အပိုင်း ၁၃၂
Viewers 12k

Chapter 132

ရက်အနည်းငယ် အကြာ

"သခင်မ၊ ဒီဟာက သခင်မ အရင်က ပြောထားတဲ့ မှတ်တမ်းစာရွက်တွေပါ"

ဂျိုအန်နာက ယူဆောင်လာသော စာရွက်ကို ကမ်းပေးလိုက်သောအခါ ဆာစီးနီယာက အခြားစာရွက်များကို ဖယ်ရှားပြီး ထိုစာရွက်ကို အရင်ဖတ်လိုက်သည်။

"ဒါက အရေးကြီးတယ်"

အလေးအနက်မျက်နှာနှင့် မေးကို‌ပွတ်ရင်း သူမစဉ်းစားမိသည်။ စစ်ဆေးကြည့်သောအခါ ပြဿနာမှာ သူမ ထင်ထားသည်ထက် ပိုမိုကြီးမားနေသည်။

"လူကုံတံ မှူးမတ်မဟုတ်တဲ့သူ အများစုက စာမတတ်ကြဘူး"

ဂျိုအန်နာ ပြောသလိုပင် စာရင်းကောက်ခံမှုအရ ငယ်ရွယ်သူများ၏ ၉၀ ရာခိုင်နှုန်းမှာ စာမတတ်ကြပေ။ ထိုထဲမှ တစ်ဝက်မှာ မိမိတို့နာမည်ကိုပင် မရေးတတ်ကြချေ။

ပေါင်လင်ကို သူမ တွေ့ခဲ့သည့်နေ့တွင် ဆာစီးနီယာက သူမ၏ နယ်မြေအတွင်း စာမတတ်သည့်ဦးရေကို ဂျိုအန်နာအား စုံစမ်းစေခဲ့သည်။ သာမန်လူပင် ဖြစ်ပါစေ ၁၉နှစ်အရွယ် လူတစ်ဦးက မိမိနာမည်ကိုပင် မဖတ်တတ်သည်မှာ ထူးဆန်းလှသည်။ အဘယ့်ကြောင့် စာမတတ်သည့်နှုန်း အလွန်ဆိုးရွားနေရပါသနည်း?

"..."

သူမက စာရွက်မှ မျက်လုံးမခွာနိုင်။ သူမနေ့စဉ် ပိုင်နက်မြေအတွက် သစ္စာရှိရှိ ကြိုးစားလုပ်နေသော်လည်း တစ်ခုခု လိုအပ်နေသည်။

'ဘာလဲ? အဲ့ဒါဘာလဲ...?"

"သခင်မ အချိန်ကျလာပါပြီ"

"အာ .. အဲ့အချိန်တောင်ရောက်ပြီပဲ"

အတွေးထဲတွင် နစ်မျောနေရင်း ဂျိုအန်နာရဲ့ စကားကြောင့် ဆာစီးနီယာ အသိပြန်ဝင်လာသည်။

ချိန်းဆိုထားသော အချိန်ရောက်လေပြီ။ ယနေ့သူမသည် ဘန်၊ မေနှင့် အားချန်တို့နှင့်အတူ အပြင်သွားရန် စဉ်းစားထားသည်။ သူမမှာ စံအိမ်တော်ထဲတွင် တစ်ပတ်မျှအလုပ်ပိနေရာ အပန်းဖြေခရီးတွင် အတူတကွ မပျော်ရွှင်နိုင်သည့်အတွက် စိတ်မကောင်းသဖြင့် သူတို့အတွက် သူမ အချိန်ပေးထားသည်။ 

"ဆာစီးနီယာ! မြန်မြန်လေး!"

သူမ ၁၀ စက္ကန့်ခန့်သာ နောက်ကျသော်လည်း မေရဲ့အသံမှာ စင်္ကြံထဲတွင် ပျံ့လွင့်လာသည်။ မေကတော့ အလောတကြီးပင် ဖြစ်သည်။

နောက်ဆုံးတွင် ရုံးခန်းထဲမှ သူမ ပြုံးရွှင်စွာ ထွက်လာခဲ့သည်။

***

နာမည်ကြီးစားသောက်ဆိုင်တွင် အရသာရှိသည်များကို စားသောက်ပြီးသည်နှင့် သူမတို့လေးဦး ဟဲနပ်စ်ဈေးရောင်းခန်းမဆီ ရောက်ရှိလာကြသည်။

"ထင်တဲ့အတိုင်းပဲ ခေါင်းစွပ် စွပ်ထားတာ တော်သေးတယ်"

ဆာစီးနီယာက ဈေးလမ်းထဲသို့မဝင်မီ ခေါင်းကို အုပ်ထားလိုက်သည်။ ခုနက သူမ သတိမထားလိုက်မိသဖြင့် စားသောက်ဆိုင်ပိုင်ရှင်မှာ သူမကို မှတ်မိသွားသည်။

ဆာစီးနီယာမှာ မီးငြိမ်းသတ်ပြီးနောက်တွင် ဘွဲ့ထူးရကာ မရည်ရွယ်ပါဘဲ ထင်ပေါ်သည့်ပုဂ္ဂိုလ်ဖြစ်လာသည်။ ဆံပင်အနီရောင်နှင့် ကြက်သွေးရောင် မျက်လုံးများရှိသည့် အမျိုးသမီးတစ်ဦးက ကမ္ဘာကြီးကို ကယ်တင်လိုက်ကြောင်းမှာ လူတိုင်း ပြောစရာဖြစ်လာသည်။ ထိုအချိန်မှစကာ စားသောက်ဆိုင်ပိုင်ရှင်မှာ ဆာစီးနီယာကို အထူးပုဂ္ဂိုလ်အဖြစ်သာမက အင်ပါယာကဲ့သို့ပါ ဆက်ဆံခဲ့သည်။

ဧည့်ဝတ်ကျေပွန်မှုက ပုံမှန်ပင်ဖြစ်သော်လည်း စားသောက်ပွဲ တစ်ပွဲချတိုင်း ပိုင်ရှင်ရောက်ရှိလာကာ အရသာက သူမအတွက် အဆင်ပြေသလား၊ မသက်မသာ ခံစားရသလား အမြဲလာမေးနေသဖြင့် ဘန်နှင့် စကားပြောရန် အချိန်မရှိဖြစ်ရသည်။ ထို့အပြင် ဆိုင်ရှင်မှာ အလွန်ယဉ်ကျေးပြီး ဂရုပြုတတ်သဖြင့် သူမအတွက် သက်တောင့်သက်သာမရှိဘဲ စားလိုက်သောအစာမှာ လည်ချောင်းတွင်န‌င်နေသလို ခံစားရသည်။ 

သို့ရာတွင် အကောင်းဆုံးအရာကား အချိုပွဲလာသည့်အချိန်တွင် ဖြစ်သည်။ သူမရှေ့တွင်ချထားသော အချိုပွဲဇွန်းပေါ်တွင် သေးငယ်လှသော ဖုန်လေးကပ်နေသည်ကို တွေ့ရသောအခါ

"ဇွန်းအသစ်ကို ချက်ချင်းထုတ်ခဲ့စမ်း။ အခုချက်ချင်း!"

ပိုင်ရှင်က မီးလောင်သကဲ့သို့ အော်ဟစ်ကာ အလုပ်သမားများကို ရှင်းလင်းရန်ပြောပြီး အလွန်အမင်း စိတ်မကောင်းကာ ဦးညွတ်တောင်းပန်နေသည်။ သူ့မျက်နှာမှာလည်း ယခင်က ဤသို့ဖြစ်၍ အော်ငေါက်ခံထားရသကဲ့သို့ ဖြူဖျော့နေသည်။ 

‌ထို့နောက်တွင် ဇွန်းလေးချောင်းမြောက်ကို ပြောင်းပြီးသည်နှင့် ဆာစီးနီယာမှာ ပူတင်းကို စားနိုင်သွားသည်။

'ငါမမြင်ဖူးပေမယ့် သေချာတယ်။ မြို့စားကိုင်လိုစ့်ပဲနေမှာ။ သူ့ကြောင့်ပဲ။ သူက လူတွေကို အဲ့လို ဆက်ဆံလို့ အကုန်ကြောက်လန့်နေကြတာ'

ဆာစီးနီယာက ခေါင်းစွပ်မကျွတ်စေရန် သေချာ ဖိထားပြီး သွင်းလိုက်သည်။

သူမ စားသောက်ဆိုင်မှ ထွက်လာသည်နှင့် ထိုသို့ ပတ်သွား၍ မဖြစ်နိုင်မှန်း နားလည်ကာ အနက်ရောင် ခေါင်းစွပ်ကို ခေတ္တအကာအကွယ် အနေနှင့် သူမဆံပင်များကို ကာကွယ်ရန် စွပ်ထားလိုက်သည်။ သူမ ထင်သည့်အတိုင်းပင် ဆံပင်အနီရောင်များမှာ အလွန်သိသာစွာ ကွဲထွက်နေသည်။ 

"ဒါပေမယ့် မြို့စားမင်း၊ အဲ့ဒါကို သူ မသုံးရင် အဆင်ပြေပါ့မလား?"

ရှေ့တွင် ရောက်နေသောမေက လှည့်ကာ မေးလိုက်သည်။

"ဟမျ? ဘာလဲ?"

သူမကို လူများမှတ်မိမည်စိုးနေသော ဆာစီးနီယာက မေရဲ့ မေးခွန်းကို နားမလည်နိုင်။

ဘန်မှာလည်း ထပ်တူပင်ဖြစ်သည်။

"ကျွန်မကတော့ မြို့စားမင်းကတော် ဝတ်လိုက်ရုံနဲ့ အဆင်ပြေသွားလိမ့်မယ် မထင်ဘူး..။ ထား...ထားပါ။ ဘာမှ မဟုတ်ပါဘူး"

သူမ ပြောသည်ကို နားမလည်သည့် အမူအရာကို တွေ့လိုက်ရချိန်တွင် မေက ခေါင်းကို ရမ်းလိုက်သည်။ သူမက အမြဲခံစားရသော်လည်း ပတ်သက်နေသည့် နှစ်ဦးက သူတို့၏ ပုံပန်းသွင်ပြင်မှာ မည်မျှ ကြီးမားစွာရိုက်ခတ်မှန်း သတိမထားမိကြပေ။ 

"ကဲ ဒါဆို ဝင်ကြမလား?"

မေက ဈေးလမ်းကြားတွင်းသို့ စိတ်မသက်မသာနှင့် ဝင်ရင်း တစ်ဦးကို အပြည့်ဖုံးထားသည်က ပိုတော်ဦးမည်ဟု တွေးနေမိသည်။ 

ဟဲနပ်စ်ဈေးလမ်းမမှာ ဂလိုရီ၏ မသွားမဖြစ် နေရာတစ်ခုဖြစ်ရာ လက်ဝတ်ရတနာဆိုင်များမှာလည်း ဈေးအမြင့်မှ အနိမ့်ထိ ဖြစ်၍ လိုက်လံကြည့်ရှုဖွယ် ကောင်းလှသည်။

"မေ ကြည့်ပါအုံး။ ဒီဆံထိုးက ဥဿဖယားကျောက်နဲ့လုပ်ထားတာ။ ဒီနေရာက ဥဿဖယားကျောက်နဲ့ နာမည်ကြီးတာ သိတယ်မလား?"

တန်ဖိုးကြီးသော ဥဿဖယားတစ်ခုကို ဆိုင်တွင် တွေ့လိုက်ရသော ဆာစီးနီယာက ပြောလိုက်သည်။

ချောမွတ်သော ကျောက်မှာ ကြည့်သော အရပ်ကိုမူတည်၍ အရောင်အမျိုးမျိုး ထွက်ပေါ်နေအောင် သေချာ ဖန်တီးကာ အရောင်များကိုလည်း ထိန်းသိမ်းထားသည်။ 

"လှတယ်နော်"

"ဟုတ်တယ်မလား? အစ်မ ဝယ်ပေးရမလား?"

‌မေရဲ့ တုံ့ပြန်မှုတွင် ဆာစီးနီယာက မျက်လုံးများ အရောင်လက်နေသည်။ 

သူမရဲ့လက်ချောင်းထက် အနည်းငယ် တိုသော ဆံထိုးမှာ ဥဿဖယားကျောက်များနှင့်သာ တန်ဆာဆင်ထားသည်။ ညီညာသည့် တသမတ်ထဲသောခံစားချက်ကိုရသော်လည်း ဆံနွယ်ကို သိသာထင်ရှားအောင် နေရောင်ထဲတွင် လင်းလက်တောက်ပနေစေသည်။ 

"ဆာစီ၊ ညီမမှာလည်း ငွေရှိပါတယ်။ ခုနောက်ပိုင်း ညီမကို အများကြီး ဝယ်ပေးနေသလိုပဲ"

ဆာစီဆိုသည်မှာ ကုန်သည်များ မမှတ်မိနိုင်စေရန် ခုနက မှည့်ထားကြသည့် ဆာစီးနီယာ၏ နာမည်ဝှက်ဖြစ်သည်။ 

"အစ်မအလုပ်လုပ်တာ ဒီအတွက်ပဲလေ"

ဆာစီးနီယာက မေရဲ့ညည်းတွားနေမှုကို ဂုဏ်ယူစွာဖြင့် တုန့်ပြန်လိုက်သည်။ သူမရဲ့ အိတ်ကပ်များမှာလည်း ပေါက်ထွက်မတတ် ပြည့်ဖောင်းနေသည်။

'ငါ အလုပ်တွေကြိုးစားနေတာ၊ အဲ့အတွက် ပျော်ဖို့တော့ ငွေကိုသုံးရမယ်'

ဤသည်မှာ သူမ စိတ်ကို သူမ ဆုချခြင်းပင်ဖြစ်သည်။ ခံစားထားရသည့်အတွက် ‌သက်တောင့်သက်သာ ရှိစေရန်ဖြစ်သည်။ ထို့အပြင် မေ အတွက်လည်း သူမတို့ အလည်အပတ်ခရီးတွင် သူမ အလုပ်သာ တောက်လျှောက်လုပ်နေသဖြင့် စိတ်မကောင်းသောကြောင့်ပင်။

"ညီမ အဆင်ပြေပါတယ်"

မေက သူမ အဆင်ပြေကြောင်း ငြင်းဆန်သော်လည်း ဆာစီးနီယာကို ပိုမိုသာ စိတ်အားထက်သန်စေသည်။ ပိုမိုလှပသော တစ်ခုကို မေ မငြင်းဆန်နိုင်စေရန် ဈေးကြီးလျှင် ကြီးပါစေ သူမ ရွေးချက်ရှာဖွေမည်။

ဆာစီးနီယာက‌ ဈေးလမ်းကို ပတ် ကြည့်လိုက်ရင်း ပိုမို အဖိုးတန်ကာ တန်ဖိုးကြီးမားပုံရသည့် ဆိုင်အတွင်းသို့ ဝင်လိုက်သည်။ ဘန်ကလည်း နောက်က လိုက်ဝင်ရင်း အထဲ မဝင်မီ အားချန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

"ဆရာ အားချန်"

တွေ့လိုက်သည့်မေက အားချန်လိုက်မသွားမီ ခေါ်လိုက်သည်။ 

"ပြောပါ"

"လမ်းလယ်မှာ လူသွားစင်္ကြံတစ်ခုရှိတယ်။ ကျွန်မနဲ့ ခဏလိုက်ခဲ့ပါအုံး"

"အခုလား?"

"ဟုတ်"

"ငါလိုက်လို့မရဘူး"

အားချန်က ချက်ချင်းငြင်းဆန်လိုက်သည်။ သူ့တာဝန်ချိန်အတွင်းတွင် ထွက်ခွာရန်မှာ မဖြစ်နိုင်ပေ။

"ဒါဆို ဆရာက မြို့စားမင်းနောက် လိုက်အုံးမလို့လား?"

"ဒါပေါ့။ ကျုပ်တာဝန်က သူ့ကို ကူရမယ်လေ"

"အတည်ပြောနေတာလား?"

မေက အားချန်ကို ရယ်စရာ ကိုးရိုးကားယား ကြည့်ရင်း ဤပုဂ္ဂိုလ်မှာ မြို့စားမင်းရဲ့ အချက်ပြမှုကို အထူအပါးနားမလည် ဟု တွေးနေမိသည်။

"ဒါပေါ့"

အားချန်က မျက်နှာသေနှင့်ပင် ပြန်ပြောသည်မှာ သဘာဝအတိုင်း သူလုပ်ရမည့်တာဝန်ကို ပြန်ပြောသည့်အတိုင်းပင်။

"မဟုတ်ဘူးလေ။ ဒီလို အခြေအနေမျိုးမှာဆို ဘာလုပ်မှာလဲ? သူတို့ ချိန်းတွေ့တာကို လိုက်နှောက်ယှက်နေအုံးမှာလား?"

မေက စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချကာ ပြောချလိုက်သည်။ စိတ်ထဲတွင်တော့ မသိနားမလည်သော လက်ထောက်ကြောင့် မြို့စားမင်း အခက်တွေ့နေမှန်း သူမ နားလည်သည်။

"အိုး.."

"မသိသာဘူးလား? သူတို့ဝင်သွားတာ နည်းနည်းကြာပြီ။ သူတို့ဘာသာ သွားရအောင် လွှတ်ပေးလိုက်လေ။ မြို့စားမင်းကလည်း အဲ့လိုဖြစ်ချင်တာ မသိဘူးလား?"

အခုမှ အနည်းငယ် သတိထားမိသော အားချန်ကို မေက အပြီးသတ် ပြောချလိုက်သည်။

"... အဲ့ဒါကြောင့် ငါ့ကို သူ ကြည့်ကြည့် နေတာကိုး"

အခုတော့ အားချန်မှာ အကုန်နားလည်သွားကာ ခေါင်းကို ခါယမ်းလိုက်သည်။ သူ့သခင် ယနေ့ သူ့ကို ခဏခဏ ကြည့်နေခြင်းမှာ ဆာစီးနီယာနှင့် နှစ်ဦးတည်း အတူရှိချင်၍ ဖြစ်မှန်း သူ့ကို ရှောင်ထွက်သွားစေချင်မှန်း သဘောပေါက်သွားသည်။ သူက သတိမထားမိဘဲ သွားရာနေရာ တောက်လျှောက် လိုက်မိတော့မလို ဖြစ်ခဲ့သည်။

"လာ လာ၊ အဲ့ဒါက ဟိုဘက်ခြမ်းမှာ။ သွားကြမယ်"

"ကောင်းပြီ"

အားချန်က နောက်ဆုံးတွင်တော့ မေ့ကိုပြန်မပြောဘဲ လိုက်နာလိုက်သည်။ ထိုအချိန်တွင် ဆိုင်ထဲမှ လက်ဝတ်ရတနာကို စွန်ရဲမျက်လုံးနှင့်လိုက်ရှာနေသော ဆာစီးနီယာက လက်ကိုမြှောက်လိုက်သည်။

"မေ! ဒီဟာကော ဘယ်လိုလဲ? ညီမနဲ့ တကယ်လိုက်တယ်... မေ?"

သူမက ကောင်းမွန်သော ကျောက်မျက်ရတနာကိုတွေ့သော်လည်း မေက အနားတွင် မရှိပေ။

"ဘန် ၊ မေ ဘယ်ရောက်သွားလဲ?"

"အားချန်နဲ့ တစ်ခုခုကြည့်ဖို့ ထွက်သွားကြတယ်"

ဘန်က ဆိုင်ထဲသို့ လိုက်မဝင်လာသော နှစ်ဦးကို ကြည့်လိုက်ရင်း ကြိုတင်ပြင်ဆင်ထားသော စကားများကို အမူအယာ မပြောင်းဘဲ တတွတ်တွတ်ပြောလိုက်သည်။ နောက်ဆုံးတော့ အားချန်လည်း သတိထားမိကာ ထွက်ခွာသွားလေပြီ။

"တကယ်? ဘယ်သွားကြတာလဲ?"

"မေ့ကို အခုကိုင်ထားတဲ့ လက်ကောက်လေးပဲ အံ့အားသင့်အောင် လက်ဆောင်ပေးလိုက်ရင် မကောင်းဘူးလား?"

ဆာစီးနီယာက မေတို့ကို ရှာဖွေနေသော်လည်း ဘန်က သူမ အကြည့်တို့ပြောင်းသွားစေရန် အေးအေးဆေးဆေးပင် အာရုံလွှဲလိုက်သည်။

"ကောင်းသားပဲ။ ဒါကို ထုတ်ပေးနော်"

ဆာစီးနီယာက ပြန်လှည့်ရင်း ဆိုင်ရှင်ကို ပြောလိုက်သည်။

မေက သူမအတွက် ဝယ်ပေးမည်ဟု ပြောပြီးမှ ဝယ်လျှင် ငြင်းဆိုလိမ့်မည်ဖြစ်ရာ သူမ အရင်ဝယ်လိုက်ပြီး မေကို နောက်မှ ပေးလိုက်မည်။ လှပသော လက်ကောက်အတွက် ငွေရှင်းပြီးချိန်တွင် သူမတို့နှစ်ဦး လက်ဝတ်ရတနာဆိုင်မှ ထွက်ခွာလာခဲ့သည်။

"ဘန် လမ်းအဆုံးမှာ နာမည်ကြီးတဲ့ မုန့်ဆိုင်ရှိတယ်လို့ကြားတယ်။ သွားကြမလား?"

"သွားမှာပေါ့"

လက်ကို ဂရုတစိုက် ယှက်သိုင်းထားသော ဘန်က သာယာစွာပြုံးရင်း လက်ခံလိုက်သည်။ နှစ်ဦးသား လက်တွဲကာ စည်ကားသော ဈေးလမ်းကို ဖြတ်ကျော်လာခဲ့သည်။ သူမတို့ နှစ်ဦးတည်း လျှောက်မသွားရသည်မှာ ကြာမြင့်လှပြီ။

"အများကြီးဝယ်ကြမလား? စံအိမ်ထဲက လူတွေကိုပါ ကျွေးဖို့လေ"

"ကောင်းတာပေါ့"

"ဒါဆို အားချန်နဲ့ မေကို ရှင် ဘယ်ပို့လိုက်လဲ?"

"ကိုယ်တို့နဲ့ မတွေ့နိုင်တဲ့ တခြားဘက်ကို ဖြစ်မှာပေါ့..."

သက်တောင့်သက်သာ ဖြေနေသော ဘန်မှာ စကားပြောခြင်း ခဏ ရပ်တန့်သွားသည်။

'ဘယ်လိုတောင်...'

ဘန်က အံဩစွာ လှည့်ကြည့်လိုက်ချိန်တွင် အကုန်လုံးကို သတိထားမိသော ဆာစီးနီယာက တောက်ပစွာ ပြုံးပြနေသည်။