Chapter 131
"ဟူး သံအမတ်ကြီး၊ ကျွန်တော် ဆက် မတိုက်နိုင်တော့ဘူး"
မောပန်းနေသော အားချန်က လဲပြိုကျရင်း အသက်ပြင်းစွာရှူကာ ပြောနေသည်။ ဘန်ကို ဓားရေးသင်ပေးခဲ့သည်မှာ သူကိုယ်တိုင်ဖြစ်သော်လည်း ယခုတော့ သူ မယှဉ်နိုင်တော့ပေ။
"ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်"
ဘန်က သစ်သားဓားကို ဓားအိမ်ထဲထည့်ရင်း အားချန်ရဲ့ဓားကို ကမ်းလိုက်သည်မှာ အားချန်ကိုင်ပုံနှင့်မတူ တည်ငြိမ် ကောင်းမွန်လှသည်။
"ကျေးဇူးပါပဲ သံအမတ်ကြီး"
အားချန်က လှမ်းယူလိုက်ရင်း ထလိုက်ကာ သစ်သားဓားကို ကိုင်ထားလိုက်သည်။
ဘန်က သူ့ဓားကို ကိုင်ထားရင်း သူ၏ ကိုးရိုးကားရားဖြစ်နေသော အင်္ကျီလက်ကို ဆွဲချကာ လေ့ကျင့်ကွင်းမှ နာရီကို ကြည့်လိုက်သည်။
"ငါပြန်တော့မယ်။ လေကောင်းလေသန့်လည်း တော်တော်ရပြီ ထင်တယ်"
သူအမြန်ပင် မတွန့်ဆုတ်ဘဲ လှမ်းထွက်လာခဲ့သည်။
ညနေ ၄ နာရီ ရှိနေပြီ။ ဆာစီးနီယာက သူ့ကို အပြင်သို့ လေကောင်းလေသန့်ရှူရင် လွှတ်လိုက်သည်မှာ တစ်နာရီခန့်မျှသာရှိသေးသည်။ သူလုပ်ချင်သည့်အရာ မဟုတ်သော်လည်း အခုတော့ ရှူရှိုက်ပြီးပြီဖြစ်ရာ သူမနားတွင်နေရန် အကျိုးအကြောင်း ဖူလုံသွားသည်။ အားချန်ကိုတော့ ဤအတွက်ပင် အသုံးချလိုက်ခြင်းဖြစ်သည်။
"သံအမတ်ကြီးကို မြို့စားကတော် ပြောလိုက်သလိုပဲ အပြင်ထွက်ကြမလား?"
ဘန်ရဲ့ခြေလှမ်းများနောက် အမှီလိုက်လာသော အားချန်က သတိနှင့်မေးလိုက်သည်။ သူတို့ ယခုအတိုင်းပြန်လျှင် သူ့သခင်ကို မမလေး ဆာစီးနီယာက ထပ်မံ မောင်းထုတ်နိုင်သည်။
"ဘယ်ကိုသွားရမှာလဲ? ဆာစီးနီယာက ဒီမှာလေ"
ဘန်က အားချန်ကို အဓိပ္ပာယ်မရှိသည်ကို မေးသည့်ပမာ ကြိမ်းမောင်းလိုက်သည်။ မည်သည့်နေရာမှ သူ့အတွက် အရေးမကြီး ။ ဆာစီးနီယာနား နေရရန်သည်သာ အရေးအကြီးဆုံးဖြစ်သည်။
"သံအမတ်ကြီး စိတ်မညစ်ဘူးလား? အားလပ်ရက် အပန်းဖြေခရီး အတူထွက်လာကြပေမယ့် မမလေး ဆာစီးနီယာက အလုပ်ပဲ လုပ်နေရတော့လေ?"
တုံ့ပြန်လာသော ပြတ်သားသည့် အဖြေကြောင့် မေးသည့်သူမှာ ရှက်သွားကာ နောက် မေးခွန်းတစ်ခု မေးလိုက်သည်။
အပန်းဖြေခရီးထွက်လာသော စုံတွဲမှာ သူတို့ထက် အလုပ်ကို ဦးစားပေးနေရင် ဘယ်နေရာ ဘယ်ရာထူးပင်ဖြစ်ဖြစ် အနည်းငယ်တော့ ဝမ်းနည်းရလိမ့်မည်။ သို့သော် အားချန်မတွေးမိသည့် အရာတစ်ခုမှာမူ ဆာစီးနီယာက ဘန့်အတွက် ဘယ်အရာပင်နည်း?
ဘန်အတွက်မူ ဆာစီးနီယာသည်သာ ကမ္ဘာဖြစ်ပြီး သူ့အတွက် ဖွဲ့စည်းထားသည့် သီးသန့် ကမ္ဘာတစ်ခုလည်းဖြစ်သည်။ သူမအတွက် စိတ်မကောင်း ဖြစ်စရာမရှိသေးပေ။ ထို့အပြင် ဘန်က မကူညီနိုင်သဖြင့် သူ့ကိုယ်သူ အပြစ်တင်နေလျှင် ဆာစီးနီယာကလည်း သူမ ဘာသာ အပြစ်တင်လိမ့်မည်။
"ဒါက သူမ လုပ်ချင်တဲ့ အရာပဲလေ"
ဘန်က ထိုသို့သာ ဖြေလိုက်သည်။
လုံလောက်သွားသဖြင့် အားချန်က ထပ်မံ မပြောတော့ပေ။ ဆာစီးနီယာ လုပ်ချင်သည့်အရာမှာ ဘန်လုပ်ချင်သည့် အရာသာဖြစ်သည်။ ထိုအရာသည် သူ့သခင် လိုချင်သည့် အရာပင်။
ရုတ်တရက် ဘန်က ခြေလှမ်းများရပ်သွားသည်။ တစ်နေရာကို အပြင်းအထန်စိုက်ကြည့်နေရင်း သွေးဆာနေသည့် အခိုးအငွေ့များပါ ထွက်ပေါ်လာသည်။
"သံအမတ်ကြီး?"
အားချန်က မျက်လုံးများမီးဝင်းဝင်းတောက်ကာ အံကြိတ်နေသော ဘန့်ကိုကြည့်ရင်း နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးသွားကာ မေးရန်ကြိုးစားလိုက်သော်လည်း ဘန်က ရှိမနေတော့။ အခြားတစ်ဖက်ဆီသို့ ကျားသစ်လို အလျင်အမြန်ပြေးထွက်သည်ကို ကြည့်ရင်း သူ့သခင်ပြေးသွားသည့်ဘက်ကို ဝေခွဲမရဟန်ဖြင့် အားချန်က ကြည့်နေမိသည်။
"အာ.."
နားလည် သဘောပေါက်သွားသော အားချန်က ခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဆာစီးနီယာနှင့် လူရွယ်တစ်ဦးက သူမြင်တွေ့ရသည့်နေရာတွင် ရှိနေခြင်းကြောင့်ပင်။
***
လွန်ခဲ့သော မိနစ် ၂၀ ခန့်က ။
"နယ်စားမင်း ဟဲနပ်စ်ဈေးလမ်းမဆီကို ဝင်ခဲ့ပါအုံး။ ကျွန်တော်တို့ သေချာ လမ်းကို သန့်ရှင်းအောင် စောင့်ရှောက်ထားပါတယ်"
အမတ်ဂတ်တီရွန်က ဂုဏ်ယူသော မျက်နှာနှင့် ဟဲနပ်စ်ဈေးလမ်းကို တာဝန်ယူရသောသူ အဖြစ်ဖြင့် လစဉ်တင်ပြချက်များကို တင်ပြနေရင်း ပြောလိုက်သည်။
"အချိန်ရရင် ဝင်လာခဲ့ပါ့မယ်"
နွမ်းနယ်နေသော မျက်နှာလေးနှင့် တုံ့ပြန်လိုက်ရင်း ဆာစီးနီယာက သူမ နေရာမှ ထလိုက်သည်။
"ကဲ ဒါဆို ကျွန်မ အလုပ်တွေလုပ်စရာရှိသေးလို့ ခွင့်ပြုပါအုံး"
မှူးမတ်ဆာဘီယမ်နှင့် အမတ်ဂတ်တီရွန်က ဝမ်းနည်းဟန်ပြသော်လည်း သူမ ဂရုမစိုက်နိုင်ဘဲ ဧည့်ခန်းထဲမှ မတွန့်ဆုတ်ဘဲ ထွက်လာခဲ့သည်။ သူတို့ကို စနစ်တကျ နှုတ်ဆက် ပြန်လိုက်မပို့ဖြစ်တော့ပေ။
ငယ်ရွယ်သော နယ်စားအရှင်မကြောင့် သစ်လွင်သော လေပြည်လေညှင်းများ နယ်နိမိတ်ထဲသို့ တိုက်ခတ်လာကြောင်း ညွှန်းဆိုကာ ကြိုတင်ပြင်ဆင်လာသည့် မြှောက်ပင့် မျက်နှာချိုသွေးသော စာပိုဒ်မှတ်ချက်များကို ရွတ်ဆိုနေကြသည်။ မည်မျှ ချီးမွမ်းထောပနာပြုပါစေ၊ အတုအယောင်နှင့် အလွန်အကျွံချီးမွမ်းခြင်းသည် နေရထိုင်ရသာ ခက်စေသည်။ ဆာစီးနီယာသာ သူတို့ကို မတားခဲ့လျှင် သူတို့ ချီးမွမ်းမြှောက်ပင့်နေသည်မှာ မိုးပင်ချုပ်သွားလိမ့်မည်။
"ဂျိုအန်နာ"
"ဟုတ်ကဲ့ သခင်မ"
"လူကုံတန် မှူးမတ်တွေကို လာတွေ့ခွင့် မပေးသေးနဲ့အုံး"
ဆာစီးနီယာက စိတ်ပျက်သကဲ့သို့ တုန်ခါလျက် ပြောလိုက်သည်။
အခုတလောတွင် သူမ တစ်ခါမှ မကြုံဖူးသော အကြောင်းအရာများကို ကြုံလာရသည်။ မကြာသေးခင်ကပင် သူမရဲ့ အစွမ်းများကြောင့် သူမကို မုန်းတီး စက်ဆုပ်ခဲ့ကြသည်။ ယခုမူ ပြောင်းပြန်ပြောင်းလဲသွားကာ ဘွဲ့ထူး ဂုဏ်ပုဒ်နာမည်ပင် ရရှိလာလေပြီ။
"အတိတ်ကဆိုရင် စိတ်ကူးတောင် ယဉ်မိမယ် မထင်ဘူး"
လူအများသူမကို အသိအမှတ်ပြုစေရန် နေထိုင်ခဲ့ရသည့် အတိတ်ကာလများကို ဆာစီးနီယာ သတိရမိသည်။ ထို့နောက်တွင်ကား သူမ အနည်းငယ် မချင့်မရဲဖြစ်ခဲ့သည်။ သူမ အရင်က စိတ်ကူးပင် မယဉ်ရဲသည့် လူများ၏ ကြင်နာ သနားမှုများသည် သူမရဲ့ အစွမ်းများကြောင့်ပင်ဖြစ်သည်။ သက်သေပြရလျှင် အရာရှိ မှူးမတ်များထံမှ ဤစံအိမ်ရှိ လက်ဆောင်များသည် သက်သေပင်ဖြစ်သည်။
မူလဇာတ်လမ်းနှင့် မတူတော့ဘဲ ပြောင်းလဲသွားသည် ကို သူမထပ်မံ သတိထားမိသွားသည်။ အဘယ့်ကြောင့်ဆိုသော် သေသွားရမည့် စုန်းမသည် ယခုအချိန်တွင် အားလုံးထက်ကောင်းမွန်စွာ နေထိုင်လျက်ရှိကာ ဤ နေရာသို့ ရောက်ရှိရန်မှာ တကယ် မလွယ်ကူပေ။
"သခင်မ ရုံးခန်းထဲကို တန်းသွားတော့မလား?"
"မသွားသေးဘူး။ ခဏလမ်းလျှောက်လိုက်အုံးမယ်။ တစ်ယောက်ထဲလျှောက်မှာမို့ နောက်က မလိုက်ခဲ့နဲ့အုံး"
"ဟုတ်ကဲ့ နားလည်ပါတယ်"
ဆာစီးနီယာက ဂျိုအန်နာကို သွားစေကာ ဥယျာဉ်ထဲတွင် တစ်ဦးတည်း လမ်းပတ်လျှောက်နေသည်။ လွန်ခဲ့သော လေးနှစ်ခန့်က သူမမှာ မူလဇာတ်လမ်းထဲကလို အသက်မသေစေရန် ဆုံးဖြတ်ခဲ့သော်လည်း ယနေ့တွင်မူ နေ့ရက်တိုင်း မအားမလပ် အလုပ်ရှုပ်စွာ နေထိုင်နေရသဖြင့် သူမ အတွေးများနေမိသည်။ သူမ မျှော်လင့်ထားသည်နှင့် များစွာ ကွဲပြားသွားသော သူမဘဝကိုလည်း စဉ်းစားရင်း တစ်ချက်တစ်ချက် ပြုံးနေမိသည်။
"ဒီလိုလည်း ဖြစ်နိုင်တာပဲ"
နောက်ဆုံးတွင် သူမ ဆန္ဒတို့ ပြည့်ဝသွားသည်။ အသက်မသေဘဲ သူမ ချစ်မြတ်နိုးရသောသူတစ်ဦး ရှိလာသည်။
ဆာစီးနီယာသည် ခေါင်းကိုဖြည်းညှင်းစွာလှည့်ရင်း သူမရဲ့ စံအိမ်ကို ကြည့်မိသည်။ သူမရဲ့စံအိမ်နှင့် သူမပိုင်နယ်မြေ အတွက် သူမကိုယ်သူမ ဂုဏ်ယူမိသည်။
စံအိမ်တစ်လျှောက် ပတ်လျှောက်နေစဉ်တွင် သူမ အစေခံတစ်ယောက်ကို သတိပြုမိသွားသည်။
"ခွ..ခွင့်... ကျွန်တော်လည်း ဘာလုပ်ရမလဲ မသိဘူး.."
သူ့ကိုကြည့်လိုက်သည်နှင့် ပြဿနာ ကြုံနေရကြောင်း ထင်ရှားသည်။
"ဘာတွေ ဖြစ်နေတာလဲ?"
ဆာစီးနီယာက ဘာအသံမှ မပြုဘဲ အစေခံနား ချဉ်းကပ်သွားကာ ပြောလိုက်သည်။
"ဟ...ဟင်! တွေ့ပါတယ် သခင်မ"
ထို့နောက်တွင် သူက သရဲကို တွေ့လိုက်ရသည့်ပမာ လန့်ဖြန့်သွားရင်း အလျင်အမြန် ဦးညွတ်လိုက်သည်။
"ဘာဖြစ်နေတာလဲ?"
"အာ အဲ့ဒါက..."
ငယ်ရွယ်ပုံရသည့်အစေခံမှာ သူမ မေးခွန်းကြောင့် ရှက်သွေးဖြာသွားသည်။ အဘယ့်ကြောင့် ရှက်ရွံ့စွာ အကြည့်ကို လွှဲရင်း ခြေထောက်ကို ရမ်းနေရပါသနည်း?
"ဘာဖြစ်လို့လဲ?"
"ကျွ..ကျွန်တော် ဒါကို ကောက်ရလို့ပါ။ ဘယ်သူ့ဟာလဲတော့ မသိပါဘူး..."
သူမ ထပ်မံမေးလိုက်မှ လူရွယ်က တွန့်ဆုတ်စွာနှင့် ကိုင်ထားသည်ကို မြှောက်ပြလိုက်သည်။
"လက်ကိုင်ပဝါ တစ်ခုပဲ"
"ကျွန်တော် ထင်တာတော့ ဒီထောင့်မှာ နာမည်ကို ထိုးထားတယ်..."
လူရွယ်က တုန်နေသော လက်နှင့် လက်ကိုင်ပုဝါထောင့်ကို ညွန်ပြလိုက်သည်။ သူပြောသလိုပင် ပုဝါ၏ ထောင့်ဆုံးတွင် နာမည်ကို ချည်နှင့်ထိုးထားသည်။ သတိပြုမိရန် လွယ်ကူသဖြင့် နာမည်ကို ဖတ်ရသည်မှာ အခက်အခဲမရှိပေ။
"လာရီအယ်လာ။ ဒါ အိမ်ဖော် လာရီအယ်လာရဲ့ဟာပဲ"
"အာ...လာရီအယ်လာ။ အဲ့လို ရေးထားတာပဲ"
လူရွယ်မှာ သူမ ပြောလိုက်သောနာမည်ကို ရေရွတ်ကာ ပန်းထိုးထားသော နာမည်လေးကို ငေးကြည့်နေသည်မှာ သူ့ရဲ့စိတ်ထဲတွင် လာရီအယ်လာ အနေနှင့် စွဲထင်ကျန်နေရန် ဖြစ်နေသလိုပင်။
ဆာစီးနီယာက သူ့ပုံစံကို ထူးဆန်းစွာကြည့်လိုက်ရင်း မေးလိုက်သည်။
"မင်းနာမည်ဘယ်သူလဲ?"
"အာ၊ ကျွ...ကျွန်တော့်နာမည်က ပေါင်လင်ပါ သခင်မ"
"ဟုတ်ပြီ ပေါင်လင်။ အသက်ဘယ်လောက်ရှိပြီလဲ?"
"ဒီ..ဒီနှစ် ဆယ့်ကိုးနှစ် ပြည့်ပါပြီ"
ဆာစီးနီယာက တစ်ခဏ အံ့ဩကာ မျက်လုံးကျယ်သွားသည်။ ၁၇ ခန့်မျှသာဟု သူမ ထင်သော်လည်း ၁၉ ဆိုသည်ကို မယုံနိုင်။ ပေါင်လင်မှာ လူငယ်တစ်ဦးနှင့် တူလှသည်။ ဘန်နှင့်သူမ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းကိုပင် သတိရသွားမိသည်။
'ဘန်လည်း အဲ့တုန်းက ၁၉ နှစ်ပဲ...'
"ဆာစီးနီယာ"
ယခုမူ ဘန်မှာ ယောင်္ကျားပီသလှသဖြင့် ယခင်က ပုံရိပ်ကို မနည်းဖမ်းယူရသည်။
"ဟင်? ဘန်?"
ဆာစီးနီယာက ဘန့်အကြောင်း တွေးနေရင်းနှင့်ပင် ဘန်၏ပုံရိပ်နှင့် အသံမှာ သူမစိတ်ကူးထဲကလို ပီပြင် ထင်ရှားလာသဖြင့် အံ့ဩသွားသည်။ အမှန်တကယ်ပင် ဘန်က ပြေးလာပြီး သူမဘေးတွင် ပုံမှန်အတိုင်း ဝင်ရပ်နေလိုက်သည်။ သူမ မှာ အလွန်ရှက်သွားကာ စကားပင် မပြောနိုင်ဘဲ မျက်တောင်သာ ပုတ်ခတ် ပုတ်ခတ်လုပ်နေမိသည်။
"မင်း လမ်းလျှောက်နေတာလား?"
ဘန်က ဆာစီးနီယာရဲ့ ချောမွေ့သော ဆံနွယ်များကို နားရွက်နောက်သို့ သပ်ပေးလိုက်ရင်း ပြုံးကာ မေးလိုက်သည်။ ထို့နောက် သူမဘေးတွင်ရှိနေသည့် ပေါင်လင်ကို စူးစိုက် ကြည့်နေသည်။
"ဟ.. ဟုတ်၊ မ...မင်္ဂလာပါ မြို့စားမင်း..."
ပေါင်လင်က ဘန်စူးစိုက်ကြည့်လိုက်သောအခါ ဖြူဖျော့နေသော မျက်နှာနှင့် ဦးညွတ်လိုက်သည်။ သူ တွေ့မြင်လိုက်ရသည့် မျက်လုံးများမှာ ပြင်းထန်လှသဖြင့် ကြောက်လန့်သွားရသည်မှာ ဦးညွတ်လိုက်သော်လည်း ထို အကြည့်စူးစူးရဲရဲကို ဆက် ခံစားနေရသည်။
ပေါင်လင်ရဲ့ ခြေထောက်များမှာ တုန်ယင်လာပြီး ဤနေရာမှ နောက်ပြန်လှည့်မကြည့်ဘဲ အမြန်ဆုံး ထွက်ပြေးသွားချင်မိသည်။
"အာ ပေါင်လင်၊ ဒီဟာကို လာရီအယ်လာကို ပြန်ပေးလိုက်ပါ။ သွားလို့ရပါပြီ"
"ဟု...ဟုတ်ကဲ့ပါ သခင်မ။ သွားလိုက်ပါအုံးမယ်!"
ဆာစီးနီယာက သတိရမိသည်နှင့် လက်ကိုင်ပုဝါကို ပေါင်လင်ကို ပြန်ပေးလိုက်ရာ ပေါင်လင်လည်း ယူပြီးသည်နှင့် ချက်ချင်း ပြေးထွက်သွားသည်။
"ဟမ်? ကျွန်မ အဲ့လောက် ကြောက်ဖို့ကောင်းလား?"
ပေါင်လင် ထွက်ပြေးသွားသောကြောင့် သူမမျက်နှာကို ပွတ်သပ်ရင်း စဉ်းစားနေသော်လည်း ဘန်ကြောင့်ဆိုသည်ကို သူမ မသိပေ။ အဘယ့်ကြောင့်ဆိုသော် ဘန်က ခုနက မှောင်မိုက်နေသော ခံစားချက်နှင့် မနာလိုမှုများပြည့်နေသည့်မျက်နှာကို သူမရှေ့တွင် ဝှက်ကွယ်ထားလိုက်သည်။
"ဘန် ရှင် အပြင်ထွက် လေသွားရှူတာ မဟုတ်ဘူးလား?"
"ကိုယ်အခုပြန်လာတာ"
သူ့ရဲ့အဖြေကို ဆာစီးနီယာက မျက်စိမှေးရင်း စဉ်းစားလိုက်သည်။
'ခါးမှာ သစ်သားဓားကို လွယ်ထားရင်းနဲ့ပဲ ပြန်ထွက်လာတာလား?'
သူမက လေ့ကျင့်ရေးကွင်းဆီမှ ဘန်ပြန်လာကြောင်းသိသဖြင့် ဘာမှ မပြောတော့ပေ။ ယခု သူမတို့ အတူတကွ လမ်းလျှောက်နိုင်လေပြီ။
သူမက လက်လှမ်းကာ သူ့ရဲ့လက်ကို ဆွဲယူလိုက်သည်။ ဘန်ကလည်း သူမရဲ့လက်ကို ကောင်းကင်ပြာထက်ပင် ကြည်လင်စွာပြုံးရင်း အချစ်များစွာပြည့်နေသော အပြုံးနှင့် ဖမ်းဆုပ်လိုက်သည်။
ဆာစီးနီယာက သူမ နှစ်သက်သော သူ့ရဲ့ကြံ့ခိုင်မာကျောသည့်လက်များကို ဆွဲကိုင်ကာ ဥယျာဉ်ထဲတွင် ဖြတ်လျှောက်လာခဲ့သည်။
"ခုနက ကောင်လေးက ၁၉ နှစ်ပြည့်ပြီတဲ့။ ကျွန်မတို့ ပထမဆုံး ဆုံတွေ့တဲ့အချိန်ကိုတောင် သတိရသွားတယ်"
"...အဲ့ကောင်က?"
"အဲ့ကောင်? အား ရှင် အဲ့ဒီတုန်းက ၁၉ နှစ်ပဲရှိသေးတာ။ ငယ်ငယ်နဲ့ ချစ်စရာလေး"
ဆာစီးနီယာက ဘန် သုံးလေ့မရှိသော စကားကို တုံ့ပြန်လိုက်ရင်း သူမ နားကြားလွဲသည်ဟုတွေးကာ လျစ်လျူရှုလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဘန်က အစေခံများကိုပင် ရိုသေသမှုနှင့် သုံးနှုန်းတတ်သဖြင့် အခုမှတွေ့သော ကလေးတစ်ဦးအပေါ် ထိုသို့သုံးနှုန်းရန် အကြောင်းမရှိပေ။
"ဒီလိုပုံစံ ပြောင်းလဲလာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး ဟီး"
သူမက ဘန်ကို စားတော့ဝါးတော့မလို ကြည့်ရင်း အားရပါးရ ရယ်မောလိုက်သည်။ ချောမောသော ကောင်လေးမှာ တပ်မက်ဖွယ် ယောင်္ကျားတစ်ဦးအဖြစ်ကြီးပြင်းကာ သူမရဲ့ ချစ်သူဖြစ်လာသည်ကို ဆာစီးနီယာက အလွန်ကျေနပ်နေသည်။
သူမရဲ့ပျော်ရွှင်သော ရယ်သံနှင့်အတူ ဘန်ကလည်း လိုက်လံရယ်မောလိုက်သည်။ မိမိခန္ဓာကိုယ်ကိုလည်း ဆာစီးနီယာ မသိအောင် ပြန်သတိထား ကြည့်မိသောအခါ အရင်ကနှင့်မတူဘဲ ခန္ဓာကိုယ်တွင် ကြွက်သားများပြည့်နေပြီး အရပ်မှာလည်း သိသိသာသာ ရှည်လျားလာသည်။
'ပြန်သွားလိုက်ရမလား? ပြန်ပြောင်းလို့ရနိုင်မလား?'
ဘန်က သူ့ရဲ့စိတ်ထဲမှ မတင်ကျမှုကို ဆာစီးနီယာကို မပြောနိုင်ဘဲ သူ့ကို ကောင်လေးအရွယ်နှင့် ပိုသဘောကျလေမလားဟု တွေးတောနေမိသည်။