Chapter 122
ညနေစောင်းသောအခါ လိုင်မာဖီးရပ်စ် ပြန်ရောက်လာသည်။ ဆာစီးနီယာ သည် မှူးမတ်များအားလုံး စုရုံးကြမည့်နေ့တွင် ပွဲသို့တက်ရောက်မည် ဖြစ်သော မှူးမတ်များစာရင်းကို သိနိုင်ဖို့ လိုင်မာဖီးရပ်စ် အား ဧည့်သည်စာရင်း စာအုပ် လုပ်ထားရန် တောင်းဆိုခဲ့သည်။
လိုင်မာဖီးရပ်စ် ကလည်း လုပ်ပေးပါမည်ဟု ကတိပေးထားသည်။ ဗားန် သည် လိုင်မာဖီးရပ်စ် ၏ နန်းတော်ထဲသို့ လိုက်သွားသည်။ ခွဲရတာ စိတ်မကောင်းဖြစ်မိသည့်အတွက် သူမတို့ တစ်ယောက်ကိုတစ်ယောက် အကြိမ်ကြိမ် ပွေ့ဖက်နှုတ်ဆက်လိုက်ကြသေးသည်။
"ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်...မမလေး"
"အချိန်မရွေး တွေ့လို့ရပါတယ်ကွယ်”
ဆာစီးနီယာ သည် မျက်ရည်ကို ထိန်းထားကာ ဗားန် ကို နှစ်သိမ့်ပေးလိုက်သည်။
****
"ဘန် …ဘာတွေစိတ်ပူနေတာလဲ"
ပြတင်းပေါက်နားမှာ တစ်ယောက်တည်း ထိုင်နေရင်း ပူပန်နေပုံရသည့် ဘန်ကို သူမ မေးလိုက်သည်။
ချက်ချင်းပင် ဘန် ၏ မျက်နှာအမူအရာသည် မည်းမှောင်သွားသည်။
“…”
အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးသော်လည်း ဘန်၏ နှုတ်ခမ်းများက မလှုပ်မရှားကြသေး။
ဆာစီးနီယာ သူ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
“သိပ်စိတ်မပူပါနဲ့… အားလုံးအဆင်ပြေသွားမှာပါ…”
ဘာကြောင့်မှန်း မသိသော်လည်း လေးနက်သော သူ့မျက်နှာကို ကြည့်ကာ နှစ်သိမ့်ပေးချင်မိသည်။ သို့သော်လည်း ဘန် က ငြိမ်သက်နေပြီး ခရမ်းရင့်ရောင်မျက်လုံးများလည်း အလွန်နက်ရှိုင်း စူးရှနေသည်။
"လက်ဖက်ရည် ယူလာပေးပါတယ်ရှင့်"
သူတို့နှစ်ယောက်ကြားက တိတ်ဆိတ်မှုကို ဖြိုခွင်းခဲ့သူမှာ အိမ်အကူတစ်ယောက်ပင်။ တံခါးခေါက်သံနှင့်အတူ အိမ်အကူ၏အသံကို ကြားလိုက်ရသည်။
“လာ…အထဲဝင်”
ခွင့်ပြုချက်ရသောအခါ တံခါးပွင့်လာပြီး အဆာပြေစားစရာ စားပွဲငယ်နှင့် အတူ အိမ်အကူတစ်ယောက် ဝင်လာသည်။
"ပူတယ် ...သတိထားပါ... အား"
လက်ဖက်ရည်အိုးကို ဂရုတစိုက်ချနေသော အိမ်အကူသည် လက်
ချော်သွားသောကြောင့် ဖန်ခွက်မှာ လွတ်ကျသွားခဲ့သည်။ထိုအခါ လက်ဖက်ရည်ခွက်လည်း စားပွဲပေါ် ပြုတ်ကျလာပြီး လက်ဖက်ရည်ပူပူများ ဆာစီးနီယာကို ဖိတ်စင်သွားတော့သည်။
"ကျွန်မ တောင်းပန်ပါတယ်..ကျွန်မ တစ်ကယ်တောင်းပန်ပါတယ်"
"အား…သေချင်လား"
"ဘန်"
ဘန် သည် အစေခံ၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်ထားလိုက်သည်။
"ဘယ်သူလဲ.... ဒီလိုလုပ်ဖို့ ဘယ်သူက အမိန့်ပေးထားတာလဲ”
ဘန်က အစေခံ၏ အရိုးများကို အချိန်မရွေး ဝါးစားတော့မလိုမျိုး အော်ဟစ်နေသည်။
“ကျွန်မကို အမိန့်ပေးတဲ့သူ မရှိပါဘူး…တစ်ကယ် မတော်တဆ ဖြစ်သွားတာပါ…”
"ဘန်.... သူမ လက်ကိုလွှတ်လိုက်"
ထိတ်လန့်နေသော အိမ်အကူသည် မျက်ရည်များ စီးကျလာတော့သည်။
ဆာစီးနီယာ သည် အိမ်အကူ၏ လက်ကောက်ဝတ်ကို ကိုင်ထားလိုက်ပြီး ဘန် အား လွှတ်ပေးရန် ပြောနေတော့သည်။
“မှန်ပါတယ်....မြို့စားမင်း… တစ်ကယ် မတော်တဆ ဖြစ်သွားတာပါ… တောင်းပန်ပါတယ်…ဟူး…ကျွန်မ တစ်ကယ် တောင်းပန်ပါတယ်"
"ဘန် ဘာဖြစ်နေတာလဲ… သူမ လက်ကို လွှတ်လိုက်ပါ"
ဒေါသ မထိန်းနိုင် ဖြစ်နေသော သူ၏ ရောင်ဝါသည် ဆာစီးနီယာ စကားကြောင့် ချက်ချင်း ပျော့ပြောင်းသွားသည်။
ထိုအခါ ဆာစီးနီယာ သည် အိမ်ဖော်၏ လက်ကောက်ဝတ်မှ သူ့လက်ချောင်းတစ်ချောင်းစီကို ဖယ်ရှားလိုက်သည်။
အိမ်အကူမှာမူ မျက်ရည်များအဆက်မပြတ်စီးကျကာ ဦးညွှတ် နေတော့သည်။
"တောင်းပန်ပါတယ်…ဟင့်…တောင်းပန်ပါတယ်…"
"ရပါတယ်… ဒီနေရာကို ငါရှင်းလိုက်မယ်… အပြင်ထွက်ပေးပါ"
ဆာစီးနီယာ က အိမ်အကူကို အမြန်ထွက်သွားခိုင်းလိုက်သည်။ အိမ်အကူလည်း အခန်းထဲက အမြန်ထွက်သွားရာ သူတို့နှစ်ယောက်သာ ကျန်နေခဲ့သည်။ သူတို့နှစ်ယောက်ကြားတွင် စားပွဲပေါ်တွင် လက်ဖက်ရည်များ ရွှဲနစ်နေသော စားပွဲရှိပြီး သူမ ၀တ်စုံလည်း စိုရွှဲနေတော့သည်။
"ဘန်"
"နောက်ဆုံးတော့ ကိုယ့်အပြစ်ပဲ...မင်းကို လန့်အောင် လုပ်မိတာ ကိုယ့်အမှားပဲ"
သူ့မျက်နှာမှာ နာကျင်မှုများ စွန်းထင်းနေပြီး မျက်လုံးများကလည်း အနည်းငယ် တုန်ယင်နေ၏။
“အဲ့ဒါ ရှင့်အပြစ်မဟုတ်ပါဘူး”
" ရီနာ ရော…မြို့စားကိုင်လို့စ် အထိ… ကိုယ်က မင်းကို ဒုက္ခတွေ ပေးခဲ့တဲ့သူပါ ...ကိုယ့်ကြောင့်သာမဟုတ်ရင် မင်းအန္တရာယ်ရှိမှာ မဟုတ်ဘူး"
နေဝင်ချိန်ရောက်ပြီဖြစ်၍ အလင်းရောင်လည်း မှိန်းလာကာ သူ့မျက်နှာမှာလည်း မှုန်ကုပ်နေတာကြောင့်သူမလည်း ရင်ထဲမကောင်းတော့။
'မြို့စားကြီး ကိုင်လို့စ် အကြောင်းက ဘာလို့ ပြောလာတာလဲ'
"ရှင် ဘာတွေ ပြောနေတာလဲ… ရှင် ဘာမှားလို့လဲ… မြို့စား ကိုင်လို့စ်က မှားတာပဲဟာ"
"တကယ်လို့ ကိုယ်သာ ရီနာ ကို မငှားခဲ့ဘူးဆိုရင်... ပြီးတော့ အရာရှိ ဒက်စ်တာ ကိုသာ ရာထူးက မဖယ်ရှားခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး"
သူ၏ ဖြစ်တည်မှုသည် ဆာစီးနီယာ ကိုအန္တရာယ်ဖြစ်စေသည်ဟု ထင်သည့်အတွက် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင် ဖြစ်နေသည်။သူမကို ကာကွယ်မည်ဟု ကတိပြုထားသော်လည်း သတ်သလို ဖြစ်သွားရသည်။ ထိုအချက်က သူ့တစ်ကိုယ်လုံးကို သံကြိုးများလို ချည်နှောင်ထားသည်။ ကျောက်ခဲတစ်လုံးက ရင်ဘတ်ပေါ်ဖိထားသလို ခံစားရပြီး သူမအား မထီမဲ့မြင်ပြု၍ ကဲ့ရဲ့ရှုတ်ချသောစကားများသာ သူ့ နားထဲတွင် အဖန်ဖန် ကြားယောင်နေမိ၏။ သူ့ကြောင့်သာမဟုတ်လျှင် ဆာစီးနီယာ ကောင်းကောင်း နေရမည် ဖြစ်သည်။ အရာအားလုံးအတွက် သူ့ကိုယ်သူ အပြစ်တင်ပြီး ဒေါသထွက်နေမိသည်။
“…”
ဘန် ၏ မျက်ဝန်းများသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေသော မြက်ပင်များလို လွင့်မျောနေတာကြောင့် ဆာစီးနီယာလည်း ဘာမှ မပြောတတ်တော့ချေ။
ထိုအခါ ကြေမွကွဲထွက်နေသော သူ့ဒဏ်ရာသည် ပေါ်လွင်လာသည်။ ဆေးခါးတစ်ခွက်ကို မော့သောက်လိုက်ရသလို မှုန်ကုပ်မည်းမှောင်နေသည်။သူမအား ကဲ့ရဲ့ရှုတ်ချသော စကားများသည် တိုင်းတာ၍မရနိုင်လောက်အောင် သူ့အတွက် ကြီးမားပုံရသည်။
"မင်းနဲ့အတူနေချင်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကိုယ့်ဆန္ဒကို ခွင့်လွှတ်ပါ…”
သူ့ခံစားချက်ကို ဝန်ခံရင်းနှင့် ဆာစီးနီယာ ၏ အကြည့်ကို ရှောင်လိုက်သည်။ သူ့အပြစ်ကြောင့် သူမ မျက်လုံးတွေကို သေချာမကြည့်နိုင်ပေ။လည်ချောင်းမှာလည်း ခါးသီးနေကာ ရင်ဘတ်ပါအောင့်လာရတော့သည်။
"မကြိုက်ဘူး....တခြားသူတွေက မင်းကို ခြိမ်းခြောက်နေတာတွေကို ကိုယ် တစ်ကယ် မကြိုက်ဘူး"
ယခုချိန်မှာတော့ တစ်ယောက်တည်း အထီးကျန်နေရသည့် ခံစားချက်ကို သူမ အပြည့်အဝနားလည်လာပါပြီ။မီးတောက်များကို ကောင်းစွာ မစုပ်ယူနိုင်စဥ်က သူမ ခံစားရသည့် အပြစ်ရှိစိတ်လိုပင် ဘန် လည်း ခံစားနေရပေမည်။ ဘန် သည် ဘာမှမတတ်နိုင်သော သူ့ကိုယ်သူ မုန်းနေသည်။အတန်အသင့် ကာကွယ်နိုင်ခဲ့သော်ငြားလည်း သူမကို အပြည့်အဝ မကာကွယ်နိုင်တာကြောင့် သူ့ကိုယ်သူ အပြစ်တင်နေမိခြင်း ဖြစ်သည်။
သို့သော်လည်း ယခုတစ်ခေါက်မှာမူ ရီနာ နှင့် မြို့စားကြီး ကိုင်လို့စ်တို့ပါ ပါနေသဖြင့် သူ့အပြစ်ဟုပင် ဆိုရပေမည်။ မှားယွင်းသော သူ့လုပ်ရပ်များကြောင့် ယခုလို ဖြစ်ပျက်လာရသည်ဟု သူ ထင်မိသည်။
"တောင်းပန်ပါတယ်....ကျွန်မ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ ထင်ခဲ့တာ…ကျွန်မသာ သတိမလစ်သွားရင် ပြဿနာဖြစ်မှာမဟုတ်ဘူး..ကျွန်မကြောင့် ရှင် နာကျင်သွားရပြီ"
ဆာစီးနီယာ မှာ သူ့ခံစားချက်ကို နားလည်တာကြောင့် ရင်ထဲတစ်ဆို့ပြီး စကားကောင်းကောင်း မပြောနိုင်တော့။ သူမအတွက် ယခုလိုအန္တရာယ်မျိုးကြုံလာသည့်အခါ ဘာမှမလုပ်နိုင်ပေးတာကြောင့် ဘန် သူ့ကိုယ်သူ မုန်းတီးနေမယ်ဆိုတာ သူမလည်း သိနေသည်။
ထို့အပြင် သူမကို နာကျင်စေသူများမှာ ဘန်နှင့် မကင်းရာမကင်းကြောင်း ဖြစ်နေ၍ သူ စိတ်ထိခိုက်လည်း ၊ထိခိုက်ချင်စရာပင်။
ကိုယ့်ချစ်သူအား အနာတရဖြစ်စေသည်အထိ ဖြစ်သွားစေသော အပြစ်ရှိစိတ်သည် လူတစ်ယောက်၏ နှလုံးသားကို လှီးထုတ်လိုက်တာထက် ပိုနာကျင်ပေလိမ့်မည်။
"မဟုတ်ပါဘူး…မင်းမှာ ဘာအပြစ်ရှိလို့လဲ"
ဘန် က ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။
“ရှင်ပြောတောင် ပြောသေးတယ်.. အန္တရာယ်များတယ်လို့…ဒါပေမယ့် ကျွန်မ ဘာသာ ကျွန်မ သွားခဲ့တာပဲ"
“မဟုတ်ဘူး...ကိုယ်လည်း လိုသွားတာပါ…ကိုယ်သာ သူတို့နဲ့မပတ်သက်ခဲ့ရင်"
“ကျွန်မ နားလည်ပါတယ်…ကျွန်မလည်း မပတ်သတ်ခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး"
လောင်းကစားဘုရင်ကို နာကျင်စေသည်မှာလည်း သူမ ဖြစ်သည်။သို့ရာတွင် ဘန်က သူမ ဘေးမှာ အမြဲရှိပေးခဲ့သည်။
“ဘန်… အပြစ်ရှိတာက သူတို့ပဲလေ… သူတို့ရဲ့ အမှားတွေကိုတောင် သူတို့ မစဉ်းစားဘဲနဲ့ ရှင်က ဘာလို့ အပြစ်ရှိသလို ခံစားနေတာလဲ"
သူများတွေမြင်ရင်တော့ ဟားတိုက်ရယ်ကြပေလိမ့်မည်။ ကိုယ့်အမှားက ပိုကြီးကြောင်း တစ်ယောက်ကိုတစ်ယောက် လွှဲချနေကြတော့သည်။ဘယ်လိုပင်ဖြစ်ဖြစ်၊သူတို့နှစ်ယောက်သည် တစ်ယောက်ယောက်မှာ ဒဏ်ရာတွေရလာမှာကို စိုးရိမ်ကြသူများပင်။
"ဆာစီးနီယာ"
"ကျွန်မ အရင်ပြောမယ်…ရှင် သိပ်ကို စိတ်ထိခိုက်နေပြီ…ဒါကြောင့် ကျွန်မကပဲ တောင်းပန်ပါတယ်…”
ထို့နောက် ဆာစီးနီယာ က ဘန် ကို တိုးတိုးလေး ပြောလိုက်ပြန်သည်။
“နောက်ဆို တစ်ခုခုလုပ်တော့မယ်ဆိုရင် အရင်စဉ်းစားမယ်…ရှင် စိုးရိမ်စေမယ့် ကိစ္မမျိုးဆို မလုပ်တော့ဘူး… ဒါကြောင့် ဘန်...ရှင် ကိုယ့်ကိုကိုယ် အပြစ်တင်မနေနဲ့…"
သူမ ခံစားချက်တွေကို မထိန်းနိုင်ဘဲ သူ့အား ပွေ့ဖက်လိုက်သည်။ဘန်ဟာ သိပ်ကို ချစ်စရာကောင်းသည့် လူဖြစ်သည်။
"ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့"
ဘန် ၏ လက်များသည် သူမအတွက်တော့ ကျယ်ပြန့်သော ပင်လယ်ပြင်ကြီးနှင့်တူသည်။ ဤလက်တွေထဲမှာ သူမကိုယ်ကလေး ရှိနေလျှင် ဒုက္ခအားလုံးကို မေ့ထားနိုင်သည်။သို့သော် ဤကျယ်ပြန့်သော ရင်ခွင်တစ်ခုလုံး ခိုကိုးရာမဲ့ဖြစ်သွားချိန်မှာ သူမနှင့် ပတ်သတ်သော ကိစ္စများပင် ဖြစ်သည်။
"ရှင့်ကို တစ်ယောက်တည်းထားခဲ့မိလို့ တောင်းပန်ပါတယ်…"
မူရင်းဝတ္ထုနှင့် မတူသည့်လမ်းကို လျှောက်ဖို့ တခြားသူများ၏ အတွေးကိုတောင် ထည့်မစဉ်းစားမိခဲ့ချေ။ သူမအကြောင်းသာ တစ်ကိုယ်ကောင်းဆန်ပြီး တွေးနေမိသည်။
ဆာစီးနီယာ ၏ နှုတ်ခမ်းဖျားသည် နောင်တစိတ်ဖြင့်တုန်နေရသည်။
“ဆာစီးနီယာ…”
ဆာစီးနီယာ သည် သနားစရာကောင်းသော ကောင်ကလေးကို ကြည့်ရင်း လက်ချင်းတွဲထားလိုက်သည်။စောစောက သနားစရာကောင်းနေသော လူငယ်ကလေးသည် ယခုတော့ သူမ၏ နှစ်သိမ့်စကားတို့ကြောင့် အတန်အသင့် တည်ငြိမ်သွားပေပြီ။
"ကိုယ် အဆင်ပြေပါတယ်...မင်းကိုယ့်အနားမှာ ရှိနေသရွေ့ အရာအားလုံးအဆင်ပြေသွားမှာပါ"
သူက ပြောရင်းဆိုရင်း သူမ ပုခုံးပေါ် နဖူးတင်ထားလိုက်သည်။ ထိုအချိန်မှပင် ဘန် သဘောပေါက်သွားသည်။ အခု သူ လုပ်ရမှာက သူမကို တောင်းပန်စကား မပြောဘဲ ယခုလိုအဖြစ်မျိုး ကြုံလာရလျှင် စိတ်ဓာတ်ခိုင်မာနေဖို့ပင် ဖြစ်သည်။
"မင်းကို ဘယ်သူမှ မထိရဘူး"
ဤကိစ္စတွင် ပါဝင်ပတ်သက်သူများကို သူ ဘယ်တော့မှ ခွင့်လွှတ်မည်မဟုတ်ကြောင်း သတိပေးလိုက်သည်။
"ကိုယ် ဖြစ်အောင်လုပ်မယ်"
နောက်ထပ် သူ ဘယ်တော့မှ စိတ်ပျက်အားငယ်မနေတော့ဟု ကတိပြုလိုက်မိသည်။ တခြားဘာမှ မစိုးရိမ်ဘဲ ဆာစီးနီယာ ကိုသာ ပျော်အောင် ထားရပေမည်။
မကြာခင်မှာပင် နှစ်ယောက်သား အသက်ရှူသံတွေ ပြင်းထန်လာကြသည်။နှစ်ယောက်စလုံး၏ မျက်ရည်တွေက နှုတ်ခမ်းကြားထဲ စိမ့်ဝင်သွားပြီး ပူနွေးငန်ကျိသည့် အရသာက သူတို့ပါးစပ်ထဲ ပြည့်လျှံသွား၏။
နေမ၀င်သေးသော ညနေခင်းတွင် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ထားကြသည်။ သူတို့ ရင်ထဲတွင် နှလုဲးခုန်သံများက တစ်ခါတစ်ရံ ပြင်းပြင်းထန်ထန်၊တစ်ခါတစ်ရံ ညင်ညင်သာသာလေး အတူတူ လိုက်ပါစီးမျောသွားကြတော့သည်။