အပိုင်း ၁၂၃
Viewers 12k

Chapter 123

နောက်သုံးရက်ကြာလျှင်…

နန်းတော်တစ်ခုလုံး မိုးလင်းကတည်းက အလုပ်ရှုပ်နေကြသည်။ ဧကရာဇ်ဘုရင်၏အမိန့်အား ဖြည့်ဆည်းရန်အတွက် မှူးမတ်အားလုံးကို ဧည့်ခံရန် ဧည့်ခန်းမကို ဖွင့်လှစ်ခဲ့သည်။

 "စားပွဲ ယူလာခဲ့" 

ဧကရာဇ်ဘုရင်၏ လက်ထောက်က အမိန့်ပေးသောအခါ အစေခံများသည် အလျင်စလို လှုပ်ရှားကြသည်။ အထပ်မြင့် တံခါးရှေ့တွင် စားပွဲဝိုင်းကြီးများ ချထားသည်။ ဘောပင်များ နှင့် ဧည့်စာအုပ်ထူထူတို့ကို စားပွဲပေါ် တင်ထား၏။

" ခန်းမထဲက မှူးမတ်တိုင်းရဲ့ လက်မှတ်ကို ယူထားဖို့ဆိုတာ အိမ်ရှေ့မင်း၏ အမိန့်တော်ပဲ" 

လက်ထောက်က စားပွဲပေါ်ရှိ ဧည့်စာအုပ်ကို သေသေချာချာ စစ်ဆေးပြီး အစေခံများကို ပြောလိုက်သည်။ 

" နားလည်ပါတယ်" 

အစေခံများသည် လက်ထောက်ကို တန်းစီကာ ဦးညွှတ်လိုက်ကြသည်။ 

အရုဏ်တက်ချိန် ရောက်သောအခါ ရထားလုံးအများအပြားသည် ဧကရာဇ်နန်းတော်သို့ ဝင်ရောက်လာကြသည်။သို့သော် ဘာကြောင့် ခေါ်မှန်း သူတို့ မသိချေ။ မည်သူမဆို ခြွင်းချက်မရှိ တက်ရောက်ရမည်ဆိုသော ဧကရာဇ်မင်း၏ အမိန့်ကြောင့်သာ လာခဲ့ကြခြင်းဖြစ်သည်။ မှူးမတ်များသည် ဧည့်ခံပွဲအတွင်းမ၀င်မီ ဧည့်စာရင်းစာအုပ်တွင် လက်မှတ်လည်း ရေးထိုးရမည်ဖြစ်သည်။

 "ငါ့မျက်နှာမြင်ရင် သိတာပဲဟာ…ဘာလို့ လက်မှတ်ထိုးရတာလဲ" 

တချို့က ဘာမှ မပြောဘဲ လက်မှတ်ထိုးပြီး တစ်ချို့မှူးမတ်တွေကလည်း ဒေါသတကြီး ဖြစ်ကုန်ကြသည်။

 

"တောင်းပန်ပါတယ်…အမိန့် ပေးထားတာမို့ ကျေးဇူးပြုပြီး လုပ်ပေးပါ" 

အစေခံများက ပြောကြသော်လည်း ဒေါသတွေ ပြေမနေသည့် မှူးမတ်တွေကြားကို လူနှစ်ယောက် ပျော်ရွှင်စွာ လမ်းလျှောက်လာကြသည်။

"ဒီမှာ လက်မှတ်ထိုးဝင်ရမှာလား" 

ဘန်က ချက်ချင်း ရပ်ပြီး မေးလိုက်သည်။

 "မင်္ဂလာပါ မြို့စားမင်းရှင့်… ဒီမှာ လက်မှတ်ထိုးလိုက်ပါ"

အစေခံတစ်ယောက်က ဘန် အား ဘောပင်တစ်ချောင်း ပေးလိုက်စည်။

 “…” 

မြို့စားမင်း ရောက်ရှိလာသောအခါ ဆူညံနေကြသော မှူးမတ်များ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ 

"ဆာစီးနီယာ…မင်းက ဒီမှာလက်မှတ်ထိုးရမယ်" 

လက်မှတ်ထိုးပြီးနောက် ဘန် သည် ဘောပင်ကို ဆာစီးနီယာ အား ပေးလိုက်သည်။သူမ ကလည်း ဘန် အမည်ဘေးမှာ နာမည် ရေးထိုးလိုက်သည်။

ထို့နောက် ဘောပင်ကို အစေခံ အား ပြန်ပေးကာလက်ချင်းပြန်တွဲလိုက်သည်။

 “ပြီးပြီ"

ဆာစီးနီယာ ၏ အေးစက်သော မျက်လုံးများသည် ဟန်ဆောင်နေကြသည့် မှူးမတ်များအား လှည့်ကြည့်ကာ လှလှပပလေး ပြုံးလိုက်သည်။ သူမ၏ မျက်လုံးများက ပြုံးနေသည်မှာ သိသာထင်ရှားလှသော်လည်း အတွင်းမှ ခံစားချက်များကတော့ မတူကြပေ။ထို့နောက် နှစ်ယောက်သား ဘာမှမဖြစ်ခဲ့သလို ဧည့်ခန်းမထဲကို အေးအေးဆေးဆေး ဝင်သွားကြ၏။

တင်းမာသော အငွေ့အသက်များ ပျောက်ကွယ်သွားသောအခါ တိတ်ဆိတ်နေသည့် နေရာမှာချက်ချင်း ဆူညံ့သွားပြန်သည်။

 

"အဟမ်း"

မှူးမတ်များသည် ကိုယ်စီကိုယ်ငှ ချောင်းဟန့်လိုက်ကြပြီး ဘောပင်ကို မကိုင်ချင့်ကိုင်ချင် ကောက်ကိုင်‌လိုက်လေ၏။ မြို့စားမင်း ပင်လျှင် စကားတစ်ခွန်းမှ မပြောဘဲ လက်မှတ် ရေးထိုးထားသောကြောင့် သူတို့လည်း ခေါင်းမာနေစရာ အကြောင်းမရှိတော့ပေ။

ခန်းမထဲကိုဝင်လာသော ဆာစီးနီယာ က ပတ်ပတ်လည်ကို လှမ်းကြည့်ပြီး မေးသည်။

"ဖလီယာ ဆိုတာ ဧည့်စာရင်းစာအုပ်ထဲမှာ ရေးထားလား" 

"အင်း..ကိုယ်လည်း တွေ့လိုက်သလိုပဲ"

ဆာစီးနီယာ ၏ မျက်လုံးများသည် သားကောင်ကို လိုက်ရှာနေသည့် ကျားတစ်ကောင်လိုပင် စူးရဲတောက်ပလာသည်။ အညိုရောင်ဆံပင်နှင့် မျက်လုံးအညိုရောင်တို့ရှိသော ဖလီယာ အကြောင်းကို သူမ ကြားဖူးထားသည်။

ဆာစီးနီယာ သည် ပွဲကျင်းပရာ ခန်းမကို လှမ်းကြည့်လိုက်သည်။ အချိန်မီရောက်လာသော သူ နှင့် သူမ မျက်လုံးချင်းဆုံမိသွားသည်။

 'မြို့စားကြီး ကိုင်လို့စ်' 

မြို့စားကြီး ကိုင်လို့စ် သည် ဆာစီးနီယာ နှင့် မျက်လုံးချင်းဆုံမိသောအခါ လန့်သွားပြီး သူမ အကြည့်ကို ရှောင်ရှားလိုက်သည်။

 ခန်းမထဲသို့ ဝင်လာကတည်းက သူမ လိုချင်သော အဖြေအားလုံး ရသွားပြီဖြစ်သည်။

အစီအစဉ်က စတင်နေပြီဖြစ်သော်လည်း အချိန်မကျသေး။

"ဘန်.."

"အင်း "

 "ဒီနေ့ သူတို့ရဲ့ အကြည့်တွေက သိပ်စူးရှနေသလိုပဲ"

ဆာစီးနီယာ ပြောသည့်အတိုင်း ခန်းမထဲရှိ မှူးမတ်များအားလုံး သူမကို စိုက်ကြည့်နေကြသည်။ထို့အပြင် ဆာစီးနီယာ နှင့် မျက်လုံးချင်းဆုံသူများသည် ချောင်းဟန့်ပြီး အကြည့်ဖယ်သွားကြ၏။ သူမ ရောက်လာကတည်းက သူတို့အကြည့်သည် သံလိုက်တစ်ခုလို တွယ်ကပ်နေတော့သည်။ဘုရင်မ၏ မွေးနေ့ပွဲသို့ သူမအား ဖိတ်ကြားခြင်းခံရသောအခါက အကြည့်နှင့် မတူပေ။ ယခု ကြည့်ရခြင်းမှာ ဆာစီးနီယာ သည် မီးငြိမ်းသတ်ရန်အတွက် စုန်းအတတ် သို့မဟုတ် မှော်ပညာကို အသုံးပြုခဲ့သည်ဟူသော ကောလဟာလအား ကြားခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။ စူးစမ်းလိုစိတ်များဖြင့် စူးစိုက်ကြည့်နေသော အကြည့်များတွင် သူတို့နှင့် မတူသော သက်ရှိသတ္တဝါတစ်ဦးကို ကြည့်ရှုနေသကဲ့သို့ ခွဲခြားဆက်ဆံမှုများ ရှိနေသည်။

“အဲ့ဒါဆို ကိုယ် လူတိုင်းကို မျက်လုံးမှိတ်ထားဖို့ အမိန့်ပေးလိုက်မယ်” 

"ဘာ…မဟုတ်ဘူး…နေဦး" 

ဆာစီးနီယာ သည် ဘန် ၏ ပါးစပ်ကို အမြန်အုပ်လိုက်သည်။ ထို့နောက် ပြုံးပြီး သူ့လက်ဖမိုးကို နမ်းလိုက်လေသည်။ 

"ရှင် ကျွန်မကို နောက်နေတာလား" 

ဆာစီးနီယာ သည် သူ့ဟာသကို အသိအမှတ်ပြုပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ 

"အားလုံး အဆင်ပြေသွားမှာပါ...စိတ်မဆိုးပါနဲ့… ဆာစီးနီယာ ရဲ့" 

သူက ပြောရင်းဆိုရင်း သူမ ခါးကို တင်းတင်းကြပ်ကြပ် ဖရ်ထားလိုက်သည်။ထိုအခါ တင်းတင်းစေ့ထားသော သူမ၏ နှုတ်ခမ်းများသည်လည်း ညင်သာစွာ ပြေလျော့သွားရသည်။ 

“အင်း" 

"အဲ့ဒါပြီးရင် မင်းနဲ့အတူသွားချင်တဲ့နေရာရှိတယ်" 

သူက သူမ နားနားကပ်ကာ တိုးတိုးလေးပြောလိုက်တာကြောင့် ဆာစီးနီယာ အသည်းယားသွားသည်။

 "ဘယ်လဲ"

"မီးငြိမ်းသတ်တုန်းက ရှင်က ကူညီတယ်လို့ ကြားထားတယ်"

မြို့စားမင်း စပန်ဆာ ၏သမီးက ဆာစီးနီယာ ကို ကောလဟာလတွေက အမှန်လားဟု မေးနေသည်။

 “မင်္ဂလာပါ" 

ဆာစီးနီယာ သည် ရှေ့သို့ ထွက်လာပြီး ဘန် အနီးတွင် ရပ်ကာ ပြန်ပြောလိုက်သည်။ 

“အမှန်ပါပဲ…သိပ်အံ့သြစရာကောင်းတယ်နော်"

ဆာစီးနီယာက သဘောတူလိုက်သောအခါ ထိုအမျိုးသမီးက အော်ပြောလိုက်သည်။ 

 

"မစ္စ အဲ့ဒါကို တစ်ကယ်သုံးခဲ့တာလား..."

သူမ၏ သိချင်စိတ်ကို ထိန်းမထားနိုင်ဘဲ ဒေါသထွက်နေသော ဘန် အား တစ်ချက်ကြည့်ကာ ထိုအမျိုးသမီးက မေးလိုက်သည်။

“အဲ့ဒီလောက်လည်း စွမ်းအားကြီးတာမဟုတ်ပါဘူး…မီးငြိမ်းဖို့ပဲ အသုံးဝင်ပါတယ်" 

ဆာစီးနီယာ ၏အဖြေကြောင့် ပွဲခန်းမတစ်ခုလုံး ဆူညံသွားသည်။ သူတို့ကြားသမျှ ကောလာဟလတွေ အားလုံးက အမှန်တွေဖြစ်တာကြောင့် အံ့ဩသွားပုံရသည်။ ဆာစီးနီယာ သည် ထိုအကြောင်းကို မသိဟန်ဆောင်၍လည်း မနေချင်ပေ။ ဧကရာဇ်မင်းမြတ်တောင် သိထားပြီးသားမို့ သူမ ဖုံးကွယ်ထားမှာမဟုတ်။ ထို့ကြောင့် အဖြစ်မှန်ကို သေချာရှင်းပြပြီး နောက်ထပ် ကောလဟလများ ထွက်မလာအောင် တားလိုက်ခြင်းကသာ ထိရောက်သည်ဟု တွေးမိသည်။

သူမ၏ အဖြေက ထင်ထားတာထက် ပိုသြဇာကြီးလှသည်။မကြာမီ ဧည့်သည်တော်များမှာ ဆာစီးနီယာ အနားကို တိုးလာကြတော့သည်။

ဆာစီးနီယာ သည် စိတ်အနှောင့် အယှက်ဖြစ်မိသော်လည်း ပတ်ဝန်းကျင်က တုံ့ပြန်မှုတွေကို အသိအမှတ်ပြုရသည်။ဘန် သည် သူမနှင့် အတူရှိနေချင်သည့် သူ့ဆန္ဒကို လာဖျက်ဆီးသူများအား မကြည်တော့ပေ။

ထို့ကြောင့် လူအုပ်နှင့်ခပ်ခွာခွာနေလိုက်တာကြောငါ ဆာစီးနီယာလည်း ဘန်ကို လိုက်ကြည့်မိသည်။

ထိုစဉ် အဝေးတစ်နေရာတွင် တစ်ယောက်တည်း ရပ်နေသော အမျိုးသမီးတစ်ဦးသည် ဆာစီးနီယာ ၏ မျက်လုံးကို ဖမ်းစားလိုက်လေသည်။ ဆံပင်အညိုရောင်ရှိသော ထိုအမျိုးသမီးသည် မကျေမနပ်ဖြစ်နေပုံရ၏။

ဆာစီးနီယာ ၏ မျက်လုံးများသည် စူးရှစွာ တောက်ပနေသည်။

 "ဘန်… အဲ့ဒီမိန်းမပဲ" 

ဘန် သည် ဆာစီးနီယာ၏ အသံကို ကြားသည်နှင့် ဧည့်သည်တော်များကြားတွင် မသင်္ကာဖွယ်အကြည့်ဖြင့် အမျိုးသမီးတစ်ဦးကို သူလည်း တွေ့သွား၏။ ထိုမိန်းမသည်သူမ ကြားဖူးသည့် ဖလီယာ အကြောင်းနှင့် သူမ ဟန်ပန်မှာ တူညီနေတော့သည်။

 

"ကျွန်မ ထင်တာမှန်တယ်" 

သူမ ပုံစံကိုကြည့်ပြ လောင်းကစားဘုရင် မွန်တင်းဒယ်မွန်း ၏သမီး ဖလီယာ ဒယ်မွန်း ဖြစ်ကြောင်း ဘန်တို့ နှစ်ယောက်လုံး အလိုလိုယူဆလိုက်ကြသည်။

 "သွားကြရအောင်"

ဆာစီးနီယာ သည် ဘန်ကို လက်တွဲကာ နှစ်ယောက်သား လူအုပ်ကြားထဲ လျှောက်သွားသည်။

ဒေါက်…ဒေါက်

သူတို့၏ ခြေသံများသည် လူသံ၊သူသံသံများထက် ပို၍ ကျယ်လောင် ပြင်းထန်လှသည်။ ထိုအခိုက်အတန့်လေးတွင် စူးရှသော မျက်လုံးပေါင်းများစွာသည် သူတို့ဦးတည်သွားနေသည့် နေရာကို လှည့်ကြည့်လိုက်ကြသည်။

ဆာစီးနီယာ နှင့် ဘန် တို့ သူမဆီ လျှောက်လာသည်ကို မြင်သောအခါ ထိုအမျိုးသမီးသည် တုန်လှုပ်ခြောက်ခြားသွားပြီး ဘေးပတ်လည်ကို ကမန်းကတန်းကြည့်လိုက်သည်။ သူမပုံစံမှာ ကြောင်ကလိုက်ခုတ်နေသော ကြွက်တစ်ကောင်လို ထွက်ပေါက်ရှာနေဟန်တူသည်။

 "တွေ့ရတာ ဝမ်းသာပါတယ်…ကျွန်မ နာမည်က ဆာစီးနီယာ ပါ"

ဆာစီးနီယာ သည် ထိုအမျိုးသမီး၏ ရှေ့သို့ ရောက်ရှိလာပြီး ပြုံးပြုံးရွှင်ရွှင်နှင့် မိတ်ဆက်လိုက်သည်။

 "သူက မြို့စားမင်း အလက်စ်ဒီမီကန် ရှောဗာ့စ် ပါ" 

ထို့နောက် ဘန်ကိုလည်း သက်တောင့်သက်သာပင် မိတ်ဆက်ပေးနေပြန်သည်။

“…” 

အမျိုးသမီးသည် တိတ်ဆိတ်နေပြီး ဆာစီးနီယာ ၏အမူအရာကို ကြည့်လိုက်သည်။သူမ ပုံစံမှာ ရှက်လည်း၊ရှက်နေပုံရပြီး နှုတ်ခမ်းကို တင်းတင်း စေ့ထားလေသည်။

 "ဟုတ်ကဲ့…ကျွန်မနာမည်က ဖလီယာဒယ်မွန်း ပါ"

ထိုအသံကြောင့် ဘန့် လက်ကို ဆုပ်ကိုင်ထားသည့် ဆာစီးနီယာ၏ လက်မှာလည်းအလိုလို ဖျစ်ညှစ်မိသွားတော့သည်။

" ဒယ်မွန်းဆိုရင်...မစ္စက လောင်းကစာဘုရင် မွန်တင်းဒယ်မွန်း ရဲ့ တစ်ဦးတည်းသော သမီး မဟုတ်လား"

ထို့နောက် ဆာစီးနီယာသည် ဘာမှမဖြစ်ဟန်ဆောင်ကာ ဖလီယာ၏ မျက်နှာထားကို ကြည့်ချင်၍ ဆက်မေးပြန်သည်။

“ဟုတ်ပါတယ်… ”

ဖလီယာ ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ယမ်းသွားသည်။ 

ဆာစီးနီယာ သည် သိမ်းငှက်မျက်လုံးလို လျင်လှတာကြောင့် ဖလီယာ ၏ မျက်နှာအမူအရာ ပြောင်းလဲတာကို သိနေ၏။

“ထင်ထားတဲ့အတိုင်းပါပဲလား…ကျွန်မ က လောင်းကစာဘုရင်မွန်တင်း နဲ့ သိကျွမ်းခဲ့ဖူးတယ်လေ"

 "ဟင်...ဘယ်လို ဆက်ဆံရေးပါလိမ့်"

ရယ်စရာကောင်းလှသော စကားကြောင့် ဒေါသကို မထိန်းနိုင်တော့ဘဲ ဖလီယာ ၏ အသံက တိုးတိုးညှင်းညှင်းဖြင့် ကြောက်စရာကောင်းသွားသည်။  

ပြုံးနေသော ဆာစီးနီယာ လည်း ရုတ်တရက် မျက်နှာထား တင်းမာသွားသည်။

"ဆက်ဆံရေးကတော့ မကောင်းပါဘူး"

ရေခဲထက် ပိုအေးသည့် ဆာစီးနီယာ ၏ အသံမှာ တိုးလည်းမတိုးလွန်း၊ကျယ်လည်းမကျယ်လွန်းပေ။ 

ဖလီယာ သည် ပတ်ဝန်းကျင်မှ အကြည့်ဒဏ်များကို မခံစားနိုင်တာကြောင့် ရှောင်လွှဲရန် အကြောင်းပြချက်တစ်ခု ပြင်ဆင်ထားသော်လည်း...

 " လောင်းကစားဘုရင် အတွက်တော့ ကံဆိုးတာပေါ့"

* * *

ဘန် ၏စကားကြောင့် ဖလီယာ ဝတ်ထားသောမျက်နှာဖုံးသည် ကွဲအက်လာသည်။ 

“…” 

ဖလီယာက ဆာစီးနီယာ ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ 

'နင် ဘာတွေပြောနေတာလဲ' 

ထိုစုန်းမသည် သူမ၏ ဖခင်ကို နစ်နာစေခဲ့ပြီး နေ့ချင်းညချင်းပင် သူမတို့ မိသားစုတစ်ခုလုံး ပြိုကွဲသွားအောင် လုပ်ခဲ့သူဖြစ်သည်။ သူမ၏ အမေဖြစ်သူကလည်း ဤအတိုင်း မနေနိုင်ဘူးဟု ပြောကာ သူမကို စွန်ပစ်ခဲ့၏။ထို့အပြင် ဖလီယာ သည် သူမ၏ အနာဂတ်သတို့သား‌လောင်းထံမှလည်း စေ့စပ်ကြောင်းလမ်းခြင်းအားဖျက်သိမ်းခံခဲ့ရသည်။မကြာခင်မှာပင် သူမထက် ပိုသာသည့် သူမ၏ သူငယ်ချင်းနှင့် လက်ထပ်မည့် သတင်းကို ကြားလိုက်ရ၏။ 

သူမတို့ မိသားစု ပြိုပျက်သွားသည့်အခါ ဘယ်သူမှ သူမ ဘေးမှာမရှိကြတော့။ အရာအားလုံးဟာ ပူဖောင်းတစ်ခုလို ပျောက်ကွယ်သွားခဲ့သည်။ သူမမှာ ဘာမှမရှိတာကြောင့် ပတ်ဝန်းကျင်ကလည်း အရေးမပါသည့် ပိုးကောင်တစ်ကောင်လို ဆက်ဆံကြတော့သည်။ အရှက်ကွဲခြင်း၊ အရှက်ရခြင်း၊ စက်ဆုပ်ခြင်းနှင့် မုန်းတီးခြင်း စသည့်ခံစားချက်များ သူမရင်ထဲ ချက်ချင်းရောက်လာတော့သည်။

 'နင်က ဘယ်လောက်တောင် သတ္တိရှိလို့လဲ'

'ဒီကမ္ဘာမှာ မရှိသင့်တဲ့ နင့်လိုစုန်းမက ငါ့ဘဝကို ဘယ်လို သတ္တိမျိုးနဲ့ ဖျက်ဆီးရဲတာလဲ'

သူမအား ဤကဲ့သို့ ချောက်ကမ်းပါးကို တွန်းပို့သော စုန်းမကို ရှာပြီး သတ်ပစ်ရပေမည်။ထိုနေ့ကစပြီး ဖလီယာ ရင်ထဲမှာ ရည်ရွယ်ချက်တစ်ခုသာ ရှိတော့သည်။ သူမကို ယခုလိုလုပ်ခဲ့သည့် စုန်းမကို လက်စားချေပြီး သတ်ပစ်ဖို့ပင်။သူမ၏ဘဝသည် ဇောက်ထိုးလှန်သွားပြီး ရေမြောင်းထဲ ထိုးကျခဲ့ရသော်လည်း ထိုစုန်းမမှာ ယခုထိ ကောင်းကောင်းနေထိုင်နေသဖြင့် သူမ သည်းမခံနိုင်တော့။သို့သော်လည်း သူမကို လွယ်လွယ်နှင့် သတ်လိုက်လျှင် ပျော်စရာမကောင်းတော့ပေ။ သုံးနှစ်ကြာ စုဆောင်းထားခဲ့သော ဝမ်းနည်းမှုကြောင့် ဖြစ်ပေါ်လာသော မုန်းတီးမှုနှင့် လက်စားချေမှုသည် ဤမျှ ရိုးရှင်းနေလို့မဖြစ်ပေ။ထို့ကြောင့် သူမသည် စုန်းမနှင့် ထိုက်တန်သော အဆုံးသတ်ကို ပေးမည်ဖြစ်သည်။ စုန်းမ၏ အဆုံးသတ်မှာ တစ်ခုတည်းသာ ဖြစ်သည်။ လူတိုင်းက စုန်းမကို မုန်းတီးစက်ဆုပ်သွားမည်ဟူသော အဆုံးသတ်ပင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် စုန်းများသည် ဤကမ္ဘာတွင် မရှိသင့်သော သတ္တဝါများဖြစ်သည်။ လူတိုင်းသည် ပိုးကောင်တစ်ကောင်ကို ကြည့်သော မထီမဲ့မြင်အကြည့်ဖြင့် စုန်းမ၏ ခန္ဓာကိုယ် တစ်ခုလုံး လောင်ကျွမ်းပြာကျသွားသည်အထိ ကြည့်နေကြရမည်။သူမ တစ်ဘဝလုံး ပူလောင်သော ဝေဒနာကို ခံစားရကာ အော်ဟစ်နေရမည်။ဤသည်မှာ တရားမျှတသော စုန်းမ၏ အဆုံးသတ်ပင် ဖြစ်ချေတော့သည်။

'ဒီစုန်းမက ဘေးမှာ မြို့စားမင်းကို ထားပြီး ငါ့ရှေ့မှာ ဂုဏ်ယူပြုံး ပြုံးမနေသင့်ဘူး'

 'ဒီစုန်းမက သူတို့ရဲ့ ကယ်တင်ရှင်လို့ လူတိုင် ပြောကြတယ်...ဒါလည်းမဖြစ်သင့်ဘူး'

ထိုသောက်အဓိပ္ပါယ်မရှိလှသော စကား၊အယူအဆတို့အား သူမ တည်ရှိခွင့်မပြုနိုင်ပေ။