2
နဉ်ရော့ယွီ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ပါးရေတွန့်နေသော်လည်း ခန့်ညားသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသဖြင့် လန့်သွားမိသည်။ သူ့၏အသစ်စက်စက်ဦးနှောက်မှတစ်ဆင့် ထိုသူမှာမည်သူဖြစ်ကြောင်း နားမလည်နိုင်သလို ထိုသူ၏ ရှေ့နောက်မညီသော စကားများကိုလည်း နားမလည်နိုင်ပေ။ သူ့အမြင်အာရုံမှာ ဝေဝါးနေပြီး သေချာမမြင်ရသေးချေ။
သူ့ဘေးနားတွင် စေ့စပ်သေချာသောအစေခံများနှင့် အထိန်းတော်များ ဝိုင်းရံနေပြီး သူ့ကို မျက်စိအောက်မှ အပျောက်မခံဘဲ မသက်မသာဖြစ်မှုမှန်သမျှကို ချက်ချင်းဖြေရှင်းပေးကြသည်။ ယခင်ကထက် ပို၍သက်တောင့်သက်သာရှိသောဘဝပင်။
ယခင်က ဟုတ်လား နေပါဦး သူကဘာလို့ ယခင်ကဆိုတဲ့အကြောင်းကို တွေးမိနေတာလဲ။
အသိစိတ်သည် နုနယ်သော သူ့စိတ်အာရုံထဲသို့ ဖြတ်သန်းသွားပြီး မည်သည့် ခြေရာလက်ရာမျှ မကျန်ရစ်ခဲ့ပေ။
နဉ်ရော့ယွီသည် ကိုယ့်ကိုယ်ကိုယ်ဒုက္ခမပေးလိုပေ။ သူသည် သမ်းဝေလိုက်ပြီးပြန်အိပ်လိုက်တော့သည်။ ပြန်နိုးလာသောအခါတွင်လည်း ဆူညံပူညံမလုပ်ဘဲ အစေခံမလေးများ စကားပြောနေသည်ကို နားထောင်ရသည်အား နှစ်သက်၏။ သူနားမလည်သော်လည်း စိတ်ဝင်တစားဖြင့်နားထောင်နေတတ်သည်။
သူတို့ပြောနေသော စကားများမှာ ဒေသိယစကားတစ်မျိုးမျိုးဖြစ်မည်ဟု သူ အမြဲတွေးမိ၏။ နှစ်ခါသုံးခါလောက် နားထောင်ပြီးလျှင် နားလည်လာမည်ဟုသာ တွေးလိုက်သည်။ ဒါပေမယ့် ဒေသိယစကား ဆိုတာ ဘာကြီးလဲ ထူးဆန်းလိုက်တာ။ သူ့ဦးနှောက်က အသစ်မဟုတ်ဘူးလား။ ဘာလို့ ထူးဆန်းတဲ့အတွေးတွေက ခေါင်းထဲကို ရောက်လာရတာလဲ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နဉ်ရော့ယွီ သည် လက်လှမ်းလိုက်ပြီး သူ့ရှေ့သို့ကျလာသော ပလုတ်တုတ်ကို လှမ်းဆွဲလိုက်သည်။ သူ၏လက်ဖောင်းဖောင်းလေးများမှာ ပလုတ်တုတ်ကို ဆုပ်ကိုင်ထားပြီးလွှတ်မပေးတော့ပေ။ စီရင်စုအုပ်ချုပ်ရေးမှူးနဉ်ယွမ် လည်း ဝမ်းသာသွားပြီး ဇနီးသည်ဘက်သို့ လှည့်ကာပြောလိုက်သည်။
"ကြည့်ပါဦး ကိုယ်တို့သားလေးရဲ့လက်က သန်မာလိုက်တာ"
သို့သော် အံ့သြစရာကောင်းသည်မှာ အနည်းငယ် အားစိုက်လိုက်ရုံဖြင့် ထိုလက်သည် အလိုလိုလွှတ်ပေးတတ်သည်။ သူသည် ရုန်းကန်ခြင်း၊လုယူခြင်းမျိုးမပြုလုပ်ဘဲ အခြားကလေးများကဲ့သို့ ခက်ထန်ခြင်း၊ဗိုလ်ကျခြင်းတို့ကိုလည်း မပြသခဲ့ပေ။ နဉ်ယွမ်မှာ သားဖြစ်သူထံပလုတ်တုတ်ဖြင့် စနောက်သော်လည်း သူလေးကမူ လက်ဖောင်းဖောင်းလေးအား ဆန့်တန်း၍လှုပ်ရမ်းပြရုံသာရှိသည်။ ဖခင်မှ သားကိုစနောက်နေသည်လား သားကသာ ဖခင်ကို ပေါ့ပေါ့ပါးပါးပြန်စနောက်နေသည်လားကိုတော့ ခွဲခြားရခက်လှပေ၏။ နဉ်ယွမ်မှရယ်မောကာ ပြောလိုက်သည်။
"ဒါက သဘာဝတရားနဲ့ဆန့်ကျင်နေတာပဲ"
ဤအပြုအမူမှာ အခန်းထဲရှိလူတိုင်းကို သဘောကျစေပြီး ပခုံးတွန့်ကာရယ်မောမိစေသည်။ မီးနေသည်ကာလပြီးဆုံးပြီးနောက် ရာသီဥတုမှာ ဖြည်းဖြည်းချင်းပူနွေးလာသော်လည်း အုပ်ချုပ်ရေးမှူးအိမ်တော်ရှိ မီးဖိုမှာမူ ဆက်လက်ထားရှိထားဆဲပင်။ မွေးကင်းစကလေးငယ်မှာ အအေးမိခံ၍မဖြစ်သောကြောင့်ဖြစ်သည်။
အုပ်ချုပ်ရေးမှူး၏သားအကြီးဆုံးမှာ ရောဂါသည်ဖြစ်သောကြောင့် အိမ်တော်တွင် သီးသန့်ပြုစုစောင့်ရှောက်ပေးသော သမားတော်တစ်ဦး ရှိနေ၏။ သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာမှ မေ့ချန် ရေးသားခဲ့သော ဆုံးမစာ ခုနစ်စောင်ကို လေ့လာခဲ့ဖူးသည်။ ထိုကျမ်းတွင် ရေရှည် သက်တောင့်သက်သာ နေထိုင်ခြင်း၊ အလိုလိုက်ခံခြင်းနှင့် ပျော်ပါးခြင်းတို့သည် စိတ်ကိုပင်ပန်းနွမ်းနယ်စေပြီး ရောဂါမျိုးစုံ ဖြစ်ပွားစေနိုင်ကြောင်း ဖော်ပြထား၏။
ဤရောဂါများသည် ဆင်းရဲသားများတွင်မဖြစ်ပွားဘဲ သူဌေးရောဂါများဖြစ်သဖြင့် သူက သတိထားမှတ်သားထားခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူသည်နေရာဒေသအသီးသီးသို့ ခရီးသွားခဲ့ပြီး ဆောင်းရာသီတွင် အိမ်ထဲ၌မီးသွေးမီးဖိုကို လေဝင်လေထွက်မရှိဘဲ အသုံးပြုပါက အန္တရာယ်ရှိနိုင်ကြောင်း ဖြည်းဖြည်းချင်း နားလည်လာခဲ့၏။ ထို့ကြောင့် သူသည်အစေခံများကို ပြတင်းပေါက်ဖွင့်၍ လေဝင်လေထွက်ကောင်းအောင်ထားရန် မကြာခဏ သတိပေးလေ့ရှိပြီး အားလုံးကလည်း လိုက်နာကြသဖြင့် ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ပေ။
သခင်ငယ်လေးသည် တစ်လကျော်ကြာသည်ထိ တည်ငြိမ်စွာပင်ကြီးထွားလာခဲ့ပြီး ကြည်လင်တောက်ပသော သူ့မျက်လုံးလေးများမှာ ပိုမိုလှပလာကာ ဉာဏ်ရည်ထက်မြက်မှုများဖြင့် ပြည့်နှက်နေတော့သည်။ အုပ်ချုပ်ရေးမှူးနှင့် ဇနီးသည်တို့သာမက အစေခံများကပါ သူ့ကိုစနောက်ရသည်ကို နှစ်သက်ကြ၏။ သူသည် အမှန်တကယ် နားလည်နေသကဲ့သို့ အာရုံစိုက်နေသည်ကိုမြင်ရသည်မှာ အလွန်ရယ်စရာကောင်းသည်ဟု သူတို့ထင်မြင်ကြသည်။
နဉ်ရော့ယွီ ခေါင်းမော့လိုက်၏။ နဉ်ရော့ယွီ ခေါင်းငုံ့လိုက်သည်။
အီး အား
အီး အား
သူ ငယ်ပါသေးသည်။ သူတစ်ပါးစကားပြောသည်ကို နားထောင်ခြင်းမှလွဲ၍ ရံဖန်ရံခါ ခေါင်းထောင်ကြည့်ခြင်းကိုသာ လေ့ကျင့်နေခဲ့၏။ သို့သော် ယနေ့တွင်မူ မမျှော်လင့်ထားသော အရာတစ်ခုဖြစ်ပျက်လာခဲ့သည်။
သူ့ခေါင်းထဲမှ အသံတစ်သံထွက်ပေါ်လာခြင်းပင်။
[ တင် ]
[ Sign-in စနစ်မှ ဝန်ဆောင်မှု ပေးနေပါပြီ...... Loading......အိမ်ရှင်ရဲ့အချက်အလက်များ ရယူပြီးပါပြီ ]
တည်ငြိမ်သော အီလက်ထရောနစ်အသံသည် ရုတ်တရက်ရပ်တန့်သွားပြီး သေးငယ်သော နဉ်ရော့ယွီကို စကားတစ်ခွန်းမှဆက်မပြောဘဲ ကြာမြင့်သည်ထိစိုက်ကြည့်နေပုံရသည်။ သူ့တည်ရှိမှုကို မေးခွန်းထုတ်နေသကဲ့သို့ပင်။
နဉ်ရော့ယွီသည် သူ့ဦးနှောက်အသစ်လေးပျက်သွားပြီဟုထင်လိုက်ရာ လက်ဖောင်းဖောင်းလေးဖြင့် သူ့ခေါင်းသူပုတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် နှစ်ချက်လောက် ပုတ်လိုက်ရင်ပြန်ကောင်းသွားမှာပဲလေ။
သို့သော် ရုတ်တရက်အသံမှာပြန်ပေါ်လာပြန်သည်။
[အိမ်ရှင်နဲ့ ချိတ်ဆက်ပြီးပါပြီ ပြောင်းလဲ၍မရတော့ပါ ]
[ Sign-in စနစ်က အိမ်ရှင့်အတွက် ပါရမီရှင်အစီအစဉ်ကို ရေးဆွဲထားပြီးဖြစ်ပါတယ် >
တစ်လသားအရွယ်တွင် "အာ အို" ဟုအသံပြုကာ စကားပြောနိုင်ရပါမယ်၊ နှစ်လ သုံးလ အရွယ်ကျရင် သူတစ်ပါးကိုမှန်မှန်ကန်ကန်နဲ့ တုံ့ပြန်နိုင်ရပါမယ်၊ လေး ငါး ခြောက်လ အရွယ်ရောက်ရင်တော့ ကိုယ်လုံးလှိမ့်နိုင်ပြီး ရှင်းလင်းတဲ့ရည်မှန်းချက်ထားရပါမယ်၊ ခုနစ်လမှာ ထိုင်နိုင် တွားသွားနိုင်ရပါမယ်၊ ရှစ်လမှာ ဖေဖေ မေမေခေါ်နိုင်ရပါမယ်၊ ကိုးလမှာ မတ်တပ်ရပ်ပြီးလမ်းနည်းနည်း လျှောက်နိုင်ရပါမယ်၊ ဆယ်လမှာ ပစ္စည်းတွေပေါ် တက်နိုင်ရပါမယ်...... ]
[ ပထမဆုံးမွေးနေ့ပွဲမှာ ထူးခြားတဲ့ပါရမီကို ပြသရပါမယ်၊ ဘယ်လက်မှာ စုတ်တံကိုကိုင် ညာလက်မှာ ဓားကိုကိုင်ပြီး မြင်သူတိုင်းကိုအံ့သြမှင်သက်သွားစေရပါမယ် ]
[ Sign-in စနစ်သည် နေ့စဉ် Sign-in ဝင်ခြင်းအတွက် အမှတ်များပေးမှာဖြစ်ပြီး ၎င်းအမှတ်များကို စနစ်ဆိုင်မှာ ပစ္စည်းများနဲ့လဲလှယ်နိုင်ပါတယ်၊ ပါရမီရှင်တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းနဲ့ အောင်မြင်မှုအမှတ်တွေကို စစ်ဆေးဖို့အတွက် သက်ဆိုင်ရာလက်ဆောင်ထုပ်များကိုရရှိမှာဖြစ်လို့ အိမ်ရှင့်ရဲ့အနာဂတ်အောင်မြင်မှုကို အာမခံပါတယ်]
နဉ်ရော့ယွီ နားပိတ်ထားသော်လည်း အသံကိုကြားနေရဆဲပင်။
ဘာတွေ လာပြောနေတာလဲ ရှုပ်လိုက်တာ။
မလိုအပ်ဘဲ အပြိုင်အဆိုင်ကြိုးစားရတာမျိုးလား နောက်ဆုံးကျလည်း အဲ့တာတွေက ဘာမှမဟုတ်တဲ့အရာတွေပဲလေ။
ဒီသောက်သုံးမကျတဲ့ Sign-in စနစ်က သိပ်ရှုပ်တာပဲ။ သူ့ဘာသာသူဖြစ်ချင်တာဖြစ်ကွာ။