Ch 1
Viewers 709

1






ခုနှစ် ၂၉၁၊ လီချွန်း (နွေဦးအစ)နေ့တစ်နေ့တွင်ဖြစ်၏။



ဆီးနှင်းများ အရည်ပျော်စပြုလာပြီး သစ်ကိုင်းထက်၌ အဖူးအငုံလေးများဝေဆာစပြုနေပြီပင်။ ဆောင်းခိုနေသောယုန်တစ်ကောင်သည် တွင်းအောင်းရာမှ အပြင်သို့ တွားသွားထွက်လာ၏။ ယုန်ကလေး၏ခေါင်းပေါ်တွင် ဆီးနှင်းများဖုံးလွှမ်းနေသောကြောင့် ပတ်ဝန်းကျင်မှအဖြူရောင်နှင်းပြင်နှင့် တစ်သားတည်းကျလုနီးပါး ဖြစ်နေတော့သည်။



ရုတ်တရက် ချွန်မြမြမြှားတစ်စင်းသည် ခေါင်းပြူထွက်လာသည့် ယုန်ကလေးဆီသို့တရိပ်ရိပ် ပျံဝဲလာကာ မျက်ခုံးနှစ်ခုကြားတည့်တည့်ကို စိုက်ဝင်သွားလေတော့၏။ လက်တစ်ဖက်မှာ ယုန်နားရွက်ကိုဆတ်ခနဲလှမ်းဆွဲလိုက်ပြီးနောက် အားပါးတရရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာသည်။



"ဒီကောင်တွေ တောက်လျှောက်ဆောင်းခိုနေကြတာ၊ ခုတော့အပြင်ထွက်ပြီး အစာရှာရမယ့်အချိန်ရောက်ပြီကွ"



ထိုသူမှာ ကွမ်ဖျင်စီရင်စုအနီးမှ မုဆိုးတစ်ဦးဖြစ်ပြီး ဤအခွင့်အရေးကိုအသုံးချကာ သူငယ်ချင်းများကို စုခေါ်၍အမဲလိုက်ထွက်လာခြင်းပင်။ သူငယ်ချင်းအချို့မှာ သူ၏လက်တည့်မှုကို ချီးကျူးနေကြသော်လည်း လူတစ်ယောက်မှာမူ နှာခေါင်းရှုံ့လျက်ဆိုလာ၏။



"လက်တည့်တာတော့ ဟုတ်ပေမယ့် နှမြောစရာကောင်းတာက ဒီယုန်ကတစ်ဆောင်းတွင်းလုံး အစာငတ်ထားပုံရတယ်၊ အသားဆိုလို့ ဘာမှမရှိသလောက်ပဲ"



ယုန်ပစ်လိုက်သည့် မုဆိုးရန်ကျင်းမှာ ထိုစကားကိုကြားသောအခါ ခေါင်းယမ်းလျက်ပြောလာသည်။



"ငါတို့အမဲလိုက်တာ စားဖို့မှမဟုတ်တာ၊ပြီးတော့ အစိုးရကဒီနေ့ပြီးရင် 'နွေဦးရာသီ တားမြစ်မိန့်'ထုတ်ပြန်တော့မှာဆိုတော့ ရွေးချယ်နေဖို့ အချိန်မရှိဘူး"



ရှေးဆိုရိုးအရ 'နွေဦး၌ အသက်သွင်း၊ နွေရာသီ၌ ကြီးထွား၊ ဆောင်းဦး၌ ရိတ်သိမ်း၊ ဆောင်းရာသီ၌ သိုလှောင်'ဟူ၍ရှိပေသည်။ နွေဦးရာသီရောက်လျှင် သားကောင်များ သားပေါက်ကြသဖြင့် အမဲလိုက်ရန် ပိုမိုခက်ခဲတတ်သလို တိရစ္ဆာန်အမများ သားမွေးချိန်လည်းဖြစ်၏။ ထို့ကြောင့် မုဆိုးများသည် ဤအချိန်တွင်အမဲလိုက်လေ့ မရှိကြပေ။



သို့သော် ယခုနှစ်မှာမူခြွင်းချက်ရှိနေသည်။

ကွမ်ဖျင်စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်တွင် ယနေ့သားယောက်ျားလေးဖွားမြင်သဖြင့် ချမ်းသာကြွယ်ဝသော မိသားစုများစွာသည် မုဆိုးများထံမှတိရစ္ဆာန်သားရေများကို ဈေးကောင်းပေး၍ဝယ်ယူနေကြသောကြောင့်ပင်။ ထို့ကြောင့် သူတို့သည် ဤနှစ်ရက် သုံးရက်အတွင်း ငွေရအောင် ရှာဖွေနေကြခြင်းဖြစ်၏။



ခေတ္တမျှစကားစမြည်ပြောပြီးနောက် လူတိုင်း စကားပြောရပ်ကာ အမဲလိုက်ခြင်း၊ အရေခွံခွာခြင်း၊ သားရေနယ်ခြင်းတို့ကို အလုပ်ရှုပ်ခံပြုလုပ်ကြပြီးနောက် အဆိုပါအိမ်တော်ကြီးများ၏တံခါးဝသို့ အစောဆုံး သွားရောက်ပို့ဆောင်ကြလေသည်။ အိမ်တော်ထိန်းများမှာ သားရေများကိုသေချာစစ်ဆေးပြီးနောက် သူတို့ကိုပြန်လွှတ်ရန် ငွေအချို့ပေးလိုက်ကြ၏။



မွေးကင်းစသခင်လေးအတွက် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်လားတော့မသိ ထိုသူများသည် ငွေကြေးကို ရက်ရက်ရောရောပေးကမ်းကြရာ မုဆိုးများမှာပြုံးပျော်နေကြတော့သည်။

ဤငွေကြေးဖြင့် ဆားနှင့်ဆန်စပါးများကို ဝယ်ယူနိုင်သလို ဇနီးမယားနှင့်သားသမီးများအတွက် အဝတ်အစားများပင်ဝယ်ယူနိုင်မည်ဖြစ်ရာ ယခုနှစ်နွေဦးပေါက်ရာသီကို ပျော်ရွှင်စွာဖြင့်ဖြတ်သန်းနိုင်ကြပေလိမ့်မည်။



ကွမ်ဖျင်စီရင်စုအုပ်ချုပ်ရေးမှူးအကြောင်းပြောရလျှင် သူသည် ပြီးခဲ့သည့်နှစ်မှ ရာထူးစတင်လက်ခံခဲ့ခြင်းဖြစ်ပြီး အသက်၄၀ကျော်အရွယ် ရှိနေပြီဖြစ်သည်။ သူ့အသက်အရွယ်နှင့်ဆိုလျှင် လူအများစုမှာ မြေးမြစ်များပင် ရနေသင့်ပြီဖြစ်သည်။

သို့သော် ဤလူမှာမူခြွင်းချက်ဖြစ်နေ၏။ ယခင် မွေးဖွားခဲ့သောသားသမီးများမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားခဲ့ရသည်ဟု ဆိုကြသည်။



အသက်ရှင်ကျန်ရစ်သည့် တစ်ဦးတည်းသောသားမှာလည်း ချူချာလှ၏။ ယခုအခါ အုပ်ချုပ်ရေးမှူးကတော်မှာ နောက်ထပ်ကိုယ်ဝန်ရရှိလာပြန်သဖြင့် အိမ်တော်တစ်ခုလုံးအလုပ်ရှုပ်နေကြပြီး အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတော့သည်။

နွေဦးရာသီ၏အအေးဓာတ် ကျန်ရှိနေသေးသော်လည်း အုပ်ချုပ်ရေးမှူးအိမ်တော်မှာမူ လှုပ်ရှားသွားလာမှုများဖြင့် စည်ကားသိုက်မြိုက်နေသည်။



ရှေ့ဝင်းထဲ၌ အုပ်ချုပ်ရေးမှူး၏သားအတွက် ဂုဏ်ပြုရန် ရောက်ရှိလာကြသော ဧည့်သည်များနှင့် ပြည့်နှက်နေ၏။ စီရင်စုအုပ်ချုပ်ရေးမှူးနဉ်ယွမ်သည် ဧည့်ခံခြင်းနှင့် ဧည့်သည်များကို ပြန်လည်ပို့ဆောင်ခြင်း ကိစ္စအဝဝကို ကိုယ်တိုင်စီမံဆောင်ရွက်နေပြီး သူ့မျက်နှာမှာလည်းပျော်ရွှင်မှုကြောင့် ဝင်းပနေလေသည်။



နောက်ဖေးဝင်းထဲရှိ အစေခံများနှင့် အထိန်းတော်များမှာလည်း မွေးကင်းစ သခင်လေးကို ပြုစုစောင့်ရှောက်ခြင်း၊ သခင်မကို ပြုစုခြင်း၊ မီးသွေးနှင့်ရေနွေး ပြင်ဆင်ခြင်း၊ ဆေးဝါးများကျိုချက်ခြင်း၊ ကလေးကို နို့တိုက်ခြင်းနှင့် အနှီးများ လျှော်ဖွပ်ခြင်းတို့ဖြင့် အလုပ်များနေကြ၏။ အမှားအယွင်းတစ်စုံတစ်ရာရှိပါက သခင်လေး၏အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်သဖြင့် မျက်ခြည်မပြတ်စောင့်ကြည့်နေကြရသည်။



လက်သည်ပြောစကားအရ ကလေးမှာသန်စွမ်းကျန်းမာသည်ဟုဆိုခဲ့၏။

အနှီးထုပ်ထဲရှိနေသေးသည့် မွေးကင်းစကလေးမှာ ပါးရေများတွန့်ကာမျက်လုံးများ မှိတ်ထားဆဲဖြစ်ပြီး မျောက်နီလေးတစ်ကောင်နှင့် တူနေသော်လည်း အုပ်ချုပ်ရေးမှူးမှာမူ တစ်နေ့ထက်တစ်နေ့အချစ်ပိုနေပြီး ချစ်ခင်မြတ်နိုးကြောင်း ပြသသည့်အနေဖြင့် ရော့ယွီဟုပင် အမည်ပေးထားလေသည်။



ထိုအမည်ကို ကြားသောအခါ အုပ်ချုပ်ရေးမှူးကတော်မျက်နှာထား ပြောင်းလဲသွားတော့၏။ သူမသည် အုပ်ချုပ်ရေးမှူးကြီးထံ မျက်စောင်းထိုးကာမကျေမနပ်ဖြင့်ပြောလိုက်သည်။



"ကျွန်မသားက ငယ်ပါသေးတယ်၊ဘာလို့ ကျောက်စိမ်းတို့ ဘာတို့ ပေးချင်ရတာလဲ၊ရှင်ကြီးက သားကိုဒုက္ခပေးချင်နေတာလား"



ထို့ကြောင့် အုပ်ချုပ်ရေးမှူးမှာ ရွေးချယ်စရာမရှိတော့ဘဲ ကလေးငယ်ကို အလွယ်တကူ ကြီးပြင်းနိုင်စေရန် ရိုးရှင်းသည့်နာမည်ပြောင်တစ်ခုကိုသာ ပေးလိုက်ရတော့သည်။


"အားရှီး"


သူ့အငယ်ဆုံးသားလေးမှာ နာမည်နှင့်လိုက်အောင်ပင် လိမ္မာရေးခြားရှိလှသည်။ သူသည် တစ်နေ့လုံးစားလိုက် အိပ်လိုက်၊ အိပ်လိုက် စားလိုက်ဖြင့်သာ အချိန်ကုန်ဆုံးပြီး မည်သည့်ဒုက္ခမှမပေးချေ။



အုပ်ချုပ်ရေးမှူးကတော်နှင့်နို့ထိန်းတို့ပင် အံ့အားသင့်ရသည်။ နို့ထိန်းများသည် ကလေးအများအပြားကို ပြုစုပျိုးထောင်ဖူးသော်လည်း အားရှီးလောက် ချစ်ဖို့ကောင်းသည့်ကလေးမျိုး တစ်ခါမှမကြုံဖူးပေ။

သုံးရက်မြောက်နေ့ ရေချိုးမင်္ဂလာပွဲရောက်သောအခါ ကလေးငယ်သည် မွေးစကကဲ့သို့ ပါးရေတွန့်နေခြင်းမရှိတော့ဘဲ ပိုမို၀ဖြိုးလာကာ အသားအရေဖြူဝင်းပြီး အလွန်တရာ ချစ်စဖွယ်ကောင်းလာတော့သည်။



သုံးရက်မြောက် ရေချိုးမင်္ဂလာအခမ်းအနားတွင် "ရေဇလုံထဲသို့ ထပ်ထည့်ခြင်း" ဟုခေါ်သော အစီအစဉ်တစ်ခုပါဝင်ပြီး ဆွေမျိုးမိတ်သင်္ဂဟများမှ ယူဆောင်လာသော လက်ဆောင်များကို ရေချိုးဇလုံထဲသို့တန်းစီ၍ ထည့်ပေးကြခြင်းပင်။ ၎င်းမှာ ကလေး၏ ရတနာဇလုံထဲသို့ စည်းစိမ်ဥစ္စာနှင့် ကောင်းချီးမင်္ဂလာများ ထပ်ဖြည့်ပေးခြင်းဟု အဓိပ္ပာယ်ရပေသည်။



ကြိုတင်ပြင်ဆင်ထားသော ပုလဲများ၊ ကျောက်စိမ်းဆွဲပြားများ၊ လက်ကောက်များ၊ ရွှေငွေများကို အလကားရသည့်အလား ပစ်ထည့်လိုက်ကြ၏။ နို့ထိန်းရင်ခွင်ထဲတွင် အိပ်ပျော်နေသော ကလေးငယ်သည် အသံကြားသောအခါ မျက်လုံးပွင့်လာပြီး ရတနာများကို စိုက်ကြည့်နေသည်။ နက်မှောင်သော သူ့မျက်ဝန်းလေးများထဲတွင် အရောင်တစ်ချက်လက်သွားသည်ကို မြင်လိုက်ရသဖြင့် လူတိုင်းမှာ သခင်လေး၏ ဉာဏ်ကောင်းပုံကို ဝိုင်းဝန်းချီးကျူးကြလေတော့၏။



အုပ်ချုပ်ရေးမှူးမှာ အလွန်တရာဝမ်းမြောက်သွားပြီး မုတ်ဆိတ်မွှေးကိုသပ်ကာနှိမ့်ချစွာဖြင့် ပြောဆိုလိုက်သည်။



"မဟုတ်ရပါဘူး မဟုတ်ရပါဘူး၊ ကလေးက ငယ်ပါသေးတယ်၊ ပါရမီရှိမရှိဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး"



ဤမျှစည်ကားဆူညံသော ပတ်ဝန်းကျင်သည် မွေးကင်းစကလေးငယ်တစ်ဦးအတွက် ကြာရှည်နေရန်မသင့်တော်ပေ။ အခမ်းအနားပြီးဆုံးပြီးသည်နှင့် အခမ်းအနား၏အဓိကဇာတ်လိုက်ဖြစ်သော အားရှီးကို နောက်ဖေးဆောင်သို့ခေါ်ဆောင်သွားရုံသာမက အုပ်ချုပ်ရေးမှူး၏သားအကြီးဆုံးပါနေရာမှထကာ သူ့အဆောင်သို့ပြန်ရန်ပြင်လိုက်သည်။

သို့သော် သားအကြီးဆုံး၏ဘေးမှ အစေခံမှာမူ သူ့သခင်အတွက်မကျေမနပ်ဖြစ်နေရှာ၏။



"သခင်ကြီးနဲ့သခင်မက ဒီရက်ပိုင်းသခင်လေးအတွက်ပဲ အလုပ်ရှုပ်နေကြပြီး သခင့်ဆီကိုကျ လာမကြည့်ကြဘူး"



သူ့စကားထဲတွင် စိုးရိမ်ပူပန်မှုများကိန်းအောင်းနေ၏။



ယခင်ကဆိုလျှင် အုပ်ချုပ်ရေးမှူးနှင့်ဇနီးသည်တို့သည် မည်မျှပင်အလုပ်ရှုပ်စေကာမူ သားအကြီးဆုံးထံ အလည်အပတ်သွားရန် အချိန်ပေးလေ့ရှိသည်။ ယခုမူမီးနေသည် သခင်မကို အသာထား အုပ်ချုပ်ရေးမှူးကပါ သူ့သားကြီးကို လုံးဝမေ့လျော့နေခဲ့၏။ မိသားစုဝင်များဖြစ်သော သူတို့အနေဖြင့် မည်သို့စိတ်မပူဘဲ နေနိုင်ပါမည်နည်း။

ထို့ပြင် အုပ်ချုပ်ရေးမှူး၏သားအငယ်ဆုံးအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကို ကြည့်လျှင်လည်း ပေးထားသော အမည်နာမဖြင့်ပင် ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားကြောင်း သိသာထင်ရှားလှပေသည်။

သားအကြီးဆုံးမှာမူ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။



"မင်း ဘာမှဆက်မပြောနဲ့တော့၊ ငါ့ညီလေးကငယ်သေးတော့ ဂရုစိုက်မှုအမြဲလိုတယ်၊ ပြီးတော့ ငါကကိုယ်ခန္ဓာ အားနည်းပြီး ရောဂါသည်လို ဖြစ်နေတာလေ၊ အနာဂတ်ကျ ငါ့ဆီတစ်ခုခုဖြစ်သွားခဲ့ရင်တောင် အဖေနဲ့အမေကို ပြုစုစောင့်ရှောက်ဖို့ ညီလေးတစ်ယောက်ရှိနေတာက ငါ့စိတ်ကိုအေးချမ်းစေပါတယ်"


 

သူသည် အစေခံလေးထံ ပွင့်ပွင့်လင်းလင်း ပြောလိုက်သော်လည်း သူ့နှလုံးသားထဲမှ အထီးကျန်ဆန်မှုကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ တကယ်တော့ သူသည် ၁၁နှစ်၊ ၁၂နှစ်အရွယ် ကောင်လေးတစ်ယောက်သာ ရှိသေးရာ သူ့ကိုယ်သူ မည်သို့နှစ်သိမ့်ပေးနိုင်ပါမည်နည်း။ ထိုစဉ် အစေခံလေးမှ ဝမ်းသာအားရဖြင့်ပြောလာသည်။



"သခင်မဆီက အစ်မကြီးချုံလန်ရောက်လာပါတယ်" 



ရောက်လာသူမှာ အုပ်ချုပ်ရေးမှူးကတော်၏အစေခံခေါင်းဆောင်ဖြစ်ပြီး မျက်နှာသာပေးခံရသူတစ်ဦးဖြစ်ကာ သူမစကားများသည် အိမ်တော်ထိန်းများထက်ပင် အာဏာစက်ပိုကြီးလေသည်။ ချုံလန်သည် အကြီးဆုံးသခင်လေးကို ဦးညွှတ်ကာနှုတ်ဆက်လိုက်၏။



"သခင်လေးကို ဂါရဝပြုပါတယ်၊ ဒီနေ့လူရှုပ်နေလို့ သခင်မက ကျွန်မကိုအရင်လွှတ်လိုက်တာပါ၊ သခင်လေး အဆင်ပြေရဲ့လားနဲ့ အစေခံတွေရော သေချာဂရုစိုက်ရဲ့လားဆိုတာ လာကြည့်ခိုင်းလိုက်ပါတယ်၊ သခင်မက မီးတွင်းထဲနေရဦးမယ့်အပြင် သခင်ကြီးကလဲ နွေဦးရာသီအစောပိုင်း ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့ အိမ်ထောင်မှုကြီးကြပ်မယ့်သူမရှိဖြစ်နေတဲ့အချိန် သခင်လေးစိတ်ညစ်စရာတွေနဲ့ကြုံရမှာကို စိုးရိမ်နေကြပါတယ်၊ လိုအပ်တာရှိရင် ဒါမှမဟုတ် ပြဿနာ တစ်ခုခုရှိရင် သခင်ကြီးဆီသာပြောလိုက်ပါ၊ စကားနားမထောင်တဲ့ အစေခံတွေရှိရင်လဲ သခင်လေးသဘောကျသာ စီမံလိုက်ပါ၊ ရိုင်းစိုင်းတဲ့အစေခံတွေကို လွှတ်မထားပါနဲ့"



သူမစကားများကိုကြားလိုက်ရသောအခါ အစေခံများ နိုးကြားသွားကြပြီး ပေါ့ပေါ့ဆဆ မနေရဲကြတော့ပေ။ သခင်လေး၏မျက်မှောင်ကြုံ့ထားသော အမူအရာမှာ အနည်းငယ်ပြေလျော့သွားသည်ကိုမြင်ပါမှ ချုံလန်လည်း သခင်မထံ ပြန်လည်သတင်းပို့ရန် ထွက်ခွာသွားခဲ့သည်။ သတင်းပို့ပြီးနောက် သခင်ငယ်လေးဘက်သို့ လှည့်ကြည့်လိုက်၏။



သခင်ငယ်လေးမှာ ဤရက်ပိုင်းအတွင်း ပို၍ပင်ချစ်စဖွယ်ကောင်းလာသည်။ သူမ ရောက်သွားချိန်တွင် ကလေးငယ်မှာနိုးနေပြီး တောက်ပသောမျက်ဝန်းနက်များဖြင့် သူမထံ စိုက်ကြည့်နေလေ၏။ သူလေးသည် ငိုကြွေးခြင်း၊ ဂျီကျခြင်းမျိုး ရှားပါးပြီး ဗိုက်ဆာချိန် သို့မဟုတ် အနှီးလဲရန်လိုအပ်ချိန်မှသာ အနည်းငယ်အသံပြုတတ်သည်။ ထိုမှတစ်ပါး မျက်ရည်ကျလေ့မရှိပေ။ တကယ်ကို ထူးဆန်းသောမြင်ကွင်းပင်ဖြစ်သည်။