Ch 16
Viewers 711

16





အခွင့်ကောင်းကို စောင့်နေသော Sign-inစနစ်မှာ ဦးနှောက်ခြောက်အောင်စဉ်းစားပြီး ပြောလာသည်။



[ အိမ်ရှင်သာ တာဝန်ကိုကောင်းကောင်း လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ပဲငံပြာရည်နဲ့ ရှာလကာရည်ပြုလုပ်နည်းတွေလဲရှိပါတယ် ]



နဉ်ရော့ယွီ နှာခေါင်းရှုံ့လိုက်သည်။ 



"ငါ့ကို လာမလိမ်နဲ့၊ ပဲငံပြာရည်နဲ့ရှာလကာရည်က အခုလဲရှိနေတာပဲ"



Sign-inစနစ်က သူ့ဝှက်ဖဲကိုထုတ်သုံးလိုက်သည်။ 



"ကြက်သားမှုန့်၊ ခရုဆီနဲ့တခြားလုပ်နည်းတွေလဲ ရှိသေးတယ်၊ ငရုတ်ကောင်း၊ ငရုတ်သီးနဲ့ တခြား ဟင်းခတ်အမွှေးအကြိုင်မျိုးစေ့တွေကို အမှတ်တွေနဲ့လဲလှယ်လို့ရတယ်လေ"


နဉ်ရော့ယွီ ခေတ္တမျှစိတ်လှုပ်ရှားသွားသော်လည်း ဆင်ခြင်တုံတရားကို ထိန်းထားပြီး တည်ငြိမ်စွာပြောလိုက်သည်။



"မလောပါနဲ့ မလောပါနဲ့၊ ငါကငယ်ပါသေးတယ် လုပ်လိုက်ရင်တောင်စားနိုင်မှာမဟုတ်ဘူး"



Sign-in စနစ်က ဇွဲမလျှော့ဘဲဆက်ပြောသည်။ 



"ဒါပေမယ့် စိုက်ပျိုးဖို့ အပွင့်ပွင့်ပြီး အသီးသီးဖို့က အချိန်ယူရတယ်လေ၊ ဆော့စ်လုပ်တာကလည်း သုတေသန လုပ်ရဦးမှာ၊ စောစောရလေ စောစော ခံစားရလေပဲ"


နဉ်ရော့ယွီသည် စနစ်၏ခြိမ်းခြောက်စကားများကို လုံးဝလျစ်လျူရှုလိုက်သည်။ 



"ငါက အချောထည်ဝယ်လို့မရဘူးလား၊ မင်းရဲ့စနစ်ဆိုင်က အဲဒီလောက်တောင်အသုံးမကျဘူးပေါ့"



Sign-in စနစ် : [.....] KO!



ဤအိမ်ရှင်သည် ပျင်းရိနေချိန်တွင် အတော်လေးဉာဏ်ကောင်းပြီး သူ့ဦးနှောက်အလုပ်လုပ်ပုံမှာ အံ့မခန်း မြန်ဆန်လှပေသည်။ နွေးထွေးစေသောလိုက်ကာပွင့်သွားပြီး ချုံလန်က ဦးစွာဝင်ရောက်လာကာ နှုတ်ဆက်လေ၏။ အုပ်ချုပ်ရေးမှူးကတော်နှင့် စကားအနည်းငယ်ပြောဆိုပြီးနောက် ရယ်မောသံများထွက်ပေါ်လာကာ နဉ်ရော့ယွီသည် သူ့နာမည်ကိုပင် ကြားလိုက်ရလေသည်။



"အထဲကိုယူလာဖို့ မလောပါနဲ့ဦး၊ တည်သီးက အေးတဲ့ဓာတ်ရှိတယ်၊ ဟော်သွန်းသီးနဲ့ ဇီးသီးတွေကိုလဲ သူ အများကြီးမစားသင့်ဘူး၊ တော်ကြာသူမြင်ပြီး သွားရည်ကျနေပါဦးမယ်"



ထိုသို့မှာကြားပြီးနောက်တွင် နဉ်ရော့ယွီသည် ဤကဲ့သို့ချမ်းအေးသောရာသီဥတု၌ ရှားရှားပါးပါးသစ်သီးများကို မြည်းစမ်းခွင့်ရရှိလေသည်။

လူကြီးများသည် အေးခဲနေသောတည်သီးများကို တိုက်ရိုက်ကိုက်စားနိုင်ကြသော်လည်း နဉ်ရော့ယွီမှာမူ ထိုမျှကံမကောင်းရှာပေ။ သူသည် ၎င်းတို့ကို အရည်ပျော်အောင်စောင့်ဆိုင်းပြီး မီးကင်၍နွေးထွေးသွားမှသာလျှင် စားသုံးခွင့်ရရှိလေသည်။



တည်သီးများသည် နူးညံ့ပျော့ပျောင်းနေပြီဖြစ်ရာ ထပ်မံပြုပြင်ရန်မလိုတော့ဘဲ သူ့ပါးစပ်သေးသေးလေးထဲသို့ တိုက်ရိုက်ခွံ့ကျွေးနိုင်ပေ၏။ ၎င်းတို့သည် ချိုမြိန်ပြီးအရသာရှိလှသဖြင့် အတော်ပင်ကောင်းမွန်လေသည်။ ဟော်သွန်းသီးများနှင့် ဇီးသီးများသည်လည်း အရသာပြည့်စုံလှပေ၏။ အကယ်၍မချိုမြိန်ပါက သာမန်ပြည်သူများသည် ချမ်းသာသောမိသားစုများထံသို့ လာရောက်ပို့ဆောင်ရဲမည် မဟုတ်ချေ။



အုပ်ချုပ်ရေးမှူးကတော်သည် နဉ်ရော့ယွီ၏လောဘတကြီးဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ ရယ်လည်း ရယ်ချင်၊ သနားလည်း သနားမိလေသည်။ နောက်ဆုံးတွင် သူမစိတ်ကိုတင်းကာပြောလိုက်၏။



"သခင်လေးဆီ နည်းနည်းပို့လိုက်ပါ၊ ဒါပေမယ့် အများကြီးမစားဖို့သတိပေးလိုက်ဦး" 



သို့သော် သူမ၏သားအကြီးဆုံးသည် လိမ္မာရေးခြားရှိသဖြင့် သူမအနေဖြင့် များစွာ စိတ်ပူစရာမလိုပေ။ သားအငယ်ဆုံးမှာမူ ဆိုးသွမ်းမသွားစေရန် စည်းကမ်းတကျထိန်းကျောင်းရန် လိုအပ်နေပုံရလေသည်။ ထို့နောက် သူမဆက်လက် စီမံလိုက်၏။ 



"အဒေါ်ဖန်းတို့ဆီလဲ နည်းနည်းပို့လိုက်ပါ၊ ကျန်တာကိုတော့ မင်းတို့အချင်းချင်းခွဲပြီးစားလိုက်ကြတော့"



"မေမေ" 


နဉ်ရော့ယွီသည် သူမ၏အလျင်စလို စီစဉ်မှုကို ဖြတ်ပြောလိုက်၏။ 



"သား သားရော အားရှီးရော"



သူသည် လက်ညှိုးဖောင်းဖောင်းလေးဖြင့် မိမိကိုယ်ကိုညွှန်ပြလျက် ထိုင်ခုံရှည်ပေါ်မှ စိတ်လှုပ်ရှားစွာထလိုက်သည်။ သူ့ခြေထောက်တိုတိုလေးများကိုကွေးထားဆဲဖြစ်ပြီး ထိုင်ခုံပေါ်မှခုန်ချလုနီးပါးဖြစ်နေရှာ၏။ အုပ်ချုပ်ရေးမှူးကတော်သည် သူ့ထံမျက်စောင်းထိုးကာကြည့်ရင်း မေးလိုက်သည်။ 



"သားက ဟုတ်လား"



နဉ်ရော့ယွီသည် ကြက်ကလေးစပါးကောက်သကဲ့သို့ ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလိုက်လေသည်။



"သား စားပြီးပြီမလား၊ ဘာဖြစ်လို့ သူများကို မျှဝေမပေးချင်တာလဲ"



သူမစနောက်လိုက်သည်။ နဉ်ရော့ယွီ ခေတ္တမျှတန့်သွားပြီးနောက် နာကျင်သွားဟန်မျက်နှာထားဖြင့် ပြောလာရှာ၏။



"မျှဝေပါ့မယ်"



အုပ်ချုပ်ရေးမှူးကတော်သည် သူ့ကိုစနောက်ပြီးနောက် ချုံလန်ကိုမှာကြားလိုက်သည်။ 



"နောက်ဆိုရင် တစ်ယောက်ယောက်က ဒီအသီးတွေလာရောင်းရင် တန်းသာဝယ်ထားလိုက်"



ချုံလန်မှတ်သားလိုက်၏။ 



"ဟုတ်ကဲ့ပါ"



နဉ်ရော့ယွီ၏စောစောက ဝမ်းနည်းမှုများပျောက်ကွယ်သွားပြီး ပြန်လည် ရွှင်လန်းလာတော့သည်။ ထို့နောက် အုပ်ချုပ်ရေးမှူးကတော်သည် သူမ၏ခင်ပွန်းသည်ကို ဘေးသို့ဆွဲခေါ်ကာ တိုင်ပင်ဆွေးနွေးလေ၏။ 



"ရှင်က ကွမ်ဖျင်စီရင်စုအုပ်ချုပ်ရေးမှူးအဖြစ် ဘယ်လောက်ကြာကြာနေရမလဲမသိနိုင်ဘူး၊ သတိမထားခဲ့ရင် ခုနစ်နှစ် ရှစ်နှစ်လောက်ကြာသွားနိုင်တယ်၊ အဲ့ဒါကြောင့်ဝယ်လို့ရမယ့် စံအိမ်ခြံဝင်းတစ်ခုလောက်အမြန်ရှာဝယ်ထားပြီး သစ်သီးပင်တွေစိုက်ထားရင်မကောင်းဘူးလား၊ အဲဒါမှ ရှင့်သား စားစရာရှိမှာပေါ့"



အုပ်ချုပ်ရေးမှူးမှာ သူမလက်ကိုအသာပုတ်လိုက်သည်။ 



"မင်းပဲ စီမံလိုက်ပါကွာ မင်းသဘောအတိုင်းဖြစ်စေရမယ်"



နှင်းကျလိုက် နေသာလိုက်ဖြင့် နေ့ရက်များ ကုန်ဆုံးသွားခဲ့လေသည်။ နဉ်ရော့ယွီရက်များကိုရေတွက်ကြည့်ရာ သူ တစ်နှစ်ပြည့်တော့မည်ကို သိလိုက်ရ၏။ သို့သော် အချိန်ကုန်လွန်သည်မှာ နှေးကွေးလွန်းသည်ဟု သူခံစားနေရဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူ တောင့်တနေသော အစားအသောက်များနှင့် ကစားစရာများသည် သူ့ပထမဆုံးမွေးနေ့ရောက်မှသာ စနစ်ဆိုင်တွင်ပွင့်လာမည်ဖြစ်သောကြောင့်ပင်။



နဉ်ရော့ယွီ၏စိတ်နှလုံးသည် ပထမဆုံးမွေးနေ့ကျော်လွန်သည့် အချိန်ကာလဆီသို့ရောက်ရှိနှင့်နေပြီဖြစ်သည်။ သူသည် ပူပင်သောကကင်းသောသခင်ငယ်လေးဘဝဖြင့်နေထိုင်ပြီး ကာတွန်းများနှင့် တီဗီဇာတ်လမ်းတွဲများကိုကြည့်ရှုကာ ပျက်စီးနေသောအရင်းရှင်ဆန်ဆန်နေ့ရက်များကို ဖြတ်သန်းရန် မစောင့်နိုင်တော့ပေ။ သူစိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေစဉ် အဝေးတစ်နေရာမှဧည့်သည်တစ်ဦး အုပ်ချုပ်ရေးမှူး အိမ်တော်သို့ ရောက်ရှိလာခဲ့လေသည်။

ထိုဧည့်သည်မှာ အခြားသူမဟုတ်ဘဲ မိခင်ဘက်မှ အဝေးရောက်ဆွေမျိုးတစ်ဦးဖြစ်သည့် သူ့ဦးလေးအရင်း ယွီကျန်းလီပင်ဖြစ်၏။