Chapter 125
ဆာစီးနီယာ သည် လိုင်မာဖီးရပ်စ် အနားကို လျှောက်သွားလိုက်သည်။သူမကိုယ်သူမ စစ်တိုက်မည့် သူရဲကောင်းတစ်ယောက်လိုပင် ခံစားနေရသည်။ပြည့်ကျပ်နေသော မှူးမတ်များက လမ်းဖယ်ပေးကြ၍ ဆာစီးနီယာ သည် ပင်လယ်ကြီး ထက်ခြမ်းခြမ်းလိုက်သလို လူစုကွဲသွားသော လမ်းကြားထဲမှ ထွက်လာ၏။
“ကျွန်မ အိပ်နေရင်း ထယောင်တတ်ကြောင်း သူတို့ သိသွားတော့ မီးရှို့ပြီး ကျွန်မကို လွှဲချဖို့ ကြိုးစားကြပါတယ်”
"ဒီစုန်းမရဲ့ စကားကို နားမယောင်ကြနဲ့"
ဖလီယာ က ကတုန်ကယင်နှင့် အကျယ်ကြီး အော်လိုက်သည်။
"အရှင့်သား… ကျွန်မ တစ်ကယ်တောင်းပန်ပါတယ်… ဒါပေမယ့် အဲဒီလှည့်စားတတ်တဲ့ စုန်းမရဲ့ စကားကို မယုံပါနဲ့"
"မှန်တယ်…တစ်ဖက်နဲ့တစ်ဖက် တရားမျှတသင့်တယ်”
လိုင်မာဖီးရပ်စ် သည် ယခင်ကထက် ထက်မြက်လှသော သူ့ဉာဏ်ရည်ကို ပြသလိုက်၏။ မှူးမတ်တွေစိတ်ထဲမှာလည်း လက်ရှိဧကရာဇ်ဘုရင်ကို မြင်နေရသလို ခံစားရလေသည်။
အိမ်ရှေ့မင်းသားက အပြစ်သားတွေကို ငုံ့ကြည့်ရင်း တရားမျှတသင့်ကြောင်း ပြောလိုက်သည်။ ထို့နောက် လူအုပ်ကြားမှ မျက်မှန်တပ်ထားသော လူနှစ်ယောက်က သူ့ဆီ ချဉ်းကပ်လာကြသည်။ သူတို့လက်ထဲမှာလည်း စာရွက်စာတမ်းတစ်ချို့ရှိနေတာကြောင့် သာမာန်လူတော့မဟုတ်တန်ရာ။
“ဒါတွေက စာတွေနဲ့ အကဲဖြတ်မှုရလဒ်တွေပါ… လက်ရေးချင်းတိုက်ကြည့်လိုက်တော့ တူနေတယ်…ဒီစာနှစ်စောင်ကို မြို့စားကြီး ကိုင်လို့စ် နဲ့ ဖလီယာဒယ်မွန်း တို့က ရေးထားတာပါ”
အသံကြားရသောအခါ ရာဇဝတ်သားနှစ်ယောက်က ဘာကိုဆိုလိုသလဲ ဆိုသည့်သဘောဖြင့် မော့ကြည့်လာသည်။
“ဧကရာဇ်နန်းတော်မှာ သိမ်းဆည်းထားတဲ့ လက်ရေးနဲ့ မီးရှို့ဖို့ပြောနေတဲ့ စာရွက်စာတန်းတွေက အတူတူပါပဲ…"
အံ့အားသင့်လောက်အောင် ပြောင်မြောက်လှသော တိုက်ခိုက်မှုကြောင့် မြို့စားကြီး ကိုင်လို့စ် ၏ နှုတ်ခမ်းများ တုန်လှုပ်သွားသည်။ သူတို့လက်ရေးချင်း တိုက်ကြည့်မည်ဟု သူ မမျှော်လင့်ထားပေ။သို့သော်လည်း ဤသက်သေမှာ တစ်နေရာကွက်ကျန်နေသည်။
“ကျွန်တော့်ရဲ့ ကျွန်က ရေးထားတာပါ”
ဧကရာဇ်နန်းတော်သို့ ပေးပို့သော စာရွက်စာတမ်းများအားလုံးကို မြို့စားများက စာရေးပြီး ပေးပို့ရမည်ဖြစ်သည်။ သူကိုယ်တိုင်ရေးသည်ဆိုသော အထောက်အထား၊ သက်သေမရှိပေ။ သေချာသည်ကတော့၊မှူးကြီးမတ်ရာများ ကိုယ်တိုင်ရေးပြီး လက်မှတ်ထိုးထားသည့် စာရွက်စာတမ်းတွေကို ဧကရာဇ်နန်းတော်ဆီ ပို့ခြင်းက ကျိုးကြောင်းဆီလျော်ပြီး တရားဝင်သည်။ သို့သော်လည်း မှူးမတ်တို့မှာ ကိုင်တွယ်ဖြေရှင်းရမည့် စာရွက်စာတမ်းများ ကလည်း အလွန်ပင် များပြားတာကြောင့် တစ်ချို့တစ်လေကို အစေခံများအား လုပ်ခိုင်းရတတ်သည်။ မြို့စားကြီး ကိုင်လို့စ် သည် ထိုကွက်လပ်ကို အခွင့်ကောင်းယူပြီး သူ၏ ကျွန်များမှတစ်ဆင့် ဖြည့်ခိုင်း၊ရေးခိုင်းထားသည်ဟု ပြောကာ လိမ်ညာပြောမည်ဖြစ်သည်။
"ဟုတ်ပါတယ်… ကျွန်မ အစေခံရဲ့ လက်ရေးကလည်း စာထဲက လက်ရေးနဲ့ ဘာကြောင့် တူနေမှန်း ကျွန်မ မသိပါဘူး … တစ်ကယ်စိတ်မကောင်းဖြစ်ရပါတယ် အရှင့်သား"
ဖလီယာ လည်း အရှုံးမပေးနိုင်သောကြောင့် ကိုင်လို့စ် စကားကို ဝင်ထောက်လိုက်သည်။
“ဒါဆို မင်းရဲ့အစေခံတွေက ဒီစာတွေကို လဲပြီး သူတို့ဘာသာ သူတို့ ကြံကြတာလား…မင်းတို့က ဘာမှ မပတ်သတ်ဘူးပေါ့"
"ဟုတ်ပါတယ်…အရှင့်သား"
"ဟုတ်ပါတယ်…အရှင့်သား"
ကိုင်လို့စ် နှင့် ဖလီယာ တို့ ဝမ်းသာစွားသွားသည်။ ယခုမှပဲ စိတ်သက်သာရာ ရသွားတော့သည်။ အဖြစ်အပျက်က မြန်ဆန်လွန်းတာကြောင့် နောက်က မှူးမတ်တွေလည်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဧည့်ခန်းမဆောင်သည် ဖြည်းဖြည်းချင်း ရှုပ်ယှက်ခတ်လျက် ရှိသည်။
"ဒါဆို ဘယ်လိုလဲ"
အရာအားလုံးကို စောင့်ကြည့်နေသော ဆာစီးနီယာ သည် သူမ၏ အနီရောင်နှုတ်ခမ်းများကို ဖွင့်လိုက်သည်။
"နင်လို စုန်းမက ဘာတွေသိလို့ ဝင်ပြောရတာလဲ"
ဖလီယာ က နောက်တဖန် စောဒကတက်တော့မည့် ဆာစီးနီယာ ကိုကြည့်ကာ အော်ပြောလိုက်သည်။ စုန်းမ၏ မျက်နှာကို မြင်လိုက်တိုင်း၊သူမ စိတ်ထဲ ကပြောင်းကပြန်ဖြစ်လာရကာ ဒေါသ ထွက်လာရတော့သည်။သူမ စိတ်အဆိုးဆုံးက စုန်းမ၏ စကားကို လူတိုင်း နားထောင်နေကြတာကို ဖြစ်သည်။ လူတိုင်းသည် သူမအား မထင်ကြီးစိတ်များဖြင့် မကြည့်ဘဲ ရွံစရာအညစ်အကြေးများကို ကြည့်နေသလိုကြည့်သင့်ပေသည်။
သို့သော်လည်း လူတွေအားလုံးက သူမကို သူရဲကောင်းတစ်ယောက်လိုမျိုး မျှော်ကြည့်နေကြတာကြောင့် ဖလီယာ တုန်လှုပ်သွားမိသည်။
"အဲ့ဒါဆိုဘာဖြစ်မလဲ"
လိုင်မာဖီးရပ်စ် သည် ရာဇ၀တ်ကောင်များကို အလွယ်တကူ မဖမ်းနိုင်သည့်အတွက် အနည်းငယ် ရှက်ရွံ့သွားရသည်။
"ကျွန်မတို့ ဝင်လာတုန်းက ကျွန်မတို့ကိုယ်တိုင် လက်မှတ်ထိုးခဲ့ကြတယ် မဟုတ်လား…အဲ့ဒီလက်မှတ်ကိုတော့ ဘယ်အစေခံကမှ ဝင်ထိုးလို့မရပါဘူး…ဒါကြောင့် ဧည့်စာရင်းစာအုပ်မှာပါတဲ့ လက်ရေးနဲ့ ဒီစာတွေရဲ့လက်ရေးကို စစ်ကြည့်လိုက်မယ်ဆိုရင် အတိအကျ သိရမှာပါ”
ဆာစီးနီယာ သည် အောင်ပွဲခံဘုရင်မ၏ အပြုံးဖြင့် အေးအေးဆေးဆေး ပြုံးလိုက်သည်။
ကိုင်လို့စ် တွေးခဲ့သည့် ကွက်လပ်ကိုလည်း ဆာစီးနီယာ ကြိုတွေးပြီးသားပင်။ ထို့ကြောင့် တရားခံများကို ဇွတ်အတင်းကြီး ဖိအားပေးပြီးမစစ်ဘဲ တဖြည်းဖြည်း လူအများလက်ခံနိုင်အောင် လုပ်ယူမည်ဟု တွေးထားပြီးဖြစ်၏။
အာကတ် သည် စာနှစ်စောင်နှင့်အတူ ရောက်လာသည့်နေ့တွင်၊ လိုင်မာဖီးရပ်စ် သည် ထိုစာများအား နန်းတော်ကို ယူသွားပြီး လက်ရေး တူမတူ စစ်ဆေးခဲ့သည်။ သို့သော် သူတို့ ငြင်းမည်ဆိုလျှင် ငြင်းမရနိုင်တာကြောင့် နောက်ထပ် အထောက်အထားတစ်ခု လိုအပ်နေသည်။ စုံစမ်းလိုက်လျှင် သူတို့ကျွန်တွေ ရေးထားသည်ဟု ပြောပြီး ရှောင်လွှဲနိုင်သည်။
ထို့ကြောင့် ကိုင်လို့စ် နှင့် ဖလီယာ တို့ ပွဲရုံထဲ ဝင်လာသည့်အခါ သူတို့ နာမည်တွေကို ကိုယ်တိုင် ချရေးရမည်။ရေးနေပုံကိုလည်း ဧည့်စာရင်းစာအုပ်ကို ထိန်းသိမ်းသော မှူးမတ်များနှင့် အစေခံများစွာတို့က မြင်တွေ့ရပေမည်။ထို့ကြောင့် ၎င်းတို့အားလုံးသည် ဘယ်သောအခါမှ မငြင်းနိုင်သော ပြီးပြည့်စုံသည့် သက်သေဖြစ်သည်။
“…”
ဆာစီးနီယာ စကားကြောင့် အပြစ်သားများ ပါးစပ်ပိတ်ထားပြီး တစ်ချိန်တည်းမှာပင် တစ်ခန်းလုံး တိတ်ဆိတ်သွား၏။ သူတို့ မစဉ်းစားမိသည့် အချက်ကို တွေးပြီး ပူလောင်နေပုံရသည်။
လိုင်မာဖီးရပ်စ် လည်း ဧည့်စာရင်းစာအုပ်မှာ နာမည်ရေးရသည့် အကြောင်းရင်းကို များများစားစား မတွေးခဲ့မိပေ။ ဆာစီးနီယာမှ ဧည့်သည်စာအုပ်ထားရန် တောင်းဆိုသောအခါက ကိုင်လို့စ် နှင့် ဖလီယာ တို့ တက်၊မတက် စိစစ်နိုင်ရန် ရေးခြင်းသာ ဟု ထင်ခဲ့သည်။ယခုလို အကွက်ချထားမှန်း မသိပေ။
"ဧည့်စာရင်း စာအုပ်ယူလာခဲ့"
လိုင်မာဖီးရပ်စ် ၏ နှုတ်မှ အမိန့်ပေးလိုက်သည်နှင့်အမျှ ရုပ်တုများကဲ့သို့ အေးခဲနေသော အပြစ်သားများ၏ နဖူးပေါ်တွင် အေးစက်နေသော ချွေးစေးများ ထွက်လာရတော့သည်။ ဧည့်သည်စာအုပ်ကို သွားယူသည့် သူရဲကောင်းများ၏ ခြေလှမ်းများသည် ခါတိုင်းထက် ပိုမြန်နေသလိုပင်။
“အရှင့်သား…ဒီစုန်းမစုတ်ရဲ့ စကားကို နားမထောင်ပါနဲ့… ကျေးဇူးပြုပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချပါ"
သူတို့လုပ်နိုင်တာည်း ဤတစ်ခုသာရှိသည်။ စုန်းမ ၏အကြံကို တွန်းလှန်ရန်သာ ဖြစ်သည်။
ဖလီယာ သည် ဘာစကားမှမဆိုဘဲ တိတ်ဆိတ်နေခဲ့သည်။ သူမ၏ မေးရိုးဖျားအထိ ရောက်လာရသည့် မွန်းကျပ်သော ခံစားမှုကြောင့် လက်သီးကို ဆုပ်ထားမိသဖြင့် ရှည်လျားချွန်ထက်သော လက်သည်းများက လက်ဖဝါးထဲကို စူးဝင်နေရသည်။
“ယှဉ်ကြည့်လိုက်"
လိုင်မာဖီးရပ်စ် သည် အပြစ်သားတို့၏ စကားကို လျစ်လျူရှုပြီး ယူလာခဲ့သည့် ဧည့်စာရင်းစာအုပ်နှင့် လက်ရေးယှဥ်ရန် အကဲဖြတ်သူများအား အမိန့်ပေးသည်။
အခန်းထဲတွင် အချိန် အကြာကြီး တိတ်ဆိတ်နေခဲ့သည်။
အကဲဖြတ်သူများသည် စာများနှင့် ဧည့်စာအုပ်မှ လက်ရေးတို့ကို သေသေချာချာ အသေးစိတ် နှိုင်းယှဉ်ကြည့်ကြသည်။ သူတို့လက်ထဲက စာရွက် တွေကသာ တကျွတ်ကျွတ်သံထွက်နေပြီး တခြားဘာသံမှ မကြားရ။
"အရှင့်သား"
နောက်ဆုံးတော့ တိတ်ဆိတ်မှုကြီး ပြီးဆုံးသွားသည်။ အကဲဖြတ်သူသည် နှာရိုးအောက် လျှောကျနေသော မျက်မှန်ကို ပင့်တင်လိုက်သည်။ အကဲဖြတ်သူနှစ်ဦး၏ မျက်နှာပေါ်တွင်လည်း အေးစက်နေသော ချွေးများက ရွှဲနစ်နေတော့သည်။
“ပြောပါ”
“ဧည့်စာရင်းစာအုပ်ထဲက လက်ရေးက စာတွေထဲက လက်ရေးနဲ့ တူပါတယ်….မြို့စားကြီးရဲ့ လက်ရေးကလည်း မှန်နေသလို၊မစ္စရဲ့ လက်ရေးကလည်း တစ်ပုံစံတည်းပါပဲ"
"အိုဘုရားရေ…"
"ဒါဆို မြို့စားကြီး ကိုင်လို့စ် က တကယ်ပဲ..."
အကဲဖြတ်သူတွေက ကြေငြာလိုက်သည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံး ဖရိုဖရဲဖြစ်သွားသည်။
“အရှင့်သား…ဒါ ထောင်ချောက်ဆင်ထားတာပါ
"တိတ်စမ်း"
လိုင်မာဖီးရပ်စ် က အကြောင်းပြချက်တွေပေးပြီး တခြားသူတွေကို ထပ်ပြီး အပြစ်တင်ဖို့ ကြိုးစားနေသည့် ကိုင်လို့စ် ကို အော်လိုက်သည်။ထိုအခါလှိုဏ်ဂူထဲသို့ ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျသွားသလို အုန်းကနဲမြည်သွားသလိုပင်။
" သေချာလား"
“ဟုတ်ကဲ့…သေချာပါတယ်..အရှင့်သား"
အကဲဖြတ်သူတွေက ဦးညွတ်ပြောလိုက်သည်။
"မင်းတို့ပြောစရာ ရှိသေးလား"
ထက်မြက်စူးရှသော မျက်လုံးများ သည် ဖန်ကွဲစလေးများလို အေးစက်နေကာ အပြစ်သား များဆီသို့ လှည့်သွားသည်။
“အရှင့်သား… ဒီအမျိုးသမီးက ကျွန်တော့်ကိူ လှည့်စားခဲ့ရတာပါ…အဲ့ဒါအမှန်ပါပဲ…ဒီလိုမျိုးတွေဖြစ်လာမယ်ဆိုတာ ကျွန်တော် တစ်ကယ်မသိခဲ့ပါဘူး"
လွတ်မြောက်ခြင်းမရှိသည့် ထောင်ချောက်ထဲမှာ ပိတ်မိနေသော ကိုင်လို့စ်က ဖလီယာကို အပြစ်ပုံချပြီး တောင်းပန်လိုက်သည်။
ထိုစဉ် ဆာစီးနီယာ ၏ ကြက်သွေးရောင်မျက်လုံးတွေ အေးစက်သွားရ၏။ မြင်လိုက်ရသည့် မြင်ကွင်းသည် စိတ်ပျက်စရာ ကောင်းလှသည်။
အခုတကယ် ပြီးသွားပြီ...
မီးရှို့မှုနှင့် သူမကို ချောက်ချရန် ကြိုးစားခဲ့သော အပြစ်သားများကိုကြည့်ရင်း ပူပင်သောကနှင့် လွတ်လပ်စိတ်တို့သည် သူမ စိတ်ထဲတွင် ဒွန်တွဲနေရသည်။
"ဟားဟားဟား"
ထို့နောက် နှုတ်ခမ်းကို ကိုက်ထားသော ဖလီယာ သည် ရုတ်တရက် ရယ်မောလိုက်တာကြောင့် ဆာစီးနီယာ သူမကို ကြည့်လိုက်သည်။
“ဒိီစုန်းမပြောတာကို ငါမယုံဘူး. ရယ်ရတယ်… အရမ်းရယ်ရတာပဲ”
မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံနေသော ဖလီယာ သည် ဆာစီးနီယာ ကို မုန်းတီးစက်ဆုပ်စွာ စိုက်ကြည့်နေသည်။
"စုန်းမ"
ဆာစီးနီယာ နှုတ်မှ အေးစက်သောအသံ တစ်ခု ထွက်လာသည်။ထိုစကားသည် သူမ အကြိမ်ကြိမ်နားထောင်ခဲ့ဖူးသော စကားတစ်ခွန်း ဖြစ်သည်။
"နင်တို့ ဘာတွေပြောနေတာလဲ"
သူမ အသံသည် ဒေါသကြောင့် တုန်လှုပ်သွားသည်။ ဖလီယာ ကို တိုက်ရိုက်မေးတာမဟုတ်ဘဲ အားလုံးကို သိမ်းကျုံးမေးလိုက်ခြင်းဖြစ်သည်။
သူတို့ဘာတွေပြောနေတာလဲ…
"ဟား… နင်က တစ်ကယ် အရှက်မဲ့တာပဲ…စုန်းမ…နင်က လူတွေကို ဒုက္ခပေးဖို့ သေစေတတ်တဲ့ မှော်ပညာကို သုံးနေတာလေ…လူတွေကို ဒုက္ခပေးတဲ့ နင့်လို စုန်းမမျိုးကို ဒီကမ္ဘာကြီးကနေ ဖယ်ထုတ်ပစ်ရမယ်"
"အဲ့ဒါနင်ပဲ"
ဆာစီးနီယာ သည် အေးဆေးတည်ငြိမ်စွာဖြင့် အော်ဟစ်နေသော ဖလီယာ ကို တုံ့ပြန်ခဲ့သည်။ သူမသည် ဖလီယာ နှင့် စကားပြောနေသော်လည်း အငြိမ်မနေဘဲ လူအားလုံးကို လှည့်ပတ်ကြည့်နေတော့သည်။သူမ အကြည့်ကို ခံစားမိသော မှူးမတ်များမှာ တုန်လှုပ်ခြောက်ခြားသွားပြီး နေရာရှဲသွားကြသည်။
သူမ မျက်လုံးများသည် မီးတောက်များထက် ပိုမိုပြင်းထန်စွာ တောက်လောင်နေ၍ ခါးသီးနေခဲ့သည်။
"ဘာ…"
ဖလီယာ သည် ရယ်စရာကောင်းလှသော စကားကြောင့် ဒေါကန်သွားလေသည်။
“နင်ပြောတဲ့အတိုင်းပဲ…နင်လေ…အဲ့ဒါ ငါမဟုတ်ဘူး"
ဆာစီးနီယာ ၏စကားများက သူမ ရင်ထဲ အတွင်းပိုင်းအထိ စိမ့်ဝင်သွားသဖြင့် ဖလီယာ သည်းမခံနိုင်တော့။
"နင် ဘယ်သူ့ကို စုန်းမလို့ခေါ် နေတာလဲ… ငါက နင်နဲ့မတူဘူး"
သူမက ကြိုးတုပ်ထားလျက်နှင့် ဆာစီးနီယာဆီကို တစ်ဟုန်ထိုး ထပြေးလာလေသည်။
"ကျား"
"သူမကိုဖမ်း"
လိုင်မာဖီးရပ်စ် ၏အော်သံကို ကြားရသည်။
“အဟွတ် ဟွတ်…”
အသက်ရှုကြပ်သလိုဖြစ်နေသော အသံတစ်ခု ကြားလိုက်ရသည်။
"နင့်ကို ငါချက်ချင်းသတ်မယ်"
ဆာစီးနီယာ နောက်မှ ထွက်လာသော ဘန် သည် ဖလီယာ၏လည်ပင်းကို အတင်းညှစ်ထားတော့သည်။ သူ့လက်ဖမိုးပေါ်တွင် အပြာရောင်သွေးပြန်ကြောများပါ ခုန်းထနေသဖြင့် သူမကို တစ်ကယ်သတ်ပစ်တော့မလိုပင်။
“အီး…ဟား…”
ဖလီယာ ၏ မျက်နှာသည် မီးတောက်များထက် ပိုနီရဲလာသည်။ ဆာစီးနီယာ သည် ဘန် က လည်ပင်ညှစ်ထားတာကြောင့် ဝေဒနာခံစားနေရသော ဖလီယာကို ကြည့်နေမိသည်။ထို့နောက် ဖလီယာ အနား တိုးကာ တိီးတိုးပြောလိုက်သည်။
"ငရဲကိုသွားတော့"