အပိုင်း ၁၁၉
Viewers 13k

Chapter 119

ဘန်၏ပူနွေးသောမျက်ရည်များသည် ဆာစီးနီယာပခုံးပေါ်သို့ ယိုစီးကျလာခဲ့သည်။ လွန်ခဲ့သည့်သုံနီစ်က လောင်းကစားအိမ်မှသူ၏ဘဝကိုကယ်တင်ခဲ့ပြီး ဆာစီးနီယာအား တစ်ခါမျှပြန်မကယ်တင်ခဲ့ဖူးသော ဘန်အား သူ၏ကယ်တင်ရှင်ဟုပင် ပြောနေသည်။ ဘန်၏အရာအားလုံးသည် ဆာစီးနီယာ‌ကြောင့် ရရှိခဲ့ခြင်းများပင်ဖြစ်သည်။

သူတို့နှစ်ဦးသည် တစ်ချိန်တည်းမှာပင် တစ်ယောက်၏ခံစားချက်ကိုတစ်ယောက် ခံစားမိနေကြသည်။

“ဆာစီးနီယာ”

“မမ‌လေး ဆာစီးနီယာ”

မေနှင့်ဗားန်သည် ဆာစီးနီယာဆီသို့ပြေးကာ ဖက်လိုက်ကြသည်။  

“ဘာလို့… အဲဒီလိုလုပ်ရတာလဲ လန့်အောင်လုပ်လိုက်တာပဲ”

မေသည် မကျေနပ်မှုများ ပေါက်ကွဲထွက်လာ၍ ကျဆင်းလာသောမျက်ရည်များနှင့်အတူ ဆာစီးနီယာ၏လက်မောင်းကို ရိုက်လိုက်သည်။

“‌တောင်းပန်ပါတယ် တောင်းပန်ပါတယ်ကွယ်”

ဆာစီးနီယာသည် ဘန်၏လက်မောင်းအတွင်းမှ ထွက်လိုက်ကာ မေ၏ခေါင်းအား ပုတ်ပေးနေသည်။

“ဟင့်... ညီမတို့... ညီမတို့သေတော့မယ်တောင် ထင်ခဲ့တာ”

“‌တောင်းပန်ပါတယ် တဇွတ်ထိုးလုပ်လိုက်မိတယ်”

“သိရဲ့လား အစ်မက အရမ်းတဇွတ်ထိုးလုပ်တာပဲ...”

ဆာစီးနီယာ၏ စိတ်အေးသက်သာဖြစ်နေသော မျက်လုံးများဖြင့် မေအားစိုက်ကြည့်နေသော မျက်လုံးများသည် တစ်ဖက်သို့လှည့်သွားသည်။ အကြည့်များမှာ ဗားန်ရပ်နေသောနေရာသို့ ရောက်ရှိသွားသည်။ ဆာစီးနီယာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူ၏နှုတ်ခမ်းများကို ကိုက်ထားသည်။

“ဘာမှမဖြစ်တော့ပါဘူး”

“ဟင့်... တကယ်လားဟင်”

“ဒါ‌ပေါ့”

ဗားန်သည် ထိန်းချုပ်ထားသော မျက်ရည်များကိုသွန်ချလိုက်သည်။ ငိုနေသည်မှာ ကလေးတစ်ယောက်လိုပင်။

“မငိုပါနဲ့ကွယ်”

ဆာစီးနီယာ အပြုံးဖြင့်ပြောလိုက်သည်။

........

အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်သည်။ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် ကြောက်စိတ်များဝင်နေသည်ကတစ်ကြောင်း ဆာစီးနီယာကို စိတ်ပူသောကြောင့်တစ်သွယ် ငိုနေကြခြင်းဖြစ်သည်။

သူတို့ကြောင့်ပင် ဆာစီးနီယာပျော်ရွှင်စွာ ပြုံးနိုင်ခဲ့သည်။ ထိုအချိန်မှာပင် သူ့အားအဝေးမှတစ်စုံတစ်ယောက် စိုက်ကြည့်နေသည်ဟု ခံစားရရာဘက်သို့ ခေါင်းဦးတည်လိုက်သည်။ 

ခြုံပုတ်အနောက်တွင် ပုန်းနေသော အမျိုးသားတစ်ဦးမှ စိုက်ကြည့်နေခြင်းပင်ဖြစ်သည်။ ပထမအကြည့်ချင်းဆုံသွားသည့်အချိန်တွင် ထိုလူသည် ဆာစီးနီယာအား စိတ်ရှုပ်ထွေးနေသောအကြည့်များဖြင့် စိုက်ကြည့်လို့နေသည်။ လူတိုင်းသည် တွေဝေ၍ကြက်သေသေနေကြသော်လည်း ထိုလူမှာ စိတ်မရှည်သော မျက်နှာထားဖြင့် ကြည့်လို့နေသည်။

‘ဘယ်သူကြီးလဲ’

ဆာစီးနီယာ မျက်မှောင်ကြုတ်ကာ ထိုလူအားသေချာကြည့်လိုက်သည်။ သူမ စိတ်ထဲတွင် ထိုလူနှင့် ရင်းနှီးနေဟန်ခံစား‌နေရသည်။ ထိုလူအား သူအရင်ကပင်တွေ့ဖူးခဲ့သလို ဖြစ်နေသည်။ ထိုသူကို မှတ်မိလိုမှတ်မိငြားဖြင့် အသည်းအသန်စိုက်ကြည့်နေသော ဆာစီးနီယာ၏အကြည့်ကို ခံစားမိသောကြောင့် လူအုပ်ကြားထဲသို့ အလျင်စလိုထွက်သွားသည်။

“…”

“…”

မီးတောက်ကြီး ပျောက်ကွယ်သွားသည့် အဖြစ်အပျက်တစ်ခုလုံးကို ‌တွေ့မြင်ခဲ့ရသည့် လူအုပ်ကြီးသည် တိတ်ဆိတ်ကြနေသည်။ လိုင်မာဖီးယပ်စ်ပင် တစ်ခွန်းမှမဟနိုင်အောင် ဖြစ်နေသည်။ ဆန်းကြယ်သော မဖြစ်နိုင်သော ထိုမြင်ကွင်းကြောင့် တွေးစရာမီးစများ သူတို့၏စိတ်ထဲတွင် တောက်လောင်နေသည်။ 

ထိုအရာတစ်ခုလုံးကို ဘုရားမခြင်းဟု ထင်မြင်နေသည့် တစ်စုံတစ်ယောက်က “ဘုရားသခင်က ငါတို့ကိုမပစ်ပယ်ထားဘူးကွ…” ဟုထပြောလိုက်သည်။

ဘုရားသခင်ဟူသည့် စကားလုံးမှာ ထိုလူအုပ်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဆာစီးနီယာတစ်ကိုယ်တည်း ဖြေရှင်းခဲ့ရသည့် ထိုဖြစ်ရပ်တစ်ခုလုံးကို ဘုရားမခြင်းနှင့် ဘုရားသခင် ဟူသော စာလုံးနှစ်လုံးဖြင့်သာ ဖော်ပြနေကြသည်။

သူတို့၏နှလုံးသားထဲတွင် မျှော်လင့်ချက်မီးတောက်သာ တောက်လောင်နေသည်။ ဆာစီးနီယာ၏ ကယ်တင်မှုမှာ စိတ်ပျက်စရာနှင့်သာ ကြုံတွေ့လိုက်ရသည်။ ထိုနေရာတစ်ခုလုံးကို ဘုရားသခင် ကာကွယ်ပေးထားခြင်းသာဖြစ်သည်။

“‌ကျေးဇူးတင်ပါတယ်”

မီးသတ်ပိုက်ကိုကိုင်ကာ မီးငြှိမ်းသတ်ခဲ့သော အမျိုးသမီးသည် ဆာစီးနီယာဆီသို့ ဦးတည်လျှောက်လှမ်းလာသည်။ ထိုအမျိုးသမီးမှာ ဆာစီးနီယာကယ်ခဲ့သည့် ကလေးတစ်ယောက်၏ အမေပင်ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်”

ထိုအချိန်မှ ဘုရားသခင်ဟုသာ တတွတ်တွတ်ရွတ်ဆိုနေကြသည့် သူများမှာ ဆာစီးနီယာအား ကျေးဇူးတင်သင့်ကြောင်း အသိတရားဝင်လာကြသည်။ မျှော်လင့်ချက်မဲ့နေသည့် သူတို့အား ကယ်တင်ခဲ့သည့် ‌သူရဲကောင်းကို ကျေးဇူးတင်နေကြသည်။ လူများသည် ဒူးထောက်၍ပင် ဆာစီးနီယာကို ကျေးဇူးတင်ကြောင်းပြသနေသည်။

“…”

ဆာစီးနီယာ ပြောစရာစကားလုံးများ ပျောက်ဆုံးနေပြီး မည်သည့်စကားလုံးမှ ထွက်မလာချေ။

ကျေးဇူးတင်ပါတယ်။

ထိုအရာမှာ ကြီးမားသော စကားလုံးတစ်ခုမဟုတ်ပေ။ ရိုးရိုးရှင်းရှင်းအလုပ်မျိုးဖြစ်တဲ့ တစ်ယောက်ယောက်ကို အသေးအမွှားလေးကူညီပေးခဲ့လျှင်တောင် ရနိုင်တဲ့စကားလုံးများဖြစ်သည်။ သို့သော် ဆာစီးနီယာသည် ထိုအရာများထက် ပိုသောအရာကို လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူအုပ်ကြီး၏ စိတ်ရင်းထဲမှာ ကျေးဇူးတင်သံများကို ခံစားမိသည်။ ဆာစီးနီယာသည် လူအများကြီးရှေ့တွင် မငိုချင်ပေ။ ထို့ကြောင့် သူ၏မျက်ရည်များကို ထိန်းချုပ်ရန် ကောင်းကင်ကို မော့ကြည့်နေလိုက်သည်

ညဉ့်နက်ယံကိုကျော်လွန်၍ အပြာရောင်အာရုဏ်တက်ချိန် ရောက်ရှိလို့လာလေပြီ။ ယခုအချိန်သည် မီးငြှိတ်သတ်ပြီးသွားသည့် ထိုနေရာတစ်ခုလုံးအား အနွေးဓာတ်လွှမ်းခြုံမည့် နေရောင်ခြည်ထွက်ပေါ်လာတော့မည့် အချိန်ပင်ဖြစ်သည်။ 

မနက်ဖြန်ဟူသော နေ့တစ်နေ့၏အစလည်းဖြစ်သည်။

* * *

“ငါ့ကို လာနောက်နေတာလား”

ကိုင်လိုစ့်သည် သူ၏လက်ထဲတွင် ကိုင်ထားသော ဖန်ခွက်တစ်ခုကို ပစ်ပေါက်လိုက်သည်။ လွှင့်ပျံလာသောဖန်တစ်ခွက်ကို မရှောင်‌တိမ်းနိုင်ခဲ့သည့် အမျိုးသမီး၏ပါးပြင်‌သို့ ရိုက်ခတ်မိသွားသည်။ ဖန်ခွက်သည် ကြမ်းပြင်ပေါ်သို့ကျကာ အစိတ်အပိုင်းများအဖြစ် ကွဲသွားသည်။

“နင့်အကြောင်းငါသိနေရက်နဲ့တောင် ယုံကြည်ပေးလိုက်မိတာ အသုံးမကျတဲ့ဟာမ ထင်ထားတဲ့အတိုင်း ဘာမှဖြစ်အောင် မလုပ်နိုင်ဘူးပဲ”

ဒေါသကိုမထိန်းချုပ်နိုင်ပေ။ ဆာစီးနီယာဟုအမည်ရှိသော စုန်းမတစ်ယောက်သည် ညသန်းခေါင်ယံအချိန်တွင် မီးတောက်ကြီး၏ဝါးမြိုခြင်းကို ခံခဲ့ရကာ ဘုရားသခင်နှင့်တူသော မီးငြှိမ်းသတ်ပေးခဲ့သည့် သူများကြောင့် လွတ်မြောက်ခဲ့ရသည့် ထိုကောလာဟာလများ ပျံ့နှံ့သွားခဲ့သည်။ ကိစ္စတစ်ခုလုံး လွဲချော်သွားရပြီဖြစ်သည်။

“စုန်းမ ဟုတ်လား...ငါ့ကိုလာနောက်နေတာလား

သူက သူရဲကောင်းဟ ပြီးတော့ ဘုရားသခင်က လူသားတွေကို ကယ်တင်ပေးဖို့ စေလွှတ်လိုက်တဲ့သူပဲ သူ့မှာ စွမ်းအားတွေ ဘယ်လောက်တောင်ရှိနေလဲသိလား”

ပြဿနာကိုပြီး‌ဆုံးရန် သူ၏အားနည်းချက်ကို ဆွဲယူကာပြောဆိုလိုက်မိသော်လည်း ပိုဆိုးရန်သာ လုပ်လိုက်မိသလိုဖြစ်သွားသည်။

 ဘုရားသခင်စေလွှတ်လိုက်သည့် ကယ်တင်ရှင်ဟုဆိုကာ ကြည်ညိုရိုသေခံနေရသောတာစီးနီယာမှာ မြို့စားမင်း၏လက်တွဲဖော်လည်းဖြစ်သည်။ ယခုအဖြစ်အပျက်များကြောင့် လူများသည်မြို့စားမင်းကို ပို၍ရိုသေလေးစားကြတော့မည်မှာ အသေအချာပင်။

“…”

အမျိုးသမီးသည် ဒေါသစိတ်ကြောင့် သူ၏လက်မှာ တုန်ရီလို့နေသည်။ သူ၏နှုတ်ခမ်းပါးမှာလည်း ဖိကိုက်ထားသောကြောင့် သွေးထွက်လုမတတ်ဖြစ်နေသည်။

“ဒီ‌နေ့က‌စပြီး ‌ေ*ာက်သုံးမကျတဲ့မင်းနဲ့ငါ မသိခဲ့ဘူးလို့ပဲ မှတ်ထားလိုက်တော့”

ကိုင်လိုစ့်၏မျက်လုံးများမှာ ခက်ထန်အေးစက်နေသည်။

“မင်းဒီကိစ္စ‌တွေကို ဖော်ထုတ်လို့ကတော့ မင်းအသက်ကိုချမ်းသာပေးမှာမဟုတ်ဘူးနော်”

ထိုကဲ့သို့ ခြိမ်းခြောက်သော်လည်း အမျိုးသမီးမှာ ဂရုမစိုက်ပေ။ အချိန်မရွေးပေါက်ကွဲထွက်လာနိုင်သည့် သူ၏ဒေါသများကိုသာ ထိန်းထားသည်။

“ငါ့‌ရှေ့ကထွက်သွားစမ်း”

ကိုင်လိုစ့်သည် အမျိုးသမီးအား နောက်ထပ်မတွေ့ရတော့မည့်ပုံစံဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ မောင်းထုတ်လိုက်သည်။ ထိုအမျိုးသမီးနှင့်သူ သဘောတူထားသည့်အရာများကို တစ်ယောက်ယောက်များသိသွားခဲ့လျှင် အကုန်လုံးကိုသတ်ရန် ရည်ရွယ်လို့ထားသည်။ အကယ်၍ အမျိုးသမီး၏အစီအစဉ်များပေါ်ပေါက်သွားခဲ့လျှင် သူသည် ထိုအမျိုးသမီး၏ကြံရာဖြစ်ကြောင်း မပေါ်ပေါက်စေချင်ပေ။

 

“…”

အမျိုးသမီးသည် မြို့စားမင်းကိုပင် မနှုတ်ဆက်ဘဲ အခန်းထဲမှ ထွက်သွားသည်။

“သ-သခင်…”

တံခါးဝတွင်စောင့်နေသော ရီနာမှာ ပျာပျာသလဲဖြင့် အမျိုးသမီးနောက်သို့လိုက်သွားသည်။ အမျိုးသမီးသည် တံခါးပိတ်ပြီးသည့်အခါတွင် အခန်းကျယ်ထဲ၌ ရွံစရာကောင်းသည့်အရာတစ်ခုရှိနေပုံမျိုးဖြင့် ‌တံတွေးထွေးလိုက်သည်။ ထိုကဲ့သို့တံတွေးထွေးပြီးနောက်တွင် ဖန်ခွက်နှင့်ထိခဲ့သော သူ၏ပါးပြင်ကိုပွတ်သပ်လိုက်သည်။

“ဘုရားသခင်ဟုတ်လား အဲဒီစုန်းအရူးမက ဘုရားသခင်စေလွှတ်လိုက်တာတဲ့လား...ဟက် တစ်လောကလုံး ရူးနေကြတာပဲဖြစ်မယ်”

အမျိုးသမီးသည် စိတ်အေးချမ်းသွားသဖွယ်ဟန်ဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ သူ၏အရိုးနှင့်အသားများ သားရဲတစ်ကောင်၏အသားဖြစ်သွားရလျှင်တောင် စုန်းမသည် ဘုရားသခင်စေလွှတ်လိုက်သောသူဟူသည့်အချက်ကို လုံးဝလက်မခံနိုင်ပေ။

“ငါအလွတ်‌ပေးမှာမဟုတ်ဘူး စုန်းအရူးမက အကြည်ညိုခံနေရတယ်လို့”

အမျိုးသမီး၏မျက်ဝန်းထဲတွင် သွေးရောင်များလွှမ်းနေသည်။

“သူ့ကိုသတ်မယ် သေချာပေါက် အဲခွေးမကို ချောက်ထဲတွန်းချပစ်မယ်”

အံကိုကြိတ်၍ အကြည့်များသည် သူ၏ဘေးနားရှိ ရီနာရှိရာသို့ လှည့်သွားသည်။

 

“နင်လည်း အဲဒီလိုထင်တယ်မလား”

“ဟုတ်ကဲ့ ဟုတ်ကဲ့ အဲဒီလိုထင်ပါတယ်”

ကြောက်လန့်နေသော ရီနာမှာ ထိုအမျိုးသမီး၏ရန်ရှာခြင်း ခံရမည်စိုး၍ သူ၏ကိုယ်ကိုကိုင်းညွတ်ကာ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် အဲဒါကြောင့် ငါ့အစီအစဉ်ကို လာနှောင့်ယှက်တဲ့ ဘယ်သူကိုမဆို သတ်ပစ်မှာ”

အမျိုးသမီးသည် ရီနာကို ပြုံး၍ကြည့်နေသည်။

“သ-သခင်…”

ရီနာသည် ဖြူဖတ်ဖျော့တော့နေသော မျက်နှာဖြင့် အမျိုးသမီးကို ကြည့်နေသည်။

 အမျိုးသမီး၏မျက်နှာမှာ နတ်ဆိုးတစ်ကောင်၏ ဝါးမြိုခြင်းခံလိုက်ရသလို အကြည့်မျိုးမှာ လူဟူ၍ပင် ပြောရ၍မရပေ။ မလိုမုန်းတီး၊ ဒေါသပြင်းပြစွာဖြင့် လက်စားချေလိုစိတ်များသည် ထိုအမျိုးသမီး၏နှလုံးအိမ်ထဲတွင် ပြည့်နှက်လို့နေသည်။ သူ၏မျက်နှာတွင် ရူးသွပ်များဖြင့် သူ၏လက်စားချေမှုကို ဖျက်ဆီးမည့်ဘယ်သူ့ကိုမဆို ဖျက်ဆီးမည့် အငွေ့အသက်များသာရှိနေသည်။

ထိုနေ့ပြီးကတည်းကပင် ရီနာကို မတွေ့ရတော့ပေ။

* * *

“ဒီတော့ မီးငြိမ်းသွားပြီပေါ့ အခု ဖာဘီယမ်းလမ်းက ဘာမှမဖြစ်တော့ဘူးပေါ့”

အမတ်ကြီးများသည် ဧကရာဇ်ထံသို့ ကြောင်းကြားနေကြသည်။ အကြောင်းစုံကို ကြားသိပြီးသောအခါ ဇကရာဇ်သည် သူ၏မေးစေ့အားပွတ်သပ်ကာ ပြောလိုက်သည်။

“အဲဒီအန္တရာယ်ရှိတဲ့‌နေရာကို တပ်ဖြန့်ထားပြီး အစာရေစာပြတ်လပ်မှု ရှိမရှိ ‌စုံးစမ်းကြည့်လိုက်”

“မှန်လှပါ အရှင်မင်းကြီး”

“မီးရှို့ခဲ့တဲ့သူကိုလည်း ရအောင်စုံစမ်းပြီး ဖမ်းလာခဲ့”

“မှန်လှပါ အရှင်”

ကိုယ်ကိုဦးညွတ်ပြီး‌နောက် အမတ်များသည် လျင်မြန်စွာ ထွက်သွားကြသည်။ တစ်ကိုယ်တည်းကျန်နေခဲ့သော ဧကရာဇ်မှာ သူ၏ခြေလှမ်းကို ဖြည်းညှင်းစွာ လှုပ်ရှား၍ ခေါင်းကို လှေကားထစ်များရှိရာသို့ ငိုက်ချထားသည်။ တံခါးပေါက်ကို ကျယ်ကျယ်ဖွင့်လျက်ပင် လသာဆောင်သို့ ထွက်သွားသည်။ မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာမှာ ‌မီးခိုးနဲ့သဲ့သဲ့ကိုပင် ရနေသည်။

အနီရောင်မီးတောက်ကြီး၏ ဝါးမြိုမှုကို ခံစားခဲ့ရသည့် နေရာမှာ ‌အာရုဏ်တက်ရောင်ခြည်ကြောင့် အပြာရောင်သန်းလို့နေသည်။ အနက်ရောင် မီးခိုးမြူမှုန်များမှာလည်း ညအမှောင်ယံနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ကြောက်ရွံ့စရာကောင်းသော လောကကြီးမှာ တည်ငြိမ်အေးချမ်းလို့သွားပြီဖြစ်သည်။

ယောက်ျားလေးအများစုဖြင့် ‌မီးတောက်ကြီးကို ငြှိမ်းသတ်နေသော်လည်း ရက်အနည်းငယ်ကြာမှသာ ငြှိမ်းသတ်နိုင်မည်ဟု ထင်ခဲ့သည်။ ထိုအဖြစ်အပျက်မှာ ကပ်ဆိုးတစ်ခုလိုပင်။ ဧကရာဇ်ကိုယ်တိုင် ဆင်း၍ငြှိမ်းသတ်လျှင်တောင် ထိုကဲ့သို့လောက် မြန်မြန်ငြှိမ်းသတ်လိမ့်မည်မဟုတ်ပေ။

ထိုမီးတောက်အရှိန်များနှင့်ဆိုလျှင် ထိခိုက်မှု ခန့်မှန်းခြေအနေဖြင့် ငွေလေးသန်းကျော်လောက်ရှိရမည့်အစား ယခုမှ နာရီအနည်းငယ်လောက်သာ လောင်သွားသည့်အပြင် ဒဏ်ရာရရှိသူ ဆယ်ဦးနှင့် ထိခိုက်မှုစုစုပေါင်း ငွေသိန်း‌တစ်ရာအောက်သာ ကျသင့်ခဲ့သည်။

အခြေအနေတွေ အားလုံးမှာ နာရီအနည်းငယ်အတွင်းပင် ဖြေရှင်းနိုင်ခဲ့သည်။ ထိုကဲ့သို့ ဘုရားမသည့်ဖြစ်ရပ်မျိုး ဖန်တီးပေးခဲ့သူ တစ်ဦးရှိနေသည်။

“ဆာစီးနီယာ…” ကျောက်တုံးကဲ့သို့ လေးလံနေသော အသံတစ်ခုအား လေညှင်းကလေးသည် သယ်ဆောင်လို့လာခဲ့သည်။

ဧကရာဇ်သည် ဆာစီးနီယာအား မှတ်မိသွားသည်။ သူ၏တူဖြစ်သော အလက်စ်ဒီမီခန်၏ လက်တွဲဖော်ပင်။ မယ်တော်ကြီး၏ စားသောက်ပွဲတွင် ‌တွေ့ဆုံခဲ့ဖူးသည်။ လက်ရှိကျန်နေသာဘဝအား ဆာစီးနီယာနှင့်ပင် ဖြတ်သန်းချင်ကြောင်း ဘန်သည် ဧကရာဇ်ကိုပြောဖူးခဲ့သည်။

တစ်မူထူးခြားသည့် စွမ်းရည်များပိုင်ဆိုင်ထားသည့် အမျိုးသမီးကိုပင် သဘောကျရလေသလား။

ဧကရာဇ်၏မျက်လုံးများမှာ နှင်းဆီရောင်သန်းလို့နေသည်။

“နတ်ဘုရားစေလွှတ်လိုက်တဲ့သူ”

ယခုတွင် ဧကရာဇ်၏လူများကပင် နတ်ဘုရားစေလွှတ်လိုက်သည့်သူဟုပြောကာ ချီးကျူးထောက်ခံနေကြသည်။

 

“သီရွန်”

အပြင်လောကအား တိတ်ဆိတ်စွာကြည့်၍ရင်းဖြင့် ပြောလိုက်သည်။ ထို့နောက် လူတစ်‌ယောက်သည် ဧကရာဇ်၏ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။

“အရှင်မင်းကြီး ခေါ်ပါသလား”

သီရွန်သည် ဧကရာဇ်ရှေ့မှောက်တွင် ဒူးထောက်၍နေနေသည်။

“ဆာစီးနီယာဆိုတဲ့ အမျိုးသမီးကို ခေါ်လာခဲ့”

ဖြစ်ရပ်ဆန်းများကို ပြုလုပ်နိုင်သည့်စွမ်းအား။

ဘုရားသခင်စေလွှတ်လိုပ်သည့်သူဟု ချီးမွန်းထောပနာပြုကြရအောင် ထူးခြားဆန်းကြယ်သည့် စွမ်းအား။

ဧကရာဇ်သည် ထိုစွမ်းအားများကို သူကိုယ်တိုင် မျက်ဝါးထင်ထင်မြင်တွေ့ချင်နေသည်။

Xxxxxxx