Chapter 124
“ကျွန်တော် ကြည့်လုပ်လိုက်ပါ့မယ်"
ဧကရာဇ်ဘုရင်ကို လိုင်မာဖီးရပ်စ်က ခေါင်းငုံ့ကာ ပြောလိုက်သည်။
"မင်းတကယ်လုပ်နိုင်လား"
“ဟုတ်ကဲ့… လုပ်နိုင်ပါတယ်”
မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်သော အခြေအနေအရပ်ရပ်ကို သိရှိနားလည်ထားသည့် ဧကရာဇ်ဘုရင်သည် မုတ်ဆိတ်မွေးကို လက်နှင့် သပ်နေလိုက်သည်။ မြို့စားကြီး ကိုင်လို့စ် နှင့် ဖလီယာဒယ်မွန်း တို့သည် မီးရှို့မှုတွင် အဓိကတရားခံများဖြစ်နေ၍ သူ နောက်ဆို ပေါ့ပေါ့တန်တန် မနေသင့်တော့။ ယခုအဖြစ်ကတစ်ဆင့် သင်ခန်းစာယူရပေမည်။
ဒီအင်ပါယာကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ…
ဧကရာဇ်ဘုရင်သည် ပြတင်းပေါက်မှ အပြင်ဘက်ကို လှမ်းကြည့်နေသည်။ အပြာရောင်ကောင်းကင်ကြီးက အင်ပါယာကို ကာကွယ်ဖို့ ဝိုင်းရံထားသလိုပင်။အင်ပါယာ၏ ငြိမ်းချမ်းမှုကို ကြည့်ရှုနေသော ဧကရာဇ်ဘုရင်သည်လိုင်မာဖီးရပ်စ်ကို တစ်ချက် စူးကနဲ ကြည့်လိုက်သည်။
"မင်းမှာ အချိန်အများကြီး ရမှာမဟုတ်ဘူး"
ဧကရာဇ်ဘုရင်သည် နောက်ဧကရာဇ်ဖြစ်လာရန် အဆင်သင့်ဖြစ်ပုံပေါ်သော လိုင်မာဖီးရပ်စ် အား ကျေနပ်စွာ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
လိုင်မာဖီးရပ်စ် ၏ အပြာရောင်မျက်လုံးများသည် ဆုံးဖြတ်ချက်ခိုင်မာလှသည်။ ထို့နောက် လိုင်မာဖီးရပ်စ် သည် အခန်းထဲမှ ထွက်သွားပြီးနောက်၊ အခန်းထဲတွင်တစ်ယောက်တည်း ကျန်ရစ်သောဧကရာဇ်ဘုရင်သည် ဘုရင်မကြီးကို ကြိုဆိုလိုက်သည်။
“လာပါ… အမေ”
"နှုတ်ဆက်ပါတယ်ကွယ်"
ဧကရာဇ်ဘုရင်သည် ပြုံးပြီး ဘုရင်မကြီး ဘေးတွင် ရပ်နေ၏။ သားအမိနှစ်ဦးသည် ပွင့်လင်းမြင်သာသော ပြတင်းပေါက်မှတစ်ဆင့် အင်ပါယာကြီးကို ကြည့်နေကြသည်။
"အချိန်တန်ပြီထင်တယ်"
ဧကရာဇ်ဘုရင်သည် ဘုရင်မကြီး ကြည့်နေသော နေရာကို ကြည့်လိုက်သည်။ဘုရင်မကြီးသည် လိုင်မာဖီးရပ်စ် ထံမှ ယခုလေးတင် မြင်လိုက်ရသော ဟန်ပန် အမူအရာတို့အား ရင်းနှီးနေခဲ့သည်။လွန်ခဲ့သော အနှစ် ၃၀ က ဖခင်ဖြစ်သူ ဘုရင်မင်းမြတ်ရှေ့တွင် သူ (ယခု ဧကရာဇ်) ရပ်နေစဥ်ကလည်း ထိုအကြည့်နှင့်ပင် ကြည့်နေခဲ့၏။ ဆုံးဖြတ်ချက်တို့အားလုံး အဆင်သင့်ဖြစ်ခါမှ ထွက်ပေါ်လာသည့် အကြည့်စူးစူးပင် ဖြစ်သည်။
ယခုလည်း ထိုအကြည့်တို့က အိမ်ရှေ့စံမင်းသားသည် ဘုရင်တစ်ပဖြစ်လာတော့မည်ဟု ဆိုခြင်းဖြစ်သည်။
"ဘာကိုဆိုလိုတာလဲ…သား"
"ထီးနန်းကို လွှဲအပ်ဖို့ အချိန်တန်ပြီလေ"
"အခုလား"
ဘုရင်မကြီးသည် နှစ်ခြိုက်စွာပြုံးလိုက်သည်။
ဘုရင်ကြီး၏ နန်းသက် ကုန်ဆုံးသွားလေပြီ။
“ဟုတ်ပါတယ်… နောင်လာနောက်သားတွေအတွက် တာဝန်တွေ ထားခဲ့သင့်တာပေါ့…အခုကစပြီး အနားယူလိုက်ပါတော့…သားရယ်"
ဘုရင်မကြီး၏ လေသံနှင့် မျက်လုံးများသည် ဘုရင်တစ်ပါးအပေါ်ကိုမဟုတ်ဘဲ သားတစ်ယောက်အပေါ် ကရုဏာထားသော မိခင်တစ်ယောက်၏ အပြုအမူများဖြစ်နေတော့သည်။
"သား… အလုပ်မရှုပ်ဘူးဆိုရင် လက်ဖက်ရည် အတူတူသောက်ရအောင်"
ဧကရာဇ်ဘုရင်ကည်း ပြုံး၍ ဘုရင်မကြီး စကားကို သဘောတူလိုက်သည်။
တစ်ဖက်တွင်တော့၊ လိုင်မာဖီးရပ်စ် သည် အရာအားလုံးကို စီစဉ်ပြီးနောက် ပွဲရုံသို့ လျှောက်သွားခဲ့သည်။
* * *
"ဒါဟာ လောင်းကစားဘုရင် အတွက် အသင့်လျော်ဆုံး အဆုံးသတ်ပါပဲ"
ဆာစီးနီယာ စကားကြောင့် ဖလီယာ ၏ မျက်နှာဖုံးသည် ကြမ်းပြင်ပေါ်ကို လုံးဝပြုတ်ကျသွားသည်။
“စုန်းမစုတ်…နင် ဘယ်လိုတောင် ပြောရဲတာလဲ"
ဖလီယာ ၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ လူ့မျက်နှာနှင့်မတူတော့ဘဲ ဘီလူးတစ်ကောင်လို၊ နတ်ဆိုးတစ်ကောင်လို ဖြစ်နေသည်။
ခန်းမကြီးသည် မီးကိုရေနှင့် ငြိမ်းလိုက်သလို ရွှဲကနဲဖြစ်၍ တိတ်ဆိတ်သွားသည်။သူမတို့ ကိစ္စကို သိ၍မဟုတ်ဘဲ မြို့စားမင်းရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေသော ဖလီယာ ကို လူတိုင်း ကြည့်လိုက်ကြပြီး လန့်ဖျပ်သွားကြသည်။ ထိုစဉ် မြို့စားကြီး ကိုင်လို့စ် သည်လည်း ဖလီယာ နှုတ်မှ သူ့နာမည် ထွက်လာမှာ စိုးရိမ်နေတော့သည်။
"ဒါ နင့်ရဲ့မျက်နှာအစစ်ကိုး"
“စုန်းမတစ်ကောင်ကို ကယ်တင်ရှင်ကြီးဆိုပြီး ချီးကျူးနေကြတာလား… ကမ္ဘာကြီးတော့ ရူးသွားပြီပဲ"
ချက်ချင်း ဘန် သည် ဆာစီးနီယာ ရှေ့မှာ ရပ်လိုက်ပြီး ဖလီယာကို တစ်ခုခုလုပ်ရန် ပြင်လိုက်သည်။
“ရပါတယ်...ဘန်”
ဆာစီးနီယာကလည်း ဘန် နောက်မှ ထွပ်ကာ သူ့ရှေ့တွင် ရပ်လိုက်ပြန်သည်။
"နင် ပြောချင်တာ ဒါပဲလား…သိပ်ရယ်စရာ ကောင်းတာပဲ"
"ဟားဟား"
ဆာစီးနီယာ က ထပ်ပြီး ရန်စ,လိုက်သည့်အခါ ဖလီယာ က ဟားတိုက်ရယ်လိုက်တော့သည်။ ထို့နောက် ဆာစီးနီယာ ရှေ့ကိုအတင်းတိုလာပြန်သည်။
"နင်က စုန်းမပဲ…နင် လူတိုင်းကိုသေစေချင်နေတာ မဟုတ်လား"
ဆာစီးနီယာ သည် ဖလီယာ ၏မျက်လုံးများကို တိတ်တဆိတ်ကြည့်နေသည်။ ဖလီယာ၏ အညိုရောင်မျက်လုံးများမှာ လုံးဝ အသက်မဲ့နေသည်။ ထိုအကြည့်ထဲတွင် စူးစူးရဲရဲ တောက်လောင်နေသည့် တစ်ခုတည်းသောအရာမှာ ရူးသွပ်ခြင်းပင်ဖြစ်သည်။ထိုရူးသွပ်ခြင်းက သူမကို ထိတ်လန့်သွားစေသည်။ သူမသည် လူတစ်ယောက်နှင့် စကား ပြောနေရတာ နှင့်မတူဘဲ မကောင်းဆိုးဝါးတစ်ကောင်နှင့် ရင်ဆိုင် နေရသလို ဖြစ်နေသည်။
"ဒါဆို နင်က ငါ့ကို မီးရှို့တယ်ဆိုပြီး ထောင်ချချင်တာလား"
ဖလီယာ က ပြုံးပြီး ကျောက်သင်ပုန်းကို လက်သည်းနှင့် ကုတ်သံလိုမျိုး တခစ်ခစ်ရယ်မောလိုက်သည်။
"စုန်းမရဲ့စကားကို ဘယ်သူက ယုံမှာလဲ"
စူးရဲသော ဆာစီးနီယာ၏ မျက်လုံးများသည် သူမကို စုန်ချည်၊ဆန်ချည် ကြည့်နေတော့သည်။
"နင် ဘယ်လိုပဲ ဝတ်စားထား၊ဝတ်စားထား နင်က စုန်းမဆိုတာက သိပ်သိသာနေတယ်…ဘယ်သူကမှ ငြင်းလို့မရဘူး"
ထိုအချိန်မှာ…
ဘန် က ဒေါသတကြီး သူမနောက်မှ ထွက်လာသောအခါ ဆာစီးနီယာ သည် ဘန် ၏ခါးတွင် ချိတ်ထားသော ဓားရှည်ကို အရင် ဆွဲထုတ်လိုက်သည်။
"နင်က ရာဇ၀တ်ကောင်ပဲ…ဒါပေမယ့် နင် တော်တော်ကို ဟန်ဆောင်ကောင်းတာပဲ"
သူမကိုင်ထားသည့် ဓားမှာ ဖလီယာ ၏လည်ပင်းကို ချိန်ရွယ်ထားသည်။အခန်းထဲက ပရိတ်သတ်များ ပြိုင်တူပင် လန့်ဖျပ်သွားပြီး သက်ပြင်းကိုယ်စီချလိုက်သည်။ သူတို့ မျက်စိနှင့် မြင်လိုက်ရသည့် မြင်ကွင်းက မယုံနိုင်စရာပင်။ ဓားနှင့် ထိုးချင်လောက်အောင် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြသည်။ အချင်းချင်း အပြစ်တင်ကြသည်။ သို့သော် မည်သူမှ ဝင်ရောက်မစွက်ဖက်ရဲပေ။ အကြောင်းမှာ ဘန် သည် ပရိတ်သတ်များအား ဝင်မပါနဲ့ ဆိုသည့် သဘောဖြင့် ရန်စောင်ကြည့်ကြည့်နေတာကြောင့်ပင်။
“နင် အဲ့ဒီလိုပြောရင် နင့်အဖေလိုပဲ နိဂုံးချုပ်ရလိမ့်မယ်"
ဆာစီးနီယာ က ရယ်နေရင်း ပြောလိုက်တာကြောင့် ဖလီယာ မှုန်ကုပ်ကုပ်နှင့် ပုံပျက်သွားသည်။
“နင်… စုန်းမ…”
"ဘာလဲ…ငါ့ကို တစ်ခုခုပြောချင်လို့လား…နင့်အဖေကလေ မီးတောက်တွေ ထဲမှာ ငိုနေခဲ့တာ…သိပ်ကိုပူလွန်းလို့ အော်ဟစ်အကူအညီ တောင်းနေတာပေါ့…သူ ငါ့ကို သတ်ဖို့လုပ်တုန်းကတော့ အဲ့ဒီလို မျက်နှာပေးမျိုးမဟုတ်ပါဘူး…နင်လည်း နင့်အဖေရဲ့ ဒုက္ခကို အပ်တပ် တွေ့သင့်တာနော်"
ထေ့ငေါ့ခြင်းအပြည့်ရှိသော လေသံဖြစ်ခဲ့သည်။
"ကောင်မစုတ်…ခွေးမ"
ဖလီယာ သည် ဒေါသမထိန်းနိုင်ဘဲ သူမဆီ ပြေးလာသောအခါ ဆာစီးနီယာ က တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါပေမယ့် ငါ ဘာလုပ်ရမလဲ…နင်လည်း သူ့လိုပဲ ဖြစ်မှာပဲ… နင်က အင်ပါယာကြီးကို တစ်ကယ်မီးရှို့ခဲ့တဲ့သူဆိုတာကို ငါ အားလုံးကို ပြောပြလိုက်မယ်"
ဆာစီးနီယာ သည် ဤမျှအထိ လုပ်ရန် မရည်ရွယ်ခဲ့ပေ။ သူမသည် ဖလီယာ ကို စိတ်ဆွအောင်လုပ်ပြီး အစဆွဲထုတ်ရန်သာ ကြံထားခဲ့သည်။
'သူမက ငါ့ကို လာဆွနေတာကိုး"
ရီနာ နှင့် မြို့စားကြီး ကိုင်လို့စ် တို့ကြောင့် သူ့ကိုယ်သူ အပြစ်တင်နေသော ဘန့်မျက်နှာကို သူမ အခုထိ မေ့မရသေး။ မေ နှင့် ဗားန် တို့မှာလည်း မီးထဲမှ ထွက်လာသော သူမဆီ အတင်း ပြေးလာခဲ့ကြသည်။ ထိုနေ့က ငရဲကျခဲ့ရသော အင်ပါယာကြီးဖြစ်သည်။
အင်ပါယာကို မီးရှို့ခြင်းက သူမကိုချောက်တွန်းခြင်းသာ။ဖလီယာ စိတ်ထဲတွင် တခြားသူများ၏ အသက်၊ဘဝနှင့် အိုးအိမ်စည်းစိမ်များကို ထည့်မတွက်ပေ။ ဖလီယာ သည် အခြားသူများကို အပြစ်တင်ခဲ့ပြီး မုန်းတီးမှုကြီးထွားလာတာကြောင့် သနားစဖွယ်ကောင်းလာသည်။
ဆာစီးနီယာ သည် ဒေါသကို ထိန်းကာ ဓားကို အောက်ပြန်ချလိုက်သည်။
ယခုအချိန်မကျသေးသဖြင့် အချက်လည်းမပြသေးချေ။
သူမသည် အမှားတစ်ခုမှမရှိဘဲ အစီအစဉ်ကြီး ပြီးမြောက်အောင် ကြံ့ကြံ့ခံနေရသည်။ နောက်ဆုံးတွင်၊ အဝေးမှ တိုင်နောက်၌ ပုန်းနေသော လိုင်မာဖီးရပ်စ် ၏ လက်ထောက် အဲရစ်က အချက်ပြလိုက်သည်။ဆိုလိုတာက အားလုံးအဆင်သင့်ဖြစ်နေပြီဟု ပြောလိုက်ခြင်းပင်။
"ဒီမီးရှို့မှုကို ကျူးလွန်သူတွေဟာ ဖလီယာဒယ်မွန်း နဲ့ မြို့စားကြီးကိုင်လို့စ် တို့ရဲ့ လက်ချက်ပါ"
ဆာစီးနီယာ ၏ ကျယ်လောင်သော အသံသည် ခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။ စုရုံးနေသော မှူးမတ်များသည်လည်း ဖလီယာ နှင့် ကိုင်လို့စ် ကို တလှည့်စီကြည့်ကာ အံ့သြသွားကြသည်။
“မဟုတ်ဘူး…ဒီစုန်းမက အားလုံးကို လိမ်နေတာ"
ဖလီယာ က ကမန်းကတန်း အော်ပြောလိုက်သည်။
“အိမ်ရှေ့မင်းသား ကြွချီလာပါပြီ”
ထိုစဉ် အိမ်ရှေ့မင်းသား ကြွလာကြောင်း ကြေငြာသံက ခန်းမကို လွှမ်းသွားသည်။ ဆူညံနေသော ခန်းမကြီးသည် ချက်ချင်း တိတ်ဆိတ်သွားကာ ပိတ်ထားသော တံခါးချပ်မှာ ပွင့်သွားပြီး လိုင်မာဖီးရပ်စ် ထွက်လာလေသည်။
"အပြစ်ရှိသူတွေကို ဖမ်းကြ"
ရောက်လာသော လိုင်မာဖီးရပ်စ် သည် မဆိုင်းမတွ အမိန့်ပေးလိုက်ရာ ဖလီယာ နှင့် ကိုင်လို့စ် ကို ဖမ်းဆီးကြရန် သူ့နောက်က အင်ပါယာနန်းတော်မှ သူရဲကောင်းများသည် တညီတညွတ်တည်း လှုပ်ရှားလိုက်ကြသည်။
“ ဘာလဲ…”
"အမှန်ပဲဖြစ်ရမယ်"
မှူးမတ်တို့သည် ထိတ်လန့်ကာ ရာဇ၀တ်ကောင်များနှင့် ဝေးရာကို နေရာဖယ်လိုက်ကြသည်။
"မင်းတို့ ငါ့ကို လွှတ်ကြ"
ကိုင်လို့စ် သည် ကြိုးတုပ်ခံရပြီး သူရဲကောင်းများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ထို့အပြင် ကိုင်လို့စ်၏ လက်နှစ်ဖက်ကိုလည်း ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ထားသည်။
"ဒါက သူ့ဘာသူမီးလောင်တာပါ…ကျွန်တော် တစ်ခါမှ ဒါမျိုး မလုပ်ဖူးပါဘူး"
အလားတူပင် အဖမ်းခံရသော ဖလီယာ သည် ရုန်းကန်နေသော ကိုင်လို့စ် ဘေးတွင် ရပ်နေသည်။
"ဒါက စုန်းမရဲ့လှည့်ကွက်ပဲ…စုန်းမရဲ့စကားကြောင့် ကျွန်မတို့ကို အထင်မလွဲပါနဲ့"
"အင်ပါယာနှစ် 443 ခုနှစ် ဒီဇင်ဘာ 22 ရက်နေ့မှာ မီးရှို့မှုကို ကျူးလွန်ခဲ့တဲ့ ကိုင်လို့စ် နဲ့ ဖလီယာ ဒယ်မွန်းတို့…ငါ့ကို ဦးညွှတ်ကြ"
လိုင်မာဖီးရပ်စ် သည် ဖလီယာ ၏စကားကိုလျစ်လျူရှုပြီး အမိန့်ပေးလိုက်သည်။ ထိုအခါ အပြစ်သားနှစ်ယောက်သည် ပွဲရုံအလယ်တွင် ဒူးထောက်ထိုင်လိုက်ရသည်။ သူတို့ရှေ့တွင် လိုင်မာဖီးရပ်စ် သည် ခံစားချက်မဲ့နေသော မျက်နှာထားရှိကာ ကျန်မှူးမတ်များကလည်း ပွဲရုံအလယ်မှာ ဝိုင်းလိုက်ကြသည်။
"အရှင့်သား…ကျွန်တော် မဟုတ်ပါဘူး…ကျွန်တော် မလုပ်ပါဘူး"
"ခေါ်လာခဲ့"
လိုင်မာဖီးရပ်စ် က အမိန့်ပေးသောအခါ သူရဲကောင်းတစ်ဦးသည် အပြစ်သားများ၏ သက်သေကို ခေါ်လာတော့သည်။သက်သေမှာ ဆာစီးနီယာက လိုင်မာဖီးရပ်စ်အား အပ်နှံခဲ့သော သက်သေဖြစ်၏။
ထိုလူဝင်လာသည်ကိုမြင်လိုက်ရသောအခါ ကိုင်လို့စ် အံ့အားသင့်သွားတော့သည်။
ချွင်..
လိုင်မာဖီးရပ်စ် သည် အကြွေစေ့ကို ကိုင်လို့စ် ရှေ့မှာ ပစ်ချလိုက်သည်။
ရာထူးကြီးသော အစေခံများသာ မြို့စားကြီးကိုင်လို့စ် ၏ တံဆိပ်ကို ပေးအပ်ခြင်း ခံရသည်။
"သက်သေလည်း ရှိပြီးသား"
"သူ့ကို ကျွန်တော် မသိပါဘူး"
"တကယ်လား…အာကတ်"
လိုင်မာဖီးရပ်စ် သည် အာကတ် အား လှည့်ကြည့်လိုက်ရာ အာကတ် သည် တုန်ရီနေကာ ကြမ်းပြင်ပေါ် ဝပ်တွားလိုက်လေတော့သည်။
"ကျွန်တော်က မြို့စားကြီး ကိုင်လို့စ် နဲ့ မစ္စ ဖလီယာ တို့ကြားမှာ စာပေးရတဲ့ သူပါ…သူတို့အချင်းချင်း မီးရှို့မယ့်အကြောင်းကို အချိန်းအချက် လုပ်ခဲ့ကြတာပါ"
"ဒီကောင် ဘာတွေ လိမ်ပြောနေတာလဲ"
ကိုင်လို့စ် သည် မျက်နှာကြီးနီရဲနေကာ အော်ဟစ်လိုက်သည်။
"ဒါဆို မင်းက ဒီစာကို မသိဘူးလား"
ဖလီယာ နှင့် ကိုင်လို့စ် တို့သည် စာတစ်စောင်ကို မြင်ရသောအခါ တုန်လှုပ်သွားရတော့သည်။
လိုင်မာဖီးရပ်စ် သည် လက်ထဲတွင် ကိုင်ထားသည့်စာကို ထုတ်ယူပြီး ဖတ်ကြည့်လိုက်သည်။
“အင်ပါယာကို မီးရှို့ပြီး စုန်းမကိုထောင်ချမယ်… သူက ညအိပ်ရင် ထထယောင်တာမို့ အဲ့ဒီအချက်ကို နင်းရမယ်…ရှင် ကျွန်မကို ကူညီမယ်လို့ယုံကြည်တယ်"
“ငါ အချက်ပြလိုက်ရင် ကျန်လူတွေလည်း အလုပ်စကြမှာပါ…အမှားတစ်ခုမှ ပါလို့မဖြစ်ဘူး…....ပြီးတော့ ဒီစာနှစ်စောင် လက်ရေးလည်း မတူကြဘူး"
မှူးမတ်တို့သည် အိမ်ရှေ့စံစကားကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ အပြစ်သားတို့အနားမှ ခြေလှမ်း နောက်တလှမ်းဆုတ်သွားကြသည်။
"ဒါက ထောင်ချောက်ပါ…ကျွန်တော် တစ်ခါမှ သူမကို စာမရေးဖူးပါဘူး”
အပြာရောင် သွေးကြောများသည် ကိုင်လို့စ် ၏လည်ပင်းပေါ်တွင် ထင်ရှားစွာ ပေါ်နေတော့သည်။သူ ယခုလို စော်ကားခံရတာကို သည်းမခံနိုင်ချေ။မှူးမတ်တွေစုဝေးနေချိန်မှာ ဒူးထောက်ထိုင်နေရသည့်အတွက်လည်း တော်တော်လေး ရှက်မိသည်။ သူ့ဘဝ၏ အကြီးမားဆုံး အရှက်ကွဲမှု ဖြစ်တာကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေတော့သည်။
မကြာမီ လူအုပ်ထဲရှိ ဆာစီးနီယာ သည် ရှေ့ကို တိုးလာသည်။
"ပြီးတော့ ဖလီယာဒယ်မွန်း ဟာ မြို့စားမင်းပိုင်နက်မှာ ရီနာ လို့ခေါ်တဲ့ သူလျှို ကို လွှတ်ပြီးတော့ ကျွန်မကို စောင့်ကြည့်ခဲ့ပါတယ်"