Chapter 128 (Extra)
Side story - မြို့စားမင်းကတော် ဆာစီးနီယာ ဂါဘီတာ
ဤအရာမှာ နွေဦးမရောက်ခင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အိမ်ရှေ့စံမင်းသားရဲ့ လက်ထပ်ပွဲ မကျင်းပမီ နှင့် ဆာစီးနီယာ ဘွဲ့ထူးဂုဏ်ထူး ရရှိခဲ့ပြီး တစ်လခန့် အကြာတွင် ဖြစ်ပွားခဲ့သည်။
***
"ဟမ်း..."
ဆာစီးနီယာ အိပ်ပျော်နေစဉ် တရွရွ နှင့် လည်တိုင်၊ လက်ဖဝါးနှင့် ပါးပြင်တို့တွင် နှုတ်ခမ်း၏ အထိအတွေ့ကို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်သွားသည်။ သူမ အိပ်မက်မက်နေသည် ထင်မိသော်လည်း နေ့တိုင်းခံစားရသည့် ရင်းနှီးသော အထိအတွေ့ဖြစ်ခြင်းကြောင့် အိပ်မက်မဟုတ်မှန်း သတိရသွားသည်။
ဆာစီးနီယာက အပြုံးဖျော့ဖျော့လေးနှင့် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
"ဘန် တော်တော့။ ယားတယ်"
သူမ မျက်လုံးကိုဖွင့်ကြည့်သည့်အချိန် ပထမဆုံးမြင်တွေ့ရသည်မှာ သူမရဲ့ညှပ်ရိုးလေးကို ဘန်က နမ်းရှိုက်နေခြင်းကိုပင်။ ဘန်က သူမတစ်ကိုယ်လုံးကို နမ်းရှိုက်နေသည်မှာ ယခုအခါတွင်တော့ ညှပ်ရိုးလေး အလှည့်ဖြစ်မည်။
"အာ ဆာစီးနီယာ၊ ကိုယ်မင်းကို နှိုးဖို့ မရည်ရွယ်ပါဘူး"
သူမရဲ့ အသံကြားလိုက်သည်နှင့် ဘန်က ခေါင်းကိုမော့ကာ နှုတ်ခမ်းကိုခွာလိုက်သည်။ တပ်မက်မှုနှင့် ပြည့်နေသော သူ့ရဲ့ ခရမ်းရင့်ရောင် မျက်ဝန်းများမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
"ရှင် ကျွန်မကို နေရာတိုင်းလိုက်နမ်းနေတာ မနိုးဘဲ နေနေအုံးမယ်"
အမှန်တကယ် တောင်းပန်နေသော ဘန်ကိုကြည့်ရင်း သူမ ရယ်မောလိုက်မိသည်။
ဘန်မှာ အမြဲတမ်း သူမထက်အရင်ထကာ သူမကို ရင်ထဲထိ ခံစားရသည့် အနမ်းများခြွေရင်း နှိုးသည်။ သူမတစ်ကိုယ်လုံးကို စွဲထင်နေအောင် အနမ်းချွေသည်မှာ နေရာလပ်ပင်မကျန်။ သို့သော် တစ်ရက်တွင် သူမရဲ့ ပေါင်တွင်းသားများဆီသို့ သူ့နှုတ်ခမ်းများ ရောက်ရှိလာသောအခါ သူမ အံ့ဩကာ မျက်လုံးဖွင့်ကြည့်မိသည်။
"အာ..."
သူမရဲ့ စကားလုံးများကြောင့် သူ့မျက်နှာတွင် ပြန်သတိဝင်လာသည်။
ဘန်က ဆာစီးနီယာနှစ်ခြိုက်စွာအိပ်မောကျနေခြင်းကို မြတ်နိုးသည်။ တည်ငြိမ်စွာ အိပ်ပျော်နေသော သူမထံမှ ညင်သာသော အသက်ရှူသံလေး၊ သူ့ထက်အမြဲ နွေးထွေးနေသော သူမရဲ့ နူးညံ့သော ခန္ဓာကိုယ်လေးနှင့် ခပ်ဖြည်းဖြည်း ပုံမှန်ထွက်ပေါ်နေသော သူမရဲ့ နှလုံးခုန်သံ တို့ကြောင့် သူ အမြဲတန်း ရင်ခုန်သံ မြန်နေရသည်။
သူမကို အချိန်အတန်ကြာ စိုက်ကြည့်နေရင်း ဘန်ရဲ့ နှုတ်ခမ်းများမှာ သူ့အလိုအလျောက်လှုပ်ရှားသွားသည်။ သူမရဲ့ ဝိုင်းဝန်းသော နဖူးလေး၊ နှုတ်ခမ်းဖောင်းဖောင်းလေး၊ ပန်းနုရောင် ပါးပြင်လေးနှင့် သူမရဲ့ အရာရာတိုင်းကို သူ အလွတ်မပေးချင်။ သို့သော် သူ့ရဲ့ အတောမသတ်နိုင်သော ဆန္ဒတို့ကြောင့် သူမ နိုးသွားရသည်။
"ရှင်ကောင်းကောင်း အိပ်ရရဲ့လား?"
ဆာစီးနီယာက သူ့ကိုယ်သူ ပြန်စဉ်းစားနေသော ဘန်ကို အပြုံးနှင့်ကြည့်ရင်း မေးလိုက်သည်။
"အိပ်ရပါတယ် ဆာစီးနီယာ။ ပြန်အိပ်နော် ကိုယ်မင်းကို မနှောက်ယှက်တော့ဘူး"
ဘန်က သူမရဲ့ နဖူးလေးကို နောက်ဆုံးအကြိမ် နမ်းလိုက်သည်။ သူ ထပ်မံနမ်းရှိုက်ချင်သော်လည်း သူ့ဘေးတွင် သူမ အိပ်မောကျသွားသည်ကို ကြည့်ရသည်မှာ ကျေနပ်ဖွယ်ကောင်းလှသည်။ မနက်ခင်းတိုင်း သူ့မျက်လုံးဖွင့်လိုက်လျှင် ဘေးတွင် သူမ ရှိနေသည်ကို မြင်ရသည်နှင့်ပင် အရာရာ ပြည့်စုံနေသည်။ သူ့နှလုံးသားမှ ယိုစီးကျလာသော အချစ်များမှာ သူမကို တစ်ရက်ထက် တစ်ရက် တိုး၍သာ ချစ်နေရသည်။
"မဟုတ်ဘူး။ ကျွန်မ ထမှရမယ်။ မိုးလင်းတော့မယ်"
လိုက်ကာကြားမှ တိုးဝင်လာသော အရုဏ်ဦး အလင်းရောင်ကို မြင်လိုက်သည်နှင့် ဆာစီးနီယာက အိပ်ယာမှ ထလိုက်သည်။ ဘန်နှင့်အတူ အိပ်ယာထဲတွင် တစ်နေကုန်ရှိနေချင်သော်လည်း သူမ မနေနိုင်။ လိုင်မာဖီးယပ်စ်၏ တောင်းဆိုမှုအရ နန်းတော်ထဲသို့ သူမ သွားရပေမည်။
ကိစ္စအားလုံး ပြီးစီးသွားသည်နှင့် ဘန်နှင့်အေးချမ်းစွာ နေသွားမည့် မျှော်လင့်ချက်မှာ ပျက်သုဉ်းသွားသည်။ သူမ လိုင်မာဖီးယပ်စ်ရဲ့ ဖိတ်ကြားချက်အရ တော်ဝင်နန်းတော်အတွင်းသို့ ဝင်ရောက်သည့်နေ့တွင် မြို့တော်ကို အမြန်ဆုံး ပြန်လည်ထူထောင်ရေးနှင့် လူများဘဝ တည်ငြိမ်စေရေး အတွက် အကျိုးရှိသော ခေတ်မှီနည်းလမ်းကို အဆိုပြုခဲ့သည်။
ထိုအချိန်မှစ၍ လိုင်မာဖီးယပ်စ်က သူမကို စိတ်ထဲစွဲသွားသည်။ အကြံပေးရာထူးကို သူမ ငြင်းဆန်လိုက်သောအခါ ထိုစွဲလမ်းခြင်းမှာ ပိုဆိုးလာသည်။ တွေ့ဆုံမှုတစ်လျှောက်လုံးတွင် လိုင်မာဖီးယပ်စ်ရဲ့မျက်လုံးများသည် အကြံပေးရာထူးကို ထပ်မံကမ်းလှမ်းရန် တောကြောင်ကဲ့သို့ ချောင်းမြောင်းနေသည်မှာ ဘယ်တော့မှ လက်မလျှော့တတ်သော သူ့စိတ်ဓာတ်ပင်ဖြစ်သည်။
အိမ်ရှေ့စံမင်းသား၏ အကြံပေးရာထူးမှာ သူမ လိုချင်ခဲ့သော ဘဝမဟုတ်ပေ။ နဂိုကတည်းက သူမမှာ မထင်ပေါ်ချင်။ သို့သော် သူမသာ ဤရာထူးကို လက်ခံခဲ့လျှင် လူအများ၏ အာရုံစိုက်မှု အားလုံးမှာ သူမ အပေါ်ကျရောက်လာပေလိမ့်မည်။ တွေးရုံနှင့်ပင် ကြက်သီးထ ကျောချမ်းရသည်။ သူမ အေးအေးဆေးဆေး အနားယူနိုင်သည့်အချိန်ရောက်ပြီဟု ယူဆထားရာ ထိုရာထူးကို စိတ်ဝင်စားသည့်ဟန် မပြသင့်ပေ။
"အဆင်ပြေရဲ့လား? မင်းအတွက် ခက်ခဲနေရင် ကိုယ်သူ့ကို ပြောလိုက်မယ်"
ဆာစီးနီယာ အနည်းငယ် တုန်ယင်နေသည်ကို တွေ့မိသည့်အခါ ဘန်က စိတ်ပူစွာ သူမရဲ့နဖူးလေးကို ထိကြည့်မိသည်။ ကံကောင်းထောက်မစွာပင် သူ့လက်တွင် နဂိုအတိုင်း မပြောင်းလဲသည့် အပူချိန်ကို ခံစားလိုက်ရသည်။
"ဘာမှ မဖြစ်ပါဘူး။ ကျွန်မ ဒီနေ့သွားလိုက်ပြီးရင် တော်တော် အားသွားပြီ"
ဆာစီးနီယာက ခေါင်းရမ်းလိုက်ရင်း သူမနဖူးကို အုပ်ထားသော သူ့လက်လေးပေါ် လက်နှင့် ဖိအုပ်လိုက်သည်။
ပြီးခဲ့သည့်လက လိုင်မာဖီးယပ်စ်ရဲ့ ခေါ်ဆိုမှုကြောင့် သူမ နန်းတော်ထဲသို့ အကြိမ်များစွာ သွားခဲ့ရသည်။ သို့သော် ထိုအရာများအားလုံးမှာ ယနေ့အထိသာဖြစ်သည်။ ယနေ့ သူမ သွားပြီးလျှင် သူမအတွက် အားလပ်ရက် ရပြီဖြစ်သည်။
"မင်း အရမ်း အားစိုက်နေစရာမလိုပါဘူး။ အချစ် မလုပ်ချင်ရင် နန်းတော်ထဲကို ဝင်စရာ မလိုဘူး"
ဘန်က စိုးရိမ်မှုကို မဖျောက်နိုင်ဘဲ သူမရဲ့ နူးညံ့သော ပါးပြင်လေးကို နောက်လက်တစ်ဖက်ဖြင့် ပွတ်သပ်ပေးနေမိသည်။ နန်းတော်အတွင်းသို့ သူမ နေ့စဉ်နေ့တိုင်း မနက်စောစော သွားရသည်ကိုလည်း သူ ပူပန်ရကာ စိတ်မကောင်းပေ။ သူမမှာ စောစောထတတ်သည့်အတွက် နန်းတော်တွင်းသို့ စောစော ဝင်ရောက်ရန် အခေါ်လွှတ်ခြင်းကို သူ ခွင့်မလွှတ်နိုင်ပေ။
အံကြိတ်ထားရင်း ဘန်က ပြုံးဖြဲဖြဲလုပ်နေသော လိုင်မာဖီးယပ်စ်ကို အမှတ်ရသွားသည်။ သူတို့နှစ်ဦးရဲ့ ကိုယ်ပိုင်အချိန်ကို နှောက်ယှက်သော တရားခံ လိုင်မာဖီးယပ်စ်ကို သူလုံးဝ ကြည့်မရ။
"ကျွန်မ တကယ်အဆင်ပြေပါတယ်"
ဆာစီးနီယာမှာ လိုင်မာဖီးယပ်စ်ကို ဘန်က စိတ်ထဲမှ ကျိန်ဆဲနေသည်ကို သတိထားမိသွားသောအခါ ရယ်ချလိုက်မိသည်။ သို့သော်လည်း အိမ်ရှေ့မင်းသား လိုင်မာဖီးယပ်စ်ကိုပင် ကျိန်ဆဲနေသော ဘန်ကို မြင်ရသည်မှာ နှစ်လိုဖွယ်ကောင်းလှသည်။
"ကျွန်မ အရင်ပြင်ဆင်နှင့်မယ်။ ရှင် ပင်ပန်းနေရင် ပြီးမှ ဖြည်းဖြည်းထခဲ့နော်"
သူ့နှုတ်ခမ်းများကို နမ်းရင်း ရေချိုးခန်းဆီသို့ ထလာခဲ့သည်။ သူမ နန်းတွင်းထဲသို့ဝင်ရောက်ရန် အခုအချိန်မှစ၍ ပြင်ဆင်ရပေမည်။
***
"ကောင်းပါပြီ မြို့စားမင်းကတော် ဆာစီးနီယာ။ မနက်ဖြန်ကစပြီး အားလပ်ရက် ရပါပြီ"
"ဟုတ်တာပေါ့"
ရှေ့မှစာရွက်များကို စီလိုက်ရင်း ဆာစီးနီယာက လိုင်မာဖီးယပ်စ်ကို ဖြေလိုက်သည်။ နောက်ဆုံးတွင်တော့ ပျင်းရိရှည်လျားသော တွေ့ဆုံခြင်း ပြီးဆုံးကာ အားလပ်ရက်ရှည် စတင်ပြီဖြစ်သည်။
"ပိုင်နက်နယ်မြေကို သွားကြည့်မယ်လို့ ပြောတာမလား? မိန်းကလေး အဲ့မှာ ဘယ်လောက်ကြာမှာလဲ?"
"တစ်လလောက် ဖြစ်လိမ့်မယ်"
"အဲလက်စ်ကတော့ ပျော်ရွှင်နေမှာပဲ။ သူ့ကိုကြည့်နေစရာတောင် မလိုဘူး သိတယ်"
လိုင်မာဖီးယပ်စ်က ဘန်ပျော်ရွှင်နေမည့်ပုံကို တွေးမိကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လိုင်မာဖီးယပ်စ်က နောက် အင်ပါယာဖြစ်လာရန်အတွက် နိုင်ငံရေးတွင် အလေးအနက်လုပ်ဆောင်ပါဝင်ကာ ဆာစီးနီယာကို အရင်ဆုံး မြို့တော်သို့ ခေါ်လိုက်သည်။ ရှေ့တန်းမှပင် မီးတောက်များကို တွေ့ကြုံ ရင်ဆိုင်ကာ ဖြေရှင်းခဲ့သော သူမရဲ့ အတွေးအမြင်များကို ကြားလိုလှသည်။ သို့ရာတွင် သူမနှင့် စကားပြောလေလေ ပိုမို အံ့အားသင့်လေလေ ဖြစ်ရသည်။
မြို့စားမင်းကတော် ဆာစီးနီယာမှာ ဘုန်းတော်ကြီးနှင့်မတူ ထူးခြားသော အချက်များရှိသည်။ သူမသည် လူအများနှင့်သက်ဆိုင်သော အထူးသဖြင့် လူလတ်တန်းစားများနှင့် ဆိုင်သည့် နိုင်ငံရေးအတွေးအမြင်များနှင့် ရင်းနှီးကျွမ်းဝင်သည်။ ဆွေးနွေးရင်းနှင့်ပင် အချိန်ကုန် အကျိုးမရှိစေသော သူများနှင့်မတူ လူများ၏ စိတ်သဘောထားကို နားလည်ကာ သူတို့ဘဝ တိုးတက်လာစေရန် မည်သို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း သူမ သိသည်။ ပြည်သူတစ်ဦးတစ်ယောက်မှ ငတ်မွတ်ခေါင်းပါးခြင်း မရှိစေရတော့ ဟူသည့် လိုင်မာဖီးယပ်စ်ရဲ့ အတွေးအမြင်နှင့်လည်း ထပ်တူကျသည်။
ထိုနေ့မှစ၍ ဆာစီးနီယာနှင့် တွေ့ဆုံမှု အကြိမ်ရေ တိုးလာကာ သူမနှင့် ဆွေးနွေးမှု များလာသည်နှင့်အမျှလည်း လိုင်မာဖီးယပ်စ်က ပိုမို လိုချင်လာသည်။ ဆာစီးနီယာကို သူ၏ အကြံပေးအဖြစ် အလိုရှိသော်လည်း သူထုတ်ပြောလိုက်သည်နှင့် ငြင်းပယ်ခံလိုက်ရသည်။ ထို့ကြောင့်ပင် သူက ဒုတိယနည်းလမ်းအနေနှင့် ဆာစီးနီယာကို မကြာခဏ ခေါ်ယူကာ တိုင်ပင်ဆွေးနွေးသည်။ အရာရာ အဆင်ပြေသော်လည်း ထိုအပြုအမူက သူမရဲ့ ချစ်သူကို အလွန်စိတ်တိုစေသည်။
"အဲလက်စ်ကတော့ ငါ့ကို အောက်လမ်းရုပ်နဲ့ လုပ်နေလောက်ပြီ"
လိုင်မာဖီးယပ်စ်က သူမြင်တွေ့ဖူးသော ဘန်ရဲ့ မျက်လုံးများကို ပြန်စဉ်းစားကာ ရေရွတ်နေမိသည်။
ထိုနေ့တွင် သူက ဆာစီးနီယာကို နန်းတွင်းထဲသို့ နေ့တိုင်းလာကြိုသော သူ့သူငယ်ချင်း မြို့စားမင်း၏မျက်နှာကို မမြင်ရတာ ကြာပြီဖြစ်သဖြင့် တွေ့ဆုံရန် ထွက်လာခဲ့သော်လည်း နှုတ်ပင် မဆက်ရဘဲ လှည့်ပြန်ခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ဆာစီးနီယာရှေ့တွင် ရင်းနှီးချိုသာနေသော ဘန်သည် လိုင်မာဖီးယပ်စ်ကို မြင်သည်နှင့် ထိတ်လန့်ဖွယ် မျက်နှာပြောင်းသွားကာ သူ့ခံစားချက်များကို ဖုံးကွယ်ထားရင်း စိုက်ကြည့်နေသည်မှာ တမလွန်မှ ခြင်္သေ့တစ်ကောင် ကဲ့သို့ပင်။ သူ့မျက်လုံးများမှလည်း 'သူမနဲ့ ငါ့ရဲ့ အချိန်တွေကို မင်း နှောက်ယှက်တာ မခံနိုင်ဘူး' ဟူသည့် သတိပေးချက်များ ထွက်ပေါ်နေပေသည်။
အိမ်ရှေ့စံမင်းသားကို မည်သူက ထိုသို့ ကြည့်ရဲပါသနည်း။ သို့သော် ဘန်ကတော့ မြို့စားမင်းကတော် ဆာစီးနီယာ ဂါဘီတာနှင့် ပတ်သက်လာလျှင် အင်ပါယာသာမက ဘုရားသခင်ပင်ဖြစ်စေ ဂရုစိုက်မည်မဟုတ်။ ထိုအရာမှာ အချစ်စစ်မှလွဲ၍ အခြားအရာ မဖြစ်နိုင်ပေ။
"အဲ့လောက်တော့ မဆိုးပါဘူး"
ဆာစီးနီယာမှာ လိုင်မာဖီးယပ်စ်ဆိုလိုသည်ကို နားလည်သဖြင့် အနည်းငယ် ပြုံးကာ ပြောလိုက်သည်။ ကျိန်စာရုပ်မလုပ်သေးသော်လည်း ဘန်က လိုင်မာဖီးယပ်စ်ကို မကြိုက်ရုံမက မုန်းတီးတော့မည့်အသွင်နှင့် ယနေ့မနက်ပင် အံကြိတ်လျက်ရှိလေသည်။ ယခုလ အားလပ်ရက်သာ မရှိလျှင် မည်သို့ဖြစ်လာမည်မှန်း ဆာစီးနီယာ မခန့်မှန်းနိုင်တော့။
"မဖြစ်နိုင်ဘူး"
လိုင်မာဖီးယပ်စ်က စိတ်ပျက်ကာ ခေါင်းရမ်းလိုက်ရင်း ဆက်ပြောလိုက်သည်။
"မြို့စားမင်းကတော် မသွားခင် ကျေးဇူးပြုပြီး ဗားန်ကို ဝင်တွေ့သွားပါအုံး။ မိန်းကလေး လာလည်ရင် သူ အရမ်းပျော်နေတာ"
"ကျွန်မ ဝင်တွေ့မှာပေါ့။ ဒါဆို သွားလိုက်ပါအုံးမယ်"
ဆာစီးနီယာက သူမကို နှုတ်ဆက်ရင်း သူမနှင့် ရင်းနှီးနေပြီဖြစ်သော နန်းတွင်းစင်္ကြံများပေါ်တွင် ပေါ့ပါးစွာ လှမ်းလာခဲ့သည်။
"ဟူး"
ခဏတွင် သူမ သက်ပြင်း ခပ်အေးအေး ချလိုက်သည်။
နောက်ဆုံးတွင်တော့ အားလပ်ရက် ရောက်ရှိလာလေပြီ။ လိုင်မာဖီးယပ်စ်နှင့် တစ်လခန့် တွေ့စရာမလိုတော့ပေ။ သူမ မျက်နှာမှာလည်း ဖော်ပြမရနိုင်သော စိတ်သက်သာရာရမှု နှင့်အတူ စိတ်နှလုံးပေါ့ပါးစွာ တေးဆိုညည်းနေမိသည်မှာ အတော်ကြာသွားကာ သူမ သတိထားလိုက်မိချိန်တွင် ဗားန်နေထိုင်ရာ အခန်းရှေ့သို့ပင် ရောက်နေခဲ့ပြီ။
"မမလေး ဗားန်၊ မြို့စားမင်းကတော် ဆာစီးနီယာ ဂါဘီတာ ရောက်နေပါတယ်"
အစောင့်အရှောက်ရဲမက်များ သတင်းပို့လိုက်ပြီး စက္ကန့်အနည်းငယ် အကြာတွင်
"ကြိုဆိုပါတယ် မြို့စားမင်းကတော်"
တံခါးကို ဗားန်က ကိုယ်တိုင်ဖွင့်ရင်း ဆာစီးနီယာကို ထွက်ကြိုလိုက်သည်။