Chapter 130
Viewers 12k

Chapter 130

"ကဲ ဒါဆို လမ်းတွေကို အမြန်ဆုံး ပြန်ပြုပြင်လိုက်တော့"

စာရွက်စာတမ်းပုံမှ မျက်လုံးကို မခွာဘဲ သူမရဲ့ လက်ထောက်ကို ခိုင်းစေလိုက်သည်။

"ဟုတ်ကဲ့ပါ ကျွန်မနားလည်ပါပြီ။ သခင်မကို မှူးမတ် ဆာဘီယန်နဲ့ အမတ် ဂတ်တီရွန် က လာတွေ့ချင်နေကြတယ်။ ကျွန်မတို့ ဘာလုပ်ရမလဲ?"

ကြိုတင် လူတွေ့စစ်ကာ ရွေးချယ်ထားသော ကျွမ်းကျင့်သည့် လက်ထောက် ဂျိုအန်နာက မျက်မှန်ကို ပင့်ရင်း သူမကို မေးလိုက်သည်။ ထို မေးခွန်းတွင် ဆာစီးနီယာ၏ အမြန်ရွေ့လျားနေသော ဖောင်တိန်မှာ ရပ်တန့်သွားကာ အခြေအနေကို သဘောမကျသည့်ဟန်နှင့် နဖူးတွန့်သွားသည်။ 

"သူတို့ကို ခဏ စောင့်ခိုင်းထားအုံး။ ငါအဲ့ကို လာခဲ့မယ်"

ခေါင်းကိုက်လာသည့်အတွက် လက်များကိုယှက်ကာ ဖိထားရင်း သူမ ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့။ ကျွန်မ အကြောင်းပြန်လိုက်ပါ့မယ်"

"ဟား..."

ဂျိုအန်နာက သိမ်မွေ့စွာ နှုတ်ဆက်ပြီး ထွက်ခွာသွားချိန်တွင် ဆာစီးနီယာက သက်ပြင်းရှည်ကြီးကိုချလိုက်သည်။

အပန်းဖြေခရီးတွင် အနားယူရလိမ့်မည်ဟု တွေးခဲ့ခြင်းမှာ သူမရဲ့ မဟာအမှားပင်ဖြစ်သည်။ သူမ တွေးထားသော အပန်းဖြေခရီးနှင့် အစီအစဉ်‌များမှာ လေထဲတွင် ပျောက်ကွယ်သွားသည်။ 

"မြို့စားမင်းကတော်၊ ညီမတို့က အပန်းဖြေခရီး ထွက်လာတာ မလားဟင်?"

အခန်းထောင့်တွင် ခြေထောက်များကို ယမ်းနေသော မေက မေးလိုက်သည်။ ဆာစီးနီယာ အလုပ်လုပ်နေချိန်တွင် တစ်ယောက်တည်း မသွားလာ နိုင်သဖြင့် သူမ နားတွင် ကပ်နေသော်လည်း ရုံးခန်းထဲတွင် အချိန်ကြာမြင့်လှပြီဖြစ်ရာ ပျင်းရိ စိတ်ညစ်နေလေသည်။ 

"မေ အစ်မ အဆင်ပြေပါတယ်။ အပြင်သွားပတ်ကြည့်ချင်ရင် သွားကြည့်"

မေက ဤ ခရီးအတွက် များစွာတွေးထားရာ ဆာစီးနီယာက ပြေရာပြေကြောင်း သူမ အဆင်ပြေကြောင်း ပြောလိုက်သည်။

"တစ်ယောက်ထဲ သွားစရာအကြောင်း မရှိပါဘူး"

မေက ခေါင်းရမ်း လိုက်ရင်း ခေါင်းမာစွာနှင့် လက်မလျှော့ဘဲပြောသည်။

"အစ်မ အဆင်ပြေတယ်လို့..."

ဆာစီးနီယာမှာ စာရွက်စာတမ်းများဆီ ပြန်လှည့်ရပြန်သည်။ သူမ မပါဘဲ မေလည်း သွားမည်မဟုတ်သဖြင့် ထိုအတွက် မပြောတော့ဘဲ အလုပ်များကိုသာ အမြန်ပြီးပြတ်အောင် လုပ်ရန် ကြိုးစားလိုက်သည်။

"ဟူး၊ ဒီဘဝမှာ နယ်စားဖြစ်မယ်လို့ မတွေးခဲ့ဖူးဘူး"

သို့ရာတွင် သူမရှေ့ရှိ တောင်လိုပုံနေသော စာရွက်စာတမ်းများကို သူမ မဖြေရှင်းနိုင်။ သူမ ပိုင်နယ်သို့ ရောက်ရှိပြီး သုံးရက် သုံးည ဆက်တိုက် လုပ်ကိုင်သော်လည်း လုပ်ဆောင်ရမည့် စာရွက်စာတမ်းများမှာ မလျော့သွားပေ။

မြို့တော်တွင်ပင် သူမက နယ်မြေနှင့်ဆိုင်ရာ စာရွက်စာတမ်းများကို အခါအားလျော်စွာ ဖြေရှင်းသော်လည်း စာထဲတွင် တွေ့ရသည်နှင့် အပြင်တွင် မြင်ရသည်မှာ ဘာမှ မဆိုင်အောင် များပြားလွန်းလှသည်။

ထို့အပြင် နံရံများ ပြန်လည်မွမ်းမံခြင်း၊ လမ်းပြုပြင်ခြင်း၊ နယ်မြေ ရေဆိုးမြောင်းစနစ်နှင့် ရပ်တန့်ထားသော သတ္တုတွင်းများကို ပြန်လည် တူးဖော်ခြင်း စသည့် ကိစ္စအားလုံးကို သူမ နားလည်ရန်ကြိုးစားရကာ ကုန်ကျစရိတ်ကို အစမှနေ၍ တွက်ချက်နေရသည်။

'ဟူး အခုမှ ဂုဏ်ပုဒ်ရတာ ဒါတွေ လုပ်မနေချင်ဘူး'

သို့‌ရာတွင် သူမ မည်သို့မျှ ပြန်ပြင်၍ မရတော့။

"မေ၊ အစ်မ ဧည့်ခန်းကို ခဏ သွားရအုံးမယ်။ ဒီမှာ နေခဲ့မလား?"

ဆာစီးနီယာက လက်ထဲမှ စာရွက်ပြီးသည်နှင့် ဧည့်ခန်းထဲတွင် စောင့်နေသော မှူးမတ်နှင့် အမတ်ကို တွေ့ရန် ထိုင်ခုံမှထလိုက်သည်။

ဤသို့ရောက်ကတည်းက နေ့စဉ် လာရောက်ကြသော မှူးမတ် လူကုံတံတို့ကြောင့်လည်း သူမ ပင်ပန်းနေသည်။ သူတို့၏ နယ်ပိုင်မင်းရှေ့မှောက်တွင် မျက်နှာပန်းလှစေရန် လက်ဆောင်ပဏ္ဍာများ လာဆက်သကြသည်။ သူမ အနေဖြင့် မည်သူနှင့်မျှ မတွေ့ချင်သော်လည်း သူမ ပိုင်နယ်မြေထဲတွင် အခြေချနေကြသော မှူးမတ် လူကုံတံတို့နှင့် ရင်းနှီးစေရန် လုပ်ဆောင်နေရသည်။

"အတူတူပဲ သွားကြမယ်။ ကျွန်မလည်း ဥယျာဉ်ထဲမှာ လမ်းလျှောက်လိုက်အုံးမယ်"

ဖိခံထားရသည့် စပရင်လို မေက အမြန်ခုန်ထလိုက်ရင်း ပြောလိုက်သည်။ ဆာစီးနီယာကတော့ သက်ပြင်းချရင်း အနှေးနှင့်အမြန် မေ့ကို အချိန်ပေးနိုင်ရန် ကြိုးပမ်းဖို့ တွေးလိုက်သည်။ 

"စကားမစပ် မြို့စားမင်းကိုကော တွေ့သေးလား?"

ဆာစီးနီယာနှင့် အတူ လျှောက်လာသော မေက ဘေးဘီကို ကြည့်ရင်း မေးလိုက်သည်။ ဆာစီးနီယာနားတွင် အမြဲရှိသော ဘန်မှာ သူမ ပိုင်နက်မြေကိစ္စများနှင့် ရှုပ်နေကတည်းက မတွေ့ရတော့ပေ။

"အစ်မ အပြင်လွှတ်လိုက်တာ"

"ဟင်? ဘယ်ကိုလဲ?"

"သူက အစ်မနားမှာ နေလို့ အဆင်ပြေတယ်ပြောပေမယ့် အဝေးကြီးလာရပြီး ဒီရုံးခန်းထဲမှာပဲ သူအချိန်ကုန်နေရလို့ အားနာတာနဲ့ အပြင်လွှတ်လိုက်တာ"

"ဒါပေမယ့် ကျွန်မထင်တာတော့ မြို့စားမင်းက အစ်မနဲ့နှစ်‌ယောက်အတူဆို ရုံးခန်းထဲမှာ တစ်‌လနေဆိုလည်း နေမှာပဲ ..?"

မေက ဂရုတစိုက်ပြောလိုက်ရင်း ဆာစီးနီယာရဲ့ အမူအရာကို လေ့လာနေသည်။ 

သူမ မြင်ခဲ့ရ‌သလောက် မြို့စားမင်းမှာ ဆာစီးနီယာနှင့် အားလပ်ရက်တစ်လလုံး ရုံးခန်းထဲတွင်လည်း နေမည့်သူပင်။ သူမတို့နှစ်ဦး အတူမရှိမှသာ တစ်ယောက်ထဲ ဖြတ်သန်းရန် ဘန့်အတွက် ပိုမိုခက်ခဲနေလိမ့်မည်ဟု မေက သေချာ သိသည်။

ဆာစီးနီယာကိုလည်း သူမ လောက် မြို့စားမင်းအကြောင်း မသိဟုထင်နေမိသည်။

"ကဲ ဒါဆို သေချာလမ်းလျှောက်။ အပြင်ရောက်တုန်း ပတ်ကြည့်လိုက်အုံး"

"ဟုတ်ကဲ့၊ မြို့စားမင်းကတော်လည်း လေကောင်းကောင်းရှူ လိုက်ပါအုံး"

ဆာစီးနီယာက မေ့ကို အပြုံးနှင့် လွှတ်လိုက်ရင်း ဧည့်ခန်းတံခါးရှေ့တွင် စောင့်နေသော အစောင့်ကို လက်ယပ်ခေါ်လိုက်သည်။

"နယ်စားမင်း ဝင်လာပါပြီ"

အချက်ပေးခြင်းကို ရလိုက်သော အစေခံက တံခါးလက်ကိုင်ကို ဆွဲဖွင့်ရင်း ကျယ်လောင်စွာ ကြေညာလိုက်သည်။ တဒေါက်ဒေါက်မြည်သံနှင့်အတူ တံခါးနှစ်ဖက်လုံး ပွင့်သွားသည်။

ဆာစီးနီယာက အသက်ကို ပြင်းပြင်းရှူရင်း ဧည့်ခန်းထဲသို့ဝင်လာသည့်အချိန်တွင် မေ့ကို ပြုံးပြခဲ့သည့်အပြုံးမှာလည်း တည်ငြိမ်လေးနက်သော မျက်နှာအသွင် ပြောင်းသွားခဲ့သည်။ ကိုယ်နေဟန်မှာလည်း အချိုးကျလှသည်။ 

သူမဆီမှ ထွက်နေသော ကိုယ်ငွေ့ အရှိန်အဝါနှင့်ပင် အကုန်လုံးမှာ တုန်လှုပ်သွားကြရကာ အခန်းထဲတွင် ကြုံသလို‌ထိုင်နေကြသည့် မှူးမတ် အမတ်တို့ပင် အလျင်အမြန် ထိုင်ခုံမှ ထကာ ဦးညွတ်အရိုအသေပေးကြရသည်။

"န..နှုတ်ခွန်းဆက်သပါတယ် နယ်စားမင်း"

မြို့စားမင်းကတော် ဆာစီးနီယာက ပြန်နှုတ်ဆက်လိုက်ရင်း ထိပ်ဆုံးတွင် နေရာယူလိုက်သည်။

***

မြို့စားမင်းကတော်၏ စံအိမ်အပြင်ဘက်တွင် ဆောက်ထားသော လေ့ကျင့်ရေးကွင်းတွင် ရဲမက်သစ်တို့မှာ အချိန်ကြာမြင့်စွာ လေ့ကျင့်နေကြသည်။ ဒုတိယ ခေါင်းဆောင်၏ ညွှန်ကြားချက်များအတိုင်း ညီညာစွာ လေ့ကျင့်ကွင်းတွင် ဝိုင်းရံကာ တစ်နေရာ ထဲကို စိုက်ကြည့်နေကြသည်။ ရဲမက်များမှာ ကြောက်ရွံ့လေးစားကာ သူတို့ရှေ့ရှိ ပုဂ္ဂိုလ်ကို မင်သက် ကြည့်နေကြကာ လဲပင် ကျကြသည်။

ဘန်နှင့် အားချန်သည် အကုန်လုံး၏ အာရုံစိုက်မှုကို ခံနေရခြင်းဖြစ်သည်။ သူတို့နှစ်ဦး အချင်းချင်း တိုက်ခိုက် လေ့ကျင့်နေသည်မှာ အချိန်အတော်ကြာနေလေပြီ။ ဓားအစစ်များမသုံးဘဲ သစ်သားဓားသာ သုံးသော်လည်း သူတို့ရဲ့ ထက်မြက်သော နည်းစနစ်များကြောင့် ဓားကို ရမ်းလိုက်တိုင်းပင် လေကို ခွဲထွက်သံများ ထွက်ပေါ်နေသည်။ 

ဘန်က သက်တောင့်သက်သာနှင့် အားချန်ရဲ့ ဓားကို ကာကွယ် ပိုင်းခုတ်နေသော်လည်း အားချန်ကမူ ရှိသမျှအားနှင့် တိုက်ခိုက်နေသည်။ ထိုအခိုက်တွင် အားချန်ရဲ့ နောက်ခြေထောက်မှာ တစ်ချက်ယိမ်းယိုင်သွားသည်တွင် ဘန်၏ မျက်လုံးများမှာ သားကောင်ကို အလွတ်မပေးသော စွန်ရဲမျက်လုံးများကဲ့သို့ ထက်မြက်စွာ တောက်ပလာပြီး ကိုယ်ဟန်ပျက်သွားသော အားချန်ဆီသို့ ဓားကို ဝှေ့ယမ်းလိုက်သည်။

ဘတ်

အသံ ခပ်လေးလေးနှင့်အတူ အားချန်ကိုင်ထားသောဓားမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။ လေ့ကျင့်ကွင်းမှာလည်း လျင်မြန်စွာ ဖြစ်ပျက်သွားမှုကြောင့် ရုတ်တရက် အသံတိတ်ဆိတ်သွားသည်။

"ဝိုး..."

အနည်းငယ်အကြာတွင် သူတို့နှစ်ဦးကို ကြည့်နေသောရဲမက်များနှင့် ချောင်းကြည့်နေသော အိမ်ဖော်များထံမှ အာမေဍ္ဍိတ်သံများက ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာသည်။ လမ်းလျှောက်လာသော မေ ကလည်း ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။

လာရာလမ်းတစ်လျှောက်တွင် အိမ်ဖော်များက သစ်ပင်နောက်ကွယ် ပုန်းကွယ်ရင်း တီးတိုးပြောနေကြသဖြင့် ဘာကြောင့်လဲဟု သူမ စဉ်းစားရင်း လေ့ကျင့်ကွင်းကို တွေ့မြင်သွားသည်။ အိမ်ဖော်များအားလုံး ရှက်သွေးဖြာနေကြကာ သူမ ကြည့်မိချိန်တွင်တော့ မြို့စားမင်းကို တွေ့လိုက်ရသည်။

"ကျား..သူက တကယ်မိုက်တာပဲ!"

"ဟုတ်တယ် အမြဲချွေးနံ့ပဲရနေတဲ့ လေ့ကျင့်ရေးကွင်းကနေ အနံ့တစ်မျိုးရတယ်လို့ ထင်မိတာ ကျွန်မ မမှားဘူးပဲ"

သူတို့မှာ ရေးကြီးခွင်ကျယ်လုပ်ရင်း ရှက်နေသော မိန်းမပျိုများသဖွယ် ခြေထောက်များကို ဆောင့်နေကြသည်။ မေက မြို့စားမင်းမှာ ထင်ပေါ်ကျော်ကြားသည်ကို သိသော်လည်း ဤမျှ ထပ်ပေါ်လိမ့်မည်ဟု မထင်ခဲ့။ မြင်ကွင်းကို ကြည့်ရင်း ခေါင်းရမ်းကာ သူမ ဘာသာ ညည်းညူလိုက်မိသည်။

"ထင်တဲ့အတိုင်းပဲ သူတို့နှစ်ယောက် ရုံးခန်းထဲမှာ အတူရှိနေကြတာပဲ ပိုကောင်းလိမ့်မယ်"

ဤသည်မှာ မြို့စားမင်းကို အပြင်သွားစေသော ဆာစီးနီယာကို သူမ ပြောချင်သည့် စကားဖြစ်သည်။ မြို့စားမင်းကို အပြင်သို့ လေကောင်းလေသန့်ရရန် စေလွှတ်လိုက်ခြင်းသည် နောက်ဆုံးတွင်တော့ သူ့ကို သဘောကျသည့် အခြွေအရံများသာ တိုးပွားလာစေသည်။

မေက ယခုကိစ္စကို ပြောပြလိုက်လျှင် ဆာစီးနီယာ မည်သို့ တုံ့ပြန်မလဲဟု စဉ်းစားရင်း ပြန်လှည့်ကာ လျှောက်လှမ်းလာလိုက်သော်လည်း အိမ်ဖော်များထံမှ နောက်ဆက်တွဲစကားကို ကြားရသည့်အတွက် ခြေလှမ်းများရပ်သွားသည်။

"ဒါပေမယ့် နင်သိလား?"

"ဘာကိုပြောတာလဲ ဟဲ့?"

"နယ်စားမင်း အသစ်က ကြောက်လန့်ဖို့ကောင်းလို့ မြို့တော်မှာဆို စုန်းမလို့တောင် ခေါ်တယ်တဲ့..."

"ဟဲ့! စကားပြောတာ ကြည့်ပြောအုံး!"

"အား! ‌မပြောမိပါဘူး! ကျွန်မ မပြောမိပါဘူးနော်!"

ပြောမိသည့် အိမ်ဖော်က သူမ ဘာသာ ပြန်ရိုက်လိုက်ရင်း စကားကို အမြန်ပြင်နေလိုက်သည်။ 

"ဒါပေမယ့် ဘာလို့ အဲ့လိုခေါ်ကြတာလဲ? ကျွန်မနဲ့ တွေ့တုန်းကတောင် ကြင်ကြင်နာနာ နှုတ်ဆက်တာပဲကို..."

"အဲ ကျွန်မ ကြားတာကတော့ မြို့တော်မှာ မီးအကြီးကြီးဖြစ်တုန်းက နယ်စားမင်းက တစ်ယောက်တည်း ငြိမ်းသတ်လိုက်တာတဲ့။ မီးက မကောင်းဆိုးဝါးကြီး ထွက်လာသလိုပဲတဲ့။ အဲ သူမကလည်း ကြောက်စရာအကောင်လိုပဲတဲ့"

"ဘာ? အဲ့ဟာလုံးဝ ..."

"ကြောက်စရာမကောင်းဘူးလား?"

သူမတို့ ပြောစကားများကို နားထောင်နေသော မေရဲ့ မျက်လုံးများမှာ အေးစက်သွားပြီး ဆုပ်ထားသော လက်မှာလည်း တုန်ယင်လာသည်။ ဘာမှ သေချာမသိဘဲနှင့် ဆာစီးနီယာ အကြောင်းကို ပြောရဲကြသည်!

"အဲ့လိုက တကယ်မမိုက်ဘူးလား?"

သူမတို့ထံ ဒေါသနှင့် ပြေးသွားတော့မည့် မေက ကြားလိုက်ရသော အဖြေကြောင့် ပြန်ရပ်သွားသည်။ အိမ်ဖော်ရဲ့ ‌မျက်လုံးမှာ ဇာတ်လမ်းကို ကြားပြီးသည့်နောက် တောက်ပ နေသည်။

"..ဟင်? ဘာလဲ?"

"နင်ပြောချင်တာက သူမ တစ်ယောက်ထဲ လုပ်ခဲ့တယ်လို့ပြောတာမလား? အဲ့ဒါဘယ်လောက်မိုက်လဲ! ဒဏ္ဍာရီထဲက နတ်ဘုရားမ အတိုင်းပဲ!"

အိမ်ဖော်များ၏ တောက်ပနေသော မျက်လုံးထဲတွင် အံ့ဩလေးစားခြင်းကို မြင်တွေ့ရသည့်အခါ သူမတို့ ညာနေမှန်း မဟုတ်ကြောင်း သိလိုက်ရသည်။

"အမ်၊ အင်း... ဟုတ်တယ်နော်"

ထုတ်ပြောလိုက်သော အိမ်ဖော်မှာ သူမ ထင်မှတ်ထားသည့် တုံ့ပြန်မှု မဟုတ်သဖြင့် ရှက်ရွံ့စွာနှင့် စကားရပ်သွားသည်။

"..."

မေက ဒေါပွနေသည့် အမူအရာနှင့် လှည့်ထွက်သွားသော်လည်း ခုနကနှင့်မတူ အနည်းငယ်တော့ သေချာပေါက် ပြောင်းလဲသွားသည်။

အစအဆုံး ကြည့်နေခဲ့သော မေက ခံစားချက်များရောထွေးသွားသည်။ ဆာစီးနီယာက ဤနေရာသို့မရောက်မီ ဖြတ်သန်းခဲ့ရသည်များမှာ မည်မျှကြမ်းတမ်းမှန်း သူမ သိသည်။ ယခုအရာအားလုံးမှာ ဆာစီးနီယာ၏ ကြိုးစားမှု အသီးအပွင့်များသာပင်။

"ဟီး၊ ငါတော့ အစခံနေရအုံးမှာပဲ"

ဆာစီးနီယာက သူမမျက်လုံးများ နီနေရင် သေချာပေါက် မေးနေလိမ့်မည်ဖြစ်ရာ သူမကို ပြ၍မရပေ။ မေက မျက်ရည်များကို လက်နှင့် အလျင်အမြန်သုတ်လိုက်ရင်း ကိုယ်ဟန်ကို ပြင်ကာ ရဲဝင့်စွာ လျှောက်လှမ်းလာခဲ့သည်။ 

သူမ လွန်ခဲ့သော လေးနှစ်ခန့်က ဆာစီးနီယာ နားမှ မထွက်သွားခဲ့သည်မှာ မှန်ကန်သည်ဟု တွေးမိနေသည်။