Ch-3
ပလက်စတစ်လိုက်ကာထူထူကို မတင်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သောဆေးလိပ်နံ့မှာ လင်းဝမ်ယဲ့နှာခေါင်းထဲသို့ အရှိန်အဟုန်ဖြင့်ဝင်ရောက်လာပြီး အမဲသားပေါင်းခေါက်ဆွဲခြောက်နံ့နှင့်ရောနှောကာ အပူပေးစက်ကြောင့် ပိုမိုပြင်းထန်လာသော ဖော်ပြရခက်သည့် အနံ့ဆိုးကြီးတစ်ခုဖြစ်ပေါ်နေလေသည်။ လင်းဝမ်ယဲ့သည် အင်တာနက်ကဖေးများနှင့် စိမ်းသက်နေသူတစ်ယောက်မဟုတ်ပေ။ သို့သော် နှစ်နှစ်ဆယ်အကြာတွင် ပြင်းထန်သော ပြိုင်ဆိုင်မှုများကြုံတွေ့ပြီးနောက် အင်တာနက်ကဖေးများသည် အဆင့်မြင့်နေရာများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဆေးလိပ်မသောက်ရဇုန်များပါဝင်ကာ ကော်ဖီဆိုင်များထက်ပင် ပတ်ဝန်းကျင် ပိုကောင်းနေတတ်သည်။
ထိုအချိန်ကပင် လင်းဝမ်ယဲ့သည် ထိုကဲ့သို့သော အင်တာနက်ကဖေးများသို့ သွားလေ့သိပ်မရှိဘဲ ပိုမိုသက်သောင့်သက်သာရှိပြီး စျေးကြီးသော အီးစပေါ့ဟိုတယ်များကိုသာ ပိုနှစ်သက်ခဲ့ပေ၏။ သို့သော်လည်း ပတ်ဝန်းကျင်အခြေအနေ မကောင်းသော်ငြား ဤခေတ်ရှိအင်တာနက်ကဖေးများသည် ဖောက်သည်များနှင့် အမြဲစည်ကားနေပြီး နှစ်နှစ်ဆယ်အကြာကထက်ပင် ပို၍လူစည်ကားနေသေးသည်။ အကြောင်းမှာ လူအများစုတွင် အိမ်၌ကွန်ပျူတာ မရှိကြသောကြောင့်ဖြစ်သည်။
အကယ်၍ သူတို့သာဂိမ်းဆော့ချင်လျှင် သို့မဟုတ် ရုပ်ရှင်ကြည့်ချင်လျှင် အင်တာနက်ကဖေးသို့ သွားရမည်သာပင်။
ရောက်နှင့်နေပြီဖြစ်ရာ ပတ်ဝန်းကျင်ကို မည်မျှပင်မကျေနပ်စေကာမူ လင်းဝမ်ယဲ့သည်စိတ်ကိုတင်း၍ သူ့အဖေကိုရှာရန် ဝင်သွားရတော့သည်။ ဤနေရာမှာ အမှတ် (၇) အထက်တန်းကျောင်းနှင့် အနီးဆုံးအင်တာနက်ကဖေးဖြစ်ပြီး သူ့ဖခင်သာ ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်မတိုင်မီ ကျောင်းသို့ပြန်ရန်လိုအပ်ပါက ဤနေရာသို့သာလာနိုင်ချေအများဆုံးပင်။ အရွယ်မရောက်သေးသူများကို အင်တာနက်ကဖေးများသို့ဝင်ခွင့်မပြုပေ။ ထို့ကြောင့် အင်တာနက်ကဖေးပိုင်ရှင်သည် လိမ္မာပါးနပ်သော လှည့်ကွက်အချို့ကို သုံးထားသည်။
ပထမထပ်ရှိဧည့်ခန်းကို လူကြီးများအတွက်သာ သီးသန့်ထားရှိ၏။ အရွယ်မရောက်သေးသူများ အင်တာနက်သုံးချင်ပါက သူသည်ကတ်လုပ်ရန် တိတ်တဆိတ်ကူညီပေးပြီး တံခါးပေါက်ငယ်တစ်ခုမှတစ်ဆင့် ဒုတိယထပ်သို့ တက်ခိုင်းလေ့ရှိသည်။
အဖမ်းမခံရစေရန် အပေါ်ထပ်ရှိ ပြတင်းပေါက်များကို ပိတ်လှောင်ထားသဖြင့် လေဝင်လေထွက်အလွန်တရာဆိုးရွားပြီး ဆေးလိပ်နံ့များအမြဲစွဲကျန်နေခြင်းပင်။ ဆေးလိပ်တစ်ခါမှမသောက်ဖူးသူတစ်ယောက်အနေဖြင့် လင်းဝမ်ယဲ့သည် အသက်ရှူရသည်မှာပင် လုံးဝမခံမရပ်နိုင်အောင်ဖြစ်နေခဲ့သည်။
သောက်ကျိုးနည်း တရားမဝင် အင်တာနက်ကဖေးဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာ အခုမှပဲ သူသေသေချာချာသိသွားတော့တယ်။
သို့သော် အထက်အောက်အကြိမ်ကြိမ် ရှာဖွေပြီးနောက်တွင်လည်း လင်းဝမ်ယဲ့သည် လင်းရှန်ကိုမတွေ့ခဲ့ရပေ။ သူသည် မျှော်လင့်ချက်ကြီးစွာဖြင့် ရောက်လာခဲ့သော်လည်း စိတ်ပျက်စွာဖြင့်ပြန်လှည့်ခဲ့ရပြီး ပါးစပ်နှင့်နှာခေါင်းကိုအုပ်ကာ အင်တာနက်ကဖေးထဲမှ အမြန်ပြေးထွက်လာခဲ့သည်။ သူ ပေါ့ဆသွားခဲ့၏။ သူကိုယ်တိုင်ပင် ဤကဲ့သို့သောနေရာမျိုးကို မနှစ်သက်ပါလျှင် သန့်ရှင်းရပ်သပ်မှုကို နှစ်သက်သော သူ့ဖခင်နေရာတွင် ဝင်တွေးကြည့်မည်ဆိုပါက ဤနေရာမျိုးတွင်ဘယ်လိုလုပ်နေချင်မည်နည်း။ အခြားရွေးချယ်စရာမရှိတော့သဖြင့် လင်းဝမ်ယဲ့သည် လမ်းမများပေါ်တွင်လျှောက်သွားနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အစောပိုင်း၌ လုချန်းရွှမ်ပေးခဲ့သောအသားညှပ်ပေါင်မုန့်ကြောင့် ဗိုက်ပြည့်သွားပြီး ခွန်အားများပြန်လည်ရရှိခဲ့၏။ လင်းဝမ်ယဲ့သည် အဝတ်အစားပါးပါးသာဝတ်ဆင်ထားသော်လည်း လူငယ်ပီပီသွေးဆူနေသဖြင့် လမ်းလျှောက်နေစဉ်သိပ်မချမ်းတော့ပေ။
မီးပွိုင့်၌ရပ်နေစဉ် လင်းဝမ်ယဲ့အာရုံသည် လမ်းတစ်ဖက်ရှိဆိုင်းဘုတ်အသစ်စက်စက်တစ်ခုဆီသို့ ရုတ်တရက် ရောက်သွားခဲ့သည်။
အော့မိုရီအင်တာနက်ကဖေး
ထိုနာမည်ကို နောင်နှစ်ပေါင်းများစွာအကြာရှိ ဂိမ်းအသင်းမန်နေဂျာတစ်ဦးနှင့် မဆက်စပ်ဘဲနေရန်မှာ ခက်ခဲလှသည်။
တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်ပေ၏။
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာသိပ်ပြီးထူးဆန်းသော နာမည်တစ်ခုတော့ မဟုတ်ပေ။ တတိယမျိုးဆက် သူဌေးသားတစ်ဦးအနေဖြင့် လင်းဝမ်ယဲ့သည် ရွယ်တူများ၏ဖြုန်းတီးကာ ပျက်စီးနေသော ဘဝနေထိုင်မှုပုံစံများနှင့် ကင်းကွာအောင်နေခဲ့ပြီး တစ်ခုတည်းသော သူ့စိတ်ဝင်စားမှုမှာဂိမ်းဆော့ရန်သာဖြစ်သည်။ လင်းရှန်သည် သူ့သား၏ဂိမ်းစွဲလမ်းနေမှုကို တစ်ခါမှမမေးခွန်းထုတ်ခဲ့ပေ။ လောင်းကစားလုပ်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာရှာခြင်းစသည်တို့နှင့် နှိုင်းယှဉ်ပါက ဂိမ်းဆော့ခြင်းမှာ အန္တရာယ်ကင်းပုံရသောကြောင့် သူ့ကိုဒီအတိုင်းသာလွှတ်ထားခဲ့ခြင်းလည်းဖြစ်နိုင်ပေသည်။
ကံတရားတစ်ခုခုမှ လမ်းပြနေသကဲ့သို့ လင်းဝမ်ယဲ့သည် လမ်းကိုဖြတ်ကူးကာ ထိုအင်တာနက်ကဖေးထဲသို့ ဝင်သွားခဲ့၏။ ယခင်သွားခဲ့သောနေရာ၏အရိပ်အယောင်များကြောင့် လင်းဝမ်ယဲ့သည် အထဲသို့ဝင်ဝင်ချင်း မသိစိတ်မှ အသက်အောင့်ထားလိုက်မိသည်။ မထင်မှတ်ဘဲ အင်တာနက်ကဖေး၏ဧည့်ခန်းမှာ အခြားနေရာများကဲ့သို့ မီးခိုးမြူများဖုံးလွှမ်းမနေခဲ့ပေ။ လေထုမှာအံ့သြစရာကောင်းလောက်အောင် သန့်ရှင်းနေပြီး အပူပေးစက်ကလည်း သက်သောင့်သက်သာရှိသော အပူချိန်တွင် ရှိနေသည်။ လင်းဝမ်ယဲ့ အံ့သြတကြီးဖြင့် မျက်တောင်ခတ်လိုက်ပြီး လေကိုစမ်းသပ်သည့်အနေဖြင့် ရှူရှိုက်ကြည့်လိုက်၏။ ဧည့်ခန်းထဲတွင် လူတစ်ယောက်ဆေးလိပ်သောက်နေသော်လည်း ပြင်းထန်သောဆေးလိပ်နံ့ သို့မဟုတ် အခြားစူးရှသောအနံ့များမရှိခြင်းက လေဝင်လေထွက်ကောင်းကြောင်းကို ညွှန်ပြနေသည်။ ဆိုလိုသည်မှာ ဤနေရာတွင် သူ့ဖခင်ရှိနေနိုင်ချေ အလွန်များပြားပေ၏။
ထိုသို့တွေးမိသည်နှင့် လင်းဝမ်ယဲ့သည်စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာကာ အထဲသို့လှမ်းဝင်ရန် ပြင်လိုက်စဉ် တားဆီးခံလိုက်ရသည်။ ကောင်တာကိုမှီထားသော အင်တာနက်ကဖေး မန်နေဂျာမှာ သူ့ကိုတားဆီးရန်လက်ဆန့်ထုတ်လိုက်ပြီး ပြောလာ၏။
"မှတ်ပုံတင်ပြပါ အရွယ်မရောက်သေးသူတွေဝင်ခွင့်မရှိပါဘူး"
မှတ်ပုံတင်တောင်းသည့်စကားကိုကြားသောအခါ လင်းဝမ်ယဲ့ အိတ်ကပ်ထဲသို့ အလိုလိုလက်နှိုက်လိုက်မိသော်လည်း ဤနေရာ၌ သူသည်စာရင်းမသွင်းရသေးသူဖြစ်ကြောင်း သတိရသွားသည်။ သူ့မှာရှင်းပြရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
"ငါက အသက်ပြည့်နေပြီဆိုပေမဲ့ မှတ်ပုံတင်မပါလာလို့ပါ၊ ငါအင်တာနက်သုံးဖို့ လာတာမဟုတ်ဘူး၊ လူတစ်ယောက်ကိုလာရှာတာ"
အိတ်ကပ်ထဲ၌ ဟန်ပြရှာဖွေနေမှုကြောင့် လင်းဝမ်ယဲ့သည် ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း အင်တာနက်ကဖေးမန်နေဂျာ ရိပ်မိသွားပုံရသည်။ သူ့အမူအရာမှာ ယဉ်ကျေးသော်လည်း လေသံကမူပြတ်သားနေလေ၏။
"မင်း ဝင်လို့မရသေးဘူး၊ တကယ်လို့ တစ်ယောက်ယောက်က လာစစ်ဆေးလို့ အထဲမှာ ကလေးတစ်ယောက်ကိုတွေ့သွားရင် ဘယ်သူမှရှင်းပြလို့ရမှာ မဟုတ်ဘူး"
လင်းဝမ်ယဲ့ အနည်းငယ်စိုးရိမ်လာပြီး ပြောလိုက်သည်။
"တခြားနေရာတွေကတော့ ပေးဝင်ကြတာပဲလေ"
မန်နေဂျာမှာ မည်သည့်နေရာကိုဆိုလိုကြောင်းသိပုံရပြီး စိတ်အိုက်ဟန်ဖြင့် လှောင်ရယ်လိုက်ကာ ပြောလိုက်သည်။
"မင်းကို ဘယ်သူကဝင်ခိုင်းလို့လဲ၊ မင်းကလူကို ဘယ်မှာသွားရှာမှာလဲ၊ ငါတို့က တရားဝင်အင်တာနက်ကဖေး၊ အထူးအခြေအနေတွေကလွဲရင် အရွယ်မရောက်သေးသူတွေကို ဝင်ခွင့်ပိတ်ပင်ထားတယ်"
လင်းဝမ်ယဲ့ အဓိကအချက်ကို ရုတ်တရက် သဘောပေါက်သွားပြီး မေးလိုက်သည်။
"ဘယ်လိုအထူးအခြေအနေတွေလဲ"
မန်နေဂျာ ပြန်ဖြေလိုက်သည်။
"ပိုင်ရှင်ရဲ့မိသားစုဝင်တွေဆိုရင်တော့ ခွင့်ပြုတယ်"
လင်းဝမ်ယဲ့ : "......"
သူ အလွန်တရာစိုးရိမ်နေသော်လည်း မန်နေဂျာမှ ဤမျှလောက်ထိ ပြောထားပြီးဖြစ်ရာ သူတို့စည်းကမ်းများကို ချိုးဖောက်စရာ အကြောင်းမရှိပေ။ လင်းဝမ်ယဲ့သည် မျှော်လင့်ချက်တစ်မျှင်ကို ဆုပ်ကိုင်ထားရင်း လည်ပင်းကိုဆန့်ကာ အင်တာနက်ကဖေးဧည့်ခန်းထဲ အကဲခတ်ကြည့်လိုက်သော်လည်း သူ့ပစ်မှတ်ကိုမတွေ့ရသဖြင့် စိတ်ပျက်စွာ ခေါင်းငုံ့လိုက်လေသည်။
ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ်သူ့မှာညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ရှိသေးတာပဲလေ။
ကျောင်းဂိတ်ဝသို့ သူပြန်သွားပြီး ထိုနေရာတွင် စောင့်လို့ရနိုင်သေးသည်။
ထိုသို့တွေးပြီး လင်းဝမ်ယဲ့ထွက်သွားရန် လှည့်လိုက်စဉ် ငွေရှင်းကောင်တာအနောက်ဘက်မှ စားပွဲပေါ်သို့မောက်စ်အားပြင်းပြင်းထန်ထန်ဆောင့်ချလိုက်သည့် အသံကျယ်ကြီးတစ်ခုကို ရုတ်တရက်ကြားလိုက်ရပြီးနောက်တွင် ချိုသာသောတရုတ်စကားသံတစ်သံ ထွက်ပေါ်လာလေ၏။
"သောက်ကျိုးနည်း စကားတောင်မပြောနိုင်တော့ဘူး၊ ငါ့ကိုချောင်းတိုက်တာလား၊ အဲဒါဘယ်လိုdamageမျိုးလဲ၊ သုံးစက္ကန့်အတွင်း ငါ့ကိုသတ်သွားတယ်၊ ခရစ်တီကယ်ထိနိုင်ချေ ၂၀ရာခိုင်နှုန်းနဲ့ ငါ့ကိုသုံးချက်ရိုက်ပြီး ခရစ်တီကယ်နှစ်ချက်ထိသွားတယ်၊ မင်းကရာထူးတက်မယ့်ပွဲမှာ cheatသုံးနေတာလား"
လေယူလေသိမ်းမှာ လုံးဝကိုရင်းနှီးကျွမ်းဝင်မှုမရှိလှပေ။ သို့တိုင်အောင် လင်းဝမ်ယဲ့ရပ်တန့်သွားပြီး ဝိညာဥ်ပူးကပ်ခံထားရသူတစ်ယောက်ကဲ့သို့ လှည့်ကြည့်လိုက်မိသည်။ အင်တာနက်ကဖေး၏ငွေရှင်းကောင်တာမှာ အတော်လေးမြင့်မားပြီး အထဲတွင်ဝင်ထိုင်ကာ သေချာမကြည့်လျှင် အတွင်းမှလူကို မြင်နိုင်ရန်ခက်ခဲပေ၏။ သူအနားသို့တိုးသွားသောအခါ ကောင်တာအနောက်ဘက်ရှိလူ၏မျက်နှာမှာ တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။ လင်းဝမ်ယဲ့မှာ လင်းရှန်၏ဓာတ်ပုံဟောင်းများအား တစ်ခါမှမမြင်ဖူးခဲ့ပေ။ ဤသည်မှာ သူ လုံးဝမပါဝင်ခဲ့ဖူးသော ကာလတစ်ခုဖြစ်သည်မှာ ထင်ရှားသော်လည်း ဘေးတိုက်မြင်ရရုံဖြင့်ပင် ထိုသူမှာ သူ့ဖခင်ဖြစ်ကြောင်း သေချာပေါက်သိနေခဲ့သည်။
လူတစ်ယောက်က ဘယ်လောက်ပဲ အသက်ကြီးသွားပါစေ၊ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ သူတို့အသွင်အပြင်သည် ငယ်ရွယ်စဉ်မှ အချိုးအစားအချို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်မြဲပင်။ လင်းဝမ်ယဲ့သိသော လင်းရှန်သည် တကယ်တော့ အသက်ကြီးပုံမပေါက်ပေ။ အသက်လေးဆယ်နီးပါးရောက်နေပြီဖြစ်သော်လည်း သူ့မျက်နှာတွင်သိသာသော အရေးအကြောင်းများ အနည်းငယ်သာရှိပြီး ချောမောသော သူ့အသွင်အပြင်မှာ ငြင်းဆန်၍မရနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။ သားတစ်ယောက်အနေဖြင့် လင်းဝမ်ယဲ့သည် သူအမွေရရှိထားသော အလွန်ကောင်းမွန်သည့် မျိုးရိုးဗီဇများအတွက် မကြာခဏ အံ့သြချီးကျူးမိတတ်၏။
သို့သော် မိသားစု၏အကြီးအကဲနှင့် လင်းကော်ပိုရေးရှင်း၏ဥက္ကဋ္ဌတစ်ဦးအနေဖြင့် လင်းရှန်သည် အမြဲတမ်း တည်ကြည်လေးနက်ပြီး ဒေါသမထွက်တတ်သလိုအာဏာစက်ရှိကာ သူ့မျက်နှာအမူအရာများကိုလည်း အလွန်အမင်း ထိန်းချုပ်ထားတတ်သည်။
သူကဘယ်သူနဲ့စကားပြောပြော အမြဲတမ်းနှုတ်နည်းတယ်လေ။
သူ့ရှေ့ရှိလင်းရှန်သည် ဥက္ကဋ္ဌလင်း၏ငယ်ရွယ်သောပုံစံနှင့် တစ်ပုံစံတည်းတူညီနေသည်။ သို့သော် အငွေ့အသက်မှာမူ လုံးဝကွာခြားနေပေ၏။ ထူးခြားသော သူ့အချိုးအစားများသာမရှိပါက လင်းဝမ်ယဲ့သည် သူ့ကို လုံးဝမှတ်မိမည်မဟုတ်ပေ။ တိတိကျကျ ပြောရမည်ဆိုလျှင် လင်းဝမ်ယဲ့သည် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ပြင်းထန်သော ဆန့်ကျင်ဘက်ဖြစ်မှုကို ခံစားလိုက်ရသည်။ ဤတက်ကြွနေသောစွမ်းအင်မျိုးကို သူ့ဖခင်ထံတွင် တစ်ခါမှမတွေ့ဖူးခဲ့ချေ။ ဤသည်မှာ သူ၏ဆယ့်ခုနစ်နှစ်အရွယ် ဖခင်ပင်ဖြစ်သည်။