Chapter.121
ဆာစီးနီယာ နှင့် ဘန် တို့သည် ဧကရာဇ် နန်းတော်မှထွက်လာပြီး အိမ်ပြန်လာကာ ဧည့်ခန်းတွင်စောင့်နေသော လိုင်မာဖီးရပ်စ် နှင့်အတူ ဝိုင်းထိုင်လိုက်ကြသည်။
"ဒါအမှန်ပဲလား"
ဘန် က မီးလောင်သည့်ကိစ္စနှင့် ပတ်သက်သည့် အဖြစ်အပျက်တွေအားလုံးကို ပြောပြလိုက်၏။
“ဟုတ်ပါတယ်...ရီနာ စံအိမ်ထဲကို ရောက်လာကတည်းက စီစဉ်ခဲ့တာ ထင်တယ်"
ရီနာသည် ရထားလုံး မတော်တဆမှုမှစ၍ ဆာစီးနီယာ နှင့် ပုံစံတူ ဆံပင်တုကို ၀တ်ဆင်၍ ကြိုးပမ်းမှုအထိ အားလုံး၏ တရားခံဖြစ်တော့သည်။
ရီနာ သည် မြို့စားမင်းပိုင်နက်သို့ရောက်လာပြီးကတည်းက ဆာစီးနီယာ အား စောင့်ကြည့်ရန် တစ်ယောက်ယောက်က အမိန့်ပေးထားခြင်း ဖြစ်သည်။
“ကိုယ်…”
ဘန် သည် စိတ်ရှုပ်လာသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဘေးနားက ဆာစီးနီယာ ကို စောင့်ကြည့်ဖို့ လူတစ်ယောက်လောက် လိုအပ်သည်ဟု ထင်မိတာကြောင့် ရီနာကို သူ ခေါ်လာခဲ့မိခြင်းဖြစ်သည်။ထို့ကြောင့် ရီနာကို ခေါ်လာသူမှာ သူကိုယ်တိုင်ကလွဲ၍ တခြားသူ မဟုတ်တော့ပေ။
"ဘန်...ရှင်ဘာတွေ တွေးနေလဲဆိုတာ ကျွန်မ သိတယ်…ဒါပေမယ့် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့…ရှင့်အမှား မဟုတ်ပါဘူး… ရီနာ ရဲ့အမှားပါ”
ဆာစီးနီယာ က ဘန်၏ မျက်နှာထားကို အကဲခတ်ပြီး ပြောလိုက်သည်။ထိုစကားကို ပြောဖို့ တွန့်ဆုတ်နေမိ သော်လည်း နှုတ်ဆိတ်နေလို့လည်း မဖြစ်တာကြောင့် ပြောကိုပြောရပေမည်။
"ရှင် ရီနာ မဟုတ်ဘဲ တခြားတစ်ယောက်ကို ခေါ်လာရင်တောင် သူတို့က လာဘ်ထိုးပြီး သူ့တို့လူဖြစ်အောင် လုပ်မှာပဲ"
ဆာစီးနီယာ ပြောတာ မှန်သော်လည်း ဘန်သည် သူ့အပြစ်ကို ခွင့်မလွှတ်နိုင် ဖြစ်နေသေးသည်။ သူမကို ဒုက္ခဖြစ်စေသော အကြောင်းရင်းကို ဖန်တီးခဲ့သူမှာ သူကိုယ်တိုင် ဖြစ်နေသည်။ သူ့မျက်လုံးများက နာကျင်စွာ မှုန်ကုပ်သွားသည်။
“အခု ကျွန်မတို့အတွက် အရေးကြီးတာက ဒီလိုဖြစ်အောင် လုပ်တဲ့သူကို ဖမ်းဖို့ပဲ…ကျွန်မကို ကူညီမှာ မဟုတ်လား"
"အင်း"
သူ့ရင်ဘတ်ထဲကို ထိုးဖောက်ဝင်ရောက်လာသည့် နောင်တစိတ်နှင်အတူ ပြန်ပြောလိုက်သည်။ ဆာစီးနီယာ ပြောသည့်အတိုင်း၊ ဤနောက်ကွယ်မှ လူကို ဦးစွာဖမ်းရန် အရေးကြီးသည်။ ဆာစီးနီယာ ကို အန္တရာယ်ဖြစ်စေသူများကအား သူ ဘယ်သောအခါမှ ခွင့်မလွှတ်နိုင်ပေ။
" စိတ်ထဲက ထင်နေတဲ့သူများ ရှိလား"
အခြေအနေကို တိတ်တဆိတ် နားထောင်နေသော လိုင်မာဖီးရပ်စ် က စကားစလိုက်သည်။
"ကျွန်မမှာ မီးကို ကိုင်တွယ်နိုင်တဲ့ အစွမ်းရှိတယ် ဆိုတာ တစ်ယောက်ယောက် သိထားပုံရတယ်"
ဆာစီးနီယာ သည် ရီနာ ရေရွတ်လိုက်သော"နင်က တစ်ကယ့်စုန်းမကြီးပဲ"ဆိုသည့် စကားကို အမှတ်ရပြီး ဝင်ပြောလိုက်သည်။
“နင်က တကယ့် စုန်းမကြီး…”
ဆိုလိုသည်မှာ ရီနာ သည် တစ်စုံတစ်ယောက်ယောက်ထံမှ တစ်ခုခု ကြားထားပုံရသည်။
မီးရှို့မှုအတွက် သူမကို အားလုံးက အပြစ်တင်ဖို့ ကြိုးစားနေကြသည်။
မရေမတွက်နိုင်သော ရာဇ၀တ်မှုတွေထဲမှာ ဘာလို့ သူမကိုပဲ မီးရှို့တဲ့အတွက် အပြစ်တင်ရတာလဲ…
အကြောင်းပြချက်က ရိုးရှင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ဆာစီးနီယာ သည် မီးကို ကိုင်တွယ်နိုင်သော အစွမ်းရှိတာကြောင့် သူမအား စုန်းမဟု အပုတ်ချချင်တာဖြစ်သည်။
"အားလုံးလည်း မြင်တဲ့အတိုင်းပဲ… ကျွန်မက မီးကို ထိန်းချုပ်နိုင်တယ်လေ"
သူမ၏ ကိုယ်ပိုင်စွမ်းအားကို ဝန်ခံလိုက်သောအခါ လိုင်မာဖီးရပ်စ် ခေါင်းညိတ်လိုက်သည်။ထိုအဖြစ်အပျက်ကို သူ့မျက်လုံးနှင့် တပ်အပ်မြင်လိုက်ရသဖြင့် မယုံနိုင်စရာ စွမ်းအားတစ်ခုမှန်း သိနေ၏။ မီးအကြီးအကျယ် လောင်ပြီးနောက် သူမသည် မီးတောက်အားလုံးကို စုပ်ယူလိုက်သော်လည်း အကောင်းအတိုင်းပင်။ မှားယွင်းစွာ အသုံးပြုလိုက်လျှင် သို့မဟုတ် မမှန်မကန် အသုံးမချလျှင် သေချာပေါက် ဒုက္ခပေးနိုင်သည့် အစွမ်းဖြစ်သည်။
"ဒီစွမ်းအားကြောင့် ကျွန်မ အမြဲတမ်း မကောင်းတာ တစ်ခုခု ဖြစ်ခဲ့ရတယ်….ဒါကြောင့် တတ်နိုင်သမျှ မသုံးဖို့ ကြိုးစားခဲ့တယ်"
ထိုမှသာလျှင် ရက်ဖယ်ချီ ရွာ၌ ဆာစီးနီယာ သည် စုန်းမဟု စွပ်စွဲခံရပြီး မီးရှို့ခံရလုနီးပါး ဖြစ်ခဲ့ရသည့် အကြောင်းရင်းကို လိုင်မာဖီးရပ်စ် နားလည်လာခဲ့သည်။ ထိုစဉ်က ရွာ၏ ရိက္ခာဂိုဒေါင်ကို မီးရှို့ခဲ့သူမှာ ရွာလူကြီး၏ သားဖြစ်ပြီး ဆာစီးနီယာ မှာ လိမ်လည်စွပ်စွဲခံခဲ့ရသည်။ ထို့ ကြောင့် ရွာလူကြီး၏ သားမှာ သူမ၏ စွမ်းအားကို သိသွားသဖြင့် အကောက်ကြံခြင်း ဖြစ်ပေမည်။
“ဒါကြောင့် တရားခံက မင်းမှာ ဒီစွမ်းအားရှိမှန်း သိတဲ့သူလို့ မင်းထင်ခဲ့တာကိုး”
လိုင်မာဖီးရပ်စ် က သူမ၏ ယူဆချက်သည် အဓိပ္ပါယ်ရှိသည်ဟု ထင်မြင်သွားသည်။
"ဟုတ်ပါတယ်....အထူးသဖြင့် ကျွန်မ စွမ်းအားကို သိတဲ့လူ နည်းနည်းပဲ ရှိပါသေးတယ်…”
ဆာစီးနီယာ သည် သူမ၏ စကားအဆုံးတွင် ရုတ်တရက် လေသံတိုးသွားရသည်။ စောစောက မီးတောက်တွေကို နှိမ်နင်းခဲ့သော လူအုပ်ထဲမှာ သူ ရှိနေခဲ့သည်။ ရင်းနှီးသလိုဖြစ်နေသော လူတစ်ယောက်၏ မျက်နှာသည် ရုတ်တရက် သူမ စိတ်ထဲ ပေါ်လာသည်။ ထို့နောက် သူမသည် လွန်ခဲ့သော သုံးနှစ်က မြင်ဖူးသည့် မျက်နှာနှင့် တစ်ထေရာတည်း တူနေတာကို သတိပြုမိသွားသည်။
"တစ်ခုခု ဖြစ်နေလို့လား"
ဘန် သည် လေးနက်သောမျက်နှာထားဖြင့် တွေငေးငေးကြီး လုပ်နေသော ဆာစီးနီယာကို ကြည့်ကာ မေးလိုက်သည်။ ဆာစီးနီယာ ကလည်း ဘန် ကိုကြည့်လိုက်၏။
"လောင်းကစားအိမ်က ငွေကြေးလဲလှယ်ရေးဌာနက ဝန်ထမ်းတွေ"
အကျွမ်းတဝင်ရှိခဲ့ဖူးသူတို့အား ပြန်အမှတ်ရသွားသဖြင့် ဘန် မျက်နှာထား တင်းမာသွားသည်။
"စောစောက အခင်းဖြစ်တဲ့ နေရာမှာ တွေ့ခဲ့တယ်"
လွန်ခဲ့သော ၃ နှစ်က လောင်းကစားအိမ်ရှိ ဝန်ထမ်းများနှင့် တူသလိုလိုရှိသည်ဟု ဆာစီးနီယာ ထင်နေမိသည်။ သူမအား ပိုက်ဆံတစ်အိတ်နှင့် ဘန် ၏ကျွန် စာရွက်စာတမ်းများ ပေးခဲ့သူ လူးဝစ်ပင်။ထို့အပြင် လူးဝစ်သည် အိမ်မီးလောင်သည့်နေ့ကလည်း အတူတူ ရှိခဲ့သူဖြစ်သည်။
"မင်းပြောတာ လောင်းကစားဘုရင် မွန်တင်း ရဲ့ အလုပ်သမားလား"
"ဟုတ်တယ်… လူးဝစ်လို့ ခေါ်တဲ့လူ"
'သူမ' ကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့တဲ့ လောင်းကစားဘုရင်ရဲ့ ဝန်ထမ်း လူးဝစ်က ဘာလို့ အဲ့ဒီ နေရာမှာ ရှိနေတာလဲ…
'သူ့ပုံစံကလည်း တစ်ခူခုကို မျက်နှာမှာ စိုးရိမ်နေသလိုပဲ.. တိုက်ဆိုင်မှုပဲလား'
"မင်းတို့ လောင်းကစားဘုရင် မွန်တင်း အကြောင်း ပြောနေတာလား"
လိုင်မာဖီးရပ်စ် က ဝင်ပြောလိုက်သည်။
လောင်းကစားဘုရင်အား သူလည်း သိနေပုံရသဖြင့် သူမတို့နှစ်ယောက်သား လိုင်မာဖီးရပ်စ် အား ပြိုင်တူ လှည့်ကြည့်မိသွားသည်။
“တစ်နေ့မှာ သူ ရုတ်တရက် နေမကောင်း ဖြစ်သွားပြီး အိပ်ရာက မထနိုင်တော့ဘူး…"
လောင်းကစားဘုရင် ကို နေမကောင်းဖြစ်အောင် လုပ်ခဲ့သူမှာ ဆာစီးနီယာ ကိုယ်တိုင်ပင် ဖြစ်သည်။
'ဒါဆို သူက ဒီနောက်ကွယ်မှာ ရှိတဲ့သူ မဟုတ်ပါလား'
သူ အိပ်ရာက မထနိုင်ရင်...ဘယ်လိုလုပ် ဒါကို အစီအစဉ်ဆွဲနိုင်ပါ့မလဲ...
ဆာစီးနီယာ သည် သံသယစိတ်များ ကင်းသွားသလို ဖြစ်သွားသည်။
"ဒါကြောင့် သူ့သမီး ဖလီယာ ဒယ်မွန်းကပဲ လောင်းကစားအိမ်မှာ တာဝန်ယူနေတာလို့ သိရပေမယ့် သိပ်မကြာခင်မှာပဲ သူတို့ ဒေဝါလီခံသွားတယ်လေ"
"သမီး…"
"အင်း"
ဆာစီးနီယာ နှင့် ဘန် တို့သည် ယခုမှ လေင်းကစားဘုရင်၏ သမီးအကြောင်းကို သိလိုက်ရသည့်အတွက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဤရာဇ၀တ်မှုအားလုံးကို ကြံစည်သူသည် အိပ်ရာထဲလဲနေသော လောင်းကစားဘုရင် မဖြစ်နိုင်သော်လည်း သူ့မှာ သမီးတစ်ယောက်ရှိတာမှန်လျှင် တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်သည်။
လူးဝစ် တစ်ကယ်ဟုတ်၊မဟုတ် မသေချာသော်လည်း ဆာစီးနီယာမှာ အခင်းဖြစ်ပွားရာနေရာ၌ မြင်ခဲ့ရသည့် မျက်နှာကို မမေ့နိုင်ခဲ့ပေ။
မီးကိစ္စနှင့်ပတ်သတ်၍ သူမသည် လိမ်လည်စွပ်စွဲခံ ရလုနီးပါး ဖြစ်ခဲ့ပြီဟု တွေး၍ စိတ်မကောင်းလည်း ဖြစ်မိသည်။ထို့ကြောင့် တရားခံကို ဖမ်းရမည် ဖြစ်သည်။
ဒေါက် ဒေါက်....
ထိုစဉ် တံခါးခေါက်သံကြားရသည်။
"မမလေး ...လူတစ်ယောက်နဲ့ တွေ့သင့်တယ် ထင်ပါတယ်"
"ဘာဖြစ်လို့လဲ"
“စံအိမ်ရဲ့ တံခါးဝမှာ သံသယဖြစ်စရာ လူတစ်ယောက်ကို ဖမ်းမိထားပါတယ်… သူက မမလေး ဆာစီးနီယာ ကို လူကိုယ်တိုင် ပြောပြစရာရှိတယ်လို့ ပြောနေပါတယ်"
အားချန် စကားကြောင့် သုံးယောက်လုံး အံ့ဩသွားသည်။
ခဏအကြာ...
ဆာစီးနီယာ သည် လိုင်မာဖီးရပ်စ် ကို နားလည်ပေးပါရန် တောင်းဆိုပြီး သူမအား တွေ့ရန် ရောက်လာသူကို စံအိမ်ကြီးထဲ ခေါ်လိုက်သည်။
" ဘာပြောစရာရှိလို့လဲ"
ဆာစီးနီယာ က သူမရှေ့မှာ ဒူးထောက်ထိုင်နေသည့် အမျိုးသားကို ပြောဆိုလိုက်သည်။
ဧည့်ခန်းထဲတွင် စုရုံးနေသော လူငါးဦး ကြားတွင် ထူးဆန်းသော တင်းမာမှုတစ်ခု ဖြစ်ပေါ်လာရသည်။ဤသည်မှာလည်း ကြောက်လန့်ပြီး ကတုန်ကယင် ဖြစ်နေသူ လူစိမ်းကြောင့် ဖြစ်နိုင်၏။
အားချန်ကလည်း သိလိုဇောတွေ ပြင်းပြနေသည်။စံအိမ်ကြီးထဲကို ဝင်လာကတည်းက ထိုလူသည် တမူ ထူးခြားနေမှန်း သူ သိသည်။လူစိမ်းမှာ သူ့လက်ထဲမှာ ရတနာတွေ ဝှက်ထားသလိုမျိုး သူ့ခန္ဓာကိုယ်ကို အသာငုံ့လာပြီး လမ်းလျှောက်လာရင်း စိတ်တွေပူနေပုံလည်း ရသည်။တစ်ယောက်ယောက်က သူ့ကို လိုက်ဖမ်းနေသလိုပင်။
"မင်းလိမ်ရင် မင်းခေါင်းကို ငါဖြတ်မယ်"
ဘန် ၏ သတိပေးစကားကြာင့် ထိုလူသည် လည်ချောင်း လှုပ်သွားလောက်အောင် တံတွေးတစ်ချက်မြိုချလိုက်သည်။
"ကျွန်တော့်ကို တစ်ခုပဲ ကတိပေးနိုင်မလား..."
"ဘာလဲ"
အဓိကအချက်ကို မပြောဘဲ ကတိတစ်ခုပေးရန် တောင်းဆိုနေတာကြောင့် ဆာစီးနီယာ မျက်မှောင်ကြုတ်မိသည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ကတိပေးပါ...ကျွန်တော် မသေချင်ဘူး...ဒီလို ကြောက်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ ကျွန်တော် တစ်ကယ် မသေချင်ဘူး"
" မင်း ဘယ်လိုလုပ် လေသံမြှင့်ပြီး ပြောရဲတာလဲ"
အားချန် က သူကိုင်ထားသည့် ဓားကို ရွယ်လိုက်သောအခါ ထိုလူ ထိတ်ပျာသွားတော့သည်။
"တောင်းပန်ပါတယ်...ကျွန်တော် တစ်ကယ် တောင်းပန်ပါတယ်... ဒါပေမယ့် မမလေး ဆာစီးနီယာ က ကျွန်တော် အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲလို့ ပြောလိုက်ပါတယ်…”
" အဲ့ဒါဘယ်သူက ပြောတာလဲ"
ထိုလူက တင်းမာလှသော သူမ လေသံကြောင့် ထိတ်လန့်ပြီး စကားထစ်သွားသည်။
"မနေ့က ကျွန်တော့်ကို ကူညီခဲ့တဲ့လူ... လူးဝစ်... ဟုတ်တယ်...တခြားလူတစ်ယောက်က သူ့ကို လူးဝစ်လို့ ခေါ်လိုက်ပါတယ်"
"လူးဝစ်"
ဤလူသည် လောင်းကစားဘုရင် ထံတွင် အလုပ်လုပ်သော လူးဝစ် စကားကိုနားထောင်ပြီး သူမဆီ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
"ရှင့်နာမည် ဘယ်လိုခေါ်လဲ"
“အာကတ်ပါ"
"ရှင်ပြောချင်တာ ပြောပြီးရင် ကျွန်မတို့ လည်း လိုက်လျောသင့်မသင့် ဆုံးဖြတ်မယ်"
ထိုလူက တုန်ယင်နေသော မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သူ ဤနေရာကနေ အသက်ရှင်လျက် ထွက်လာနိုင်သည်ဆိုလျှင်တောင် အပြင်ရောက်လျှင် မြို့စားကြီး ကိုင်လို့စ် က သတ်မည်ဖြစ်သည်။သို့သော်လည်း တစ်စက္ကန့်ပဲ နေရနေရ၊ပိုကြာကြာ အသက်ရှင်နေရရန် သူမဆီ ရောက်လာခဲ့ရသည်။
"ကျွန်တော် မြို့စားကြီး ကိုင်လို့စ် ဆီမှည အလုပ်လုပ်ဖူးပါတယ်"
“…”
ဘန် မျက်နှာထား တင်းမာသွား၏။
အာကတ် ၏ နှုတ်မှထွက်လာသော ကိုင်လို့စ် ဟူသောအမည်ကြောင့် သူ့ခေါင်းကို တူနှင့် အရိုက်ခံရသလိုဖြစ်သွားသည်။
'သူ ဒီကိစ္စနဲ့ ပတ်သတ်နေတာလား'
ဘန် သည် ဟိုတစ်လောက ပြောခဲ့သည့် လိုင်မာဖီးရပ်စ် စကားကို သတိရမိသည်။
"သူမက မင်းရဲ့အားနည်းချက်ဖြစ်လာလိမ့်မယ်ဆိုတာ မင်းဘာလို့ မသိတာလဲ…မင်းကို မနာလိုသူတိုင်းက သူမကို ပစ်မှတ်ထားဖို့ ပိုကြိုးစားကြလိမ့်မယ်"
ဆာစီးနီယာ ၏ ကောင်းကျိုးအတွက် အရာရှိဒက်စ်တာကို ဖယ်ရှားခဲ့၍ မြို့စားကြီး ကိုင်လို့စ်နှင့် ကပွဲတွင် စကားများရန်ဖြစ်ရာ ဆာစီးနီာယာကို ပစ်မှတ်ထားလာတော့သည်။ဘန် က မျက်လုံးကို တင်းတင်းမှိတ်လိုက်သည်။
ရီနာ ကနေ မြို့စားကြီး ကိုင်လို့စ် အထိ။
သူသည် ဆာစီးနီယာ ကို ညှဉ်းပန်းနှိပ်စက်သည့် အကြောင်းအရင်း အားလုံးကို သူကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်နေ၍ အပြစ်ရှိသလို ခံစားနေရတော့သည်။
"မြို့စားကြီး ကိုင်လို့စ်"
ဆာစီးနီယာ ၏ ငြိမ်သက်နေသော မျက်ခုံးများ လှုပ်ယမ်းသွားသည်။ မီးရှို့သည့်ကိစ္စနှင့် ပတ်သက်သည်ဟု သံသယရှိသူ အားလုံးကို အာကတ် ကိုယ်တိုင် ပြောနေပြီဖြစ်၏။
"ကျွန်တော်က မြို့စားကြီး ကိုင်လို့စ် နဲ့ မစ္စ ဖလီယာဒယ်မွန်းကို ချိတ်ဆက်ပေးရတဲ့ ကြားခံလူတစ်ယောက်ပါ"
ဖလီယာ ဒယ်မွန်း ဟူသောအမည်သည် အာကတ် ၏ နှုတ်မှထွက်လာသည်နှင့်တစ်ပြိုင်နက် ပြန့်ကျဲနေသော ပဟေဠိအပိုင်းအစ များအားလုံး ပြည့်စုံသွားတော့သည်။
“သူတို့နှစ်ယောက်က အင်ပါယာမီးလောင်မှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေမလား ”
ဆာစီးနီယာ ထိုလူကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဟင်... ဘယ်လိုလုပ်ပြီး သိတာပါလဲ..."
"သက်သေကော..ရှင့်မှာ သက်သေရှိလား"
အာကတ် သည် အလွန်အံ့အားသင့်သွားသော်လည်း ဆာစီးနီယာမှာ တုန်လှုပ်သွားခြင်းမရှိပေ။
အာကတ်သည် တော်တော်အိန္ဒြေဆည်ပြီးမှ နောက်ဆုံးတွင် သူ့လက်ထဲမှာ ဝှက်ထားသော စာနှစ်စောင်ကို ထုတ်ယူလိုက်သည်။
"ဒါက သက်သေပါ"
အားချန် သည် အာကတ် ထံမှစာကို ယူကာ ဆာစီးနီယာအား ပေးလိုက်သည်။
ဆာစီးနီယာ ထိုစာများကို ဖတ်ကြည့်သည်။ စာနှစ်စောင်သည် လက်ရေးမတူကြပေ။စာတစ်စောင်၏ လက်ရေးမှာ သပ်ရပ်လှပနေပြီး ကျန်တစ်စောင်မှာ လက်ရေးမလှပေ။
"တစ်စောင်က မစ္စ ဖလီယာ ဆီက စာပါ…တစ်စောင်က မြို့စားကြီး ဆီကပါ"
စာထဲမှာ ရေးထားသမျှသည် ဤကိစ္စနှင့် ကိုက်ညီပေသည်။ မြို့စားကြီး ကိုင်လို့စ် နှင့် မစ္စ ဖလီယာ တို့သည် မီးရှို့မှုတွင် တရားခံများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း အထောက်အထားများဖြစ်သည်။
"ကိုယ့်ကို ပြပါဦး"
လိုင်မာဖီးရပ်စ် က ဝင်ပြောလိုက်ရာ ဆာစီးနီယာ လည်း စာများကို ပေးအပ်လိုက်သည်။ စာတွေဖတ်နေရင်း လိုင်မာဖီးရပ်စ် မှာ မျက်နှာထား တင်းမာသွားသည်။
"စာတွေနဲ့မဟုတ်ဘဲ သူတို့ကို လူကိုယ်တိုင် မြင်ဖူးလား..."
"အာ... တောင်းပန်ပါတယ်...ကျွန်တေည်က စာပို့ပေးတာမလို့ လူကိုယ်တိုင်တောပ မတွေ့ဖူးပါဘူး"
"ရှင် မြို့စားကြီး ကိုင်လို့စ် အတွက် အလုပ်လုပ်နေတယ်ဆိုတဲ့ အထောက်အထား ဘာရှိလဲ"
"ရှိပါတယ်"
ထိုလူက ချက်ချင်း သူ့ဘောင်းဘီအိတ်ထဲက တစ်ခုခုကို ယူလိုက်သည်။
"ဒါဘာလဲ"
ဆာစီးနီယာ သည် ထိုလူ၏ လက်ထဲမှ ဒင်္ဂါးပြားကို ဆွဲယူလိုက်သည်။ ငွေဒင်္ဂါးပြားမှာ သူမ တစ်ခါမှ မမြင်ဖူးသော ပုံစံဖြင့် ထွင်းထုထားပြီး သိပ်လည်း ထူးခြားပုံမပေါ်ပေ။
"အဲ့ဒီမှာ မြို့စားကြီး ကိုင်လို့စ် ရဲ့ တံဆိပ်ကို ထွင်းထားတယ်"
ဆာစီးနီယာ ၏လက်ထဲမှဒင်္ဂါးကိုကြည့်ရာမှ သတိထားမိသွားသော လိုင်မာဖီးရပ်စ် ကပြောလိုက်သည်။
“ဟုတ်ပါတယ်.... သူတို့ မိသားစုရဲ့ ကျွန်တွေကို ကျွန်ဖြစ်ကြောင်း တံဆိပ်တစ်ခု လုပ်ပေးထားပါတယ်ဗျာ"
"အားချန်…သူ့ကို မြေအောက်ခန်းထဲမှာ သော့ခတ်ထားလိုက်ပါ"
ဆာစီးနီယာ သည် ချက်ချင်းပင် အားချန် လက်ထဲမှ ဓားကိုယူကာ ထိုလူအား ချိန်ရွယ်ရင်း ပြောလိုက်သည်။
"ဗျာ...ကျွန်တော့်ကိုကယ်ပါ...မမလေး ဆာစီးနီယာ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါ"
အာကတ် သည် အားချန် လက်ထဲမှ နေ၍ ဆာစီးနီယာ ကိုတောင်းပန် နေတော့သည်။ ဆာစီးနီယာ က သူ့ကိုမသတ်ခိုင်းဘဲ၊သောပိတ်ထားဖို့သာ ပြောလိုက်သော်လည်း အာကတ်မှာမူ သွေးရူးသွေးတန်း ဖြစ်လို့နေသည်။
ခဏကြာသော် အော်ဟစ်နေသော ထိုလူ၏အသံမှာ တိတ်သွားကာ ဧည့်ခန်းထဲတွင် လူသုံးယောက်သာ ကျန်တော့သည်။
"သေချာပါတယ်"
လိုင်မာဖီးရပ်စ်က ထိုလူပေးထားသည့် တံဆိပ်ကို အနီးကပ်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
အာကတ် သည် လူးဝစ် စကားကို နားထောင်ပြီး အထောက်အထားများဖြင့် သူမထံ လာခဲ့ခြင်းကြောင့် ဆာစီးနီယာ အလွန် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူမသည် အရာအားလုံးကို နောက်တစ်ကြိမ် သံသယဖြစ်လာရသည်။
'ရာဇ၀တ်ကောင်တွေကို ဖမ်းဖို့နည်းလမ်း'
ထိုအချိန်တွင် ဆာစီးနီယာ ၏ စိတ်ထဲတွင် တစ်ခုခု ပေါ်လာသည်။
သုံးရက်အကြာတွင် ဧကရာဇ်ဘုရင်မင်းမြတ်၏ အမိန့်အရ မှူးမတ်များအားလုံး ဧကရာဇ်နန်းတော်၌ စုဝေးကြရမည် ဖြစ်သည်။ ထိုနေရာသည် ဟင်းလင်းပြင်တစ်ခု ဖြစ်ပြီး လူတွေလည်း များလှတာကြောင့် ဘယ်သူမှ ထွက်ပြေးလို့မရနိုင်ပေ။
"ငါ သူတို့ကို ချက်ချင်း ဖမ်းရမယ်"
လိုင်မာဖီးရပ်စ် သည် ရာဇ၀တ်ကောင်များကို ချက်ချင်းဖမ်းရန် ထရပ်လိုက်သည်။
"အရှင့်သား"
ဆာစီးနီယာ သည် လိုင်မာဖီးရပ်စ် ကိုတားမြစ်လိုက်၏။
လိုင်မာဖီးရပ်စ် သာ ယခု သွားဖမ်းပါက၊ သဲထဲရေသွန်လိုက်သလို အချည်းအနှီးဖြစ်ရချေတော့မည်။ထို့ကြောင့် တိတ်တဆိတ် လှုပ်ရှားရမည်ဖြစ်သည်။
“ပြော”
"မနေ့တုန်းက ပြောခဲ့တာကို မှတ်မိပါသလား ....အရှင့်သားက ကျွန်မကို လိုချင်တာပြောလို့ ပြောခဲ့တယ် မဟုတ်လား"
"မှတ်မိတယ်"
“ကျွန်မ အခု တောင်းဆိုချင်ပါတယ်… ကျေးဇူးပြုပြီး ကျွန်မကိုကူညီပါ... ဒါမှ ဒီရာဇ၀တ်မှု ကြံစည်တဲ့ ရာဇ၀တ်ကောင်တွေကို ကောင်းကောင်းဖမ်းနိုင်ပါမယ်”
"ကိုယ် ကတိပေးပါတယ်"
“ဒါဆို အရှင့်သား ဘာမှ မလုပ်ပါနဲ့ဦး…အချိန်မကျသေးပါဘူး"
လိုင်မာဖီးရပ်စ် ၏မျက်လုံးများကို ကြည့်ရင်း သူမက ဂုဏ်ယူစွာပြောလိုက်သည်။
"မင်းမှာ အစီအစဉ်ရှိလား"
လိုင်မာဖီးရပ်စ် လည်း သူမစကားကို စိတ်ဝင်စားသွားကာ ကျေနပ်သွားရ၏။
“သုံးရက်ကြာရင် မှူးမတ်တွေ အားလုံး ဧကရာဇ်နန်းတော်မှာစုဝေးကြမှာပါ…အဲ့ဒီနေ့ကျမှ လှုပ်ရှားကြရအောင်ပါ"