အပိုင်း ၁၂၆
Viewers 12k

Chapter 126

ဆာစီးနီယာ သည် ဖလီယာ အနားမှ ထွက်သွားပြီး ပြုံးလိုက်သည်။သေသွားကြသူများသည် မကောင်းမှုလုပ်ထားပါက ငရဲတွင် အထပ်ထပ် နင်းချေခံရမည်ဖြစ်ကာ လွတ်မြောက်ဖို့လည်း မလွယ်လှချေ။ ထို့ကြောင့် တစ်သက်လုံး နာကျင်မှုတွေ ရပါစေဟုသာ ဆုတောင်းရမည်ဖြစ်သည်။

ဆာစီးနီယာ သည် ဖလီယာ အတွက် ကရုဏာ မသက်တော့ပေ။ကိုယ်စိုက်ထားသော မျိုးစေ့ကို ကိုယ်တိုင် ရိတ်သိမ်းရပေမည်။ ထိုသို့ မဟုတ်ပါကတခြားလူများမှာ တရားမျှတမှု မရှိဟု ခံစားရလိမ့်မည်။ 

နောက်ပိုင်းတွင် သူရဲကောင်းများသည် ဘန် လက်ထဲမှ ဖလီယာ ကို ဆွဲထုတ်ကာ သူမ တစ်ကိုယ်လုံးကို ဖမ်းချုပ်လိုက်တာကြောင့် မလှုပ်နိုင်တော့ပေ။

“အား…စုန်းမစုတ်”

နတ်ဆိုးစွဲနေသည့် မျက်နှာနှင့် ဖလီယာက အဆုံးထိ ဒေါသတကြီး ထွက်သွားလေသည်။

လိုင်မာဖီးရပ်စ် သည် အခြေအနေကို အမြန်ဖြေရှင်းလိုက်ပြီး ကိုင်လို့စ် နှင့် ဖလီယာ တို့ကို ရာဇ၀တ်ကောင်များအဖြစ် သူရဲကောင်းများအား ခေါ်သွားခိုင်းလိုက်၏။

"အဆင်ပြေရဲ့လား"

ဘန် သည် ဆာစီးနီယာ ကို သေချာကြည့်ရင်း မေးလိုက်သည်။ ဒဏ်ရာသေးသေးလေးတောင် သူမကို မရစေချင်တာကြောင့် သူ့မျက်လုံးထဲမှာ စိုးရိမ်မှုများစွာ ထင်ဟပ်နေရတော့သည်။

 

"ပြေပါတယ်" 

ဆာစီးနီယာ က လုံးဝ ပြဿနာမရှိသလို ပုံနှင့် ပခုံးတွန့်လိုက်သည်။ ဖလီယာ သူမဆီ ရောက်မလာမီ ဘန် က အရင်ဦးစွာ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ လင်းယုန်ငှက်သည် သားကောင်ကို သုတ်ယူလိုက်သကဲ့သို့ အလွန်လျင်မြန်လှ၏။ ဘန် သာ ဖလီယာကို မတားလျှင် ဆာစီးနီယာ လည်း သူမ၏ စွမ်းအားကို သုံးမည်ဖြစ်သည်။

နှစ်ယောက်သား အပြစ်သားများ၏ နောက်ကျောကို ကြည့်လိုက်သည်။ 

"အားလုံး အဆင်ပြေရဲ့လား…မစ္စ ဆာစီးနီယာ"

ရုန်းရင်းဆန်ခတ် ဖြစ်ပြီးသောအခါ မှူးမတ်များသည် ဆာစီးနီယာ နှင့် ဘန် တို့အနားသို့ တိတ်တဆိတ် ချဉ်းကပ်လာကြသည်။

"တကယ့်ကို ကြောက်စရာကောင်းတဲ့ လူတွေပဲ… အမလေး"

"သူတို့က မစ္စကို မတော်တရော်ကြံပြီး ထောင်ချပစ်ချင်နေကြတာပဲ"

 "မစ္စ… သိပ်ကို ခံစားရမှာပဲနော်"

သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် အတွေးအမြင်တွေ မတူကြဘဲ ဆာစီးနီယာ ကို စိုးရိမ်နေပုံရကာ ဂရုတစိုက် မေးကြသည်။ ဆာစီးနီယာ ဘာမှ ပြန်မပြောခဲ့ပေ။ ဧကရာဇ်ဘုရင်၏အမိန့်ကြောင့်သာ ဆက်နေနေခြင်းပင်။ အမှန်အတိုင်း ပြောရလျှင် သူမ အိမ်ပြန်ချင် နေပေပြီ။ဤကိစ္စကို သူမ အချိန်အတော်ကြာ ခေါင်းခြောက်ခဲ့ရပြီး အခုတော့ အရာအားလုံး ပြေလည်သွားပြီ ဖြစ်တာကြောင့် သူမ ကိုယ်ထဲက တင်းမာမှုတွေအားလုံး သက်သာရာရသွားသည်။

 "ပင်ပန်းနေလား"

သူမ ပုံစံကို ရိပ်စားမိသော ဘန် က မေးလိုက်သည်။

"နည်းနည်းတော့ ပင်ပန်းတယ်" 

"ဒါဆို ပြန်ကြရအောင်" 

 

“မဟုတ်ဘူး…အရှင်မင်းကြီးကို သွားတွေ့ရမယ်လေ" 

သူ့စေတနာကို ကျေးဇူးတင်မိ သော်လည်း သူမ ငြင်းလိုက်သည်။။သူမလည်း ချက်ချင်းပင် အိမ်ပြန်ချင်နေသည်။သို့သော် ဧကရာဇ်ဘုရင်က သူမကို ခေါ်ထားသောကြောင့် စောင့်ရမည်ဖြစ်သည်။

 မှူးမတ်တို့သည် သူမတို့နှစ်ယောက်ကို ဝန်းရံထား၍ ပြောဆိုနေကြသော်လည်း နှစ်ယောက်သားမှာ သူတို့အား ရှိသည်ဟုပင် မအောက်မေ့ဘဲ အချင်းချင်းသာ ပြောဆိုနေကြလေ၏။ သူတို့ စကားကို ဂရုမစိုက်သော ဘန် တို့ကြောင့် အတန်ကြာတော့ မှူးမတ်များလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ 

"ရင်ထဲမှာ ဗလာကြီးပဲ" 

ဆာစီးနီယာ က တိုးတိုးလေးပြောပြီး သူ့လက်မောင်းပေါ် မေးလေး ခဏ တင်ထားလိုက်သည်။ ရာဇ၀တ်သားတွေကို ဖမ်းမိသွား၍ စိတ်သက်သာရရမိသည်။သို့သော် ရာဇဝတ်ကောင်တွေကြောင့် အတော်လေး စိတ်ဦးနှောက်ခြောက်ခဲ့ရသည်မဟုတ်ပါလား။သေချာသည်ကတော့ မူရင်းဇာတ်လမ်းထဲမှာ သူတို့လို မီးရှို့သူတွေ မပါဝင်ကြပေ။

 

သူမသည် အလုပ်ကိုယ်စီရှုပ်နေကြသော ခန်းမကြီးကို ငေးကြည့်နေမိသည်။ အစေခံများသည် အပြေးအလွှား ဝင်ထွက်နေကာ ရှုပ်ပွနေသော ခန်းမကို ဘာမှမဖြစ်ခဲ့သလိုပင် သန့်ရှင်းရေးလုပ်နေကြသည်။

 "အရှင်မင်းကြီး ကြွချီလာပါပြီ" 

နောက်ဆုံးတွင် မင်းကြီး ကြွရောက်လာကြောင်း ကြေငြာသံကို ကြားလိုက်ရသည်။ မှူးမတ်များအားလုံးသည် အင်ပါယာ၏ အမြင့်ဆုံးရာထူးဖြစ်သူ ဧကရာဇ်ဘုရင်ကို ဦးညွတ်လိုက်ကြကာ ခြေသံများလုည်း မကြာမီ ရပ်တန့်သွားကြသည်။ 

စောစောကအထိ ဆူညံနေခဲ့သည့် ခန်းမကြီးမှာ အသက်ရှူသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေတော့သည်။ ဧကရာဇ်သည် စင်မြင်ပေါ်မှနေ၍ အောက်ကို ငုံ့ကြည့်လိုက်၏။ ထို့နောက် အထူးခြားဆုံး ဖြစ်နေသော အနီရောင်ဆံပင်များရှိသည့် မိန်းကလေးကို သူ တွေ့သွားရသည်။

ထိုမိန်းကလေးမှာ ထူးကဲသော တန်ခိုးစွမ်းအားရှိပြီး ချီးမွမ်းထိုက်သော မိန်းကလေးမျိုးပင်။

သူမကို သေချာ ချည်နှောင်ထားလျှင် တော်တော် အားကိုးရမည့်ကောင်မလေးပင်ဖြစ်သည်။ ထို့ကြောင့် သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံရတာက ပ်ိုကောင်းမည်ဖြစ်သည်။အင်ပါယာကြီးကို ဆူညံပွက်လောအရိုက်ခံမည့်အစား ဆာစီးနီယာ ကို ကိုယ့်လူဖြစ်အောင်လုပ်တာက ဗျူဟာကောင်းတစ်ခုပင်။ထိုနည်းလမ်းသည် မြို့စားမင်း ၏ အင်အားကိုလည်း ခိုင်မာစေမည်ဖြစ်သည်။ထို့ကြောင့် သူမတို့ စုံတွဲမှာ အိမ်ရှေ့စံ နန်းတက်သောအခါ အကူအညီ ဖြစ်မည်မှာ သေချာပေသည်။ 

“ကြွရောက်လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

ဧကရာဇ်ဘုရင်က စကားစ,သောအခါ မှူးမတ်များသည် ပို၍ပင် လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။

 “မီးရှို့မှုကျူးလွန်သူတွေကို စောစောက ဖမ်းမိထားပါတယ်… သူတို့ရဲ့ အပြစ်တွေကို ပေါ့ပေါ့တန်တန်လို့ မယူမှတ်ဘဲ စံနမူနာပြဖို့ ဥပဒေနဲ့အညီ စီစဉ်သွားမှာပါ…ဒါကြောင့် ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး”

ဆိုးရွားလှသည့် အပြစ်ဒဏ်ကို ပေးခြင်းဖြင့် စံနမူနာပြလိုက်လျှင် ဤအမှုမျိုး ထပ်မံ ဖြစ်ပွားတော့မည် မဟုတ်ပေ။ 

ဧကရာဇ်ဘုရင်ကို ရှိန်သွားကြသော မှူးမတ်တို့ ငြိမ်ကုပ်နေတော့သည်။ဤအချိန်မှာ အမှားလုပ်လိုက်မိလျှင် နာကျင်ချိန်တောင်မရဘဲ ချက်ချင်း အသက်ထွက်သွားနိုင်မှန်း သူတို့သိနေကြ၏။

 

"ကျွန်တော် ဒီနေ့ အားလုံးကို ခေါ်ရတဲ့ အကြောင်းအရင်းက ကြေငြာချက်တစ်ခု ထုတ်ချင်လို့ပါ"

ဧကရာဇ်ဘုရင်သည် မှူးမတ်အားလုံးကို ခေါ်ခဲ့သည့်အတွက် အရေးကြီးသော ကြေငြာချက်ဖြစ်ရပေမည်။ 

"အဲ့ဒါက မစ္စ ဆာစီးနီယာ ကို ဂုဏ်ပြုဖို့ပါ” 

ဧကရာဇ်ဘုရင်သည် ခါတိုင်းနှင့်မတူဘဲ ကျက်သရေရှိသော လေယူလေသိမ်းဖြင့် စကားပြောဆိုနေသည်။သို့သော် တိုးညှင်းလှသော သူအသံက ခန်းမ ၏အစွန်ဆုံးထိ ကြားရလေသည်။

"လူတိုင်း ခေါင်းကို မော့ထားကြပါ"

ဧကရာဇ်၏ အမိန့်ကြောင့် စင်မြင့်ကို သူတို့ ခေါင်းမော့ကြည့်လိုက်ကြသည်။ ဆာစီးနီယာ နှင့် ဘန် တို့လည်း ဧကရာဇ်ဘုရင်ကို မျှော်ကြည့်လိုက်ကြသည်။ 

ဧကရာဇ်ဘုရင်၏ မမျှော်လင့်ထားသော စကားကြောင့် ဆာစီးနီယာ အံ့ဩသွားသည်။ ဧကရာဇ်ဘုရင်နှင့် နောက်ဆုံးအကြိမ် တွေ့သောအခါက သူမအား စူးစူးဝါးဝါးမျက်လုံးများဖြင့် ကြည့်ကာ ‌ကောင်းကောင်းမွန်မွန်မ ပြောခဲ့ပေ။

 "ဒီနေ့ မင်း ဘာတွေလုပ်ခဲ့လဲဆိုတာ ငါနောက်မှ ဆုံးဖြတ်မယ်" 

ဧကရာဇ်ဘုရင်၏ စကားများသည် သူမ နားထဲတွင် ကွက်ကွက်ကွင်းကွင်းရှိနေဆဲဖြစ်သည်။သို့ဖြစ်၍၊ သူမကြောင့် ပွဲကျင်းပရသည်ဆိုသော ဧကရာဇ်ဘုရင်၏ ကြေငြာချက်ကိုလည်း မယုံကြည်နိုင်‌ဖြစ်နေတော့သည်။

ဧကရာဇ်သည် ဆာစီးနီယာ ၏ အောင်မြင်မှု များအကြောင်း တစ်ခုပြီး တစ်ခု ပြောပြနေသည်။သို့သော်လည်း စိတ်ရှုပ်နေသော ဆာစီးနီယာ ၏ နားထဲတွင် အသံတစ်ခုသာ ကြားလိုက်ရသည်။ 

“ရှေ့ကို လာပါ…မစ္စ ဆာစီးနီယာ” 

ဧကရာဇ်ဘုရင်က ပြောလေသည်။

မှူးမတ်များသည် ဆာစီးနီယာ စင်မြင့်ပေါ်သို့တက်ရန် လမ်းဖယ်ပေးကြသည်။ ထို့ကြောင့် ဧကရာဇ်ဘုရင်ရှိရာ စင်မြင်ပေါ်သို့ ဦးတည်နေသော လမ်းသည် အတားအဆီးမရှိဘဲ ရှင်းလင်းသွားခဲ့သည်။ 

ဆာစီးနီယာ သည် ဧကရာဇ်ဘုရင်ကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်၏။စင်မြင်နှင့် ဝေးလွန်းတာကြောင့်မင်းကြီးသည် ဘယ်လိုအမူအရာမျိုးနှင့် ပြောလိုက်မှန်း မပြောနိုင်ပေ။သို့သော် သူမကိုတော့ စူးစိုက်ကြည့်နေ၏။

 “ဟူး" 

သူမ အသက်ပြင်းပြင်းရှူပြီး ခြေလှမ်းစ,လှမ်းလိုက်သည်။ စိုးရိမ်စိတ်ကြောင့် သူမ လက်ကိုဆွဲထားသည့် ဘန် လက်ကို လည်း လွှတ်ပေးလိုက်သည်။ သူမ စိတ်ထဲ တုန်လှုပ်နေရသော်လည်း တည်ငြိမ်အောင် ကြိုးစားရသည်။ ထို့နောက် ခါးကို မတ်မတ်ထားပြီး ဖယ်ထားသော လမ်းပေါ်မှ လျှောက်သွားသည်။ 

ထို့နောက် လှေကားထစ်ပေါ်တက်လိုက်စဉ် သူမ ၀တ်စုံကို လက်နှစ်ဖက်ဖြင့် အသာမ,ထားလိုက်လေသည်။

 မှူးမတ်အားလုံးသည် လှေကားထစ်ပေါ်တက်သွားသည့် သူမကို ကြည့်ရင်းအတော်လေး ရင်ခုန်နေကြသည်။

ဆာစီးနီယာ နင်းမိသော ကြမ်းပြင်တွင် မီးပွားများ ပျံဝဲနေသလို တရှပ်ရှပ်မြည်နေသည်။ဤသည်မှာလည်း ဧကရာဇ်ဘုရင်နှင့် ရင်ဆိုင်ရမှာကြောင့် ခြေသံပြင်းနေရလား မသိနိုင်။

ကောလဟာလတွေ ပျံ့နှံ့သွားသော သူမ၏ အစွမ်းအားကြောင့်ပဲ ခြေသံပြင်းနေရသလား မသိနိုင်တော့။

"အင်ပါယာရဲ့ နေမင်းကြီးကို ကျွန်မ နှုတ်ဆက်ပါတယ်"

လှေကားထစ်ကို ဖြည်းညှင်းစွာတက်လာပြီး ဆာစီးနီယာ သည် ရှေ့တွင်ရှိနေသည့် ဧကရာဇ်ဘုရင်အား ဦးညွှတ်လိုက်သည်။

 "မင်းကို ကိုယ်တော် ဘာလို့ ခေါ်တာလဲ သိလား" 

"တောင်းပန်ပါတယ်ရှင်… မသိပါဘူးရှင့်"

ဧကရာဇ်ဘုရင် က မေးသည့်အခါ ဆာစီးနီယာ ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။ ဧကရာဇ်ဘုရင်သည် အပြုံးမပျက်ဘဲ သူ့ဘေးတွင် စောင့်ကြပ်နေသော အစေခံကို တစ်ချက်ကြည့်လိုက်သည်။ ထိုအခါ အစေခံသည် ဧကရာဇ်မင်း၏ အသုံးအဆောင် ဒီဇိုင်းများဖြင့် လုပ်ထသော အနီရောင် ကတ္တီပါကူရှင် ခုံနိမ့်ကို ရှေ့တွင် အမြန် ချထားလိုက်သည်။ မကြာမီ တခြားကျွန်တစ်ယောက်သည် ကူရှင်တစ်ခုပေါ်တွင် တလက်လက်တောက်ပနေသော ငွေဓားရှည်တစ်ချောင်း တင်ယူလာလေသည်။

“အဲ့ဒါ…”

“အဲ့ဒါ အင်ပါယာရဲ့ ‌အစောင့်အကြပ် ဓားပဲ”

ဤဓားအကြောင်းကို သိနေကြသော မှူးမတ်များလည်း အလွန်အံ့သြသွားကြသည်။

“မစ္စ ဆာစီးနီယာ… အင်ပါယာရဲ့ ရှေ့မှာ ဒူးထောက်လိုက်ပါ”

ဆာစီးနီယာ သည် ဧကရာဇ်ဘုရင်ရှေ့တွင် အသင့်ရှိနေသော ကုရှင်ပေါ်တွင် င် ဒူးထောက်လိုက်သည်။ ဧကရာဇ်ဘုရင်သည် အစောင့်အကြပ်ဓားကို သူ့လက်ထဲတွင် ကိုင်ထားသည်။ ထို့နောက် စောစောကကထက် ပိုမိုကျယ်လောင်ပြီး ကျက်ရေရှိလှသော အသံဖြင့် ပြောဆိုလိုက်သည်။ 

"မစ္စ ဆာစီးနီယာ… မင်းရဲ့ ထူးကဲတဲ့ စွမ်းအားနဲ့ မင်းဟာ အင်ပါယာအတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ထူးထူးခြားခြား ပါဝင်ကူညီခဲ့တယ်…ဒါကြောင့် မင်းကို မြို့စားမင်းကတော် ဂါဘီတာ ဆိုတဲ့ ဘွဲ့ကို ကိုယ်တော် ပေးအပ်လိုက်ပါတယ်"

ထို့နောက် ဧကရာဇ်ဘုရင် ကိုင်ထားသော အစောင့်အကြပ်ဓားသည် ဆာစီးနီယာ ၏ ပခုံးထက်ပေါ် ကျလာသည်။ လူတိုင်း အံ့အားသင့်နေကြသော်လည်း ဧကရာဇ်ဘုရင်ကို ရှိန်နေကြသဖြင့် မည်သူမှ ပါးစပ်မဟ,ရဲကြ။

ဆာစီးနီယာမှာ ဓား၏အလေးချိန်ကို သူမ ပခုံးပေါ်တွင် ဖြည်းညှင်းစွာ ရောက်လာသော ဓား၏ အလေးချိန်ကို နှင့် သိမ်မွေ့စွာ ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူမ၏ နှလုံးသားထဲတွင် အမျိုးအမည်မသိသော ခံစားချက်များ ပျံ့လွင့်လာသည်။ နာကြည်းမှု၊ မတရားမှုနှင့် စိတ်ပျက်မှုတို့ ရောပြွန်းနေသည်။ သူမ ဖြတ်သန်းခဲ့သမျှ အဖြစ်သနစ်အားလုံး ရောသမ‌မွှေနေတော့သည်။ 

စုန်းမအဖြစ် တွန်းပို့ခံရပြီး နှိပ်စက်ညှဉ်းပန်းမှု အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လွန်ခဲ့သည့် သုံးနှစ်အတွင်း သူမ ရရှိခဲ့သည့် အခြေအနေများကို ပျောက်ကွယ်သွားမည့် အမာရွတ်များအဖြစ် သတ်မှတ်ထားခဲ့သည်။သို့သော် ဤသန့်ရှင်းသော အစောင့်အကြပ်ဓားသည် နောက်ထပ် သူမ မနာကျင်စေရန်အကာအကွယ်ဖြစ်လာလိမ့်မည်။ 

ဤသို့ဖြင့် မြို့စားမင်းကတော် ဆာစီးနီယာ ဂါဘီတာ သည် အင်ပါယာ၏ဆန္ဒကို ရိုကျိုးစွာ လက်ခံလိုက်လေသည်။