Ch 10
Viewers 563

10




အကင်များရောင်းသော အစားအသောက်လှည်းအနီးတွင် ထိုင်နေစဉ်က သူထိုအရာကို မခံစားခဲ့ရသော်လည်း ထွက်လာသည်နှင့်တစ်ပြိုင်နက် သူအမြန်ပခုံးတွန့်လိုက်မိကာ ထိန်းမရအောင်တုန်ယင်လာခဲ့လေသည်။





"အေးလိုက်တာ၊ မင်းအဝတ်အစား ဒီလောက်နည်းနည်းလေးဝတ်ထားတာ မချမ်းဘူးလား"




အင်တာနက်ကဖေးတွင် အပူပေးစက်ရှိပြီး သူကိုယ်တိုင်ကလည်းဆောင်းတွင်းဝတ်အင်္ကျီထူထူ ဝတ်ထားသဖြင့် အာရုံခံစားမှုအနည်းငယ်လွဲချော်နေသော လင်းရှန်သည် လင်းဝမ်ယဲ့မှာ အင်္ကျီပါးပါးလေးတစ်ထည်သာဝတ်ထားကြောင်းကို နောက်ဆုံးတွင် သတိပြုမိသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ လင်းဝမ်ယဲ့ သူ့ထံနာကြည်းဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး အလွန်အေးနေသဖြင့် စကားပင်မပြောနိုင်တော့ချေ။ လင်းရှန်သည် ထိုသနားစရာကောင်းသောအကြည့်ကို တစ်စက္ကန့်မျှပင် သည်းမခံနိုင်တော့ဘဲ တိုးတိုးလေးကျိန်ဆဲလိုက်ကာ သူ့ဆောင်းတွင်းဝတ်အင်္ကျီအရှည်၏ဇစ်ကိုဆွဲချရန် လက်လှမ်းလိုက်ပြီး လင်းဝမ်ယဲ့ကို သူ့အင်္ကျီထဲသို့ဆွဲသွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့အင်္ကျီထဲသို့ဝင်လာသော အေးစက်စက် လေပြင်းကြောင့် သူအသက်ရှူမှားသွားခဲ့လေ၏။





"အဟွတ် ငါတော့ခဲသေတော့မှာပဲ၊ မင်း ဘယ်မှာနေတာလဲ၊ မင်းကိုအိမ်အရင် ပြန်ပို့ပေးမယ်"





လင်းဝမ်ယဲ့နှုတ်ခမ်းများ ကွေးကျသွားပြီး သူခေါင်းခါပြကာ တိတ်ဆိတ်နေလိုက်သည်။





"မြန်မြန်ပြောစမ်းပါ ဒီဘက်လား"





ဆောင်းတွင်းဝတ်အင်္ကျီ၏နေရာလွတ်များကြားမှ အေးစက်သောလေပြင်းများ တိုးဝင်တိုက်ခတ်နေပြီး အတွင်းတွင်ဆွယ်တာတစ်ထည်သာ ဝတ်ထားသော လင်းရှန်သည် အံကြိတ်ကာမေးလိုက်သည်။





"မင်း အချိန်ဆွဲနေရင် ငါတို့နှစ်ယောက်လုံး ရေခဲရုပ်တွေဖြစ်သွားလိမ့်မယ်၊ ပြီးရင်ငါတို့နောက်မှာရှိတဲ့ကောင်က ငါတို့အလောင်းကိုလာကောက်ရလိမ့်မယ်"





လုချန်းရွှမ်မှာ အမီလိုက်ရန်အရှိန်မြှင့်လိုက်ပြီး သူဘယ်အချိန်ကတည်းမှ ချွတ်ထားမှန်းမသိသောအင်္ကျီကို သူ့ထံ ကမ်းပေးလိုက်သည်။ လင်းရှန် အံ့သြတကြီးဖြင့်ပြောလိုက်၏။





"သောက်ကျိုးနည်း မင်းကိုယ်မင်းစူပါဆိုင်ယန်လို့ ထင်နေတာလား၊ အဲဒါပြန်ဝတ်ထားလိုက်"






"အဲဒီလောက်ထိ ငါမချမ်းပါဘူး" 





လုချန်းရွှမ် သူ့ဟူဒီကော်လာကိုဆွဲပြရင်း ပြောလိုက်သည်။





"အထဲမှာ သိုးမွေးဆွယ်တာဝတ်ထားတယ်"





လင်းရှန်သည် မတော်တဆပေါ်လွင်သွားသော သူ့စိုးရိမ်ပူပန်မှုကိုထိန်းချုပ်လိုက်ပြီး စက္ကန့်အနည်းငယ်မျှစဉ်းစားဟန်ဖြင့် စိုက်ကြည့်နေပြီးနောက် ရပ်တန့်ကာ မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်သည်။





"ငါ သူ့ကိုဖက်ထားလို့ မင်းစိတ်တိုနေတာလား"




"......"




"မင်း ဘာတွေပြောနေတာလဲ" 





လင်းဝမ်ယဲ့သည် သူ့ဖခင်မှာ အဘယ်ကြောင့် ဤမျှလောက်ခနဲ့တဲ့တဲ့နိုင်ရကြောင်းကို နားမလည်နိုင်ဖြစ်သွားရသည်။ လင်းရှန်၏စကားများထဲမှ ရှင်းပြ၍မရသော ခနဲ့တဲ့တဲ့အသံကို ကြားလိုက်ရသဖြင့် သူအမြန်ဝင်တားလိုက်ပြီး လုချန်းရွှမ်ဘက်သို့ ကိုယ်ကိုကိုင်းညွတ်ကာပြောလိုက်၏။





"အစ်ကိုကြီးပဲ ဝတ်ထားလိုက်ပါ၊ ငါမချမ်းတော့ပါဘူး၊ ဒီလိုဆိုအဆင်ပြေပါတယ်"





ထိုသို့ပြောပြီးနောက် သူ့စကားကို သက်သေပြရန်အတွက် လင်းဝမ်ယဲ့သည် လင်းရှန်၏ခါးကိုဖက်ကာ ဆောင်းတွင်းဝတ်အင်္ကျီကို တင်းတင်းကြပ်ကြပ်ဆွဲစိလိုက်လေသည်။ ပွယောင်းယောင်း ဆောင်းတွင်းဝတ်အင်္ကျီကြောင့် သူတို့နှစ်ယောက်စလုံး လေတိုက်ခံရခြင်းမှ ကင်းဝေးသွားခဲ့၏။ သို့သော် သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် တင်းကြပ်စွာ ပူးကပ်နေပြီး ခွဲခွာ၍မရဘဲ လက်တစ်လုံးမျှပင် ရွှေ့၍မရအောင်ဖြစ်နေခဲ့သည်။ ရိုးရိုးသားသားပြောရလျှင် လင်းရှန်သည် သူ့ဘဝတွင် မည်သူနှင့်မှဤမျှနီးကပ်စွာမနေခဲ့ဖူးချေ။ ဤကဲ့သို့သော အထိအတွေ့မျိုးနှင့် သူမရင်းနှီးပေ။ သို့သော် မသိစိတ်တွင်မူ သူ၎င်းကို မုန်းတီးမနေခဲ့ပေ။





လင်းဝမ်ယဲ့သည် လုချန်းရွှမ်ထံတည့်တည့်စိုက်ကြည့်ကာ အေးစက်သော လေပြင်းအောက်တွင် မျက်တောင်အကြိမ်အနည်းငယ်ခတ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များတွင် အပြုံးလေးတစ်ခုတွဲခိုနေဆဲဖြစ်ပြီး အင်္ကျီပေးသည့်အတွက် ကျေးဇူးတင်ကြောင်းကို တိတ်တဆိတ်ဖော်ပြနေခဲ့၏။ ဖြူစင်သော သူ့အကြည့်များအရ သူ့ထံတွင်မည်သည့်မကောင်းသော ရည်ရွယ်ချက်မှ မရှိကြောင်းနှင့် စေတနာသက်သက်ဖြင့်သာ ငြင်းဆန်နေခြင်းဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေပေသည်။

သို့သော် ဤရည်ရွယ်ချက်မပါသောလုပ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် လုချန်းရွှမ်မျက်လုံးများမှာ ရုတ်တရက် ခန့်မှန်းရခက်လာခဲ့၏။ လင်းရှန်သည် ဤအတွက် တိတ်တဆိတ် သဘောကျကျေနပ်သွားခဲ့သည်။ ထို့ကြောင့် လုချန်းရွှမ်ရှေ့တွင် တမင်တကာ သူပြန်ဖက်လိုက်ပြီး ရယ်မောလိုက်လေ၏။





"တွေ့လား ငါတို့တော်တော်လေး နွေးနေပါပြီ၊ အဆင်ပြေတယ် အအေးမမိစေနဲ့၊ အင်္ကျီပြန်ဝတ်ထားလိုက်"





လုချန်းရွှမ်သည် သူ့အင်္ကျီကိုပြန်မဝတ်ဘဲ သူတို့ကိုတိတ်တဆိတ်ကြည့်နေခဲ့ပြီး စက္ကန့်အနည်းငယ်အကြာတွင် ပြောလိုက်သည် 





"ရပါတယ် ခြေလှမ်းနည်းနည်းလောက် လျှောက်ရတာပဲကို"





လင်းဝမ်ယဲ့နှင့် လင်းရှန်နှစ်ယောက်စလုံး မှင်တက်သွားကြသည်။ သူတို့နှစ်ယောက်သည် လက်ရှိအနေအထားအတိုင်း ရှေ့သို့လျှောက်ရန်ကြိုးစားကြသော်လည်း တစ်ယောက်ကိုတစ်ယောက် အကြိမ်ကြိမ်ခလုတ်တိုက်မိနေကြ၏။ သူတို့ခြေလက်များသည် ခန္ဓာကိုယ်မှ အခုလေးတင်ထွက်လာသကဲ့သို့ဖြစ်နေပြီး လုံးဝထိန်းချုပ်၍မရဘဲဖြစ်နေကာ ခလုတ်တိုက်ပြီးလဲကျလုနီးပါးပင် ဖြစ်သွားကြသည်။ ခေတ္တမျှ ရုန်းကန်ပြီးနောက် လင်းရှန်သည် ခေါင်းမာမာဖြင့် ညွှန်ကြားချက်ပေးလိုက်၏။





"ငါ့စကားနားထောင် ငါက သုံး၊ နှစ်၊ တစ်လို့ ရေတွက်လိုက်ရင် ငါတို့နှစ်ယောက်စလုံး ဘယ်ခြေထောက်ကိုရှေ့လှမ်းကြမယ်"





လင်းဝမ်ယဲ့ လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်သည်။





"အိုကေ"





လုချန်းရွှမ်သည် သူတို့ကိုတားဆီးရန် သို့မဟုတ် ရပ်တန့်ရန်မကြိုးစားဘဲ သူ့အင်္ကျီကို တံတောင်ဆစ်ထက်တွင်တင်ထားကာ သူတို့ကိုအရူးများကဲ့သို့ ထိုနေရာတွင်သာရပ်ကြည့်နေခဲ့သည်။





"သုံး၊ နှစ်....."




"ဟေ့ ရှေ့ကလူတွေ၊ အဲဒီမှာရပ်လိုက်စမ်း"





လင်းရှန် ရေတွက်၍မပြီးဆုံးမီမှာပင် အနောက်မှအသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူတို့သုံးယောက်စလုံး တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ရာ ရဲအရာရှိနှစ်ဦး သူတို့ဆီသို့ပြေးလာနေသည်ကို မြင်လိုက်ရ၏။ ရှေ့မှပြေးလာသော ရဲအရာရှိသည် လျင်မြန်သွက်လက်စွာဖြင့် လင်းဝမ်ယဲ့ကို လင်းရှန်လက်မောင်းထဲမှ ဆွဲထုတ်ကာ ဖမ်းချုပ်လိုက်လေသည်။





"နောက်ဆုံးတော့ မင်းကိုမိပြီပဲ ကောင်စုတ်လေး၊ ငါနဲ့ရဲစခန်းကို လိုက်ခဲ့စမ်း"