Chapter 127 (End)
ဆာစီးနီယာ သည် ဘွဲ့ထူးရရှိခဲ့ပြီးသည်မှာ သုံးလကြာသွားခဲ့ပြီဖြစ်၏။
ဖလီယာ မှာ အဖမ်းခံခဲ့ရပြီး လူးဝစ်နှင့် ဆာစီးနီယာ တို့ တွေ့ဆုံခွင့်ရသည်။
ထို့ကြောင့် ဆာစီးနီယာ က သူမ အမြဲမေးချင်နေသည့် မေးခွန်းကို လူးဝစ်အား မေးလိုက်သည်။
"လွန်ခဲ့တဲ့ သုံးနှစ်ကရော… အခုရော ကျွန်မကို ဘာလို့ ကူညီခဲ့တာလဲ"
“ကျွန်တော် အလုပ်လုပ်ပေးနေတဲ့သူရဲ့ လုံခြုံရေးအတွက် လုပ်တာပါ”
လူးဝစ်သည် ထိုစကားကို ပြောခဲ့ပြီး အဖမ်းခံခဲ့သည်။ လူးဝစ်အား ထိုနေရာမှ ထွက်သွားနိုင်အောင် ကူညီမည်ဟု သူမ ကမ်းလှမ်းခဲ့သော်လည်း လူးဝစ်က ငြင်းဆိုခဲ့သည်။ထိုအချိန်တွင် လူးဝစ်ထံမှ ဖလီယာ အပေါ် ရိုးသားမှုကို သူမမြင်လိုက်ရသည်။
'ဖလီယာ တစ်ကယ် မသိတာလား'
လူတစ်ယောက် တည်ရှိနေရုံနှင့် အရာအားလုံးကို ပြောင်းလဲပစ်နိုင်သည်။
ကလဲ့စားချေခြင်းနှင့် မုန်းတီးခြင်းတို့ဖြင့် ပြည့်နှက်ပြီး မျက်စိကန်းနေသည့် ဖလီယာ ကို ဆာစီးနီယာ စာနာစိတ်မရှိခဲ့ပေ။ သုံးလအတွင်းမှာပင် အများကြီး ပြောင်းလဲသွားရသည်။ထိုပြောင်းလဲမှုများထဲမှ တစ်ခုမှာ ရာဇ၀တ်ကောင်များ အားလုံးကို ခေါင်းဖြတ်စက်ဖြင့် အပြစ်ပေးခဲ့ခြင်းဖြစ်သည်။
ခေါင်းဖြတ်စက် အနားကို ဆွဲခေါ်ခံရသော ဖလီယာ သည် အဆုံးအထိ ရုန်းကန်ထွက်ပြေးခဲ့တာကြောင့် သူရဲကောင်း ဒါဇင်ပေါင်း များစွာက မြှားများဖြင့် ပစ်သတ်ခဲ့လေ၏။
ထို့အပြင် သူမ၏ လည်ပင်းကို လိုင်မာဖီးရပ်စ်က ဖြတ်ခဲ့သည်။ ဆာစီးနီယာ သည် ဖလီယာ သေဆုံးရခြင်း အကြောင်းကို ကောင်းစွာသိသည်။ဤသည်မှာ မူရင်းဝတ္ထုထဲက ဆာစီးနီယာ လို သေဆုံးသွားရတာကြောင့်ပင်။
နောက်ဆုံးတွင် လူဆိုးများ၏ အဆုံးသတ်သည် အတူတူပင်ဖြစ်ခဲ့သည်။ လူကသာ ပြောင်းလဲသွား၏။
နောက်ထပ် ပြောင်းလဲမှုတစ်ခုမှာ ခါးသီးလှသော ဆောင်းရာသီအကုန်၌ နွေဦးရာသီ ရောက်လာခဲ့သည်။
"ဒါက အဆင်ပြေပါ့မလား"
မေသည် စင်မြင့်ပေါ်ရှိ သကြားရည်စိမ်ထားသည့် သစ်သီးများကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“ အိမ်ရှေ့စံ မင်းသမီးက ဒီဟာတွေ လိုချင်တာ…ဟုတ်ရဲ့လား.အစ်မ”
ဆာစီးနီယာ သည် ဘာမှပြန်မပြောဘဲ အသီးတစ်မျိုးစီ ရွေးချယ်ပြီး ငွေပေးချေလိုက်သည်။
ဖာဘီယမ်းလမ်း မှာ ပြန်လည်အသက်ဝင်လာခဲ့သည်။ မီးလောင်မှုကြောင့် ပျက်စီးခဲ့ရသော မြို့တော်သည် ယခင်ပုံစံအတိုင်း လျင်မြန်စွာ ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။
“ဟင်း… အိမ်ရှေ့စံမင်းသားနဲ့ အိမ်ရှေ့စံမင်းသမီးရဲ့ မင်္ဂလာပွဲအတွက် လက်ဆောင်က သကြားလုံးပါလား”
မေ က ဇဝေဇဝါ ဖြစ်နေပုံရသည်။ ဆာစီးနီယာ ကမူ နူးညံ့စွာ ပြုံးပြီး အဝေးက ဧကရာဇ်နန်းတော်ကို ကြည့်လိုက်သည်။ ဗားန် သည် သူမ၏ မင်္ဂလာဆောင် လက်ဆောင်အတွက် တစ်ခုသာလိုချင်ကြောင်း ပြောခဲ့သည်။
“အဲ့ဒီတုန်းက ဖာဘီယမ်းလမ်းမှာ ညီမတို့ စားခဲ့တဲ့ သကြားရည်စိမ် သစ်သီးလေ…အဲ့ဒါစားချင်တယ်"
“အိမ်ရှေ့စံမင်းသမီးကလည်း သိပ်ကို ရိုးတာပါကလား"
မေ စကားကြောင့် ဆာစီးနီယာ ရယ်မောလိုက်သည်။
"ပြန်ရအောင်…မြို့စားမင်းကတော်ရေ့"
ဆောင်းရာသီပြီးနောက် နွေဦးပေါက်ပြီ။ အိမ်ရှေ့စံမင်းသားနှင့် အိမ်ရှေ့စံမင်းသမီးတို့၏ မင်္ဂလာပွဲကို မနက်ဖြန် ကျင်းပမည်ဖြစ်သည်။
'နောက်ဆုံးတော့ ပြီးသွားပြီ',
မူရင်းဝတ္ထု၏ အဆုံးသတ်မှာ လိုင်မာဖီးရပ်စ် နှင့် ဗားန် တို့၏မင်္ဂလာပွဲဖြစ်သည်။ မူရင်းဝတ္ထုထဲကလို သူမကိုယ်သူမ မသေစေနိုင်ရန် သုံးနှစ်တာလုံးလုံး ကြိုးစားခဲ့ရသည်။ယခုတော့လေးနှစ်ကျော်သွားခဲ့ပြီ။ယနေ့အချိန်အထိ ဆာစီးနီယာ ရှင်သန်နေဆဲပင်။ဤသည်မှာလည်း သူမ၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တာကြောင့်ပင်။
"အစ်မ…မြို့စားမင်း ကို အရမ်းလွမ်းနေလား"
ခြေလှမ်း သုတ်သုတ်လှမ်းနေသော ဆာစီးနီယာ ကို မေက လိမ္မာပါးနပ်သော အပြုံးဖြင့် မေးလိုက်သည်။ ဆာစီးနီယာ သည် မေ၏ အမေးကို အသာအယာပြန်ပြုံးပြရင်း ရှေ့တွင် ရပ်နေသူကို လှမ်းကြည့်လိုက်သည်။
ရထားရှေ့တွင် သူမ ပြန်အလာကို စောင့်နေသူ တစ်ယောက်ရှိလေသည်။
"ဟုတ်တယ်…ငါ သူနဲ့ တစ်စက္ကန့်တောင် ခွဲမနေနိုင်ဘူး"
မေ သည် မမျှော်လင့်ထားသော အဖြေကြောင့် အံ့သြသွားကာ ပါးစပ်ဟ,နေရတော့သည်။
တစ်ဖက်တွင်၊ ဆာစီးနီယာ သည် မေ အံ့ဩသွားပုံကိုကြည့်ပြီး အားရပါးရပြုံးကာ သူမကို စောင့်နေသော ဘန် ဆီသွားလိုက်သည်။
"သကြားလုံး… ဝယ်ပြီးပြီလား"
ဘန် က သူမကို မြင်သွားပြီး နွေဦးပန်းပွင့်များထက် ပိုမိုတောက်ပစွာ ပြုံးပြလိုက်သည်။
“အင်း”
ဆာစီးနီယာ က သူမ ကိုင်ထားသည့် အထုပ်တွေကြားထဲက သကြားရည်စိမ် စတော်ဘယ်ရီသီးကို ယူလိုက်၏။
ဤသကြားလုံးမှာ ဗားန်၊ မေ ၊ ရီနာ တို့နှင့်အတူ အပြင်ထွက်သည့်အခါက ဝယ်ခဲ့သည့် သကြားလုံးဖြစ်သည်။ ကောက်ရိတ်သိမ်းပွဲတော်၌ ဘန် နှင့်အတူကုန်ဆုံးခဲ့သော အမှတ်တရများကို ပြန်အမှတ်ရသွားရန် ဝယ်လာခဲ့ခြင်း ဖြစ်သည်။
ထိုနေ့က ဘန် နှင့် အတူစားဖို့ ဝယ်လာခဲ့သော်လည်း မီးလောင်မှုဖြစ်သွားခဲ့၍ အတူမစားလိုက်ရပေ။ထို့ကြောင့် ယခုအခေါက်တော့ သေချာပေါက် အတူစားလို့ရပြီဖြစ်သည်။
သကြားလုံးကို ယူလိုက်သော ဘန် ၏ လက်ကလေးမှာ ကြက်သွေးရောင်လက်ကောက်ကို ဝတ်ဆင်ထားဆဲဖြစ်သည်။
“ကောက်ရိတ်သိမ်းပွဲတော်ကို ပြန်အမှတ်ရသွားတယ် သိလား…"
"ဒီနှစ်ရော ကိုယ်နဲ့လိုက်ခဲ့ချင်လား"
"အင်း…လိုက်မယ်"
နှလုံးသားထဲကို စိမ့်ဝင်သွားစေသော နွေးထွေးသည့်အပြုံးကို ပြုံးကာ ဘန် က သူမ ခါးကို ပွေ့ဖက်လိုက်သည်။
"အား"
ထိုအချိန်တွင် ပြေးလာနေသော ကောင်မလေးတစ်ယောက် သူတို့ နှစ်ယောက်ရှေ့တွင် လဲကျသွားသည်။ ဆာစီးနီယာ သည် သူမကို ကူညီရန် လက်လှမ်းလိုက်ရာ ကလေးမလေးမှာ ထိတ်လန့်သွားသည်။
"နင်က စုန်းမကြီး"
နောက်က လိုက်ဖမ်းနေသည့် ကောင်လေးက လဲကျသွားသည့် ကောင်မလေးကို ကျောက်ခဲနှင့် ပစ်ပေါက်လိုက်သည်။
ဆာစီးနီယာ မျက်ခုံး တွန့်သွားရသည်။ ကောင်လေးကို ခေါ်ပြီး သူမ စကားတစ်ခွန်းပြောဖို့ ကြိုးစားခဲ့သော်လည်း ကောင်လေးနောက်ကို လိုက်လာသည့် အမျိုးသမီးကြောင့် ဘာမှမပြောနိုင်တော့။
"မင်း ဘာပြောလိုက်တာလဲ…အဲ့ဒီလိုမျိုး ပြောလို့မရဘူး"
ကောင်မလေး၏ အမေက ကောင်လေးကို ကောင်းကောင်းကြီး ဆူပူကြိမ်းမောင်းနေသည်။
"ဒီစကားမျိုး မပြောပါနဲ့လို့ ငါ ပြောထားတယ်မလား… သွားပြီး တောင်းပန်လိုက်”
ထိုအခါ အဆူခံလိုက်ရသည့် ကောင်လေးမှာ မျက်ရည်ကျချင်သလို ဖြစ်နေတော့သည်။
“ဟေ့…မတောင်းပန်ဘူးလား"
"တောင်းပန်ပါတယ်... ဗြဲ"
နောက်ဆုံးတော့ ကောင်လေးက တောင်းပန်ပြီး ငိုနေတော့သည်။ ကောင်အလေး၏ မိခင်သည် လဲကျနေသော သမီးဖြစ်သူကို ဆွဲထူပြီး အသေအချာ ဖုန်ခါပေးလိုက်သည်။
"အဆင်ပြေလား"
“ဟုတ်ကဲ့…အမေ"
ဆာစီးနီယာ သည် သူတို့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
နောက်တစ်ခု ပြောင်းလဲတာ ရှိသေးသည်။
ဧကရာဇ်မင်းသည် သူမအား မြို့စားမင်းကတော် ဘွဲ့ကို ပေးအပ်ခဲ့သည့်အချိန်က ပြောင်းသွားခြင်း ဖြစ်သည်။
မှူးမတ်များအားလုံး ပြန်သွားကြပြီး ဧကရာဇ်ဘုရင်နှင့် သူမတို့ အတူရှိနေချိန်၌ ဆာစီးနီယာ သည် မမျှော်လင့်ထားသော စကားကြောင့် မျက်လုံး ပြူးသွားရသည်။
"မြို့စားမင်း ဆာစီးနီယာ ဂါဘီတာ …မင်း ဖြစ်ချင်တာရှိရင် ကိုယ်တော့်ကို ပြောပါ"
ဘွဲ့ထူးတစ်ခု ပေးရုံနှင့်တင် လုံလောက်သော်လည်း သူမ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးတော့မည် ဖြစ်သည်။
ဆာစီးနီယာ ချက်ချင်း ဘာမှပြန်မပြောနိုင်။ရုတ်တရက် သူမ ဘာဖြစ်ချင်မှန်း လွယ်လွယ်နှင့် တွေးမရသေးပေ။
"ကိုယ်တော် ပေးနိုင်တဲ့ အရာမျိုးဆို မင်းကို သေချာပေါက် ပေးအပ်မှာပါ…ဒါကြောင့် ပြောချလိုက်ပါ"
ဧကရာဇ် ပေးစွမ်းနိုင်သော ဆန္ဒတစ်ခု…
ရုတ်တရက် သူမ စိတ်တဲ တခုခုပေါ်လာသည်။
“ဒါဆို ကျေးဇူးပြုပြီး စုန်းမဆိုတာ အင်ပါယာမှာ မရှိတော့ဘူးဆိုတာကို ကြေညာပေးပါရှင်”
ဧကရာဇ်ဘုရင်သည် သူမ စကား၏ အဓိပ္ပါယ်ကို နားမလည်သောကြောင့် အံ့ဩနေပုံရသည်။
"ဒါဆို ဘယ်သူကမှ စုန်းမဆိုတဲ့ စကားလုံးကို သုံးတော့မှာမဟုတ်ပါဘူး"
သူမကို ပြောဆိုကြသော စကားများသည် တစ်ခါတစ်ရံ လှံဖျားများ၊ တစ်ခါတစ်လေမြှားခေါင်းများလိုပင်၊အမြဲတစေ သူမကို ထိုးနှက်နေတော့သည်။ သူမကို စုန်းမဟု ခေါ်သူများသည် သူမအား အမြဲ အောက်ဆွဲချဖို့ အမြဲကြိုးစားကြသူများပင်။
လူအများစုသည် ရှေ့တွင်တော့ ပြုံးပြတတ်ကြပြီး ဖုံးကွယ်ထားသော အကျည်းတန်သည့် ခံစားချက်အစစ်အမှန်များကို ထုတ်ဖော်တတ်ကြသည်။ ထို့နောက် ပေါ်သွားလျှင်လည်း ဗြောင်ငြင်းတတ်လေသည်။ လောကကြီးကလည်း။ထိုအပြုအမူကို မရှာတ်ချဘဲ လူတိုင်းနီးပါး ကျင့်သုံးနေတော့သည်။ ထို့ကြောင့် သူမ တစ်ခုတော့ သိချင်မိသည်။
တစ်ကယ့် စုန်းမအစစ်က ဘယ်သူတွေများလဲ…
"ကိုယ်တော် ပေးပါ့မယ်"
ဧကရာဇ်ဘုရင်က ဝမ်းမြောက်ဝမ်းသာ အဖြေပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်… အရှင်မင်းကြီး"
ထိုနေ့မှစ၍ 'စုန်း' ဟူသော စကားလုံးသည် အင်ပါယာမှ ပျောက်ကွယ်သွားသည်။ 'စုန်း' ဟူသော စကားလုံးကို ဥပဒေအရ အသုံးမပြုနိုင်စေရန် ပြင်ဆင်လိုက်ရာ စုန်း သည် မည်သူမှ လွတ်လပ်စွာ မပြောနိုင်သော စကားလုံး ဖြစ်လာခဲ့သည်။
“ပြန်ကြရအောင်”
ဆာစီးနီယာ သည် ဘန်နှင့်အတူ ရထားလုံးပေါ် တက်လ်ိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ စုန်းမ ဆိုသည့် စကားမှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်၏။
* * *
ဤသို့ဖြင့် လိုင်မာဖီးရပ်စ် နှင့် ဗားန် တို့သည့် လူအများ၏ ကောင်းချီးပေးမှုခံခဲ့ရပြီး လက်ထပ်ခဲ့သည်။ ဆာစီးနီယာ နှင့် မေ တို့က မင်္ဂလာလက်ဆောင်ကို ပေးအပ်သောအခါ ဗားန် သည် တန်ဖိုးကြီး မိတ်ကပ်များ အပျက်ခံပြီး ငိုကြွေးနေလေသည်။
" အရမ်းလိုက်တာပဲ"
ဆာစီးနီယာ တိုးတိုးလေး ညည်းတွားလိုက်သည်။ လိုင်မာဖီးရပ်စ် နှင့် ဗားန် တို့သည် အောက်မှ ပြည်သူများကို လက်ပြနှုတ်ဆက်ကြသည်။ မြို့တော်ကြီး တစ်ခုလုံး မြည်ဟည်းသွားအောင်ပင် သူတို့နှစ်ယောက်ကို ကောင်းချီးပေးလိုက်ကြသည်။
ထိုမြင်ကွင်းသည် ဆာစီးနီယာ ၏နှလုံးသားကို လာထိသွားသည်။ သူမ ချစ်ရသူအနားမှာ နေပြီး ချစ်ခင်ရသူ၏ မင်္ဂလာပွဲကို ကြည့်ရှုနေရတာကြောင့် အတိုင်းမသိ ပျော်ရှင်နေမိသည်။
"ဆာစီးနီယာ"
သူမ၏ မျက်လုံးအိမ်ထဲက မျက်ရည်များကို မြင်လိုက်ရသော ဘန်က အံ့ဩပြီး သူ့လက်ကိုင်ပုဝါကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဆာစီးနီယာ ၏ မျက်လုံးထောင့်တွေကို ခပ်ဖွဖွ တို့ထိသုတ်ပေးလိုက်သည်။
"ဘယ်သူ့အတွက် ငိုနေရတာလဲ"
"ဟင်"
ထူးထူးဆန်းဆန်းမေးခွန်းကြောင့် ဆာစီးနီယာ အငိုရပ်သွားသည်။
“အိမ်ရှေ့စံမင်းသားကြောင့်များလားလို့…”
"ဘာတွေပြောနေတာလဲ…မဟုတ်ဘူး"
မနာလိုစိတ်တို့ ယိုဖိတ်နေသော မျက်လုံးများကို မြင်လိုက်ရတော့ ဆာစီးနီယာ အမြန် ပြန်ဖြေလိုက်သည်။
"ဘာလို့လဲဆိုတော့ သူတို့ အရမ်းပျော်နနေပုံရလို့ပေါ့"
ထို့အပြင် သူတို့လိုပဲ သူမလည်း ပျော်သည်။
"ကိုယ်က မင်းကို ပိုပျော်အောင် လုပ်ပေးမယ်"
ဘန်သည် အတည်ပေါက်ကြီး ပြောနေပုံရတာကြောင့် ဆာစီးနီယာ ရယ်မောလိုက်သည်။
"အခုတောင် ပျော်နေပြီဟာကို"
“ဆာစနီယာ…မင်းနဲ့သွားချင်တဲ့နေရာရှိတယ်လို့ ကိုယ် ပြောခဲ့တာ မင်းမှတ်မိလား"
ဘန် က ရာဇ၀တ်သားတွေကို ဖမ်းမိလျှင် သူသွားချင်သည့် နေရာ ရှိကြောင်း ပြောခဲ့ဖူးသည်။ ထိုအချိန်တွင် သူမသည် မြို့စားမင်းကတော်၏ တာဝန်ဖြင့် အလုပ်ရှုပ်နေသောကြောင့် ထိုကိစ္စကို လုံးဝ မေ့သွားခဲ့သည်။ မြို့စားမင်းကတော် တစ်ယောက်အနေနှင့် လုပ်စရာတွေ အများကြီးရှိတာကြောင့် သူတို့၏ မင်္ဂလာပွဲကိုတောင် ရွှေ့ဆိုင်းခဲ့ရသည်။
"မှတ်မိတယ်”
"ဒီနေ့ ကိုယ်နဲ့ အတူလိုက်ချင်လား"
ဆာစီးနီယာ ချက်ချင်း ခေါင်းညိတ်လိုက်မိသည်။
* * *
"ဒီလိုနေရာမျိုး ရှိတယ်လား"
ရေကန်ကမ်းစပ်ကို ရောက်သွားသည့် ဆာစီးနီယာ က ရေကန်ကို မြင်မြင်ချင်း အော်ပြောလိုက်သည်။
ပြောလည်းပြောချင်စရာပင်၊ဘယ်သူမှမရှိဘဲ တိတ်ဆိတ်နေသည့် ရေကန်က သိပ်ကိုလှပပေသည်။
"ကိုယ်က မင်းနဲ့အတူ ဒီကို လာချင်နေခဲ့တာ"
ဘန် ဒီမှာ တစ်ယောက်တည်း ထိုင်နေခဲ့ဖူးသည်။
သူမနဲ့ အတူလာချင်နေတာကို သူမ မပါဘဲ လာရသည့်အတွက် သူ ဘယ်လောက်တောင် စိတ်ပျက်ခဲ့ရသလဲ…
ထို့ကြောင့် ယခု သူတို့အတူရှိနေရ၍ ရင်ထဲဖော်မပြတတ်လောက်အောင် ဝမ်းသာလှသည်။
“လှလိုက်တာ”
ဆာစီးနီယာ သည် ရေကန်ကို ငေးကြည့်ရင်း ညည်းညူလိုက်သည်။ ရေကန်ပေါ်တွင် ရွှေမှုန်များ ဖြန်းထားသကဲ့သို့ နေရောင်ကြောင့် တလက်လက် တောက်ပနေ၏။ ပန်းများနှင့် စိမ်းလန်းသော သစ်ပင်များသည် နွေဦးရာသီအစကို ဖော်ပြနေကြသလိုပင် ကျောက်တုံးများကြား၌ ပွင့်လန်းစိမ်းသစ်နေကြသည်။ ဤအချိန်သည် နွေဦးရာသီအစသာမက ငြိမ်းချမ်းလှသည့် ကာလလည်းဖြစ်သည်။
နောက်ဆုံးတော့ ငြိမ်းချမ်းရေးက သူမဆီရောက်လာလေပြီ။
"ကျေးဇူးတင်ပါတယယ်…ဘန်ရယ်… အရမ်းလှတာပဲ"
ဖော်မပြနိုင်သော ပျော်ရွှင်မှုတစ်ခု သူမ၏ နှုတ်ခမ်းထက်တွင် ထင်ဟပ်လာသည်။ဘန် က သူမအတွက် ထာဝရ ငြိမ်းချမ်းမှုကို ယူလာပေးသည့်အတွက်လည်း ရင်ထဲက ကျေးဇူးတင်မိသည်။
"ကိုယ့်ရဲ့…ဆာစီးနီယာ"
ဘန် သည် နေထက် ပိုတောက်ပသော အပြုံးဖြင့် သူမ လက်ကို ဆုပ်ကိုင်ထားသည်။
အမြဲကယ်တင်ခဲ့သော သူ့လက်တစ်စုံ…
သူ့အသက်ရှုသံ ပြင်းပြင်းသည် သူမ လက်ဖမိုးပေါ် တင်ကျန်ခဲ့တာကြောင့်သိပ်လေးနက်သည့် အနမ်းတစ်ပွင့်ဖြစ်ကြောင်း သိသာသည်။
"ဘန်"
ဘန်က သူမပေးခဲ့သည့်နာမည်ကို ခေါ်လိုက်သဖြင့် ကျေကျေနပ်နပ် ပြုံးပြလိုက်သည်။
" ဆာစီးနီယာ"
သူမ နောင်တစိတ်တို့ မရှိတော့ဘဲ သူ့ကို မော့ကြည့်လိုက်သည်။သူ နမ်းခဲ့သော လက်ဖမိုးက အခုထိ အသက်ရှူသံများ ရှိနေဆဲ။
ဘန်က ဆာစီးနီယာကို ပြုံးပြပြီး သူ့ရင်ခွင်ထဲ ထည့်လိုက်ရာ သူမလည်း ပြုံးမိလေသည်။
မူရင်းဇာတ်လမ်းက ပြီးသွားပြီဖြစ်သည်။
သူမ ခန္ဓာကိုယ်ထဲတွင်ရှိသော ဆာစီးနီယာ သည် ယခုဆို လုံးဝမရှိတော့ကြောင်း သူမ သိနေသည်။ 'သူမ' သည် နက်ရှိုင်းသော တစ်နေရာတွင် ပြုတ်ကျသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဘန်က သူမ ဘေးမှာ အမြဲရှိနေမှာဖြစ်တာကြောင့် ဆက်ပြီး ရှင်သန်ရပေဦးမည်။
"အစကတည်းက ကျွန်မနဲ့ အမြဲရှိနေပေးလို့ ကျေးဇူးတင်ပါတယ်…"
ယခုအချိန်သည် ဆာစီးနီယာ ဟါဘီတာ ၏ ဇာတ်လမ်းကို ရေးရမည့်အချိန်ဖြစ်သည်။ထို့အပြင် ဘန် ကလည်း ထိုဇာတ်လမ်းထဲတွင် သူမနှင့်အတူ ရှိနေပေလိမ့်မည်။
............ပြီးပါပြီ ......
Main story က ဒီနေရာမှာပြီးဆုံးသွားပါပြီ Extra 10 ပိုင်း ကျန်ပါဦးမယ်ရှင် .....