Ch 4
Viewers 560

Ch-4




တင်းကြပ်သောမိသားစုအကြီးအကဲပုံစံမဟုတ်သလို နာမည်ကျော်ကြားပြီး တန်ခိုးအာဏာကြီးမားသော ဥက္ကဋ္ဌလင်းလည်းမဟုတ်ခဲ့ပေ။ သူသည် သူ့အရွယ်ကောင်လေးတစ်ယောက်လိုပင် ဖြစ်သည်။ ကမ္ဘာကြီးအားရင်ဆိုင်ရာတွင် စည်းကမ်းမရှိအထိန်းအကွပ်မဲ့သောတက်ကြွမှုများဖြင့် ဟော့ဟော့ဒိုင်းဒိုင်းပြေးလွှားနေသူတစ်ယောက်သာဖြစ်၏။ ကွန်ရက်စီမံခန့်ခွဲသူသည် လင်းရှန်ကိုကောင်းကောင်းသိပုံရသည်။ တစ်ခုခုဖြစ်နေကြောင်းမြင်သဖြင့် ချက်ချင်းသူသွားကြည့်ကာ မှတ်ချက်ပေးလိုက်၏။





"ဒါကလွယ်မှာမဟုတ်ဘူး ညီလေး၊ တစ်ဖက်လူရဲ့ကိရိယာတွေက မင်းဟာထက် ပိုကောင်းနေတယ်"





"မင်း စကားနည်းနည်းလောက်လျှော့ပြောရင် သေသွားမှာမလို့လား"





တစ်ယောက်တည်း အသတ်ခံလိုက်ရသဖြင့် စိတ်ပျက်နေရသည့်ထဲ ထိုစကားများမှာ မီးလောင်ရာလေပင့်သလိုဖြစ်သွားစေသည်။ စိတ်ပျက်လက်ပျက်ဖြင့် လင်းရှန်သည် ဆေးလိပ်တစ်လိပ်ကို မီးညှိကာပါးစပ်တွင်ခဲထားပြီး စနစ်ဆိုင်ကိုဖွင့်ရင်း ဇာတ်ကောင်ပြန်ရှင်လာမည့် အချိန်ကို စောင့်နေလိုက်၏။ ခဏအကြာတွင် ဘာမှမဝယ်နိုင်ကြောင်း သဘောပေါက်သွားသဖြင့် ဒေါသတကြီးနှင့်စားပွဲကို လက်သီးဖြင့်ထုချလိုက်လေသည်။ ရုတ်တရက် လင်းဝမ်ယဲ့ ဝင်ပြောလိုက်၏။





"ဒါဆို ခင်ဗျားလည်းဒီဂိမ်းကိုဆော့ဖူးတာပေါ့"





သူ၏မမျှော်လင့်ထားသောမေးခွန်းမှာ လင်းရှန်၏အာရုံကို ချက်ချင်းဖမ်းစားသွားခဲ့သည်။ သူခေါင်းမော့လိုက်ပြီး သူ့ရှေ့မှကောင်လေး၏ အကြည့်များနှင့် ဆုံတွေ့သွားခဲ့သည်။ လုံးဝသူစိမ်းတစ်ယောက်ဖြစ်နေသော်လည်း ရုတ်တရက် စိတ်လှုပ်ရှားမှုတစ်ခုမှာ သူ့ရင်ဘတ်ထဲသို့ ဖြတ်ပြေးသွားခဲ့လေ၏။ လင်းဝမ်ယဲ့သည် ကောင်တာပေါ်သို့မှီချလိုက်ကာ စခရင်ကိုစိုက်ကြည့်လိုက်ပြီး လင်းရှန်ကစားနေသည့် ဇာတ်ကောင်ကို မှတ်မိသွားပြီးနောက် ဆက်ပြောလိုက်သည်။





"ငါလည်း ဒီဟီးရိုးကိုဆော့ရတာ အရမ်းကြိုက်တယ်"




ကောင်လေး၏မျက်လုံးများမှာ သိမ်မွေ့သောအလင်းရောင်ဖြင့် တောက်ပနေပြီး ဝိုင်းစက်နေသော ခွေးပေါက်လေးကဲ့သို့ သူ့မျက်လုံးများမှာ ဝမ်းသာမှုများနှင့် မျှော်လင့်ချက်အချို့ပြည့်နှက်နေပြီး တက်ကြွလန်းဆန်းနေကာ အသက်သိပ်ကြီးပုံမပေါ်ချေ။ လင်းရှန်သည် ဆေးလိပ်ကိုယူ၍ လက်ချောင်းများကြားတွင် ညှပ်ထားလိုက်ပြီး ထူးထူးဆန်းဆန်းကြွားဝါချင်စိတ်များ သူ့အပေါ်လွှမ်းမိုးလာခဲ့သည်။ ယုံကြည်မှုရှိရှိဖြင့် သူပြုံးကာပြောလိုက်၏။





"ငါ့ရဲ့နောက်အကွက်ကိုကြည့်ထား၊ မျက်တောင်မခတ်နဲ့ တစ်ခါမှမသေဘဲ ပန်တာကေးယူပြမယ်"





လင်းဝမ်ယဲ့ ခေါင်းကိုဆက်တိုက်ညိတ်ပြရင်းပြောလိုက်သည်။





"အိုကေ အိုကေ အိုကေ"





လင်းရှန်တစ်ယောက် ကောင်တာအနောက်တွင် ဂိမ်းဆော့နေခြင်းကပင် သူနှင့်အင်တာနက်ကဖေးပိုင်ရှင်တို့ မည်မျှရင်းနှီးကြောင်းပြသရန် လုံလောက်နေပေသည်။ လင်းဝမ်ယဲ့သည် ထိုနေရာတွင်သာဆက်နေပြီး လင်းရှန်၏အကြိုက်ကိုလိုက်နေခဲ့၏။ စောစောက သူ့ကိုတားဆီးခဲ့သော မန်နေဂျာသည်လည်း ဘာမှထပ်မပြောတော့ဘဲ သူ၏အခြားအလုပ်များကိုသာ ပြန်လုပ်နေခဲ့လေသည်။ လင်းဝမ်ယဲ့သည် ဂိမ်းများကိုစိတ်ဝင်စားရုံသာမက ဂိမ်းကစားရာတွင်လည်း ပါရမီပါသူဖြစ်ရာ သူ့ဖခင်ကလည်း သိပ်ညံ့မည်မဟုတ်ဟု ယူဆထားခဲ့၏။






ထို့နောက် ငါးမိနစ်အတွင်း သူ့ဖခင်တစ်ယောက် လေးခါတိတိသေသွားသည်ကို သူကိုယ်တိုင်မျက်မြင်တွေ့လိုက်ရလေသည်။ ကြွားဝါပြီးနောက် တစ်ဖက်ကိုသူသွားအသေခံပေးနေရသည်အား ကိုယ့်မျက်စိရှေ့တွင် အကူအညီမဲ့စွာ ထိုင်ကြည့်နေရခြင်းမှာ လုံးဝကို အရှက်ရစရာပင်ဖြစ်၏။ ကလောင်တံထဲတွင်ဇာတ်ကောင်ပြန်ရှင်လာရန် စောင့်နေစဉ် လင်းရှန်သည်ဆေးလိပ်တစ်လိပ်ကို တိတ်တဆိတ်မီးညှိလိုက်ပြီး ကောင်တာအောက်သို့သာ တိုးဝင်သွားချင်စိတ်ပေါက်သွားခဲ့သည်။ လင်းဝမ်ယဲ့သည်လည်း တိတ်ဆိတ်သွားခဲ့၏။ ပြန်ရှင်လာသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူသက်သေပြရန် တိုက်ခိုက်ဖို့ ပြင်နေသော လင်းရှန်ကိုမြင်သောအခါ နောက်ဆုံးတွင် သူဒေါသထွက်သွားပြီး ငွေရှင်းကောင်တာထဲသို့ အတင်းဝင်သွားကာ သူ့ဖခင်ဖြစ်သူလင်းရှန်အား ဆွဲဖယ်လိုက်ပြီး ကုလားထိုင်ပေါ်သို့ဝင်ထိုင်ချလိုက်တော့သည်။ လင်းရှန်မှာ မကျေမနပ်ဖြင့် သူ့ကိုပြန်ဆွဲဖယ်ရင်း ပြောလိုက်၏။





"ဖယ်စမ်းပါ ငါလုပ်နိုင်တယ်ကွ"





လင်းဝမ်ယဲ့ မေးလိုက်သည်။




"နိုင်ချင်လား"




ထိုစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လင်းရှန်သည်ချက်ချင်း ပါးစပ်ပိတ်သွားကာ ဘေးတွင်သာ လိမ္မာရေးခြားရှိစွာဖြင့် ရပ်နေလိုက်သည်။ မျက်နှာပန်းလှစေရန် သူက နောက်ဆုံးတွင် ဗလုံးဗထွေးဖြင့်ပြောလာသေး၏။





"ဒါဆို မင်းသေသွားရင် ငါဆက်ဆော့မယ်"





ဂိမ်းနှင့်ဟီးရိုးများမှာ တူညီသော်လည်း အနှစ်နှစ်ဆယ်အတွင်း မရေမတွက်နိုင်သောပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရသဖြင့် ကွာခြားချက်များရှိနေသည်မှာ ရှောင်လွှဲ၍မရပေ။ ဤဂိမ်းသည် လွန်ခဲ့သောနှစ်နှစ်အတွင်းမှသာ အကြီးအကျယ် ရေပန်းစားလာခဲ့ခြင်းဖြစ်ရာ လင်းဝမ်ယဲ့အတွက်မူ ဖန်ဆင်းရှင်ဒဏ္ဍာရီတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော် လင်းဝမ်ယဲ့တွင် ဂရန်းမာစတာအဆင့်အခြေခံရှိပြီး သူ၏ကျွမ်းကျင်မှုများကိုမူ ငြင်းဆို၍မရနိုင်ပေ။ သာမန်‌ဆေးဗားအဆင့်လောက်မှာတော့ သူ့အတွက် ကလေးကစားစရာတစ်ခုလိုပင်ဖြစ်သည်။ လင်းရှန်သည် ဂိမ်းကိုဆက်ကစားနိုင်ရန် လင်းဝမ်ယဲ့သေမည့်အချိန်ကို စောင့်နေခဲ့၏။ သို့သော် လင်းဝမ်ယဲ့သည် ဤပွဲတွင်တစ်ခါမှမသေခဲ့ပေ။ ထို့အစား သူသည်ပို၍ပို၍ ကြမ်းတမ်းလာကာ ဖုန်းလိုင်အရှေ့ဘက်လမ်းမှသည် နန်ထျန်းမန်ထိ တစ်ကွင်းလုံးကို ခုတ်ထစ်ခွဲခြမ်းကာဆက်သွားနေခဲ့လေသည်။





လင်းရှန်သည် သူမြင်တွေ့နေရသည့်အရာကြောင့် ဆွံ့အသွားခဲ့ပြီး သူ့အကောင့်မှ ဤမျှလောက်ထိစံချိန်တင်နိုင်လိမ့်မည်ဟု လုံးဝမယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။ သူ၏ဆေးလိပ်တိုမှ သူ့လက်ကို လောင်ကျွမ်းလုနီးပါးဖြစ်သွားသည်ကိုပင် သူသတိမထားမိခဲ့ချေ။ ရန်သူ့စခန်း ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် လင်းရှန်သည် အလွန်တရာသဘောကျသွားပြီး ဝပ်တွားဦးခိုက်လုနီးပါးပင် ဖြစ်သွားခဲ့သည်။ လင်းဝမ်ယဲ့နှင့်ကုလားထိုင်တစ်လုံးတည်းတွင် သူအတင်းတိုးဝင်ထိုင်ကာမေးလိုက်၏။





"ဝိုး ညီလေး မင်းက အမှတ် ၇ အထက်တန်းကျောင်းကလား၊ မင်း မျိုးရိုးနာမည်က ဘာလဲ"





လင်းဝမ်ယဲ့သည် လက်ကိုပွတ်သပ်လိုက်ပြီး ပထမမေးခွန်းကိုတမင်တကာ လျစ်လျူရှုကာ ပြန်ဖြေလိုက်သည်။





"ငါ့မျိုးရိုးနာမည်က လင်းပါ၊ လင်းဝမ်ယဲ့လို့ ခေါ်တယ်"





လင်းရှန် ပြန်ပြောလိုက်သည်။





"မင်းကလည်း လင်းမျိုးရိုးပဲလား၊ ဒါဆို ငါတို့က ဆွေမျိုးတွေပေါ့"





လင်းရှန်သည် အလွန်တရာဝမ်းသာသွားပြီး မိတ်ဆွေဟောင်းများကဲ့သို့ လင်းဝမ်ယဲ့လည်ပင်းကို လက်မောင်းဖြင့် သိုင်းဖက်လိုက်ကာပြောလိုက်သည်။





"ငါ့နာမည်က လင်းရှန်၊ အခုကစပြီး မင်းကငါ့ရဲ့ပျောက်ဆုံးနေတဲ့ အဖေအရင်းကြီးပဲ၊ ငါ့ကိုဆွဲခေါ်သွားပေးပါဦး၊ ငါဆိုတာကြေးအဆင့်က အသုံးမကျတဲ့ကောင်ပါ"




"......"




လင်းဝမ်ယဲ့သည် သူ့အဖေပါးစပ်မှ ထွက်လာသော 'အဖေအရင်းကြီး' ဟူသည့် အခေါ်အဝေါ်ကို လက်ခံရန်ခက်ခဲနေခဲ့ပေသည်။





ဒါက လုံးဝကိုလွန်လွန်းနေပြီ။ ငါ့မှာငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခါသေဖူးပြီးပြီလေ။ ကျေးဇူးပြုပြီး ငါ့ကိုနောက်တစ်ခါ ထပ်မသေခိုင်းပါနဲ့တော့။





လင်းဝမ်ယဲ့ ခေါင်းခါပြီးလက်ကာပြရင်း ပြောလိုက်သည်။





"မလိုပါဘူး မလိုပါဘူး၊ ငါ့ကိုရှောင်လင်းလို့ပဲခေါ်ပါ"





လင်းရှန် ထပ်ပြောလိုက်သည်။





"ဒီလိုခေါ်ဖို့က အရမ်းရိုင်းရာကျပါတယ် အဖေကြီးရာ၊ အဲဒီလိုတွေမပြောပါနဲ့၊ ငါမခံစားနိုင်လို့ပါ"





လင်းဝမ်ယဲ့လည်း မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။






"ငါ့ကို ခေါ်တဲ့ပုံစံပြောင်းလိုက်၊ ငါမင်းကို စိန်အဆင့်ရောက်အောင်ခေါ်သွားပေးမယ်"





လင်းရှန် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ဆေးလိပ်ကိုင်ထားသော သူ့လက်မှာ အနည်းငယ်တုန်ယင်သွားကာ မျက်နှာအမူအရာမှာလည်း လေးနက်သွားခဲ့လေသည်။ သူမေးလာ၏။





"တကယ်ပြောတာလား ခေါင်းကိုင်ဖခင်ကြီး"