Chapter 120
“ဟ-ဟမျး”
အမျိုးသားတစ်ဦးသည် စံအိမ်တော်မှ အလျင်စလို ထွက်ပြေးနေခဲ့သည်။
“သူ့ကိုဖမ်း”
ခြေလှမ်းများ၏အသံများမှာ ကြောက်ရွံဖွယ်ကောင်းနေကာ အနောက်မှ အော်သံများကိုလည်းကြားနေရသည်။ ပြေးနိုင်သလောက် အသားကုန်ပြေးလို့နေသည်။ ဖမ်းမိသွားခဲ့လျှင် သူသည်လည်း တခြားသူများကဲ့သို့ ခေါင်းဖြတ်၍အသတ်ခံရမည်ဖြစ်သည်။ အသက်ရှင်ရန် လုပ်ခဲ့သော်လည်း သေဆုံးခြင်းနှင့်သာ အဆုံးသတ်သွားသည်။
‘မတရားဘူးကွာ’
‘လုံးဝကို မတရားဘူး’
ယောက်ျားကြီးမှာ သူ၏သေဆုံးသွားသော လုပ်ဖော်ကိုင်ဖက်များ အေးချမ်းစွာအနားယူနိုင်ရန် စာနှစ်စောင်ကို ခိုးယူ၍ပြေးသွားသည်။ ထိုစာများကို သူ၏လက်ထဲသို့ ရလျှင်ရချင်း မီးရှို့ရန်မှာခဲ့သည်။ သို့သော် သူ၏လက်ထဲတွင် လျှို့ဝှက်စွာသိမ်းထားသည်မှာလည်း ကောင်းသောအရာဖြစ်သည်။
“မလွတ်စေနဲ့”
ထိုကဲ့သို့လိုက်ဖမ်းနေမှုသည် ထိုသူကို အသက်ရှူရ ကြပ်အောင်လုပ်နေသည်။ ပတ်ဝန်းကျင်အား ထင်ရာစိုင်းမည့်အကြည့်မျိုးဖြင့် ကြည့်လို့နေသည်။ တစ်နေရာရာတွင် ပုန်လိုက်ချင်နေသည်။ သို့သော် ကျယ်ပြန့်နေသောကွင်းပြင်ကျယ်တွင် ပုန်းကွယ်စရာဟူ၍ မတွေ့ပေ။
ထိုအချိန်တွင်။
စံအိမ်တော်တစ်ခုမှ တံခါးတစ်ခုမှာ ပွင့်၍လာပြီး လက်တစ်စုံမှာ ယောက်ျားကြီးကို အထဲဆွဲခေါ်သွားသည်။ ယောက်ျားကြီးသည် အသံပြုရန်ကြိုးစားသော်လည်း လက်တစ်စုံမှာသူ၏ပါးစပ်ကို ပိတ်ထားသောကြောင့် မပြောနိုင်ပေ။
“နေမထွက်ခင် သူ့ကိုမြန်မြန်ရှာရမယ် တွေ့တာနဲ့ချက်ချင်း သတ်ပစ်လိုက်”
ကောက်ကျစ်သောအသံများသည် တံခါးအပြင်ဘက်မှ ထွက်လာနေသည်။ ထိုကဲ့သို့ အမိန့်ပေးအပြီးတွင် ကြောက်ရွံ့စရာကောင်းသော ခြေသံများအား နေရာအနှံ့တွင် ကြားနေရသည်။ အသံများ ပျောက်ကွယ်လုနီးတွင် ကာထားသောလက်က ဖယ်သွားသည်။
“ဒီမှာပုန်းနေ”
“ဘယ်သူ…လဲ”
ယောက်ျားကြီးသည် သူ့အားကြင်နာစွာဖြင့် ကယ်ဆယ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောသူသည် မြို့စားမင်းစေခိုင်းလိုက်သည့်သူ ဟုတ်သည် မဟုတ်သည် သံသယဝင်နေသည်။
“အခြေအနေတွေ တည်ငြိမ်သွားမှသာ အပြင်ထွက်ပါ...ဒီမှာ ရက်နည်းနည်းလောက်နေချင်လည်း ရတယ်”
အန္တရာယ်ထဲကျရောက်နေသော ယောက်ျားကြီးကို တစ်ခဏတွင်းချင်းပင် ကယ်တင်ခဲ့သည့် ထိုသူက အများကြီးမတုံ့ပြန်ပေ။
“လူးဝစ်”
မျက်နှာကြတ်ပေါ်မှ ကျယ်လောင်သော ပဲ့တင်သံတစ်ခုထွက်လာသည်။ စိတ်ဆိုးဒေါသထွက်နေသော အမျိုးသမီးတစ်ဦး၏အသံပင်။
“ဒီမှာနေချင်တယ်ဆိုရင် ဆာစီးနီယာဆိုတဲ့ မိန်းကလေးကို ရှာပေးပါ
အဲဒါကသာ အသက်ရှင်နိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းပဲ” လူးဝစ်သည် ထိုကဲ့သို့ပြောပြီးနောက် လှေကားပေါ်သို့တက်သွားသည်။
“ဟမ် ဘာကိုပြောတာလဲ…”
ရုတ်တရက်စကားများကြောင့် အံ့ဩလို့နေသည်။ ထိုလျှို့ဝှက်ဆန်းကျယ်သောသူ၏ အေးစက်နေသောအသံမှာ ယခုအခြေအနေကို လွယ်လွယ်သဘောပေါက်သွားစေသည်။ ယောက်ျားကြီးသည် မြို့စားမင်းငှားရမ်းထားသော တစ်စုံတစ်ယောက်၏ဖမ်းခြင်းကို ခံရမည်စိုး၍ အလျင်အမြန်ထွက်ပြေးရန် အဆင့်သင့်လုပ်လို့နေသည်။
“သူ့ကိုရှာချင်တယ်ဆိုရင် မြို့စားမင်းပိုက်နက်ကိုသွားပါ”
လူးဝစ်သည် မခန့်မှန်းနိုင်သောမျက်နှာအသွင်အပြင်ဖြင့် စကားကိုဆက်ပြောလိုက်၍ လှေကားပေါ်သို့တက်ကာ မျက်နှာကြတ်ကိုဖွင့်လိုက်သည်။ မျက်နှာကြတ်ပွင့်သွားသည့်အခါတွင် အခြားနေရာတစ်ခုရှိနေသည်။
“ဘ-ဘယ်သူ့ကိုပြောနေတာလဲ…”
လူးဝစ်သည် မည်သည်မျှပြန်မဖြေချေ။ မျက်နှာကြတ်အတွင်းသို့ လျင်မြန်သောလှုပ်ရှားမှုများဖြင့်သာ တက်သွားသည်။
မျက်နှာကြတ်ပွင့်သွားသောအသံနှင့် ပြန်ပိတ်လိုက်သော အသံများကို ကြားနေရသည်။ ယောက်ျားကြီးသည် တစ်ကိုယ်တည်း အောက်ထပ်တွင် ကျန်ရစ်ခဲ့သည်။ ဖိအားများထဲမှာ မလွတ်မြောက်နိုင်ဖြစ်နေသည့်အတွက်ကြောင့် သူ၏ခြေထောက်များမှာ အားအင်ကုန်ခမ်းနေသည်။
“ဘ-ဘာ ဘာကြီးလဲ…”
ထိုမယုံကြည်ရသော အမည်မသိနေရာမှ ထွက်သွားရမည်။ သို့သော် အပြင်ဘက်မှာ ထိုထက်ပင် အန္တရာယ်ပိုများနေသည်။ မြို့စားမင်း၏လူများသည် သူ့အားနေရာအနှံ့တွင် ရှာဖွေနေသောကြောင့်ပင်။
သူ၏ခေါင်းကို တတ်နိုင်သလောက်ငုံ့ကာ ဝပ်နေသည်။ သူ၏စိတ်ထံတွင် သူ၏အပေါင်းအပါများ အသတ်ခံရသည့်မြင်ကွင်းများကို မြင်ယောင်နေသည်။
“ဆာစီးနီယာ…”
ယောက်ျားကြီးသည် လူးဝစ်ပြောခဲ့သော အမည်ကို တတွတ်တွတ်ရွတ်နေသည်။
“ငါဒီလိုမျိုးတော့ မသေနိုင်ဘူး အသက်ရှင်နည်းလမ်းရှာရမယ်”
သူ၏လက်ထဲတွင် ဖွက်ထားသော စာကိုလုံးချေကာ ဆာစီးနီယာ၏အမည်ကို ကံကောင်းစေသည့်မန္တန်သဖွယ် ရေရွတ်နေမိသည်။
* * *
“ဟင်း…”
ဆာစီးနီယာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ လမ်းပြ၏နောက်မှလိုက်သွားသည်။ သူ၏အလုပ်ကိစ္စများပြီးလျှင် အိမ်ကိုအရင်ပြန်သွားချင်သော်လည်း ဧကရာဇ်မှရုတ်တရက်အခေါ်တော်ပါးလိုက်သောကြောင့် နန်းတော်ထဲသို့ အတင်းအကြပ်ဝင်ရန် ဖြစ်လာရသည်။
ဧကရာဇ်အားတွေ့ရန် လျှောက်လှမ်းနေရသည့် ခြေလှမ်းတစ်လှမ်းချင်းစီတွင် ပိုပို၍စိတ်လှုပ်ရှားလာသည်။ မည်သည်ကြောင့်ထိုသို့ ခေါ်ခိုင်းလိုက်ရသည်ကို မသိရသည်မှာ ပို၍ကြောက်လန့်စရာကောင်းနေသည်။ ထိုကဲ့သို့ကြုံတွေ့ရသည်မှာ ပထမဆုံးဖြစ်၍ မည်သည်ကိုမျှပင် ကြိုတင်မခန့်နိုင်ပေ။
‘ဒီစွမ်းအားတွေအကြောင်း ဧကရာဇ်ဘယ်လိုများတွေးနေမလဲ’
‘တခြားသူတွေငါ့ကို စုန်းမလိုဆက်ဆံသလိုမျိုး ဆက်ဆံမှာလား’
‘ဟူး…’
သက်ပြင်းတစ်ချက် ပြင်းစွာရှိုက်လိုက်သည်။ ထိုအခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် နောက်ပြန်ဆုတ်၍လည်းမရတော့ပေ။ ထို့ကြောင့် ရင်ဆိုင်ရန်သာ ဆုံးဖြတ်၍စိတ်ကို အသင့်ပြင်ထားလိုက်သည်။
“ကိုယ်မင်းဘက်မှာ ရှိနေမှာပါ”
ဘန်သည် တုန်ရီနေသော ဆာစီးနီယာ၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ ဆာစီးနီယာအား တစ်ယောက်တည်း ရင်မဆိုင်ခိုင်းနိုင်ပေ။ ဧကရာဇ်မည်သည့်အတွက်ကြောင့် ခေါ်သည်ကို ဘန်လည်းအသေအချာမသိသောကြောင့် စိတ်ပူ၍ လိုက်ခဲ့ခြင်းဖြစ်သည်။ တစ်ခုခုဖြစ်လာလျှင် အကောင်းဆုံး ကာကွယ်မှုပေးမည်ဟု ဆုံးဖြတ်ထားသည်။ အရင်ကလို အကူအညီမဲ့နေသော ငတုံးတစ်ကောင်ကဲ့သို့ မဖြစ်ချင်တော့ချေ။
"အင်း”
ဆာစီးနီယာသည် သူ၏ဘေးတွင် အမြဲခွန်အားဖြည့်ပေးနေသောဘန်အား နူးညံ့စွာပြုံး၍ကြည့်လိုက်သည်။ လက်ကလေးကိုင်ထားရုံဖြင့် တစ်ဦးနှင့်တစ်ဦး ခွန်အားပေးနေနိုင်သည်။ မည်သည့်အခက်အခဲမျိုးကြုံတွေ့နေစေကာမူ အမြဲတမ်းအတူတူဆိုလျှင် ဖြေရှင်းနိုင်မည့် ယုံကြည်ချက်မျိုး ရှိနေသည်။
“အရှင်မင်းကြီး မြို့စားမင်း အလက်စ်ဒီမီကန်ရှောဗာစ့်နှင့် မိန်းကလေးဆာစီးနီယာ အခစားဝင်လာပါတယ်”
“ဝင်လာခိုင်းလိုက်”
အမိန့်ပေးသံအပြီးတွင် ဆာစီးနီယာ၏ဘဝတွင် တစ်ခါမျှမမြင်ခဲ့ဖူးသည့် ကြီးမားသော တံခါးမကြီးသည် ပွင့်သွားသည်။ သူမ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဘန်၏လက်ကိုလွှတ်လိုက်သည်။ ဘန်လက်မကိုင်ထားတော့လည်း အဆင်ပြေပြီဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။
သူတို့နှစ်ဦးသည် ရွှေရောင်တံခါးကြီးမှ ဖြည်းညှင်းစွာဖြင့် လမ်းလျှောက်ဝင်လာကြသည်။ အခန်းကျယ်ကြီးထဲတွင် အနီရောင်ကောဇောတစ်ခုခင်းထားသည်။ အနီရောင်ကောဇောအဆုံးတွင် ပုလွလင်ပေါ်တွင်ထိုင်နေသော ဧကရာဇ်အားတွေ့လိုက်ရသည်။
“အင်ပါယာရဲ့ အမြင့်မြတ်ဆုံး နေမင်းကြီးနဲ့တူတဲ့ ဧကရာဇ်ကို အခစားဝင်ပါတယ်”
“ဂါရဝပြုပါတယ် အရှင်မင်းကြီး”
ဧကရာဇ်သည် ဆာစီးနီယာအား မည်သည်မျှမပြောဘဲစိုက်ကြည့်နေလေသည်။ ဆာစီးနီယာဘေးတွင် ရပ်နေသောဘန်မှစ၍ စကားပြောဟန်ပြုလိုက်သည်။
“မြို့စားမင်းလည်း အခစားဝင်ပါတယ်”
ဧကရာဇ်သည် မပျော်ရွှင်ပုံပေါ်နေသည်။ သို့သော် သူတို့နှစ်ဦး၏ဆက်ဆံရေးကို မသိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ပြောမည်မဟုတ်မှာ သေချာသည်။
“အရှင်မင်းကြီး ကျွန်တော်အတင်းလိုက်မယ်လို့ ပြောခဲ့တာပါ” ဘန်သည် ထိုအမေးမေးမည်ကို ရိပ်စားမိသောကြောင့် အရင်ဖြေကြားလိုက်သည်။
ဧကရာဇ်သည် ဘန်၏အဖြေကြောင့် ကြက်သေသေသွားသည်။ ဧကရာဇ်၏ရှေ့မှောက်တွင်ပင် ဘန်သည် ဆာစီးနီယာအား ကာကွယ်ပေးနေသည်။
ဧကရာဇ်သည် စကားတစ်လုံးတစ်ပါဒမျှမဟဘဲ သူတို့နှစ်ယောက်၏ အချစ်စိတ်ပြင်းပြမှုများကို ကြည့်ရှုနေသည်။ ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် မည်မျှပြောဆိုနေစေ သူတို့အားခွဲ၍ရတော့မည်မဟုတ်ကြောင်း သိနေသည်။ ထို့ကြောင့် လိုရင်းကိုသာပြောလိုက်သည်။
“ဒီနေ့ မယ်မင်းကို ဘာလို့ အခေါ်တော်လွှတ်လိုက်ရလဲ သိပြီးရောပေါ့”
ဧကရာဇ်သည် ဆာစီးနီယာအား စိုက်ကြည့်လို့နေသည်။
“မှန်လှပါ အရှင်မင်းကြီး သိပါတယ်”
“ကြားနေရတဲ့ ကောလာဟာလတွေက အမှန်ပဲလား
တကယ်ပဲ မယ်မင်းရဲ့ထူးဆန်းတဲ့စွမ်းအားတွေနဲ့ မီးကိုငြှိမ်းသတ်ခဲ့တာလား”
“မှန်လှပါ”
“အို…”
ဧကရာဇ်သည် အံ့ဩသွားဟန်ဖြင့် ရုတ်တရက်အသံတစ်ခုပြုလိုက်ကာ ချက်ချင်းဆိုသလိုပင် စကားဆက်ပြောလိုက်သည်။
“ဒါဆို ငါကိုယ်တော်ကိုပြစေ”
ဧကရာဇ်၏အမိန့်ကို ကြားလိုက်ရပြီးနောက် ဆာစီးနီယာသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏လက်ချောင်းများကို ဆတ်ခနဲလှုပ်ရှားလိုက်သည်။
ဝုန်း။
သူ၏လက်ထဲတွင် မီးတောက်ငယ်တစ်ခု ပေါ်ထွက်လာသည်။ လက်ပေါ်တွင် ဝဲပျံနေသော မီးတောက်ငယ်ကလေးမှာ လွတ်လပ်စွာပျံသန်းနေသော ငှက်ကလေးတစ်ကောင်သဖွယ် လွင့်မျောနေသည်။
“…”
ဧကရာဇ်၏မျက်လုံးများပင် ပြူးသွားသည်။ သို့တစ်ခဏမျှသာ။ မည်သည်မျှမဖြစ်ခဲ့သလို ပုံမှန်အတိုင်း ခက်ထန်သောအမူအရာအဖြစ် ပြန်ပြောင်းသွားသည်။
ဆာစီးနီယာသည် သူ၏လက်ကိုသိမ်းလိုက်သည်။ မီးတောက်ငယ်မှာ ယခင်ကတည်းကပင် မရှိခဲ့သလို ပျောက်ကွယ်သွားသည်။
“ခွင့်ပြုပါအရှင်”
ဆာစီးနီယာသည် ထိုအရာတည်းနှင့်ပင် ရပ်တန့်မနေဘဲ သူ၏လက်ဖဝါးကို နံရံပေါ်တွင်ရှိနေသော ဖယောင်းတိုင်များဆီသို့ ဦးတည်၍ဆန့်ထုတ်လိုက်သည်။ မီးတောက်များသည် တဖျပ်ဖျပ်ဖြင့် ဝဲဂယက်သဖွယ်လှည့်ကာ ဖယောင်းတိုင်များရှိရာသို့ ဦးတည်သွားကြသည်။ ထို့နောက် ဆာစီးနီယာသည် အပူများကိုပြန်စုပ်ယူလိုက်သည့်အခါ မီးတောက်ငယ်များလည်း ပျောက်ကွယ်သွားသည်။
ခဏတာတိတ်ဆိတ်သွားပြီးနောက် ဆာစီးနီယာသည် ဖယောင်းတိုင်များဆီသို့ တဖန်မီးတောက်များ မှုတ်ထုတ်လိုက်သည်။ မီးတောက်များသည် ဖယောင်းတိုင်များရှိရာဘက်သို့ ပျံသန်းသွားကာ ဖယောင်းတိုင်အား မီးထွန်းညှိလိုက်သည်။ ထိုကဲ့သို့မီးညှိထားသော ဖယောင်းတိုင်များကို ကြည့်ကာ ဧကရာဇ်မှာ ပါးစပ်အဟောင်းသားပင် ဖြစ်နေသည်။
“မှော်ပညာသုံးတတ်တာလား”
ရှေးယခင်အခါတုန်းက လူများသည်အနက်ရောင်မှော်ပညာများကို စုန်း၊ ကဝေ၊ အောက်လမ်းအတတ်များသုံး၍ လေ့ကျင့်ခဲ့ကြသည်။ ဧကရာဇ်၏ပြင်းပြစွာသော စိုက်ကြည့်မှုကြီးသည် ဆာစီးနီယာခန္တာကိုယ်ထဲသို့ ဖောက်ထွင်းနေသကဲ့သို့ ဖြစ်နေသည်။
“မဟုတ်ပါဘူး အရှင်မင်းကြီး”
ဆာစီးနီယာသည် ခိုင်မာစွာဖြေကြားလိုက်သည်။ သို့သော်သူ၏ပါးစပ်မှာ သူစကားပြောလိုက်သည့်အချိန်တိုင်း ခါးသက်မှုကို ခံစားနေရသည်။ ထင်ထားသည့်အတိုင်းပင် ဧကရာဇ်၏အကြည့်များကို ရင်းနှီး၍နေသည်။ ဆာစီးနီယာ လူများ၏အများဆုံးအကြည့်ခံခဲ့ရသည့် အကြည့်မျိုးမှာလည်း ထိုအကြည့်မျိုးပင်။ ထို့ကြောင့် ကျင့်သားရနေသော်လည်း နာကျင်မှုကိုတော့ ခံစားနေရဆဲပင်။
“အဲဒါဆို အခုအဖြစ်အပျက်ကို ဘယ်လိုရှင်းပြမလဲ”
ဧကရာဇ်၏အသံမှာ ယခင်ကထက်ပင် ပို၍ခက်ထန်နေသည်။
“ကျွန်မရဲ့ စွမ်းအားပါ”
“စွမ်းအားဟုတ်လား”
ဧကရာဇ်သည် မချိပြုံးပြုံး၍ ဆက်ပြောလိုက်သည်။
“လူတွေက မယ်မင်းကို ဘုရားသခင်စေလွှတ်လိုက်တဲ့သူလို့ ခေါ်နေကြတယ် အဲဒါတကယ်ပဲ အမှန်လား”
ဧကရာဇ်မှာတောင်မရှိသော စွမ်းအားပိုင်ဆိုင်ထားသည့်သူ။ ထိုအရာကြောင့် ဧကရာဇ်ကိုပင် မည်သည်မျှမရှိသည့်ခရုခွံသဖွယ် ညှိုးငယ်အားလျော့စေသည်။
“အရှင်မင်းကြီး မဟုတ်ပါဘူး ကျွန်မက တခြားသူတွေလို သာမန်လူသားပါပဲ”
“ဒါပေမဲ့ မင်းက စွမ်းအားလို့ပြောနေတာလေ
ငါကိုယ်တော့်ဘဝတစ်လျှောက်လုံး အဲဒီလိုစွမ်းအားနဲ့လူမျိုး မတွေ့ဖူးသေးဘူး...အဲဒါတောင် သာမန်လူသားတဲ့လား”
ဧကရာဇ်သည် ဆာစီးနီယာ၏မပြတ်သားသောစကားများကို ခနဲ့တဲ့တဲ့ဖြင့် ပြန်ပြောလိုက်သည်။
“အရှင်မင်းကြီး…”
ဘန်သည် သူထင်ထားသည်ထက် ကလေးဆန်နေသော ဧကရာဇ်ကိုဟန့်တားရန် ကြိုးစားသော်လည်း သူ့၏ပခုံးကိုတားဆီးလိုက်သော လက်တစ်စုံကြောင့် ရပ်တန့်လိုက်ရသည်။ ဆာစီးနီယာသည် သူ့အားကြည့်နေသော ဘန်ကိုမစိုးရိမ်နှင့်ဟူသော အဓိပ္ပါယ်ဖြင့် ဖြည်းညင်းစွာခေါင်းညိမ့်ပြလိုက်သည်။
ထိုအခြေအနေရောက်မှ နောက်ဆုတ်တော့မည်မဟုတ်ပေ။ ဘန်၏အကူအညီပေးမှုကို ကျေးဇူးတင်သော်လည်း ယခုမှာသူကိုယ်တိုင် လျှောက်လှမ်းရတော့မည်ဖြစ်သည်။ သူ၏ပြဿနာကို သူကိုယ်တိုင်သာ ဖြေရှင်းရတော့မည်။ ထိုလုပ်ရပ်များသည် သူချစ်သည့်သူများနှင့် အတူတူနေနိုင်ရန် လုပ်ခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့် ယခုမှစပြီး ဆာစီးနီယာသည် ထွက်ပြေးရန် ကြိုးစားတော့မည်မဟုတ်ပေ။ သူရရှိထားသောဘဝအတွက် အရာရာတွင်ယုံကြည်မှုရှိနှင့်သာ ဖြတ်သန်းသွားတော့မည်။
“အရှင်မင်းကြီး တချို့လူတွေက စကားပြောကောင်းကြလို့ စီးပွားရေးလုပ်ကြပါတယ်
တချို့တွေကျတော့ ဖန်တီးမှုအားကောင်းလို့ အဝတ်အထည်တွေပြုလုပ်ကြပါတယ်
အဲဒါတွေက စွမ်းအားကြောင့်မဟုတ်ရင် ဘာကြောင့်များဖြစ်ပါမလဲ
ကျွန်မက မီးကိုတခြားသူတွေထက်ပိုပြီး ထိန်းချုပ်နိုင်ရုံလေးပဲ လုပ်နိုင်တာပါ” ဧကရာဇ်အား ယဉ်ကျေးစွာဖြင့် ပြန်ပြောလိုက်သည်။
ကျိန်စာနှင့်တူသော ထိုစွမ်းအားကို ဆာစီးနီယာကိုယ်တိုင်ပင် မုန်းလှသည်။ တစ်လောကလုံးတွင် တစ်ဦးတစ်ယောက်တည်းသာ အသုံးပြုနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားရသည်။ သို့သော် ထိုစွမ်းအားကြောင့်သာမဟုတ်လျှင် စုန်းမဟူ၍လက်ညှိုးထိုးခံရမည်မဟုတ်၊ ရက်စက်သောသေခြင်းတရားများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ရမည်မဟုတ်ချေ။
သို့သော် ထိုစွမ်းအားမှာ အမြဲလိုလိုမကောင်းနေသည်မဟုတ်ပေ။ ထိုစွမ်းအားကြောင့် သူ၏အနားရှိအဖိုးတန်သောလူများကို ကာကွယ်ပေးနိုင်ခဲ့သည်။ ထိုကဲ့သို့ ကြောက်စရာ၊ ထိတ်လန့်စရာ၊ ယုတ္တိမရှိသော စွမ်းအားကို ဆန်းကြယ်မှုနှင့် အံ့ဩဖွယ်ရာအဖြစ်လည်း အသုံးပြုနိုင်သည်ကို သိရှိခဲ့ရသည်။
“အဲဒါဆို မေးပါရစေ မယ်မင်းတစ်ချိန်လုံးဖုံးကွယ်ထားခဲ့တဲ့ စွမ်းအားကို ဘာလို့အခုမှ လူတွေရှေ့မှာအသုံးပြုရတာလဲ”
ဧကရာဇ်သည် သူ၏ခက်ထန်နေသော မျက်နှာ အမူအရာကို ဖုံးကွယ်မထားဘဲ မေးလိုက်သည်။
“ကျွန်မ ကာကွယ်ပေးချင်တဲ့သူတွေ ရှိနေလို့ပါ”
ဆာစီးနီယာသည် ဧကရာဇ်၏အမေးကို တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေကြားခဲ့သည်။
“ဘာဖြစ်တယ်”
“အပြစ်မဲ့တဲ့လူတွေနဲ့ ကျွန်မချစ်တဲ့သူတွေ နာကျင်ခံစားရပြီး အသက်ဆုံးရှုံးသွားရမှာ ဒီအတိုင်းမကြည့်ရက်နိုင်ခဲ့လို့ပါ”
ဧကရာဇ်သည် ဆာစီးနီယာ၏ ကြက်သွေးရောင်မျက်လုံးများကို စိုက်ကြည့်လို့နေသည်။ မတုန်လှုပ်နေသော မျက်လုံးများမှာ တိုင်တစ်ခုသဖွယ် ခက်ထန်မာကျောနေသည်။ စိတ်သောကရောက်သွားရသဖွယ်ဟန်ပန်ဖြင့် သူ၏အကြည့်ကို တခြားဘက်သို့လွှဲလိုက်သည်။ သူမသိလိုက်ခင်မှာပင် ကောင်းကင်မှာ အပြာရောင်အာရုဏ်တက်ချိန်၏အောက်မှ တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။ တောက်ပနေသော နေ၏ရွှေရောင်အဆင်းအလင်းရောင်များကြောင့် အင်ပါယာမှာ ယခင်ကထက်ပင် ပို၍တောက်ပနေသည်။ အင်ပါယာအား အိပ်မက်ဆိုးတစ်ခုသဖွယ် လွှမ်းမိုးခဲ့သည့် မီးတောက်ကြီးမှာလည်း အိပ်မက်သဖွယ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ အိပ်မက်ဆိုးများ အဆုံးသတ်အောင်ပြုလုပ်ပေးခဲ့သည့် အမျိုးသမီးမှာ သူ၏အရှေ့တွင်ရပ်နေသောသူပင်။
“ဒီနေ့ မယ်မင်းရဲ့နေထိုင်ပုံတွေကိုကြည့်ပြီး ငါကိုယ်တော်ဆုံးဖြတ်မယ်”
ဧကရာဇ်သည် သူတို့နှစ်ဦးအား ပြန်လွှတ်လိုက်သည်။ သူ၏မျက်နှာတွင် တစ်ခုခုအား စိတ်ထင့်နေသည့် အသွင်အပြင်ပင်။
အင်ပါယာတစ်ခုထဲတွင် နေနှစ်စင်းမရှိနိုင်ပေ။ ယခုမှာ လူများသည် သူတို့အား ဘေးဒုက္ခမှာ ကယ်တင်ပေးခဲ့သဖြင့် ဆာစီးနီယာအား နတ်ဘုရားသဖွယ် ကြည်ညိုလေးစားနေကြသည်။ ထိုနေနှစ်စင်းအားခွဲခြားရန် သူ၏နိုင်ငံရေးအာဏာကိုအသုံးမပြုချင်ပေ။ သို့သော် တိုင်းသူပြည်သားများသည် ဆာစီးနီယာဘက်တွင် ရှိနေသည်။ ထိုအမျိုးသမီးကို ဖယ်ရှားရန်ကြိုးစားလိုက်လျှင် တိုင်သူပြည်သားများ၏ အမုန်းအာဃာတတရားသည် တော်ဝင်နန်းတော်သို့ ကျရောက်လာနိုင်သည်။ ထို့အပြင် ဆာစီးနီယာမှာ သူ၏တူအရင်မေတ္တာသက်ဝင်နေသူဖြစ်သည့်အတွက် လက်လွတ်စပယ် ကိုင်တွယ်လို့မရပေ။
“အဲဒါကပဲ ပိုကောင်းပါတယ်လေ”
ဧကရာဇ်သည် မျက်မှောင်ကိုကြုတ်လျက် ရေရွတ်နေသည်။ ဆာစီးနီယာအား မဖယ်ထုတ်နိုင်လျှင် စောင့်ကြည့်ခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။
“နောက်သုံးရက်နေရင် တော်ဝင်မျိုးနွယ်တွေကို တော်ဝင်နန်းတော်ဆီ အခေါ်တော်ပါးလိုက်ပါ”
ဧကရာဇ်၏အမိန့်သည် အင်ပါယာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
Xxxxxxx