Ch 5
Viewers 574

Ch-5




စကားအနည်းငယ်ပြောရုံဖြင့် ဤအဓိပ္ပာယ်မရှိသော အခေါ်အဝေါ်ကို အလွယ်တကူ လက်ခံလိုက်ခြင်းမှာ သူ့ဖခင်သည် ငယ်ရွယ်စဉ်ကအတော်လေး ပွင့်လင်းရိုးသားခဲ့ကြောင်းပြသနေသည်။ လင်းဝမ်ယဲ့ သူနောက်ပြောင်နေသည်ဟု ခန့်မှန်းမိသဖြင့် သူ့ကိုပြင်ပေးရန် အတင်းအကျပ်မလုပ်တော့ဘဲ တိတ်တဆိတ်ပင် သက်ပြင်းချလိုက်၏။ သူ့ဖခင်သည်လည်း သူကဲ့သို့ပင်ပြန်လည်မွေးဖွားလာခဲ့သည်ဟု သူအစပိုင်းက မျှော်လင့်ချက်တစ်မျှင်ရှိနေခဲ့သည်။ သို့သော် ထိုမျှော်လင့်ချက်များမှာ ပျက်သုဉ်းသွားခဲ့ပြီပင်။






သူ့အဖေက သူ့အဖေဖြစ်နေတုန်းပဲဆိုပေမယ့် အပြည့်အဝတော့ သူ့အဖေမဟုတ်ဘူး။





သို့သော်လည်း သူ့ဖခင်ကိုရှာတွေ့ခြင်းမှာ ကောင်းသောအရာတစ်ခုဖြစ်နေဆဲပင်။ အနာဂတ်တွင် ရှောင်လွှဲ၍မရသော ပြဿနာများစွာနှင့် ကြုံတွေ့ရလျှင်ပင် အနည်းဆုံးတော့ သူပိုင်ဆိုင်ရာနေရာတစ်ခု ရှိနေလိမ့်မည်ဖြစ်သည်။ လူဆိုသည်မှာ တစ်စုံတစ်ခုအားဆုံးရှုံးသွားပြီးမှသာ ထိုအရာ၏အရေးပါမှုကို အမြဲသိလာတတ်ကြ၏။ ဖခင်ဖြစ်သူ၏ ရုတ်တရက်သေဆုံးမှုမှာ ကံတရား၏ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကဲ့သို့ ဆယ့်ရှစ်နှစ်တာ သူ့အိပ်မက်ကိုရိုက်ချိုးလိုက်ပြီး မြေပြင်ပေါ်တွင် သွေးစွန်းနေသောအပိုင်းအစများသာ ချန်ရစ်ခဲ့လေသည်။ ဈာပန၌ရပ်နေစဉ် လင်းဝမ်ယဲ့၏အပြင်းထန်ဆုံး ခံစားချက်မှာ ဝမ်းနည်းမှုပင်မဟုတ်ဘဲ ဇဝေဇဝါဖြစ်မှုသာပင်။





ဒီကမ္ဘာကြီးကို ခုမှသူရောက်လာသလိုမျိုး ဇဝေဇဝါဖြစ်နေတာ။





ပွင့်ပွင့်လင်းလင်းပြောရလျှင် သူနှင့် သူ့ဖခင်မှာ ရင်းနှီးမှုမရှိပေ။ သူလူလားမြောက်စဥ်ကတည်းမှ လင်းရှန်သည် အလုပ်အားလပ်ခဲ့ဖူးခြင်းမရှိဘဲ ကိုယ်ပိုင်အချိန်ဟူ၍ လုံးဝမရှိသလောက်ပင်ဖြစ်သည်။ သူ့အချိန်အများစုကို ကုမ္ပဏီအစည်းအဝေးများ၊ ပရောဂျက်များ ဆွေးနွေးခြင်း သို့မဟုတ် အခြားမြို့များ၊ နိုင်ငံများသို့ အလုပ်ကိစ္စဖြင့် ခရီးသွားခြင်းတို့တွင်သာ ကုန်ဆုံးစေခဲ့၏။ ဖခင်နှင့်သားတို့မှာ သုံးလတစ်ကြိမ်လောက်တွေ့ရလျှင်ပင် ကံကောင်းလှပြီဖြစ်သည်။ လင်းဝမ်ယဲ့သည် မည်သည့်အထောက်အပံ့မှမပါဘဲ ကြီးပြင်းလာခဲ့ရသလိုပင်။ သူသည် သူ့မိခင်နှင့်လည်း တစ်ခါမှမတွေ့ဖူးခဲ့သလို လင်းရှန်နှင့်အပြန်အလှန်ပြောဆိုမှုအနည်းငယ်မှာလည်း သူ့တွင် ပိုက်ဆံရှိမရှိ လင်းရှန်မှမေးခြင်းနှင့် သူ့ဘက်မှရှိသည် သို့မဟုတ် မရှိဘူးဟု ပြန်ဖြေခြင်းလောက်သာရှိခဲ့သည်။






သူ့ဖခင်သည် သူလုပ်ချင်ရာကိုလုပ်နိုင်ရန် ယုံကြည်မှုပေးစွမ်းနိုင်သည့် သူ့အနောက်တွင် ရပ်တည်နေသော တောင်ကြီးတစ်လုံးကဲ့သို့ အမြဲရှိနေခဲ့သည်။

အနာဂတ်အတွက် သူစိတ်ပူစရာမလိုသလို နောက်ကြောင်းပြန်လှည့်ကြည့်စရာလည်းမလိုပေ။ သူတကယ် ကံကောင်းသည်ဟု လူတိုင်းမှာပြောနေကြသည်။ သူ့အဘိုးနှင့် ဖခင်တို့မှာ အုတ်မြစ်ချပေးခဲ့ပြီး မိသားစု၏အနာဂတ်အတွက် လမ်းခင်းပေးခဲ့ပြီးဖြစ်သည်။ သူသည်စည်းကမ်းများကို လိုက်နာရုံသာဖြစ်ပြီး အမှားလုပ်မိမည်မဟုတ်ပေ။ ဤတောင်ကြီး ရုတ်တရက် ပြိုကျသွားသည့် အခိုက်အတန့်တွင် အညှာအတာကင်းသောလေပြင်းများမှာ အရပ်မျက်နှာအနှံ့မှသူ့မွှေးညင်းပေါက်များတွင်းသို့ စိမ့်ဝင်လာကာ သူ့အရိုးများထဲသို့ တိုးဝင်တိုက်ခတ်လာခဲ့သည်။ ၎င်းမှာ လင်းဝမ်ယဲ့ တစ်ခါမှမကြုံဖူးသော အအေးဒဏ်ပင်ဖြစ်၏။ 






လင်းရှန်သည် သူ့ပွဲစဉ်မှတ်တမ်းများကိုကြည့်နေဆဲဖြစ်ပြီး ရှုံးခဲ့သောပွဲတိုင်းတွင်ကြုံတွေ့ခဲ့ရသည့် အသုံးမကျသော အသင်းဖော်များအကြောင်းကို လင်းဝမ်ယဲ့နားတွင် မရပ်မနားညည်းတွားပြောဆိုနေလေသည်။ လင်းဝမ်ယဲ့သည် သူ့ဘေးမှနွေးထွေးမှုကို ခံစားနေရသဖြင့် မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာသည်ကိုမတားဆီးနိုင်ခဲ့ပေ။ ကူကယ်ရာမဲ့မှု ဒါမှမဟုတ် နာကြည်းမှုဖြစ်နိုင်သည်။ သူ့ဖခင် သေဆုံးပြီးကတည်းမှ စုဆောင်းလာခဲ့သော ခံစားချက်အားလုံးမှာပြိုကျနေသော အဆောက်အအုံတစ်ခုကဲ့သို့ ရွှံ့နှင့်ဖုန်များကိုမွှေနှောက်ကာ သူမည်မျှပင် ကြိုးစားတားဆီးစေကာမူ ရပ်တန့်၍မရနိုင်အောင် ဖြစ်နေခဲ့၏။

သူ့ဘေးနားရှိလူထံမှ ရုတ်တရက် နှာခေါင်းရှုံ့သံများ ထွက်လာမှသာ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း လင်းရှန် သတိထားမိသွားသည်။






သူ ခေါင်းလှည့်ကြည့်လိုက်ရာ လက်ထဲတွင်ခေါင်းကိုတိတ်တဆိတ် ဝှက်ထားသော လင်းဝမ်ယဲ့ကိုတွေ့လိုက်ရ၍ သေချာအကဲခတ်ကြည့်လိုက်၏။ တစ်ဖက်လူ၏မျက်နှာပေါ်ရှိ မျက်ရည်များကိုသတိထားမိသွားရာ မျက်လုံးပြူးသွားပြီး အသံငြိမ်ငြိမ်ဖြင့် မဝံ့မရဲအော်လိုက်သည်။






"ခေါင်းကိုင်ဖခင်ကြီး ဘာလို့မျက်လုံးထဲက‌နေ ရုတ်တရက်သေးထပေါက်ချလိုက်တာလဲ"





လင်းဝမ်ယဲ့ ဆက်မထိန်းနိုင်တော့ပေ။ သူမှတ်မိသော ရင့်ကျက်တည်ငြိမ်သည့် ဖခင်၏ပါးစပ်မှ ဤကဲ့သို့သောစကားမျိုးထွက်လာသည်ကို လက်ခံရန် ခက်ခဲနေခဲ့သည်။ သူချက်ချင်းပင် ငိုချလိုက်ရာ နှပ်တွေတောင်ထွက်ကျလာမတတ်ဖြစ်သွားရ၏။ လင်းရှန်အပြင် ငွေရှင်းကောင်တာတွင်ထိုင်နေသော အမျိုးသမီးငယ်တစ်ဦးလည်း ရှိနေသည်။ ဆူညံသံများကို သတိထားမိပြီးနောက် သူမသည်စပ်စပ်စုစုမျက်လုံးများဖြင့် သူ့အားတိတ်တဆိတ်စောင့်ကြည့်နေခဲ့၏။ ရုတ်တရက်ပေါ်လာသော ချောမောသည့်ကောင်လေးမှာ လင်းရှန်ကိုမှီ၍ငိုနေသည်အားမြင်သောအခါ သူမအကြည့်များသည် ပို၍ပင်ခန့်မှန်းရခက်လာခဲ့သည်။ သူမအကြည့်များအောက်တွင် လင်းရှန်မှာ နေရပိုခက်လာသဖြင့် လင်းဝမ်ယဲ့လည်ပင်းမှ လက်ကိုအမြန်လွှတ်လိုက်ပြီး သူ့ပခုံးကို ခပ်ပြင်းပြင်းပုတ်လိုက်၏။






"ယောကျ်ားလေးဖြစ်ပြီး ဒီလိုမျိုးဘယ်သူကငိုလို့လဲ၊ မသိတဲ့သူတွေဆို ငါကပဲ မင်းကိုအနိုင်ကျင့်တယ်လို့ ထင်ကုန်ကြလိမ့်မယ် မငိုနဲ့တော့"






လင်းဝမ်ယဲ့လည်း ရှက်သွားသဖြင့် ခေါင်းငုံ့ကာ သူ့အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်သည်။ သူသည် နောက်ဆုတ်ရန်အခွင့်အရေးယူရန် ဆုံးဖြတ်လိုက်ပြီး ရုတ်တရက်ပြောလိုက်၏။






"မင်း ငါ့ကိုအဲ့လိုခေါ်ရင် ငါ့အဖေကို သတိရလို့ပါ၊ ငါအရမ်းငယ်ငယ်ကတည်းက အဖေမရှိတော့တာ"






ယောကျ်ားလေးအချင်းချင်း အဖေနှင့်သားဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်မှာ သာမန်ပင်ဖြစ်သည်။ လင်းရှန်သည် ဤကဲ့သို့သောဇာတ်လမ်းမျိုးကို မမျှော်လင့်ထားသဖြင့် ချက်ချင်းအံ့သြမှင်တက်သွားခဲ့၏။ သူအမြန်တောင်းပန်လိုက်သည်။





"ငါ့အမှားပါ ငါ့အမှားပါ၊ ငါမသိခဲ့တာမလို့ တောင်းပန်တယ်ကွာ၊ နောက်ဆိုငါ မင်းကို အဲဒီလိုမခေါ်တော့ဘူးနော်"





"အိုကေ"




လင်းဝမ်ယဲ့သည် နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းပင် တည်ငြိမ်သွားလေသည်။

စီချွမ်းအော်ပရာကဲ့သို့သော ဤမျက်နှာပြောင်းလဲတင်ဆက်မှုသည် လင်းရှန်ကို မှင်တက်သွားစေခဲ့၏။ ပြန်လည်တုံ့ပြန်နိုင်ရန် စက္ကန့်အနည်းငယ်ခန့် သူအချိန်ယူလိုက်ရသည်။ ငွေရှင်းကောင်တာတွင် အထွေထွေပစ္စည်းများစွာပုံထားပြီး လူများလွန်းသဖြင့် ကျဉ်းမြောင်းသောနေရာလေးမှာ အနည်းငယ် အိုက်စပ်စပ်ဖြစ်လာ၏။ လင်းရှန် မတ်တပ်ရပ်လိုက်ပြီး လင်းဝမ်ယဲ့ကိုဆွဲထူကာ အကွေ့အကောက်များသော လမ်းတစ်လျှောက်မှတစ်ဆင့် နှစ်ယောက်ခန်းတစ်ခုအတွင်းသို့ ဆွဲခေါ်သွားခဲ့သည်။ လိုက်ကာကိုမလိုက်ပြီး အင်တာနက်ကဖေးမန်နေဂျာကို သူလှမ်းခေါ်လိုက်၏။





"ရှောင်ဝမ် ဒီစက်နှစ်လုံးအတွက်ကတ်ယူခဲ့ပေး"





"ရစေရမယ် အစ်ကို"





သီးသန့်ခန်းမှာ သိပ်မကြီးဘဲ ကွန်ပျူတာနှစ်လုံးနှင့် နှစ်ယောက်ထိုင် ဆိုဖာတစ်လုံးသာရှိသော်လည်း ပတ်ဝန်းကျင်မှာတော့ အတော်လေး ကောင်းမွန်လှသည်။ ၎င်းကိုပင်မခန်းမမှလိုက်ကာတစ်ခုဖြင့် ပိုင်းခြားထားပြီး သီးသန့်ဖြစ်သော နေရာတစ်ခုဖန်တီးထားကာ စားပွဲပေါ်တွင် အပင်ငယ်လေးများထည့်ထားသော ပန်းအိုးအချို့ကိုလည်း တင်ထား၏။ မကြာမီ အင်တာနက်ကဖေးမန်နေဂျာမှာ အသင်းဝင်ကတ် နှစ်ကတ်ယူလာပေးသည်။






လင်းရှန်သည် စက်များကိုကျွမ်းကျွမ်းကျင်ကျင်ဖွင့်လိုက်ပြီး ကတ်များကိုပွတ်ဆွဲကာ စကားဝှက်ထည့်လိုက်၏။ မော်နီတာပေါ်ရှိမှတ်ပုံတင်နံပါတ်နေရာမှ အဓိပ္ပာယ်မရှိသော စာလုံးများကိုကြည့်ကာ လင်းဝမ်ယဲ့သည် ၎င်းတို့မှာအချိန်ကန့်သတ်ချက်မရှိဘဲ အကန့်အသတ်မဲ့အင်တာနက်သုံးခွင့်ပေးသည့် အင်တာနက်ကဖေး၏အထူးအသင်းဝင်ကတ်များဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ စက်များပွင့်လာရန် စောင့်နေစဉ် လင်းဝမ်ယဲ့ သိချင်စိတ်ဖြင့် မေးလိုက်၏။






"မင်းက ဆိုင်ရှင်နဲ့ရင်းနှီးတာလား"





လင်းရှန်သည် ကိုကာကိုလာနှစ်ဘူး ထပ်သွားယူလိုက်ပြီး ဘူးကိုလက်တစ်ဖက်တည်းဖြင့်ဖွင့်ကာ ခေါင်းခါပြလိုက်သည်။





"သိပ်တော့ မရင်းနှီးပါဘူး"





"ဒါဆို မင်းကဘယ်လိုလုပ်ပြီး ကတ်ဖွင့်ခိုင်းလို့ရနေတာလဲ"





လင်းဝမ်ယဲ့ ပို၍သိချင်လာကာဆက်မေးလိုက်သည်။





"အင်တာနက်ကဖေး မန်နေဂျာကတောင် မင်းကို 'အစ်ကို'လို့ခေါ်နေသေးတယ်"





လင်းရှန်ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး စားပွဲပေါ်ရှိမီးခြစ်ထံ လက်ဟန်ပြကာ လျှို့ဝှက်ဆန်းကြယ်စွာပြုံးလိုက်သည်။ လင်းဝမ်ယဲ့သည် သူ့ဖခင်၏ ကလေးဆန်သောအပြုအမူများကြောင့် စကားပင်မပြောနိုင်တော့ပေ။ သိချင်စိတ်ကြောင့် သူမျက်နှာချိုသွေးကာ ဆေးလိပ်မီးညှိပေးလိုက်ပြီး တစ်ဖက်လူ၏နှေးကွေးသော အဖြေကို စောင့်နေလိုက်သည်။





"ငါက သူဌေးနဲ့မရင်းနှီးပေမယ့် သူ့သားနဲ့ရင်းနှီးတယ်လေ နားလည်လား၊ ငါ့ရဲ့ အဆက်အသွယ်တွေပေါ့"





"......"



လင်းဝမ်ယဲ့သည် မီးခြစ်ကိုပြန်ချလိုက်ပြီး သူ့ဖခင်နှင့်စကားမပြောနိုင်တော့ဘဲ တိတ်တဆိတ်လှည့်ကာ ဂိမ်းထဲသို့ဝင်ရန်ပြင်လိုက်သည်။ သူ၏အသုံးပြုသူအမည်နှင့် စကားဝှက်ကို အကြိမ်ကြိမ်ရိုက်ထည့်ပြီးမှ မှားနေကြောင်းသတိပြုမိသွား၏။ 





ဒီနေရာကသူ့မှာ ဂိမ်းအကောင့်မရှိသေးဘူး။





သူ၏အကောင့်မှာ ဆယ်နှစ်ကျော်ကြာပြီးမှဖန်တီးထားခြင်းဖြစ်ရာ ယခုအချိန်တွင် အကောင့်ဝင်နိုင်ပါမှသာအံ့ဖွယ်တစ်ခုဖြစ်ပေလိမ့်မည်။





"ဘာဖြစ်လို့လဲ" 




လင်းရှန် လှည့်မေးလာသည်။





"စကားဝှက် မေ့သွားလို့လား"





လင်းဝမ်ယဲ့ သက်ပြင်းတိုးတိုးချလိုက်ပြီး အကြောင်းပြချက်တစ်ခုကို အမြန်ဖန်တီးလိုက်သည်။





"ငါ့အကောင့် အခိုးခံရလို့ပါ"





လင်းရှန် ပြန်ပြောလိုက်သည်။





"အခိုးခံရရင်လည်း ပြန်ယူလို့ရတာပဲလေ"





လင်းဝမ်ယဲ့ ပြန်ဖြေလိုက်သည်။





"ငါ ပြန်ယူလို့မရဘူး"





လင်းရှန် ပြန်မေးလိုက်သည်။





"ဘာလို့လဲ"





လင်းဝမ်ယဲ့ ပြန်ဖြေလိုက်သည်။





"ဂိမ်းစွဲလမ်းမှုဆန့်ကျင်ရေးစနစ်ကနေလွတ်အောင် ငါ့အဖေရဲ့မှတ်ပုံတင်ကို ခိုးပြီး အကောင့်ဖွင့်ထားတာမလို့"





သူပြောပြီးနောက် လင်းရှန်သည် ခေတ္တမျှတိတ်ဆိတ်သွားပြီး မယုံကြည်နိုင်ဖြစ်ကာ ပြောလိုက်သည်။





"မင်းအရမ်းငယ်ငယ်လေးတုန်းက မင်းအဖေဆုံးသွားတာ မဟုတ်ဘူးလား၊ ဒီဂိမ်းက လွန်ခဲ့တဲ့နှစ်နှစ်ကမှ ထွက်တာလေ"





သူ၏ယခင်ဖခင်ရှေ့တွင် လင်းဝမ်ယဲ့မှာ သေချာပေါက်လိမ်မပြောရဲပေ။ သို့သော် အကြောင်းပြချက်တစ်ခုခုကြောင့် သူ၏ဆယ့်ရှစ်နှစ်အရွယ် ဖခင်သည် သူ့စကားများနှင့်အပြုအမူများတွင် အပြစ်ကင်းစင်သောမိုက်မဲမှုတစ်မျိုးကို အမြဲထုတ်လွှတ်နေတတ်သဖြင့် မေးခွန်းများနှင့် ရင်ဆိုင်ရသောအခါ သူ့ကိုဖမ်းမိမည်မဟုတ်ဟု မသိစိတ်မှယုံကြည်၍ အလွယ်တကူရှင်းပြချက်များ ဖန်တီးမိစေသည်။ လင်းဝမ်ယဲ့သည် ဤယုတ္တိမတန်မှုကိုဖြေရှင်းရန် အခြားအကြောင်းပြချက်တစ်ခုကို အမြန်ရှာလိုက်၏။





"လွန်ခဲ့တဲ့နှစ်နှစ်က ငါအရမ်းငယ်သေးတယ်ထင်လို့ပါ"





လင်းရှန်သည် နှစ်စက္ကန့်ခန့်တုံ့ဆိုင်းသွားပြီးနောက် အပြည့်အဝယုံကြည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

သူ့ဂိမ်းအကောင့်မရှိတော့သဖြင့် သဘာဝကျကျ နောက်ထပ်တစ်ခု မှတ်ပုံတင်ရမည်ပင်။ Heroic Gloryမှာ MOBAဂိမ်းဖြစ်သောကြောင့် လယ်ဗယ်တက်ရန် ကြိုးစားနေစရာမလိုဘဲ အကောင့်ရှိရုံဖြင့် ကစားနိုင်ပေသည်။ လင်းဝမ်ယဲ့သည် တရားဝင်ဝက်ဘ်ဆိုက်သို့ဝင်ရောက်ကာ မှတ်ပုံတင်စာမျက်နှာရှိ သူ့အမည်နှင့်မှတ်ပုံတင်နံပါတ်နေရာကို တိတ်တဆိတ်စိုက်ကြည့်နေမိ၏။ 





ဒီအသုံးမကျတဲ့ဂိမ်းက အနှစ်နှစ်ဆယ်အကြာတုန်းကတောင် ဘာလို့မှတ်ပုံတင်နဲ့ စာရင်းသွင်းဖို့ လိုအပ်နေတာလဲ။ ဒါကမှတ်ပုံတင်မရှိတဲ့ သူ့လိုလူတစ်ယောက်အတွက် ခက်ခဲအောင် လုပ်နေတာမဟုတ်ဘူးလား။