောင်ဆံပင်များသည် အားလုံးရှေ့မှာ ထုတ်ဖော်ပြသပြီးသားဖြစ်သွားသည်။
ကုန်သည်များကို တတွတ်တွတ်ပြောဆိုနေကြပေမယ့် ထိုလူကြီးကတော့ ဘယ်ရောက်သွားမှန်းမသိပေ။ သူ့ထက် အားနည်းပြီး ခန္ဓာကိုယ်သေးငယ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ကို ဒီလိုမျိုးလုပ်ရဲတာဟာ သူ့ကို အရှက်ရစေလေ၏။
“ဒီခွေးမကတော့.. အ-အား”
ဒေါသထွက်သွားတဲ့လူကြီးဟာ နွားသိုးကြီးတစ်ကောင်လို သူမဆီသို့ ပြေးသွားဖို့ကြိုးစားပေမယ့် မလုပ်နိုင်ခဲ့။ အဘယ်ကြောင့်ဆိုသော် သူ့ဘောင်းဘီသည် ရုတ်တရက် မီးစွဲသွားရခြင်းကြောင့်ဖြစ်သည်။
“က-ကယ်ကြပါဦး.. အား”
လူကြီးဟာ တုန်ယင်ပြီး မီးငြှိမ်းလို့ရမယ့်နေရာဆီသို့ ပြေးသွားလေသည်။ ဘယ်သူမှ သူ့ကို ကယ်တင်ဖို့ ရှေ့မထွက်လာခဲ့ကြ။ အားလုံးက သူဒီလိုမျိုးနဲ့မှ ထိုက်တန်တယ်ဟု ထင်ထားကြသောကြောင့်ဖြစ်သည်။
“ဘယ်လိုလဲ.. ငြှိမ်းပေးရမလား”
စည်းချက်အလိုက် ကပြသလို ပြေးလွှားနေသည့်လူကြီးကိုကြည့်ကာ ဆာစီးနီယာက ပြောလိုက်သည်။
“အား..မင်းက အခု..အား”
ဒါတွေအားလုံးက ဆာစီးနီယာကြောင့်ဆိုတာကို သိသွားပြီး လူကြီးက ကျယ်လောင်စွာနဲ့ ပြေးလွှားလာသော်လည်း ပြင်းထန်တဲ့စွမ်အားကြောင့် လွင့်ထွက်သွားလေသည်
“ဆာစီးနီယာ အဆင်ပြေရဲ့လား”
ဘန်က ထိုလူကြီးကို ခြေထောက်နဲ့ကန်လိုက်ပြီး ဆာစီးနီယာဆီကို ဦးတည်လာခဲ့သည်။ သူ့မျက်ဝန်းများသည် သူမ ထိခိုက်သွားမလားဆိုပြီး စိုးရိမ်တကြီး ကြည့်နေလေသည်။
“အင်း ကျွန်မ အဆင်ပြေပါတယ်”
“ဘာပြဿနာဖြစ်တာလဲ”
ထိုအချိန်မှာပင် စျေးလမ်းထဲမှာ ဆူညံနေကြတာကိုကြားပြီး အမတ် ဂဲတီရွန်ရောက်ရှိလာခဲ့လေသည်။ သူက ကုန်သည်များထံသို့ မောက်မာတဲ့မျက်နှာထားနဲ့ ကြည့်လိုက်လေသည်။ ထို့နောက် လဲကျနေတဲ့လူကို ငုံ့ကြည့်နေတဲ့မိန်းကလေးတစ်ယောက်ရဲ့ မျက်ဝန်းများနဲ့ ဆုံမိသွားခဲ့သည်။ သူဘယ်တော့မှ မေ့လို့မရသည့် အနီရောင်ဆံပင်နှင့် ကြက်သွေးရောင်မျက်ဝန်းများပင်ဖြစ်၏…
“ဟ-ဟာ နယ်စားမင်း”
လွန်ခဲ့တဲ့ရက်အနည်းငယ်က သူတွေ့ခဲ့တဲ့ ဆာစီးနီယာကို မှတ်မိသွားရကာ အမတ် ဂဲတီရွန်သည် အံ့အားသင့်စွာနဲ့ ဦးညွတ်လိုက်လေ၏။
“နယ်...နယ်စားမင်း…”
မြေပြင်ပေါ်မှာ မီးငြှိမ်းရုံမျှသာဖြစ်နေတဲ့ လူကြီးသည် အမတ် ဂဲတီရွန်ရဲ့နှုတ်မှထွက်လာတဲ့ ဘုရင်မဆိုတဲ့စကားကြားသည်နှင့် ဖြူဖတ်ဖြူရော်ဖြစ်သွားရသည်။ ဆာစီးနီယာက နှစ်ယောက်လုံးကို ရေခဲရိုက်ထားသော အေးစက်စက်မျက်နှာအမူအရာနှင့်ကြည့်ပြီးနောက် စကားတစ်ခွန်းကို ဖွင့်ဟပြောဆိုလိုက်သည်။
“ငါ့နောက်လိုက်ခဲ့”
***
“ကျွန်-ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်က ဒီတိုင်း–”
“ဝင်ပြောဖို့ ငါမမှာထားခဲ့ဘူးလေ”
ဆာစီနီယာကို အကြောင်းပြချက်တွေပေးနေတဲ့ အမတ် ဂဲတီရွန်သည် သူ့ပါးစပ်ကို ပိတ်လိုက်လေသည်။ သူမ ရုံးခန်းကိုဝင်လာတဲ့အချိန်မှာ စာချုပ်တွေက ပြန့်ကျဲနေပြီး ကြိုဆိုလက်ခံတဲ့နေရာက စျေးလမ်းမရဲ့ ထိပ်မှာရှိလေသည်။ ဘုရင်မဖြစ်သော ဆာစီးနီယာရဲ့ကိုယ်စားအဖြစ် ကိုယ်စားလှယ်အနေနှင့် အမတ် ဂဲတီရွန်ကိုယ်တိုင် ငှားရမ်းသူများနဲ့ လက်မှတ်ထိုးထားခဲ့တဲ့စာချုပ်အစစ်တွေပင်ဖြစ်သည်။ ထိုအထဲတွင် ရယ်ဖွယ်ရာကောင်းတဲ့ ပြည်တွင်းအခွန်များလည်း ပါဝင်လေ၏။
ဒီမမျှတတဲ့စာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့လူများသည် Heness စျေးလမ်းမရဲ့ တစ်ဝက်ထက်များသည်။ ဒါသည် သူတို့စာမဖတ်တတ်ကြမှန်းသိလို့ တမင်ရည်ရွယ်ပြီးလုပ်ထားတဲ့ မမျှတသောစာချုပ်ပင်ဖြစ်ပေ၏။
“ငါသိသလောက်ဆိုရင် ပြည်တွင်းအခွန်ဆိုတာလည်း ငါ့ကို အစီရင်ခံတင်ပြထားတာမရှိဘူး”
“အဲ-အဲဒါက…”
“သူတို့ရဲ့ ရောင်းရငွေထဲက ၄၀ ရာခိုင်နှုန်းကိုရတယ်ဆိုတဲ့အချက်ကို ဘာလို့ကာကွယ်ပြီးပြောပေးနေတာလဲ.. ပြီးတော့ ငါ့ကိုတောင် အသိမပေးပဲနဲ့လေ”
ဒါသည် အလွဲသုံးစားလုပ်မှုဆိုတာ သိသာထင်ရှား၏။
“ကျွန်-ကျွန်တော်မျိုးမ သေသင့်တဲ့အပြစ်ကို ကျူးလွန်မိပါတယ် နယ်စားမင်း.. ကျေး-ကျေးဇူးပြုပြီး ဒီတစ်ကြိမ်ပဲ ခွင့်လွှတ်ပေးပါ…”
အမတ် ဂဲတီရွန်သည် စာရွက်ဖြူတစ်ခုကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်သွားသည့်မျက်နှာနှင့် ကြမ်းပြင်ပေါ်သို့ ပြားချပ်စွာ လဲကျသွားရလေသည်။
" ကျွန်တော် တကယ်တောင်းပန်ပါတယ် ကျွန်တော်နယ်စားမင်းကို မမှတ်မိလို့.. အဲဒါကြောင့်–”
ဘောင်းဘီမီးလောင်သွားတဲ့ လူသည်လည်း အမတ် ဂဲတီရွန်ရဲ့ဘေးမှာ ကတုန်ကယင်ဖြစ်နေလေသည်။
“ဟ…”
ဆာစီးနီယာက ပျော်မြူးနေခဲ့သည်။ အမတ် ဂဲတီရွန်သည် ကုန်သည်တွေရဲ့ပိုက်ဆံကို အလွဲသုံးစားလုပ်ပြီး တရားမဝင်ခိုးယူနေခဲ့ခြင်းဖြစ်သည်။ မြင့်တက်လာတဲ့ဒေါသတွေကို ပြန်လည်ထိန်းချုပ်လိုက်ရင်း သူမသည် အမတ် ဂဲတီရွန်ကို ငေးကြည့်လိုက်ကာ ပြောသည်။
“ကုန်သည်တွေကို အခုချက်ချင်း ဒီကိုခေါ်ခဲ့”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ထိုစကားနောက်မှာ အမတ် ဂဲတီရွန်နှင့်လူကြီးသည် ရုံးခန်းထဲမှ ထွက်ခွာသွားကြလေသည်။
“ကျွန်မ အရမ်း ကိုယ့်ကိုယ်ကို ကျေနပ်အားရခဲ့တာ”
“ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့.. လူလိမ်လူညစ်တွေက သူတို့အစီအစဥ်နဲ့သူတို့ ကုန်သည်တွေ လက်မှတ်ထိုးထားတဲ့စာချုပ်တွေကို ကူးယူထားတာကြောင့် ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး”
ဆာစီးနီယာက မျက်နှာမှောင်ကုပ်ကုပ်နဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေချိန်မှာ ဘန်က သူ့လက်များနဲ့ သူမအား ထွေးပွေ့လိုက်သည်။
ဘန်ပြောခဲ့သလိုပင်ဖြစ်၏။ သူမကို တင်ပြခဲ့တာက မတရားဖန်တီးထားတာတွေမပါဝင်သည့် သာမာန်စာချုပ်သာဖြစ်၏။ ကုန်သည်တွေက သူတို့ဘာသာ လက်မှတ်ထိုးထားသလိုပုံစံဖြစ်သည်။ မတရားလုပ်ထားတဲ့စာချုပ်ပေါ်က လက်မှတ်တွေက ကူးယူထားခြင်းဖြစ်ကြောင်းကို မည်သူက သိမည်နည်း။
“ငါဒီလိုမလုပ်နိုင်ဘူး…”
သူမကိုသူမ အပြစ်တင်ပြောဆိုသည့်အနေနှင့် ဆာစီးနီယာက ရေရွတ်ပြောဆိုလိုက်သည်။
တချို့အရာတွေက စာရွက်လေးတစ်ခုတည်းနှင့် မသိရှိနိုင်ပေ။ ပြီးတော့ ဒီပြဿနာရဲ့ အခြေခံဖြေရှင်းနည်းက…
“ကျွန်တော် အားလုံးကို ခေါ်လာခဲ့ပါပြီ”
ထိုအချိန်မှာ အမတ် ဂဲတီရွန်နှင့်အတူ ကုန်သည်များက ရုံးခန်းထဲသို့ ဝင်လာကြလေသည်။
“နယ်စားမင်းကို နှုတ်ဆက်ပါတယ်”
ကုန်သည်တွေအားလုံးက တစ်ပြိုင်နက်တည်း အလေးပြုလိုက်ကြလေသည်။
“အားလုံး ခေါင်းမော့ကြ”
သူမရဲ့စကားများသည် အချင်းချင်း မျက်နှာရိပ်မျက်နှာကဲကြည့်ကာ လူးလွန့်သွားကြစေသည်။
“မြန်မြန်”
နောက်ဆုံးမှာတော့ ကုန်သည်များသည် မတော်လှန်နိုင်တဲ့အမိန့်ကြောင့် ခေါင်းမော့လိုက်ကြလေတော့သည်။ အားလုံးက သူမကိုကြည့်နေတယ်ဆိုတာကို ဆာစီးနီယာက အတည်ပြုပြီးနောက် စားပွဲဆီသို့ လျှောက်လှမ်းလာခဲ့သည်။
ဝှစ်
မီးသံနှင့်အတူ စားပွဲပေါ်မှ စာချုပ်များသည် မျက်စိတစ်မှိတ်အတွင်းမှာ ပြာများအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး လေထဲမှာ ပြန့်ကျဲသွားကြလေတော့သည်။ မတရားမှုတွေပါဝင်နေသည့် စာချုပ်များသည်လည်း ဆက်လက်တည်မြဲနေခြင်းမရှိတော့ပေ။
Xxxxxxxx