Ch 15
Viewers 696

15





ပထမလဆန်းကာလသို့ ရောက်ရှိလာပြီဖြစ်ရာ စီရင်စုအုပ်ချုပ်ရေးမှူး နေအိမ်အနီးရှိ လမ်းမထက်တွင် လတ်ဆတ်သောလေထုနှင့်အတူ နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုနေကြလေသည်။ အပြာရောင် အုတ်ကြွပ်ပြားများပေါ်တွင် မပျော်ဝင်သေးသော နှင်းများတွယ်ကပ်နေပြီး အဖြူနှင့်အမည်း ရောယှက်နေသော နှင်းစများမှာနေရာအနှံ့ ကြဲပက်ထားသကဲ့သို့ရှိနေ၏။ ခြံဝင်းများအတွင်းရှိ သစ်ပင်အိုကြီးများ၏ ခြောက်သွေ့နေသောအကိုင်းအခက်များသည် မီးခိုးရောင် ကောင်းကင်ယံဆီသို့ ဆန့်တန်းထားပြီး လမ်းမများနှင့် လမ်းကြားများထိဖြန့်ကျက်နေလေသည်။ လမ်းမများပေါ်ရှိ နှင်းများကို အိမ်တိုင်းမှစေလွှတ်လိုက်သော အစေခံများမှပြောင်စင်အောင် ရှင်းလင်းထားကြ၏။ ဧည့်သည်များလာရောက်သည့်အခါ မိမိတို့အိမ်နှင့် ပတ်ဝန်းကျင်သည် သန့်ရှင်းသပ်ရပ်နေမှသာ ထိုမျိုးရိုးမြင့်မိသားစုများအတွက် မျက်နှာမပျက်စရာဖြစ်ပေမည်။



လမ်းထောင့်တစ်နေရာတွင် ဆံပင်ဖြူများဖြင့်အဘိုးအိုတစ်ဦးသည် သန့်ရှင်းကြည်လင်နေသောမြေပြင်ကို မြင်လိုက်ရပြီးခြေချလိုက်သည့်ခဏ၌ အနည်းငယ်နေရခက်သွားမိလေသည်။

လမ်းလျှောက်လွန်းသဖြင့် ညစ်ပေနေသော အကောင်းဆုံးသူ့အဝတ်ဖိနပ်သည် ခြေမနေရာတွင်အပေါက်ပါနေပြီး နှင်းကိုက်၍ရောင်ရမ်းနေသော ခြေချောင်းများသည် ယခုအခါထုံကျင်နေပြီဖြစ်၏။



အိမ်တွင်အစာစားချင်၍ ငိုယိုနေမည့် တစ်နှစ်အရွယ်မြေးငယ်လေးကို တွေးမိသောအခါ အဘိုးထန်သည်အံကြိတ်လိုက်မိသည်။ ဂွမ်းစုတ်များ၊ ကျူရိုးများနှင့် မြက်ခြောက်များထည့်သွင်းချုပ်လုပ်ထားသော လျှော်ထည်အဝတ်ကို ခန္ဓာကိုယ်၌လုံအောင်ပတ်ပြီး သစ်သီးများပါသော ဝါးခြင်းတောင်းကိုပိုက်လျက် တံခါးစောင့်အားသွားခေါ်လိုက်လေ၏။



"လူကြီးမင်း ခွင့်ပြုပါ ဒါတွေကဒီနှစ်မှအေးခဲထားတဲ့ တည်သီးရယ် လတ်ဆတ်တဲ့ဟော်သွန်းသီးတွေနဲ့ သိမ်းဆည်းထားတဲ့ ဇီးသီးခြောက်တွေပါ......"



သူ့စကားမဆုံးမီပင် မောင်းထုတ်ခံလိုက်ရတော့သည်။ 



"သွားစမ်း သွားစမ်း ဒီသူတောင်းစားအိုကြီးက ဘယ်ကရောက်လာတာလဲ ဒီမှာလာမတောင်းနဲ့"



အဘိုးထန် စိတ်ဓာတ်ကျသွားပြီးဆက်မပြောရဲတော့ချေ။ သူသည်မလိုလားဟန်ဖြင့် အခြားနေရာတစ်ခုသို့ သွားရောက်သော်လည်း အကြိမ်ကြိမ်မောင်းထုတ်ခံရလေသည်။ ရိုင်းစိုင်းသောတံခါးစောင့်များရှိလျှင် အနားသို့ပင်မကပ်ရဲခဲ့ပေ။ သို့မဟုတ်ပါက ငွေမရသည့်အပြင် အရိုက်ခံရပြီးသေဆုံးသွားနိုင်သည်။ သို့သော် လမ်းမတစ်လျှောက် လျှောက်သွားရင်း သူတောင်းစားအဖြစ် အကြိမ်ကြိမ်မောင်းထုတ်ခံရခြင်းမှာ သူ့ကိုပိုပြီးဝမ်းနည်းစေ၏။



အဘိုးထန်သည် အလွယ်တကူလက်မလျှော့နိုင်ပေ။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ဘေးပေါက်သို့ရောက်သောအခါ တံခါးစောင့်၏ငြင်းပယ်ခြင်းကိုခံရပြန်သည်။ သို့သော် သူစိတ်မပျက်ဘဲ နောက်တစ်အိမ်သို့သွားရန် ပြင်လိုက်စဉ် ကြည်လင်ပြတ်သားသောအသံတစ်ခုမှ သူ့ကိုလှမ်းခေါ်လိုက်လေ၏။ 


"ခဏလောက်နေပါဦး"



အဘိုးထန်သည် ကြောင်အမ်းစွာဖြင့်လှည့်ကြည့်လိုက်ရာ ယခင်ကသူ့ကိုမောင်းထုတ်ခဲ့သော တံခါးစောင့်သည် သူ့ကိုလှမ်းခေါ်လိုက်သည့် အမျိုးသမီးငယ်အား မျက်နှာလိုမျက်နှာရပြုလုပ်နေသည်ကိုတွေ့လိုက်ရသည်။ ဤသူမှာ သာမန်လူမဟုတ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်ပြီး သူ့မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာလေ၏။ 



"သခင်မလေး ဘာကိစ္စများရှိလို့ပါလဲ"



အမျိုးသမီးငယ်မှာ အမှုမထားဟန်ဖြင့်မေးလာ၏။ 


"ဘာရောင်းတာလဲ"



အဘိုးထန်သည် အကြိမ်ပေါင်းများစွာရွတ်ဆိုခဲ့ဖူးသောစကားများကို အမှားအယွင်းမရှိရွတ်ဆိုပြလိုက်သည်။



"ကျွန်တော်က အကောင်းဆုံးအေးခဲထားတဲ့တည်သီးတွေ ဇီးသီးခြောက်တွေနဲ့ဟော်သွန်းသီးတွေ ရောင်းပါတယ်"



ချုံလန်သည် ယနေ့အုပ်ချုပ်ရေးမှူးကတော်၏အလုပ်ကိစ္စများကို ကူညီဆောင်ရွက်ပေးရန် အပြင်ထွက်ခဲ့ခြင်းဖြစ်ပြီး အိမ်ပြန်လမ်း၌ဤဆူညံသံကိုကြားလိုက်ရသဖြင့် တစ်ချက်လှည့်ကြည့်လိုက်ခြင်းဖြစ်သည်။ သူမသည် အသာလျှောက်လာပြီး ဝါးခြင်းတောင်းထဲမှ သစ်သီးများကို ရွေးချယ်ကြည့်ရှုလိုက်၏။ ဤသစ်သီးများကို သေချာရွေးချယ်ထားပုံရလေသည်။ အားလုံးသည် အရည်အသွေး ကောင်းမွန်ပြီး ပုပ်သိုးနေခြင်းမရှိချေ။ အထူးသဖြင့် ဟော်သွန်းသီးများသည် အနီရောင်တောက်တောက်ဖြင့် ဆောင်းတွင်းကာလ၌ စိတ်ကိုကြည်လင်လန်းဆန်းစေသော မြင်ကွင်းပင်ဖြစ်သည်။



ချုံလန်သည် မကြာသေးမီ၌သခင်ငယ်လေးအစားမစားသဖြင့် ခေါင်းကိုက်နေရသော သခင်မကြီးကိုသတိရလိုက်ပြီး ဝါးခြင်းတောင်းကိုသယ်ခဲ့ရန် လူတစ်ဦးကိုအမိန့်ပေးလိုက်၏။


"ကျွန်မ အကုန်ယူမယ်"



သူမသည် ငွေစအချို့ကိုအဘိုးထန်ထံပေးလိုက်ပြီး မေးလိုက်၏။ 


"လိုသေးလား"



အဘိုးထန်သည် မမျှော်လင့်ထားသောကံကောင်းမှုကြောင့် မှင်သက်လုနီးပါး ဖြစ်သွားရလေသည်။ ငွေစများကို လက်ထဲတွင်ဆုပ်ကိုင်ထားရင်း သူ့ရင်ထဲတွင်နွေးထွေးမှုများ ပြည့်နှက်လာကာ အလျင်အမြန်ပြန်လည်ဖြေကြားလိုက်သည်။ 



"မလိုတော့ပါဘူး မလိုတော့ပါဘူး ကျေးဇူးအများကြီးတင်ပါတယ် သခင်မလေး ကျေးဇူးတင်ပါတယ်"



ချုံလန် ခေတ္တမျှစဉ်းစားကာပြောလိုက်သည်။ 



"နောက်တစ်ခါ ဒီအသီးတွေလာရောင်းရင် အုပ်ချုပ်ရေးမှူးအိမ်တော်ကိုအရင်လာမေးပါ မလိုချင်ဘူးဆိုမှပြန်သွားပေါ့"



အဘိုးထန်သည် အံ့သြဝမ်းသာဖြစ်သွားရပြီး သူ့မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခု ပျံ့နှံ့သွားကာ ရှုံ့တွနေသောမျက်နှာအိုကြီးမှာလည်း ပြေလျော့သွားတော့သည်။



"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"



စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်



ခြံဝင်းအတွင်း၌ ကျောက်ပြားလမ်းကို နှင်းစတစ်စက်မျှမကျန်အောင် လှည်းကျင်းထားလေသည်။ အစေခံမလေးတစ်ဦးသည် ညကတည်းမှလမ်းပေါ်တွင် မီးသွေးမှုန့်များကိုဖြန့်ခင်းထားသဖြင့် ခြောက်သွေ့ကာ လမ်းလျှောက်ရသည်မှာ သက်တောင့်သက်သာရှိလှ၏။ အိမ်အမိုးစွန်းအောက်တွင် မည်သူမှထိုင်မနေသော်လည်း ပိုးကူရှင်များနှင့်ဖျာများကို သပ်သပ်ရပ်ရပ်ခင်းကျင်းထားပြီး အနီးတွင် မီးဖိုတစ်ခုထားရှိထားသည်။ သခင်များ စိတ်ပျော်ရွှင်၍နှင်းငွေ့ခံစားလိုလျှင် အသင့်ဖြစ်စေရန်ပြင်ဆင်ထားခြင်းပင်။



အိမ်အတွင်း၌ ကြမ်းခင်းအောက် အပူပေးစနစ်ကြောင့် အလွန်နွေးထွေးနေပြီး ခြေဗလာဖြင့်လမ်းလျှောက်လျှင်ပင် နွေးထွေးမှုကိုခံစားရသည်။ ပန်းအိုးများတွင်ထိုးထားသော မက်မွန်ပန်းနီနီတို့သည် ဤနွေးထွေးမှုအောက်တွင် တိတ်တဆိတ်ပွင့်လန်းနေပြီး လန်းဆန်းသင်းပျံ့သောရနံ့များကို ထုတ်လွှတ်နေလေ၏။ နဉ်ရော့ယွီသည် ဤကဲ့သို့သောဇိမ်ကျသည့်ဘဝကို နေသားကျနေပြီဖြစ်သော်လည်း ယခုအချိန်တွင် သူအတောင့်တဆုံးအရာမှာ အရသာရှိသောအစားအစာများကို မြည်းစမ်းခွင့်ရရှိရန်ပင်ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က မီးဖိုချောင်မှနေသူ့အတွက်ကြက်ဥပေါင်းပန်းကန်လုံး အနည်းငယ်ပေါင်းပေးခဲ့ရာ ၎င်းမှာရှားပါးသောအရသာတစ်ခုဖြစ်ခဲ့၏။ နောက်ပိုင်းတွင် ဆောင်းသခွားဟင်းချို၊ နူးအိအောင် ချက်ထားသော အသားနုပ်နုပ်စဉ်းနှင့် ဟင်းသီးဟင်းရွက်အနှစ်အမျိုးမျိုး ပါဝင်လာသည်။



တစ်ခါတစ်ရံတွင် အချို့ဟင်းလျာများမှာစားကောင်းသော်လည်း အချို့မှာမူ အရသာလုံးဝမရှိချေ။ သို့သော် အာဟာရရှိသောကြောင့် အရသာမကောင်းလျှင်ပင် အတင်းမြိုချနေရရှာသည်။ ကံကောင်းသည်မှာ သူ၏ ယခုခန္ဓာကိုယ်ငယ်လေးသည် ယခင်ဘဝကဲ့သို့ အစားအစာမျိုးစုံဖြင့်အရသာဖျက်စီးမခံရသေး၍ သည်းခံစားသောက်နိုင်ခြင်းပင်။



သို့သော် သူ၏တပ်မက်မှုကိုမူ မထိန်းချုပ်နိုင်ပေ။



ဟင်းလျာစာရင်းမှာ အလွန်အကန့်အသတ်ရှိပြီး ကလေးမှာလည်း ငယ်ရွယ်လွန်းသဖြင့် စားဖိုမှူးမှမည်မျှ ကြိုးစားစေကာမူ မွေးကင်းစကလေးအတွက် ထူးခြားသောအစားအစာများကို ဖန်တီးပေးရန်မဖြစ်နိုင်ပေ။ ကောလာဟလများအရ စားဖိုမှူးသည် မကြာသေးမီရက်ပိုင်းအတွင်း ပေါင်အတော်အတန်ကျသွားပြီးပိန်ချုံးနေသည်ဟုဆိုကြသည်။ နဉ်ရော့ယွီသည် လက်ဖောင်းဖောင်းလေးများဖြင့် ပါးနုနုလေးကိုထောက်ထားကာ အတော်လေးစိတ်ညစ်နေပုံရ၏။ လူကြီးများအတွက်မူ ၎င်းမှာအလွန် ရယ်စရာကောင်းနေတော့သည်။

အုပ်ချုပ်ရေးမှူးမှာ သူ့ဇနီးသည်ထံစနောက်လိုက်၏။ 



"ကြည့်ပါဦး သူကဒီလောက်သေးသေးလေးရှိသေးတာကို ဘာတွေများပူပန်စရာရှိနေလို့လဲ"



ဇနီးသည်မှာ မျက်စောင်းထိုးလိုက်သည်။ 



"ရှင်အမြဲပြောနေတဲ့ ရုပ်လွန်သဘောတရားတွေကျတော့ ကိစ္စကြီး ဖြစ်နေပြီး ကျွန်မသားရဲ့ အစားအသောက်ကျတော့ ဂရုမစိုက်ရဘူးလား ဘယ်လိုလုပ်ကိစ္စမကြီးရမှာလဲ"



အငေါက်ခံရမည်ဟုမထင်ထားသော အုပ်ချုပ်ရေးမှူးမှာ အမြန်တောင်းပန်လိုက်ရသည်။ 



"မဟုတ်ရပါဘူး ကိုယ့်သားရဲ့လိုအပ်ချက်က အရေးအကြီးဆုံးပါ"



နဉ်ရော့ယွီသည် သူ့ကိုအကြောင်းပြပြီး စကားပြောနေကြသော လူကြီးနှစ်ဦးကိုဂရုမစိုက်ချင်ပေ။ သူ့စိတ်အာရုံသည် ယခင်ဘဝရှိချက်ပြုတ်နည်း ၁၈မျိုးဖြစ်သည့် ပေါင်းခြင်း၊ ကြော်ခြင်း၊ မွှေကြော်ခြင်း၊ ကင်ခြင်း၊ ပြုတ်ခြင်း စသည်တို့ကို အသုံးပြု၍ပြုလုပ်ခဲ့သော အရသာရှိသည့်ဟင်းလျာများဆီသို့သာ ရောက်ရှိနေလေသည်။ ၎င်းတို့သည် သူ့ယခုဘဝနှင့်အလွန် ကွာဝေးနေချေပြီ။



အထူးသဖြင့် ဤခေတ်ကာလတွင် ဟင်းခတ်အမွှေးအကြိုင်များသည် အရင်ခေတ်ကာလများလောက် မပေါများပေ။ ငရုတ်ကောင်းသည်ပင်လျှင် အလွန်အမင်းဈေးကြီးလှသည်။ သူသည် ဟင်းခတ်အမွှေးအကြိုင်များကို စုဆောင်းရန် နည်းလမ်းရှာရမည်ဖြစ်ပြီး ဖြစ်နိုင်လျှင်ကိုယ်တိုင်ပြုလုပ်ရပေမည်။