Ch-2
လင်းဝမ်ယဲ့စိတ်ထဲတွင် အတွေးများပြေးလွှားသွားပြီး ဘာဖြစ်နေသလဲဆိုတာကို အမြန်သဘောပေါက်သွားကာ မေးလိုက်သည်။
"အခုက ဘယ်ခုနှစ်လဲ"
လမ်းသွားလမ်းလာမှာ သူ့ကိုမျက်မှောင်ကြုတ်ကြည့်လိုက်ပြီး လူထူးလူဆန်းတစ်ယောက်နှင့် တွေ့နေရသည်ဟုအထင်ဖြင့် ခုနှစ်ကိုအမြန်ပြောပြကာ လှည့်ထွက်သွားခဲ့သည်။ လင်းဝမ်ယဲ့မျက်လုံးများပြူးကျယ်သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အကဲခတ်လိုက်ကာ နာကျင်မှုကိုခံစားရစေရန် သူ့ပေါင်ကိုအားရပါးရဆွဲဆိတ်လိုက်ပြီးနောက်တွင်တော့ နှလုံးခုန်သံများမှာထိန်းမရအောင် မြန်ဆန်လာခဲ့ပေ၏။
သူ မသေသေးပေ
ပြီးတော့ လွန်ခဲ့တဲ့အနှစ် ၂၀ဆီကို သူပြန်ရောက်သွားတာလား။
လင်းဝမ်ယဲ့သည် သိပ္ပံရုပ်ရှင်ကားများစွာကို ကြည့်ဖူးထားသူဖြစ်ရာ အချိန်ခရီးသွားခြင်းကဲ့သို့သောအရာများ တကယ်ရှိနိုင်ကြောင်း အမြန်သဘောပေါက်လိုက်သည်။ သို့သော် ဇာတ်လိုက်များသည် အမြဲတမ်းသူတို့အတိတ်မှပုံစံများအတိုင်းဖြစ်နေတတ်ပေသိ သူ့ခမျာတော့ဒီနှစ်ထဲ၌မွေးတောင်မမွေးသေးပေ။ အစောဆုံးဆိုလျှင်တောင် သူသည်နောက်နှစ်နှစ်နေမှသာ ဒီကမ္ဘာဆီရောက်လာမည်ဖြစ်သည်။ ထိုသို့တွေးရင်း လင်းဝမ်ယဲ့ လမ်းဘေးတွင်ရပ်ထားသော ကားတစ်စီးဆီသို့ လျှောက်သွားကာ ပြတင်းပေါက်မှ နှင်းများကိုဖယ်ရှားလိုက်ပြီး မှန်ထဲတွင်ပေါ်နေသော သူ့မျက်နှာကို သေချာကြည့်လိုက်၏။
ဤရုပ်သွင်မှာ သေချာပေါက်သူကိုယ်တိုင်ပင်ဖြစ်ပြီး နည်းနည်းလေး ညစ်ပတ်နေရုံသာဖြစ်သည်။ ငယ်ရွယ်သော သူ့ခန္ဓာကိုယ်ကြောင့် အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် သွေးလည်ပတ်မှုကောင်းမွန်လာကာ ခြေလက်များတောင့်တင်းနေမှုလည်း သက်သာသွားခဲ့၏။ သို့သော် အာရုံခံစားမှုများပြန်လည်ကောင်းမွန်လာမှုသည် သူ့အားဗိုက်ဆာလာစေသည်။ မသိစိတ်ဖြင့် အလိုလိုအိတ်ကပ်ထဲသို့ လက်နှိုက်ကြည့်လိုက်ရာ ဘာမှရှိမနေခဲ့ပေ။ ဤခေတ်တွင် QR ကုဒ်နှင့်ငွေပေးချေခြင်းတို့မှာ ခေတ်မစားသေးဘဲ အရောင်းအဝယ်အများစုအတွက် ငွေသားကိုသာလိုအပ်ပေသည်။
ထို့ပြင် သူ့ဖုန်းမှာ ဈာပနအခမ်းအနားတွင် ရိုက်ခွဲခံလိုက်ရသဖြင့် ကုဒ်ဖတ်နိုင်လျှင်တောင် အလုပ်ဖြစ်မည်မဟုတ်ပေ။ ဈာပနအကြောင်း ပြောရလျှင်
ထိုစဉ်၌ မျက်ရည်တစ်ပေါက်မှ သူမကျခဲ့သော်လည်း ယခုအခါတွင်တော့ အလွန်ပြင်းထန်သော ခံစားချက်တစ်ခုမှာ ပြည့်လျှံတက်လာခဲ့သည်။ ကြီးမားလှသော ဝမ်းနည်းပူဆွေးမှုလှိုင်းလုံးကြီးကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့မျက်လုံးများနီရဲလာကာ လင်းဝမ်ယဲ့နှာခေါင်းကို ကျိန်းစပ်သွားစေ၏။ လူတိုင်းတွင် ကိုယ်ပိုင်ကာကွယ်ရေးယန္တရားများရှိကြသည်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရချိန်တွင် အင်ဒရီနယ်လင်းဟော်မုန်းထွက်လာသဖြင့် နာကျင်မှုကိုမခံစားရခြင်းဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာပြိုလဲချိန်တွင် ဦးနှောက်၏တုံ့ပြန်မှုကြောင့် ဝမ်းနည်းစရာများအားတွေးတောခြင်းမှ ရပ်တန့်သွားခြင်းလည်းဖြစ်နိုင်ပေသည်။ သို့သော် ဤအရာအားလုံးမှာ ယာယီတားဆီးပေးရုံသာပင်။
ရှောင်လွှဲ၍မရသော ထိခိုက်နာကျင်မှုများသည် ကိုယ်ပိုင်ကာကွယ်ရေးယန္တရား ပြီးဆုံးသွားပြီးနောက်တွင် မျှော်လင့်ထားသည့်အတိုင်း ရောက်ရှိလာမည်သာဖြစ်သည်။ လင်းဝမ်ယဲ့ ရုတ်တရက် လမ်းမပေါ်တွင် အော်ဟစ်ငိုယိုချင်စိတ်များဖြစ်ပေါ်လာသော်လည်း ထိုဝမ်းနည်းမှုမှာ စက္ကန့်အနည်းငယ်မျှသာ ကြာပြီးနောက် ပျောက်ကွယ်သွားခဲ့၏။
နေပါဦး အခုက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လေ။ ငါ့အဖေ မသေသေးဘူးပဲ။
ငါသူ့ကို သွားရှာလို့ရသေးတယ်မလား။ သူလည်း အချိန်ခရီးသွားပြီး ရောက်လာတာဖြစ်နိုင်တာပဲ။ ဘဝ၌ဒီထက်ပိုကြီးမားသည့် ဝမ်းသာမှု ဒါမှမဟုတ် ဝမ်းနည်းမှုဆိုသည်မှာမရှိတော့ပေ။
လင်းဝမ်ယဲ့သည် လင်းရှန်၏လက်ရှိအသက်ကို အမြန်တွက်ချက်ကြည့်လိုက်ရာ ဆယ့်ခုနစ်နှစ်ဖြစ်ပြီး သူ့ထက် တစ်နှစ်ငယ်ကြောင်း ကောက်ချက်ချလိုက်သည်။ အစိုးရကျောင်းများကို အိမ်ထောင်စုစာရင်းအရ ကျောင်းခရိုင်များအဖြစ်ခွဲခြားထားပြီး လင်းရှန်သည်လည်း သူနှင့်တူညီသောအထက်တန်းကျောင်းတွင်သာတက်ခဲ့ကြောင်းပြောဖူးခဲ့ရာ လင်းဝမ်ယဲ့သည် သူ့ပန်းတိုင်ကိုသတ်မှတ်ပြီး စမ်းတဝါးဝါးဖြင့် လမ်းမေးရင်းသွားခဲ့ရာ မကြာမီနင်ချန် အမှတ် (၇) အထက်တန်းကျောင်းကို ရှာတွေ့သွားခဲ့သည်။
လွန်ခဲ့သောနှစ်နှစ်ဆယ်၌ အမှတ် (၇) အထက်တန်းကျောင်းမှာ သူသိထားသော အမှတ် (၇) အထက်တန်းကျောင်းနှင့် များစွာကွာခြားနေ၏။ ကျောင်းတံခါးမှာ သာမန်သံတံခါးတစ်ခုနှင့် ကျောင်းအမည်ရေးဆွဲထားသော သတ္တုဆိုင်းဘုတ်တစ်ခုသာဖြစ်ပြီး နောက်ပိုင်းတွင် ပြုပြင်မွမ်းမံထားသကဲ့သို့ ခမ်းနားကြီးကျယ်ခြင်းမရှိပေ။ ကျောင်းတံခါးဝမှနေ၍ စာသင်ဆောင်သုံးဆောင်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ၎င်းတို့မှာဆယ်တန်း၊ ဆယ့်တစ်တန်းနှင့် ဆယ့်နှစ်တန်းတို့ကို အသီးသီးကိုယ်စားပြုသည်။ မြို့လယ်ခေါင်တွင် မြေတန်ဖိုးကြီးမားခြင်းကြောင့် ကစားကွင်းမှာ အလွန်သေးငယ်လှ၏။ နှစ်နှစ်ဆယ်ကြာပြီးနောက် လင်းဝမ်ယဲ့တက်ရောက်ရမည့်အချိန်တွင်မူ စာသင်ဆောင်အရေအတွက်မှာ ခြောက်ဆောင်ထိ တိုးလာခဲ့ပြီး ဓာတ်ခွဲခန်းအဆောက်အအုံ၊ စာကြည့်တိုက်နှင့် ရုံးခန်းအဆောက်အအုံတို့လည်း ပါဝင်လာသည်။
လင်းဝမ်ယဲ့ အသေးစိတ်အချက်အလက်များကို ကြားဖူးထား၏။ အဆောက်အအုံသစ်သုံးဆောင်မှာ လုချန်းရွှမ်ကျောင်းဆင်းပြီး နှစ်အနည်းငယ်အကြာတွင် သူလှူဒါန်းခဲ့ခြင်းဖြစ်သည်။ တမင်တကာ ပြိုင်ဆိုင်ချင်၍လားရယ်မသိ သူ့ဖခင်ကလည်း ကစားကွင်းကိုချဲ့ထွင်ရန်အတွက် ငွေအမြောက်အမြားရင်းနှီးမြှုပ်နှံခဲ့၏။ ကန့်သတ်ထားသော ဆောက်လုပ်ရေးအချိန်အတွင်း ဆောက်လုပ်ရေးအဖွဲ့နှစ်ဖွဲ့သည် တစ်ဖက်က သူတို့၏ဘိလပ်မြေနှင့် သဲများကိုခိုးယူနေသည်ဟု သံသယဝင်ကာ အကြိမ်ကြိမ်ပြဿနာတက်ခဲ့ကြပြီး ရိုက်ပွဲဖြစ်လုနီးပါးပင် ဖြစ်ခဲ့ကြသည်။
နွေရာသီကျောင်းပိတ်ရက်အပြီးတွင် အမှတ် (၇) အထက်တန်းကျောင်းမှ ကျောင်းသားများသည် သူတို့၏ကျောင်းဆောင်သစ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခံရရှိခဲ့ကြ၏။
အကြောင်းတစ်ခုခုကြောင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့သည် ၎င်းတို့၏မိခင်ကျောင်းတော်ကြီးအား ရက်ရောစွာ လှူဒါန်းခဲ့ကြသော ခေါင်းဆောင်နှစ်ဦးကို ကျေးဇူးတင်သည့်အနေဖြင့် ရုံးခန်းအဆောက်အအုံရှေ့တွင် ရေကန်တစ်ခုတူးကာ ကိုအီငါးလေးများမွေးမြူထားပြီး အလယ်တွင် ကျောက်တုံးကမ္ဘာလုံးပန်းပုတစ်ခုကို ထားရှိကာ အမည်ပေးခဲ့သည်မှာ လုလင်းရေကန်ဟူ၍ပင်။ သူ့အဖေ ကံမကောင်းသည်လားကို လင်းဝမ်ယဲ့မသိပေသိ အဖေဖြစ်သူတော်တော်လေးကိုမကျေမနပ်ဖြစ်နေခဲ့သည်ကိုတော့ သေချာသိထားသည်။ ဘာလို့ လုချန်းရွှမ်ရဲ့နာမည်ကို အရင်ရေးထားရတာလဲဟု သူတွေးမိသွားခြင်းဖြစ်နိုင်၏။ သူ့ဖခင်မှ ကစားကွင်းကိုလှူဒါန်းထားသောကြောင့် လင်းဝမ်ယဲ့သည် အထက်တန်းကျောင်းသို့ ဝင်ရောက်လာချိန်တွင် ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများထံမှ အထူးအခွင့်အရေးများရရှိခဲ့သည်မှာ သဘာဝပင်။
သူသည် ကျောင်းတွင်အငြင်းပွားဖွယ်မရှိသော ကြယ်ပွင့်တစ်ဦးဖြစ်ပြီး သူ့ကို သဘောကျသူများနှင့် နောက်လိုက်များမှာ ကျောင်းကိုငါးပတ်လောက် ပတ်၍ရလောက်အောင်ထိ များပြားပေသည်။
သူရဲကောင်းဆိုသည်မှာ အတိတ်ရှိ အောင်မြင်မှုများထံသာ တွယ်တာမနေတတ်သော်လည်း ယခုအချိန်တွင်တော့ လင်းဝမ်ယဲ့သည် အေးစက်ဆာလောင်နေပြီး အိမ်ခြေယာမဲ့ကလေးတစ်ယောက်နှင့် ဘာမှမကွာခြားတော့ပေ။
သူ့အဖေကို မြန်မြန်ရှာတွေ့ဖို့လိုအပ်နေပြီပင်။ မဟုတ်ပါက အငတ်ဘေးမှသူမသေလျှင်တောင် ဒီညလမ်းမပေါ်၌ အအေးဒဏ်ကြောင့် သေသွားနိုင်ပေသည်။ လင်းမိသားစုမှာ စံပြဂုဏ်သရေရှိမိသားစုတစ်ခုမဟုတ်ဘဲ သူ့အဘိုးလက်ထက်ကျမှသာ ချမ်းသာလာခြင်းပင်။ သို့သော် သူ့ဖခင်မှာ အနည်းဆုံးတော့ ဒုတိယမျိုးဆက်သူဌေးသားတစ်ဦးဖြစ်ပြီး ကျောင်းတွင်နာမည်အနည်းငယ်ရှိသင့်သဖြင့် သူ့ကိုရှာရန်မှာ လွယ်ကူနိုင်ပေသည်။
ကံမကောင်းစွာဖြင့် သူ့အချိန်တွက်ဆမှုမှာအလွန်ဆိုးရွားနေခဲ့၏။ မွန်းလွဲပိုင်း အတန်းများပြီးခါစဖြစ်ပြီး ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်မတိုင်မီ အားလပ်ချိန်ဖြစ်သောကြောင့် လူအများစုမှာ ကျောင်းမှထွက်သွားကြပြီဖြစ်သည်။ လင်းဝမ်ယဲ့ လမ်းတစ်လျှောက်ရှိ ကျောင်းသားများထံမေးကြည့်ရာ ဆယ်ယောက်တွင်ကိုးယောက်မှာ လင်းရှန်ကိုသိကြသော်လည်း သူဘယ်မှာရှိနေသည်ကိုမူ မည်သူကမှမသိကြပေ။ အချိန်အတော်ကြာလျှောက်သွားပြီးနောက် လင်းဝမ်ယဲ့ နောက်ဆုံးတွင်ကျောင်းကန်တင်းသို့ ရောက်ရှိသွားသည်။ လူအများစုမှာ ထပ်ခါတလဲလဲဖြစ်နေသော ကျောင်းရှိအစားအစာများကို မကြိုက်ကြဘဲ အပြင်ထွက်စားလေ့ရှိသော်ငြား လူတော်တော်များများတော့ ကန်တင်းတွင် ရှိနေကြဆဲပင်။
သူ့ဖခင်သည် ကန်တင်းတွင်စားမည်မဟုတ်ဟု လင်းဝမ်ယဲ့ ခံစားမိသော်လည်း မျှော်လင့်ချက်လေးဖြင့် ဝင်သွားခဲ့သည်။ လူသိပ်မများသဖြင့် အားလုံးနီးပါးကို သူမြင်နိုင်ပေ၏။ အကြိမ်အနည်းငယ်လိုက်ကြည့်ပြီးနောက်တွင်လည်း သူ့အဖေကိုမတွေ့ရသေးပေ။ ထိပ်တန်းအဆင့်ရှိအထက်တန်းကျောင်းတစ်ကျောင်းအနေဖြင့် ကန်တင်းမှအစားအစာများမှာ သိပ်မဆိုးဝါးရာဆာလောင်နေသော သူ့အစာအိမ်အတွက် ပို၍ပင်သွားရည်ကျစရာကောင်းနေသည်။
လင်းဝမ်ယဲ့မှာ အလွန်ဆာလောင်နေပြီး ခန္ဓာကိုယ်ပူနွေးလာစေရန် နေရာတစ်ခုရှာ၍ထိုင်လိုက်ကာ အစားချေးများသူများမှ ကြက်သွန်မြိတ်နှင့် ဟင်းသီးဟင်းရွက်များအား လွှင့်ပစ်နေသည်ကိုကြည့်ရင်း ရှက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် တံတွေးမြိုချနေမိ၏။
တခြားနည်းလမ်းအားလုံးအဆင်မပြေရင် သူများစားကြွင်းစားကျန်တွေကိုပဲ စားရမလား။ သွားသေလိုက်ပါတော့။ သူ့ဘဝနှစ်ဆက်လုံးမှာ ဒီလောက်ထိ ဒုက္ခမရောက်ဖူးသေးဘူး။
သူစိတ်ဓာတ်ကျနေချိန်တွင် လင်းဝမ်ယဲ့မျက်လုံးထောင့်မှ မနီးမဝေးရှိလူတစ်ယောက်ကို ရုတ်တရက်မြင်လိုက်ရပြီး သူ့အကြည့်များမှာ ထိုသူ့ထံချက်ချင်းရောက်သွားကာ လန့်ဖျပ်ပြီးမတ်မတ်ထိုင်လိုက်မိသည်။
လုချန်းရွှမ်လား
မျက်စိပါသူတိုင်း ဒီလူကိုသတိမထားမိဖို့ရန်မှာ ခက်ခဲပါလိမ့်မည်။ အရိုးရှင်းဆုံး မီးခိုးရောင်ဟူဒီနှင့် ဂျင်းဘောင်းဘီကပင် သူ့အပေါ်တွင်ထူးခြားနေပြီး လက်ရှိနေရာနှင့်လုံးဝအံဝင်မကျဖြစ်နေသော မင်းမျိုးမင်းနွယ်ကဲ့သို့ ကျက်သရေရှိသည့် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ထင်ရှားသော သူ၏ရွှေရောင်ဆံပင်များမှာ မျက်စိဖမ်းစားနိုင်ပြီး မျက်နှာပေါက်မှာလည်း ပြီးပြည့်စုံစွာအချိုးကျကာ နှာတံမှာ အာရှသားများ၏ပျမ်းမျှထက် ပိုမြင့်ပြီး မျက်လုံးသူငယ်အိမ်များမှာမူ အာရှအလှတရား၏ပြယုတ်ဖြစ်သော နက်ရှိုင်းပြီး ခန့်မှန်းရခက်သည့်အနက်ရောင်ပင်။ သူသည် ထူးခြားသောမျိုးရိုးဗီဇများ ဖြာထွက်နေသည့် သဘာဝအတိုင်း ချောမောသောကပြားမျက်နှာတစ်ခုကို ပိုင်ဆိုင်ထားပေသည်။
သူ့အသက်အရွယ်တွင် သူသည် အပြည့်အဝရင့်ကျက်ခြင်းမရှိသေးဘဲ လင်းဝမ်ယဲ့သိသော လုချန်းရွှမ်နှင့် နှိုင်းယှဉ်ပါက လူငယ်ဆန်ဆန် ရင့်ကျက်မှုမရှိသေးသည့် အငွေ့အသက်လေး ရှိနေဆဲပင်။ သို့သော် ထိုအေးစက်စက်နိုင်ပြီး လူအများနှင့်ဝေးဝေးနေတတ်သော ထူးကဲသည့်အငွေ့အသက်မှာမူ ပုံစံတူကူးချထားသကဲ့သို့ ပြီးပြည့်စုံနေသည်။ ထို့ကြောင့်လည်း ကန်တင်းထဲရှိ မိန်းကလေးအများစုမှာ သူ့ထံခိုးကြည့်နေကြသော်လည်း မည်သူကမှသူနှင့် တစ်စားပွဲတည်း အတူမထိုင်ရဲကြခြင်းပင်။
လင်းဝမ်ယဲ့သည် တကယ်တော့ အနည်းငယ်တုံ့ဆိုင်းနေခဲ့ပေသိ ဤသူမှာ ဤကမ္ဘာတွင် သူပထမဆုံးတွေ့ရသောသိကျွမ်းသူဖြစ်၍ အခြားရွေးချယ်စရာမရှိတော့ချေ။ အတွေးများကို စုစည်းပြီးနောက် လင်းဝမ်ယဲ့ စိတ်ကိုတင်းကာ လုချန်းရွှမ်၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ချောင်းဟန့်ကာလည်ချောင်းရှင်းလိုက်သည်။
"ဟယ်လို ကျောင်းသား လင်းရှန်ကို မင်းသိလား"
ဤနာမည်ကိုကြားသောအခါ ခေါင်းငုံ့၍တိတ်တဆိတ်စားသောက်နေသော လုချန်းရွှမ်သည် မျက်လွှာပင့်ကာ သူ့ထံစက္ကန့်အနည်းငယ်ကြာသည်ထိ စိုက်ကြည့်လာသည်။ သူ့ရှေ့ရှိ ကောင်လေးသည် သဘာဝအတိုင်းဝိုင်းစက်နေသောမျက်လုံးများရှိပြီး သိမ်မွေ့သော အလင်းရောင်ဖြင့် တောက်ပနေ၏။ ဘက်မလိုက်ဘဲပြောရလျှင် သူသည် အလွန်ချောမောပေသည်။ အထူးသဖြင့် အမြီးနှံ့နေသော တိရစ္ဆာန်ငယ်လေးတစ်ကောင်၏မျက်လုံးများနှင့် ဆင်တူနေသည့် အပြစ်ကင်းစင်ပြီး အန္တရာယ်မရှိကာမျှော်လင့်ချက်အပြည့်ရှိနေသော မျက်လုံးများပင်။ သို့သော် လုချန်းရွှမ်အတွက် ထိုကောင်လေး၏ခြိမ်းခြောက်မှုမရှိသော အလှတရားအပေါ်ချစ်ခင်မှုမျိုးအားမခံစားရရန် ခက်ခဲနေခဲ့သည်။
ပွင့်လင်းတယ်၊ ရုပ်ချောတယ်၊ လင်းရှန်အကြောင်း စုံစမ်းနေတယ်။
ဤသော့ချက်စကားလုံးများအား ပေါင်းစပ်လိုက်ရာ သူမသိချင်သည့် ဇာတ်လမ်းတစ်ပုဒ်ထံ သေချာပေါက် ညွှန်ပြနေသည်။ လုချန်းရွှမ်ဂရုမစိုက်သလိုနေကာ အမှန်အတိုင်းပြန်ဖြေလိုက်၏။
"ငါ သူ့ကိုသိတယ်"
လင်းဝမ်ယဲ့ အလွန်တရာဝမ်းသာသွားကာ ပြောလိုက်သည်။
"ဒါဆို သူဘယ်မှာလဲဆိုတာ မင်းသိလား၊ ငါ သူနဲ့ စကားပြောစရာရှိလို့"
လုချန်းရွှမ် ပြန်မေးလိုက်သည်။
"မင်း သူနဲ့ဘာကိစ္စရှိလို့လဲ"
သူ၏မတုန်မလှုပ် စိုက်ကြည့်နေမှုအောက်တွင် လင်းဝမ်ယဲ့သည် စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်သည်။
"အရေးတကြီးကိစ္စပါ၊ ပြောပြဖို့ကအဆင်မပြေလို့"
ထိုစကားပြောပြီးနောက် လင်းဝမ်ယဲ့သည် သူ့အဖြေအပေါ် လုချန်းရွှမ်မကျေနပ်ကြောင်းကို ခံစားလိုက်ရပြီး သူမျက်မှောင်ကြုတ်သွားသည်ကို ထင်ထင်ရှားရှားမြင်လိုက်ရသည်။ သို့သော် ခဏအကြာတွင် လုချန်းရွှမ်သည် မျက်လွှာချကာပြောလိုက်၏။
"ကျောင်းနားက အင်တာနက်ကဖေးမှာ"
နောက်ဆုံးတွင် မျှော်လင့်ချက်ရောင်ခြည်ကိုမြင်လိုက်ရသဖြင့် လင်းဝမ်ယဲ့ ဝမ်းသာအားရပြုံးလိုက်ပြီးထွက်သွားရန် ပြင်လိုက်စဉ် သူ့ဗိုက်က ရုတ်တရက်မြည်လာခဲ့သည်။ လုချန်းရွှမ် ထိုအသံကိုရှင်းလင်းစွာကြားလိုက်ရပြီး မျက်လွှာပင့်ကာ သူ့ထံနောက်တစ်ကြိမ် အကဲခတ်ကြည့်လာ၏။ လင်းဝမ်ယဲ့ သူ့အကြည့်ကိုအနေခက်ဟန်ဖြင့် ရှောင်လွှဲလိုက်ပြီး သူ့အကြည့်များမှာတော့ အလိုအလျောက်ပင် လုချန်းရွှမ်ဘေးရှိ အရသာရှိပုံရသော ဘေကွန်နှင့် ကြက်ဥအသားညှပ်ပေါင်မုန့်ဆီရောက်သွားကာ အလိုလိုတံတွေးမြိုချလိုက်မိသည်။
ဤအခိုက်အတန့်မှာ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုလို ဇာတ်လိုက်နှစ်ယောက်၏ မျက်နှာအမူအရာများအား အနီးကပ်ရိုက်ကူးပြီးနောက် စားပွဲပေါ်ရှိ အသားညှပ်ပေါင်မုန့်ဆီသို့ တည်ငြိမ်စွာ အာရုံစိုက်သွားသလိုမျိုးပင်။ စက္ကန့်အနည်းငယ်မျှ မျက်နှာချင်းဆိုင်ကြည့်ပြီးနောက် လုချန်းရွှမ်သည် အသားညှပ်ပေါင်မုန့်ကို ရှေ့သို့မဆိုင်းမတွတွန်းပေးလိုက်သည်။ လင်းဝမ်ယဲ့ အသားညှပ်ပေါင်မုန့်ကိုဆွဲယူကာ ပါးစပ်ထဲသို့ထိုးထည့်လိုက်ပြီးနောက် နောက်ကိုလှည့်မကြည့်ဘဲ ပြေးထွက်သွားတော့၏။
"ကျေးဇူးတင်ပါတယ် ဦးလေး"
"......"