Chapter 129
"သံအမတ်ကြီး ဒီနေ့ကော နန်းတွင်းထဲ သွားအုံးမှာလား?"
အားချန်က သွားရန်ပြင်ဆင်နေသော သူ့ဆရာကို မေးလိုက်သည်။
"ဒါပေါ့"
ဘန်က သိသာထင်ရှားသည့်အရာပမာ ပြန်ဖြေရင်း သူ့ရဲ့အင်္ကျီလက်များတွင် လက်ကြယ်သီးများကို တပ်လိုက်သည်။ ကြယ်သီးမှာ ထူးခြားသော အနီရောင်နှင့် ခရမ်းနုရောင် တောက်ပနေသည့် ကျောက်တို့ဖြင့် စီခြယ်ထားသည်။
"အရှင် နောက်ဆုံးတော့ ဝတ်ပြီပေါ့"
"ငါ လုံးဝ ပြန်ပေးစရာ အကြောင်းမရှိဘူး"
ဘန်က လက်ကြယ်သီးများကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။
ဤသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ကျောက်ရဲ့အရောင်မှာ သူမတို့နှစ်ဦးနှင့် ဆင်တူသည်ဟုဆိုကာ ဆာစီးနီယာကိုယ်တိုင်ရွေးကာ ပေးထားသော တန်ဖိုးရှိသည့် အထူးလက်ဆောင်ပင်ဖြစ်သည်။
ဘန်က အလွန်ပျော်ရွှင်ကာ သူဝတ်ရန်အတွက် ဖြစ်သော်လည်း ရတနာတို့ ထိခိုက်ပျောက်ရှမည်စိုးသဖြင့် ဘိုးဘွား အမွေအနှစ်သဖွယ် သိမ်းဆည်းထားသည်။ အခြားသူမဟုတ် ဆာစီးနီယာထံမှ ရရှိသည့်လက်ဆောင်ဖြစ်၍ သိမ်းထားသော သူ့ကို နားမလည်နိုင်ဘဲ သူမက ယမန်နေ့က ပြောခဲ့သည်။
"ဘန် ရှင်မဝတ်ရင် ကျွန်မကို ပြန်ပေးတော့"
သူက အလွန်တန်ဖိုးထားကာ မဝတ်ရက်ဖြစ်နေသော်လည်း ပေးသူအနေနှင့် သူမကြိုက်၍ မဝတ်သည်ဟု ထင်စရာပင်။ သူမကို ဘယ်တော့မှ စိတ်မပျက်စေချင်သဖြင့် သူဒီနေ့ လက်ကြယ်သီးများကို တပ်ဆင်လာခဲ့သည်။
"အရှင်နဲ့ လိုက်တယ်"
အားချန်က နောက်ဆုံးတွင် လက်ကြယ်သီးများကို အသုံးပြုသည်ကို မြင်လိုက်ရသဖြင့် ကျေနပ်စွာ ရယ်မောလိုက်သည်။ အများအရေးနှင့် ကိုယ်ရေးကိုယ်တာကို ခွဲထားတတ်သော သူ့ရဲ့ အရှင်သခင်မှာ ဆာစီးနီယာအရေးဟုဆိုလျှင် အခြားသူတစ်ဦးနှယ် ပြောင်းလဲသွားသည်။
'ဒီလောက်တောင် လုပ်ပေးမလို့လား? တော်လောက်ပြီပေါ့'
သူတို့နှစ်ဦးကို အနီးကပ်စောင့်ရှောက်နေသော အားချန်က စိတ်ဝင်စားလာသည်။ ဤသို့ လူတစ်ဦးကို ရူးသွပ်စွာ ချစ်မြတ်နိုးသည်မှာ သာမန် လက်ဆောင်ကိုပင် အလွန်တန်ဖိုးထားလှသည်။
"မြို့စားမင်းကတော်က ပျော်ရွှင်ကျေနပ်နေမှာပါ။ အရှင့်ကို လက်ဆောင်ပေးတာက ဝတ်စေချင်လို့ပဲ"
ဘန်က ခေါင်းညိတ်ပြလိုက်ရင်း မမေ့မလျော့ ချောကလက်ပုလင်းကို ယူလိုက်သည်။ ဤသည်မှာ သူမ ပင်ပန်းနေသည့်အချိန် အချိုတစ်ခု စားလိုက်လျှင်အမောပြေသည်ဟု ပြောကတည်းက သူနေ့တိုင်း သွားကြိုလျှင် ယူဆောင်သွားသော အရာဖြစ်သည်။
ဘန်က ပုလင်းကို သေချာကိုင်ရင်း မှန်ကို တစ်ချက်ကြည့်ကာ လျှောက်လှမ်းလာခဲ့သည်။ သူလျှောက်လာသည်မှာ မြန်လှသဖြင့် နှုတ်ဆက်ရန် ကြိုးစားသော အစေခံများပင် နှုတ်မဆက်နိုင်။ သို့သော် သူကတော့ အရှိန်ကို မလျှော့ဘဲ သူမကို မြင်ချင်လှပြီဖြစ်၍ အမြန်ထွက်လာခဲ့လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တံခါးဝ ရှေ့တွင် စောင့်နေသော ရထားလုံးဆီရောက်ရှိသွားကာ အားချန်ကို မေးလိုက်သည်။
"ငါမှာထားတာတွေ အကုန်ရပြီလား?"
"ရပါပြီ အရှင်။ အရှင်မရောက်ခင် သေချာ ပြင်ဆင်ထားလိုက်ပါ့မယ်"
"ကောင်းပြီ"
ကျေနပ်ဖွယ်အဖြေကြောင့် သူက ခပ်ရေးရေးပြုံးရင်း စီးတော်ယာဉ်ထဲ ဝင်လိုက်သည်နှင့် ရထားလုံးမှာ တော်ဝင်နန်းတော်ကို ဦးတည်ရင်း တဖြည်းဖြည်းချင်း အရှိန်မြှင့်ကာ ထွက်လာခဲ့သည်။ သူမဆီ လာရာ လမ်းခရီးတစ်လျှောက်တွင် ဘန်က လက်ကြယ်သီးများ ဝတ်ဆင်ထားခြင်းကို တွေ့မြင်သွားမည့် သူမ မျက်နှာကို စိတ်ကူးရင်း လမ်းတစ်လျှောက်လုံး ပြုံးကာ တွေးမိနေသည်။
***
"ဒါဆို မနက်ဖြန် မနက်ဆို သွားပြီပေါ့... မေကော ပါမှာလား?"
"ဟုတ်တယ်။ တူတူသွားကြဖို့ ပြင်ထားတာ"
"အော် သိပြီ..."
ဗားန်က လက်ဖက်ရည်ခွက်ကို ကိုင်ရင်း မျက်လွှာချသွားသည်။ ထိုအမူအယာကြောင့် ဆာစီးနီယာက ဗားန်အတွက် စိတ်မကောင်းဖြစ်သွားသည်။ သူမ အပန်းဖြေခရီး ထွက်ခွာသွားလျှင် ဗားန်ဆီ အလည်လာရောက်မည့်သူ နည်းသွားလိမ့်မည်။
နန်းတော်တွင်းသို့ အိမ်ရှေ့မင်းသမီး အဖြစ်နှင့် တစ်ယောက်ထဲ ဝင်ရောက်ခဲ့သော ဗားန်အတွက် ပျော်ရွှင်စရာမှာ ဆာစီးနီယာနှင့် တွေ့ဆုံခြင်းသာရှိသည်။ လူကုံတံ မိသားစုများမှ လာခြင်းမဟုတ်သဖြင့် သူမတွင် ရင်းနှီးသော သူငယ်ချင်း မရှိပေ။
ဆာစီးနီယာက ပါးစပ်ဟရင်း သူမပြန်ရောက်ချိန်တွင် ကူမည့်အကြောင်း ကတိပေးလိုက်သည်။
"ညီမလေး ဗားန်၊ တစ်ခုခုလိုတာ ရှိရင်ပြောနော်။ ပြန်လာရင် တစ်ခါတည်း ယူခဲ့လိုက်မယ်"
"မ..မဟုတ်ပါဘူး"
ဆာစီးနီယာရဲ့ အကူအညီပေးမှုကို တွန့်ကာ သူမ ခေါင်းကို အမြန်ခါရမ်းလိုက်သည်။ သူမ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းမော့လိုက်သောအခါ ဆာစီးနီယာက သူမ သနားကရုဏာသက်မိခြင်းကို ထုတ်ပြသလို ဖြစ်သွားကြောင်း သတိထားမိသွားသည်။
"ယူလာခဲ့"
ဗားန်က သူမရဲ့အမူအယာကို အမြန်ပြင်ဆင်ပြီး အနောက်မှ အစေခံကို အချက်ပေးလိုက်သည်။ စောင့်နေသကဲ့သို့ အစေခံကလည်း အနီခင်းပေါ်တွင် လှပစွာ ထုတ်ပိုးထားသော လက်ဆောင်ကို ဆာစီးနီယာဘက် လှမ်းလိုက်သည်။
"မြို့စားမင်းကတော် ဒါလေးယူသွားပါ။ နယ်ဘက်မှာက နေပြည်တော်ထက် နေက ပိုပြင်းတယ်ကြားလို့၊ ဒီ ခရမ် လိမ်းထားရင် နေလောင်ဒဏ်က ကာကွယ်ပေးလိမ့်မယ်"
"ကျေးဇူးပါ။ အစ်မလိုအပ်နေတဲ့ ဟာပဲ"
ဆာစီးနီယာက ပြုံးရင်း ဗားန်ရဲ့ သေချာတွေးတောကာ မေတ္တာနှင့်ပေးသော လက်ဆောင်ကို ဦးညွတ်ပြလိုက်သည်။
"ကျွန်မနဲ့ရှိနေတာ ကြာသွားပြီ။ မြို့စားမင်းက စောင့်နေမှာပဲ။ နန်းတော်ထဲမှာလည်း မြို့စားမင်းကတော်လာတဲ့နေ့က မြို့စားမင်းလာတဲ့နေ့ပဲလို့ ပြောနေကြတယ်"
"အာ.."
ဆာစီးနီယာက ဗားန်ရဲ့စကားတွင် ရှက်သွေးဖြာသွားကာ ဘန်က သူမ လာသည့်နေ့တိုင်းလာကြိုသည်ဟူသော ကောလဟာလများကို ကျေနပ်မိသည်။
"သွားတော့နော်"
"ဟုတ်ပါပြီ သွားတော့မယ်နော်"
ဆာစီးနီယာက ဗားန်ရဲ့ ကြည်နူးဖွယ် နှုတ်ဆက်မှုအပြီးတွင် ထွက်ခွာလာခဲ့သည်။
အချိန်ကြာလာသည်နှင့် နေလည်း ဝင်တော့မည်။ သူမ ခြေလှမ်းများမှာလည်း ဘန်စောင့်နေသည့်အတွေးနှင့် မြန်သထက် မြန်လာသည်။
ဘန်က သူမနန်းတော်သို့ သွားသည့်နေ့တိုင်း လာကြိုသည်။ သူမက အလုပ်ရှုပ်မခံရန် ကြိုစရာမလိုကြောင်းပြောသော်လည်း သူက သူမနှင့် အမြန်ဆုံး တွေ့ချင်သည့် စိတ်ကြောင့်ဟု ပြောသည်။ သူမလည်း အမြန်ဆုံး တွေ့ချင်သည့်အတွက် သူ့ကို မတားဆီးတော့ချေ။
ဆာစီးနီယာမှာ အင်ပါယာချီးမြှင့်သော ပိုင်နက်မြေနှင့် စံအိမ်တော်ဆောက်ရန် လုံလောက်သော ငွေပမာဏရှိသော်လည်း မဆောက်လုပ်ဘဲ မြို့စားမင်းစံအိမ်တွင် နေမြဲဖြစ်သည်။ အကြောင်းရင်းမှာ သူမတို့ လက်ထပ်ရန် ကတိပြုပြီးသားဖြစ်သည့်အပြင် ဤ စံအိမ်တွင် နေရသည်မှာလည်း ကျင့်သားရနေပြီဖြစ်သဖြင့် အခြားတစ်ခုကို မတွေးတော့ပေ။
ထို့အပြင် အခြားစံအိမ်တစ်ခုအကြောင်း သူမ အမှတ်တမဲ့ ပြောမိသည်နှင့် ဘန်ရဲ့အမူအယာက သုန်မှုန်သွားသည်မှာ ကမ္ဘာပျက်မတတ်ပင်။ ထို့ကြောင့် သူမ ထပ်မံမပြောတော့။ သူမလည်း ဘန်နှင့်အဝေးတွင် မနေလို။
သူမ လျှောက်လာသည်မှာ မည်မျှကြာသည်မသိ။ ရင်းနှီးသော နေရာကို ဖြတ်ကျော်ကာ နန်းဆောင်မကြီးဆီသို့ စင်္ကြံကို ဖြတ်အကျော်တွင် မြင့်မားသော ရှည်လျားသည့် ပုံရိပ်တစ်ခုကို အာရုံစိုက်မိသွားသည်။ အတန်ငယ်ဝေးသေးသော်လည်း တစ်ချက်ကြည့်ရုံနှင့် ပုံရိပ်ကို သတိထားမိသော ဆာစီးနီယာက ပါးစပ်ဖွင့်ရင်း ပြုံးကာ
"ဘန်"
ညင်သာသောအသံက စင်္ကြံထဲတွင် ပျံ့သွားသည်။ သူမအသံမှာ မကျယ်သဖြင့် သူ မကြားလောက်ဟု ထင်မိသော်လည်း ဘန်က သူမကို ကြားသကဲ့သို့ လှည့်ကြည့်လိုက်သည်။
"ဆာစီးနီယာ"
သူမကို သတိထားမိသော ဘန်က သူမနာမည်ကို သာယာတိုးညှင်းသော လေသံနှင့် ခေါ်လိုက်ကာ ရပ်နေရာမှ သူမဆီသို့ ခြေလှမ်းကျဲကျဲနှင့် အမြန် လျှောက်လှမ်းရင်း သူမရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။
"ပြီးသွားပြီလား?"
"အင်း နည်းနည်းနောက်ကျသွားတာ တောင်းပန်ပါတယ်။ ရှင်စောင့်နေရတာ ကြာနေပြီလား?"
"မကြာပါဘူး။ ခုမှရောက်တာ"
သူမရဲ့ ဆံနွယ်များကို တရင်းတနှီး ကိုင်တွယ်ရင်း မျက်လုံးချင်းမဆိုင်ဘဲ သူမကို လိမ်ညာလိုက်သည်။ သူရောက်နေသည်မှာ နှစ်နာရီခန့် ကြာမြင့်ပြီဖြစ်သော်လည်း တစ်ခွန်းမျှမပြော။ ဆာစီးနီယာ တစ်ဦးတည်းအတွက် ဤမျှတော့ သူစောင့်နိုင်သည်။
"ဟင်?"
ဆာစီးနီယာက ဘန်ရဲ့အထိအတွေ့ကို ပြုံးနေရင်းနှင့်ပင် အင်္ကျီလက်မှ လက်ကြယ်သီးများကို သတိထားမိသွားကာ အာမေဋိတ် အနည်းငယ်ထွက်သွားသည်။ မနေ့က ခြိမ်းခြောက်လိုက်ခြင်းက အလုပ်ဖြစ်သွားကာ ယနေ့တော့ ဘန် ဝတ်ထားလေပြီ။
"ထင်တဲ့အတိုင်းပဲ ရှင်နဲ့ လိုက်တယ်"
သူ့လက်မှ ကြယ်သီးများကို မြင်ကာ သူမဘာသာ အရွေးတော်သည်ဟု ဂုဏ်ယူနေသည်။ အမှန်တကယ်တော့ သူမ မည်သည့်လက်ဆောင်ပေးသည်ဖြစ်စေ ပေးသမျှ အရာအားလုံးက ထိုခန္ဓာကိုယ် ထိုမျက်နှာနှင့် ကြည့်ကောင်းနေမည်ပင် ဖြစ်သည်။
"ခြစ်ရာမထင်အောင် ကိုယ်တန်ဖိုးထား ဂရုစိုက်ပါ့မယ်"
"ကိစ္စမရှိပါဘူး။ ခြစ်ရာထင်လည်း ကျွန်မက ရှင့်ကို နောက်တစ်ခု ဝယ်ပေးမှာပေါ့"
ဆာစီးနီယာက ရွှင်ပျစွာနှင့် ပုခုံးကို တွန့်ရင်း သူလိုချင်သမျှ သူမ ဝယ်နိုင်သည့် အောင်နိုင်သူ အပြုံးဖြင့် ပြောလိုက်သည်။
ဘန်က ဆာစီးနီယာရဲ့ အပြုံးကိုမြင်၍ လိုက်ပြုံးလိုက်သည်။ ထိုအပြုံးမှာ သူ ဤဧကရာဇ်နန်းတော်ထိ လိုက်လာ၍ မြင်ချင်သည့် အပြုံးပင်။ တချိန်တည်းတွင်ပင် သူမရဲ့ နှုတ်ခမ်းလေးမှာလည်း လှပစွာ ကွေးသွားရာ သူ့နှလုံး ပြင်းထန်စွာ ခုန်လာရသည်။
ဘန်က သူမရဲ့ အနီရောင်နှုတ်ခမ်းလေးကို စုတ်ငုံချင်သည့်စိတ် ဖုံးလွှမ်းလာပြန်သည်။ ဆန္ဒကိုချုပ်ထိန်းထားရသည်မှာ လက်ချောင်းလေးများပင် တစစ်စစ်ဖြစ်လာသည့်အတွက် သူ့ဆန္ဒ မည်မျှပြင်းပြကြောင်း တွေးတောနေမိသည်။ သို့သော် နေရာမှာ ဧကရာဇ်နန်းတော် ဖြစ်နေသည်။ သူမကို အကြိမ်ပေါင်းများစွာ နမ်းရှိုက်ပြီးသည့်နောက်တွင် ဆာစီးနီယာက ထင်သာမြင်သာ နေရာများကို သိပ်အကြိုက်တွေ့သည့်ပုံမပေါ်။
"ဆာစီးနီယာ"
"ရှင်?"
လက်တွေ့အခြေအနေ နှင့်ကိုက်ညီစေရန် မသိမသာ ညှိရင်းနှင့် သူ့နှုတ်ခမ်းများမှာ မျက်လုံးလေး အဝိုင်းသားဖြစ်နေသော ဆာစီးနီယာထံ တိုးကပ်သွားသည်။ သူမရဲ့ မျက်ခွံလေးများကို အနည်းငယ် နမ်းရှိုက်ရင်း ဆန္ဒမပြည့်ဝခင် ဖယ်ခွာလိုက်သည်။ ရုတ်တရက် နမ်းလိုက်ခြင်းဖြစ်သော်လည်း ဆာစီးနီယာက ဖြစ်မည်ကို သိသည့်အလား ပြုံးရင်းနှင့်ပင် သူ ဘာထပ်ပြောမလဲ စောင့်နေလိုက်သည်။
"ကိုယ်မင်းကို ပြစရာရှိတယ်"
"ရှင်ကျွန်မကို တစ်ခုခု ပြချင်တာ? ဘာများလဲ"
"မြို့စားမင်း ခြံဝင်းထဲမှာ အသင့်ပြင်ထားတယ်။ ကိုယ်တို့ တူတူပြန်သွားကြမလား?"
ဘန်က ပုံမှန်အတိုင်း မပြောင်းလဲသော ကြင်နာမှုတို့နှင့် ဆာစီးနီယာကို လက်ကမ်းပေးလိုက်သဖြင့် သူမ ပြုံးမိသည်။
"..."
ဘန်က ခုံးကောင်ကဲ့သို့ ပါးစပ်ကို တင်းနေအောင် စိထားရင်း ထပ်မဖွင့်ဘဲ မျက်လုံးချင်း မဆိုင်မိအောင် ရှောင်နေလိုက်သည်။ ဆာစီးနီယာက မမျှော်လင့်ထားသော်လည်း ယခင် အခေါက်ကဲ့သို့ပင် ဆိုင်မှ ပစ္စည်းများအားလုံးကို သူမအတွက် လက်ဆောင်အဖြစ် ဝယ်ထားသည်။
"ဘန်"
"...ကိုယ် တစ်ခုထဲပဲ မရွေးနိုင်လို့"
ဘန်က သူမလက်ကို တင်းနေအောင် ထပ်ဆုပ်ကိုင်လိုက်ရင်း အသံတိုးတိုးနှင့်ပြောကာ သူမလက်ကိုလွှတ်သွားမှာ စိုးရိမ်နေသည်။ အရာရာတိုင်းက သူမနှင့် လိုက်ဖက်လှပနေရာ သူ တစ်ခုထဲ ရွေးမလာနိုင်ပေ။
"ရှင်ကတော့ တကယ်ပဲ..."
ဆာစီးနီယာရဲ့ နားပူနားဆာ အသံကို စံအိမ်တော်ပြန်ရောက်ချိန်အထိ နားဆင်လိုက်ရသည်။ နားပူနားဆာသံမှာပင် သူ့နားထဲတွင် သာယာနာပျော်ဖွယ် အသံဖြစ်နေသည်။
***
နောက်ဆုံးတော့ သူတို့လေးဦးသည် ဆာစီးနီယာရဲ့ ပိုင်နက်မြေသို့ အားလပ်ရက် ခရီး ထွက်ခွင့်ရလေပြီ။ သူမကို အင်ပါယာပေးထားသော ၎င်း ပိုင်နက်မြေမှာ ယခင်က မြို့စားကြီး ကိုင်လိုစ့်ရဲ့ နယ်နိမိတ်ဖြစ်ခဲ့သည်။
ထိုအထဲတွင် ဂလိုရီမှာ အကျယ်ဝန်းဆုံး နယ်နိမိတ်ဖြစ်သည်။ မြေဩဇာလည်း ကောင်းမွန်လှရာ ရွှေမြေပင် ဖြစ်သည်။
"ဝိုး!"
မေက သူမရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ ခရီးလမ်းတစ်လျှောက် မျက်လုံးများ လက်နေသည်။
"ဒါက မြို့စားမင်းကတော်ရဲ့ ပိုင်နက်မြေပဲ။ ဒန်ဗာမြစ်နဲ့ တံတားတွေကလည်း လှတယ် ကြားဖူးတယ်!"
မေမှာ တကယ့်ခရီးသွား ဧည့်သည်အတိုင်းပင်။ အားချန်ကမူ မဖော်ပြသော်လည်း ပုံမှန်အနေအထားထက် အနည်းငယ်ထူးခြားနေသည်မှာ ဤ လာဖို့ သူမျှော်မှန်းထားသလိုပင်။
"ပင်ပန်းနေလားကွယ်?"
ဘန်က ရေဘူး အဖုံးကိုဖွင့်လိုက်ရင်း ရထားလုံးထဲတွင် ကြာရှည်စီးရသဖြင့် မပင်ပန်းရအောင် ဆာစီးနီယာကို အနီးကပ် ဘေးမှ လိုက်စောင့်ရှောက်ပေးနေသည်။
"လုံးဝပဲ"
ဆာစီးနီယာက ခေါင်းကို တည်ငြိမ်စွာရမ်းရင်း ပြောလိုက်သည်။ သူမ ပိုင်နယ်မြေကို ယခင်က အင်ပါယာချီးမြှင့်သည့်အချိန် စာရွက်ထဲတွင်ပဲ တွေ့ခဲ့ရသည်မှာ အခုမှပင်အလည်အပတ် ရောက်ရှိဖူးတော့သည်။
သူမ ခရီးသွားရသဖြင့် ပင်ပန်းမနေဘဲ ဤ ခရီးထွက်လာဖို့သာ သူမ မျှော်လင့်နေခဲ့သည်။ သူမ မြို့တော်မှ မခွာရသည်မှာ ကြာမြင့်ပြီဖြစ်ပြီး သူမရဲ့ အလုပ်များသည့်ရက်များကို မေ့ကာ ဘန်နှင့်အတူ အချိန်ကုန်ဆုံးမည်ကို တွေးမိရင်းနှင့် ရင်ပင်ခုန်လာသည်။
အားလပ်ရက် ခရီးစဉ်အတွင်းတွင် သူမ နောက်ကျမှအိပ်မည်။ ဘန်နှင့်အေးအေးဆေးဆေး စားသောက်မည်။ ရေနွေးအတူတကွ သောက်ကာ ပတ်ကြည့်ကြမည်။ အေးလာချိန်တွင် စံအိမ်တော်သို့ပြန်ကာ တစ်ညလုံး ကြယ်ကြည့်မည်။ နောက်ရက်တွင် နာမည်ကျော်ကြားသော ဟဲနပ်စ်ဈေးလမ်းမကို သွားမည်။ ထိုလမ်းမှ ဥဿဖယားနှင့် လုပ်ထားသော လက်ဝတ်ရတနာများမှာ နာမည်ကြီးသည်ဟု သူမ ကြားသည်။
"ကျွန်မ ဒါကိုပဲ စောင့်မျှော်နေတာ"
ဆာစီးနီယာက သူမ အစီအစဉ်ကို သူမဘာသာ သဘောကျပြီး ရထားလုံးကို အမြန်ရောက်စေချင်နေပြီ။ သို့ရာတွင် သူမရဲ့ စိတ်လှုပ်ရှားမှုများမှာ ကြာမြင့်စွာ မခံဘဲ ကွယ်ပျောက်သွားသည်။