11
ရှိနေဆဲ လူသုံးယောက်လုံး ကြက်သေသေသွားကြလေသည်။ အမြဲတစေတည်ငြိမ်နေတတ်သည့် လုချန်ရွှမ်၏မျက်နှာထားပင် အနည်းငယ်ပျော့ပျောင်းသွားဟန်ပေါ်သည်။ မိမိလူဘက်မှ အမြဲရပ်တည်လေ့ရှိသော လင်းရှန်လည်း ရဲယူနီဖောင်းကိုမြင်သည့်အခါ မှင်သက်စွာဖြင့် အံ့သြတကြီး ဘေးနားတွင်ရပ်ကာ သူ့အားစိုက်ကြည့်နေ၏။
သေချာပြန်စဉ်းစားကြည့်သည့်အခါ သူနှင့်ထိုကောင်လေးတို့မှာ အမှတ်မထင် တွေ့ဆုံမိသည့် သူစိမ်းများသာဖြစ်ကြသည်။ နာမည်မှလွဲ တစ်ဖက်လူအကြောင်း သူ ဘာတစ်ခုမှ သိမနေပေ။
ဘုရားရေ၊ သူက လူသတ်သမားများဖြစ်နေမလား။ ရုပ်ကြည့်ရတာတော့ အဲ့လိုပုံမပေါက်ပါဘူး။
လင်းဝမ်ယဲ့ကိုယ်တိုင်လည်း ဆွံ့အသွားကာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက်ထ၍ ငြင်းဆိုရန်ကြိုးပမ်းလိုက်၏။
"ဘာတွေဖြစ်နေတာလဲ အရာရှိမင်းတို့ လူမှားနေပြီ၊ လူကိုအကြောင်းမဲ့ လာမဖမ်းပါနဲ့"
"မင်း ပြာကျသွားရင်တောင် ငါတို့က မှတ်မိတယ်၊ ငြိမ်ငြိမ်နေ မဟုတ်ရင် လက်ထိပ်ခတ်လိုက်မယ်၊ ရဲစခန်းကို လိုက်ခဲ့"
ထိုသို့ပြောပြီးနောက် ရဲနှစ်ယောက်မှာ သူ့ကိုဖမ်းချုပ်၍ နောက်ထပ်စကားတစ်ခွန်းမှမဆိုတော့ဘဲ ဆွဲခေါ်သွားကြသည်။ လင်းဝမ်ယဲ့မှာ ကိုယ်ခံပညာဟူ၍ ဘာတစ်ခုမှသင်ထားဖူးခြင်းမရှိရာ လူကြီးနှစ်ယောက်၏အားအင်အောက် နို့မပြတ်သေးသော ခွေးပေါက်စလေးကဲ့သို့ ဘာမျှမလုပ်နိုင် အလွယ်တကူဆွဲခေါ်သွားခံလိုက်ရလေ၏။ လင်းဝမ်ယဲ့ခေါင်းထဲ၌ ဗလာကျင်းသွားပြီး အထိတ်တလန့်ဖြင့် ဘာမှမစဉ်းစားနိုင်တော့ပဲ လှည့်ကာအော်လိုက်မိသည်။
"အဖေ ကယ်ပါဦး"
လင်းရှန်မှာ မည်မျှပင်ဆိုးသွမ်းသူဖြစ်စေကာမူ ရဲကိုတော့ ဆန့်ကျင်မည်မဟုတ်ပေ။ ဘာဖြစ်ကုန်လဲဆိုသည်ကိုသိရအောင် နောက်မှလိုက်သွားရမလားဟု တွေဝေနေဆဲရှိသေးသည်။ သို့သော် လင်းဝမ်ယဲ့အော်ဟစ်သံကိုကြားပြီးနောက်တွင်တော့ သူချက်ချင်းမတ်မတ်ရပ်လိုက်ပြီး လုချန်ရွှမ်ကို လှည့်မေးလိုက်သည်။
"ဒီကောင်လေး ခုနကငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ၊ မင်းကြားလိုက်လား"
လုချန်ရွှမ် သေချာပေါက်ကြားလိုက်သည်ပင်။ သူ့နှုတ်ခမ်းလေးအသာလှုပ်သွားပြီး ထိုနာမည်အားထုတ်ပြောလိုက်ပါလျှင် တစ်ဖက်လူမှာ အခွင့်အရေးယူသွားမည်ကို သဘောပေါက်နေသည်။ ထို့ကြောင့် ဘာမှမပြောပဲရှုပ်ထွေးသည့် အကြည့်တစ်ချက်နှင့်သာ ခေါင်းညိတ်ပြလိုက်သည်။ ယောက်ျားလေးတော်တော်များများမှာ အဖေဆိုသည့်စကားလုံး၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပေ။
သောက်ကျိုးနည်း ဖြစ်ချင်ရာဖြစ်ကွာ
လင်းရှန် အံကြိတ်ကာ ရှေ့သို့တစ်လှမ်းတိုး၍ အော်ပြောလိုက်လေ၏။
"မင်းအဖေ ဒီမှာရှိတယ်ကွ"
လုချန်ရွှမ် ဆွံ့အသွားရသည်။ ခြေလှမ်းအနည်းငယ်ခန့်လှမ်းပြီးနောက် ရှေ့မှလူများနောက် လင်းရှန်လိုက်မှီသွားကာ လည်ချောင်းရှင်းလျက် မေးခွန်းထုတ်လိုက်၏။
"နေဦး ခင်ဗျားတို့က ရဲအစစ်တွေရော ဟုတ်ရဲ့လား၊ ဒါမှမဟုတ် ကလေးသူခိုးတွေက ရဲယောင်ဆောင်ပြီး ကလေးလာခိုးတာလား"
စကားဆုံးအောင်မပြောရသေးခင်မှာပင် ရဲနှစ်ယောက်မှ သူတို့ရဲတံဆိပ်အား ထုတ်ပြလိုက်ရာ လင်းရှန်အားအောင်မြင်စွာနောက်ဆုတ်သွားစေနိုင်ခဲ့သည်။ သူ့မျက်နှာထား ချက်ချင်းပြောင်းလဲသွားပြီး ခါးကိုကိုင်းလျက် ပြာပြာသလဲပြောလေတော့သည်။
"ဟုတ်ကဲ့ပါ အရာရှိဦးလေးတို့ တာဝန်ထမ်းဆောင်နေချိန် အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်၊ ကျွန်တော်ပါ အတူလိုက်ခဲ့လို့ရမလား၊ သူက ကျွန်တော့်ပစ္စည်းတွေ ခိုးသွားမှာစိုးလို့ပါ"
လင်းဝမ်ယဲ့ သူ့ထံအံ့သြတကြီးလှမ်းကြည့်လိုက်ကာ စောဒကတက်ရန်ပင် အချိန်မရလိုက်ပဲ ဆွဲခေါ်သွားခံလိုက်ရ၏။ လင်းရှန်သည်လည်း ရဲကိုမတားရဲသည့်အတွက် အနောက်ကနေသာ လိုက်သွားခဲ့ရာ လုချန်ရွှမ်လည်း သူတို့နောက်မှ ဆက်လိုက်သွားတော့သည်။ ရဲစခန်းထဲတွင် လင်းဝမ်ယဲ့စောဒကတက်နေလေ၏။
"ကျွန်တော် ဘာပြစ်မှုမှမကျူးလွန်ထားဘူးလေ၊ ဘာလို့ ကျွန်တော့်ကိုဖမ်းတာလဲ"
ရဲများက သူ့အားအချုပ်ထဲမထည့်ပဲ ထိုင်ခုံတစ်ခုံ၌ ထိုင်ခိုင်းပြီးနောက် ပြင်းပြင်းထန်ထန် ဆုံးမစကားစပြောလေတော့သည်။ သူတို့စကားတွေများမှ ထွက်လာသည့်အချက်အလက်များကြောင့် လင်းဝမ်ယဲ့တစ်ယောက် လုံးဝဆွံ့အသွားရ၏။ သူသည် မိဘမဲ့ဂေဟာ၌ကြီးပြင်းလာသည့် မိဘမဲ့ကလေးတစ်ယောက်ပင်။ ငယ်စဥ်ကတည်းမှ အထီးကျန်ဆန်ပြီး ကြီးလာသည့်အခါ၌လည်းအင်မတန်ဆိုးသွမ်းကာ ရန်ခဏခဏဖြစ်လေ့ရှိသည်။ အိမ်မှထွက်ပြေးခြင်း၊ အစာငတ်ခံဆန္ဒပြခြင်းများကဲ့သို့ အစွန်းရောက်သည့် အပြုအမူများကြောင့် မွေးစားမိဘများထံမှ ဂေဟာသို့ခဏခဏပြန်အပို့ခံခဲ့ရသူဖြစ်သည်။
ယုတ္တိတန်တန် စဉ်းစားကြည့်လျှင် အရွယ်ရောက်ပြီးသည့်နောက် မိဘမဲ့ဂေဟာမှ သူထွက်သွားလို့ရနေပြီပင်။ သို့သော် ထူးခြားသည့် သူ့အခြေအနေနှင့် ကျောင်းသေချာမတက်ခဲ့ရသည့်အတွက် သူသာအလုပ်လက်မဲ့ဖြစ်သွားခဲ့လျှင် လမ်းမှားရောက်ပြီး လူ့အဖွဲ့အစည်းအားဒုက္ခပေးမည်ကို ဂေဟာဘက်မှစိုးရိမ်ခဲ့၏။ သို့နှင့်ပြည်သူ့လုံခြုံရေးဗျူရိုထံ အကူအညီတောင်းကာ သူ့အားစောင့်ကြည့်ထိန်းသိမ်းပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ယင်းနောက်၌ အခွင့်အရေးရသည့်အချိန်တိုင်း သူ ထွက်ပြေးလိုက် ပြန်အဖမ်းခံရလိုက်နှင့် သံသရာလည်နေတော့၏။
တကယ်တမ်းတွင် ရဲများမှာ လူဆိုးများမဟုတ်ကြပေ။ သူ့အားဖမ်းဆီးစဥ်၌ ပြောခဲ့သည့်ကြမ်းတမ်းသည့်စကားများမှာ ခြောက်လှန့်ရုံသက်သက်သာပင်။ ယခုအချိန်၌ ရဲအရာရှိမှာ ရေနွေးဘူးကိုကိုင်၍ ကုလားထိုင်ပေါ်မှာထိုင်လျက် သူ့လေသံမှာ ပို၍လေးနက်လာကာ ဆောင်းရာသီကဲ့သို့ အေးခဲနေသည့်အချိန်တွင် ရန်ဖြစ်ပြီးသည့်နောက် ဤကဲ့သို့အဝတ်အစားပါးပါးလေးဖြင့် အပြင်သို့ထွက်မပြေးသင့်ကြောင်း အအေးမိသွားပါက မည်သို့လုပ်မည်နည်းဆိုသည့်အကြောင်းများအား ပြောနေတော့သည်။
လိုက်ပါလာကြသော လင်းရှန်နှင့်လုချန်ရွှမ်တို့မှာ အခြေအနေများ ဤသို့ဖြစ်လာမည်ဟုမမျှော်လင့်ထားသဖြင့် အသံမထွက်ဘဲ ဇဝေဇဝါဖြင့် အချင်းချင်းကြည့်လိုက်ကြ၏။ လင်းဝမ်ယဲ့သည်လည်း ငြိမ်သက်သွားကာ ခေါင်းငုံ့လျက် လိမ္မာရေးခြားရှိစွာ ထိုင်နေလိုက်သည်။ သေချာပေါက် ရဲအရာရှိပြောပြသော အတိတ်မှာ သူနှင့်ဘာမျှမဆိုင်ပေ။ သူ ဘယ်သူလဲဆိုသည်ကို ကိုယ့်ကိုကိုယ်မှလွဲ၍ ဘယ်သူမှပိုမသိနိုင်ပေ။ သို့သော် ဤအရာများအားလုံးမှာ သူ့အတိတ်တွင်မရှိခဲ့သော်လည်း ဤကမ္ဘာအတွက်မူ ၎င်းမှာ အငြင်းပွားဖွယ်မရှိသော အမှန်တရားတစ်ခုဖြစ်နေကြောင်း ထင်ရှားပေသည်။
ထို့ကြောင့် သူသည် ဤကမ္ဘာတွင်သူနှင့်ရုပ်ချင်းတူပြီး အလားတူအတွေ့အကြုံများရှိခဲ့သော လူတစ်ယောက်နေရာတွင် အစားထိုးဝင်ရောက်လာခြင်းဖြစ်နိုင်သလို ဤအချိန်ကာလ၌ သူရောက်ရှိလာမှုအား ယုတ္တိကျကျဖြစ်အောင် တစ်နည်းနည်းဖြင့် ပြုပြင်ပေးလိုက်ခြင်းလည်းဖြစ်နိုင်ပေသည်။ ဖြစ်နိုင်ခြေ မည်သို့ပင်ရှိစေကာမူ သူလက်ခံရမည်သာဖြစ်သည်။ အကြောင်းမှာ ဤကမ္ဘာတွင် သူ တရားဝင်ဘဝတစ်ခုကို နေထိုင်လိုပါက သူ့အတွက် သင့်လျော်သောမှတ်ပုံတင်တစ်ခုလိုအပ်သောကြောင့်ပင်။ သူ မေးမြန်းခံရသည့်အခါ ကိုယ့်ကိုကိုယ် ရှင်းပြ၍မရဘဲ မနေနိုင်ပေ။ မည်မျှပင် ရှုပ်ထွေးသည်ဖြစ်စေ ထူးဆန်းသည်ဖြစ်စေ သူလက်ခံရမည်သာဖြစ်၏။
နောက်မိနစ်နှစ်ဆယ်ခန့်ကြာသည်ထိ လင်းဝမ်ယဲ့မှာ မည်သည့်ရှင်းပြချက်မှမပေးဘဲ ရဲအရာရှိ၏ဝေဖန်မှုကို လိမ္မာစွာ ခံယူနေခဲ့ပြီးနောက် နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မလုပ်တော့ပါဟု ရိုးသားစွာကျိန်ဆိုလိုက်လေသည်။ လင်းဝမ်ယဲ့၏အသွင်အပြင်မှာ သဘာဝအတိုင်းအားသာချက်ရှိပြီး သူခေါင်းငုံ့ကာ အမှားဝန်ခံသောအခါ အလွန်ပင် လိမ္မာပုံပေါက်နေ၏။ ရဲအရာရှိသည် သူ့သဘောထားကို အလွန်ကျေနပ်သွားပြီး နောက်ဆုံး ညွှန်ကြားချက်အချို့ပေးပြီးနောက် မတ်တပ်ရပ်လိုက်သည်။
"လာ မင်းကိုမိဘမဲ့ဂေဟာ ပြန်ပို့ပေးမယ်"
လင်းဝမ်ယဲ့ သူ့နောက်မှချက်ချင်းလိုက်ရပ်ကာ လင်းရှန်ထံအမြန်လှည့်ကြည့်လိုက်သည်။
"အမ် ဦးလေး ကျွန်တော့်သူငယ်ချင်းတွေက ဒီမှာရှိနေတာကို ကျွန်တော်မိဘမဲ့ဂေဟာကိုမပြန်ဘဲ သူနဲ့အတူနေလို့ရမလား"
ထိုစကားကိုကြားသောအခါ ရဲအရာရှိလည်း ခုံတန်းလျားပေါ်တွင်ထိုင်နေသော လင်းရှန်နှင့် လုချန်ရွှမ်တို့ထံ အာရုံစိုက်လိုက်သည်။ လင်းရှန်မှာလည်း စိတ်ထဲတွင် လင်းဝမ်ယဲ့၏ကြေကွဲဖွယ်ရာ အတိတ်ကို ပုံဖော်ပြီးဖြစ်ရာ ယခုအခါ ခံစားချက်ပေါင်းစုံဖြင့် ညီအစ်ကိုဖြစ်သူအတွက် အလွန်အမင်းရင်နာနေမိသည်။ အကြည့်ခံလိုက်ရသည်နှင့် ချက်ချင်းဆိုသလို သူမတ်တပ်ထရပ်လိုက်၏။
"ဟုတ်ပါတယ် ဦးလေး၊ သူကမိဘမဲ့ဂေဟာမှာ မနေချင်ဘူးဆိုရင်လည်း ဒီအတိုင်းပဲထားလိုက်ပါတော့"
"ဘယ်လိုလုပ် အဲဒီလိုရမှာလဲ"
ရဲအရာရှိမှာ ချက်ချင်းငြင်းပယ်လိုက်သည်။
"မင်းတို့နှစ်ယောက်က အမှတ် ၇အထက်ကျောင်းကမလား၊ မင်းတို့ကိုယ်တိုင်က ကျောင်းသားတွေပဲ ရှိသေးတာ၊ သူ့ရဲ့လုံခြုံရေးအတွက် မင်းတို့ကဘယ်လိုလုပ် တာဝန်ယူနိုင်မှာလဲ၊ အချိန်လည်း လင့်နေပြီ၊ အိမ်မြန်မြန်ပြန်ကြ မဟုတ်ရင် မင်းတို့မိဘတွေကစိတ်ပူပြီး ၁၁၀ ကိုဖုန်းဆက်လိမ့်မယ်”