Ch 14
Viewers 562

14



ယခုလေးပင် မျှော်လင့်ချက်တစ်မျှင်အား  ဖမ်းဆုပ်မိခဲ့သော လင်းဝမ်ယဲ့၏ပျက်စီးလွယ်သော နှလုံးသားလေးမှာ မြေပြင်ပေါ်တွင် အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့လေပြီ။ တိတ်တဆိတ် သူသက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် လုချန်ရွှမ်နောက်သို့ ဆက်လိုက်သွားကာ စကားပြောချင်စိတ်ပင် လုံးဝမရှိတော့ချေ။




ကွန်ရက်သဖွယ် ယှက်နွယ်နေသောကတ္တရာလမ်းများက မြို့၏အုတ်မြစ်ကိုပုံဖော်ထားလေသည်။ လွန်ခဲ့သောအနှစ်နှစ်ဆယ်နှင့် ယခုအချိန်ကြားကွာခြားချက်မှာ ကြီးမားလှပေသည်။ လင်းဝမ်ယဲ့ မှတ်မိနိုင်သည့် အချိန်ကတည်းကပင်ဆိုလျှင် ဆယ်နှစ်နီးပါးရှိနေပြီပင်။ လူတစ်ယောက် တစ်ညတည်းနှင့် လုံးဝပြောင်းလဲသွားနိုင်သော်လည်း မြို့တစ်မြို့ကမူထိုသို့မဖြစ်နိုင်ပေ။ မြို့များသည် များသောအားဖြင့် တိတ်ဆိတ်သောနည်းလမ်းတစ်ခုခုဖြင့် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတတ်ကြသည်။ မကြာခဏဆိုသလို ဓာတ်ပုံဟောင်းများကို ရှာတွေ့သောအခါ သို့မဟုတ် လမ်းတစ်လမ်းကို ဖြတ်သွားရင်း ထိုနေရာတွင် ဈေးဆိုင်ငယ်လေးတစ်ခုရှိခဲ့ဖူးကြောင်း သတိရမိသောအခါမှသာ လူတို့သည် အချိန်ကုန်ဆုံးသွားမှုကို အမှန်တကယ် သဘောပေါက်လာတတ်ကြ၏။




ဤအခိုက်အတန့်၌ လင်းဝမ်ယဲ့သည် ထိုခံစားချက်အား ပြင်းပြင်းထန်ထန်ခံစားနေရသည်။ နင်ချန်မြို့မှာ သူရင်းနှီးသည့် ပုံပန်းသဏ္ဍာန်ရှိနေဆဲဖြစ်သော်လည်း အတွင်းရောအပြင်ပါ အလွန်ကွာခြားနေခဲ့၏။ ၎င်းမှာခွဲစိတ်ပြုပြင်မှုမလုပ်မီ လူတစ်ယောက်၏ဓာတ်ပုံကို ရုတ်တရက် မြင်လိုက်ရသကဲ့သို့ပင်။ သူသည်ဆင်တူသော အရိပ်အယောင်အချို့ကို ဝိုးတဝါးရှာတွေ့နိုင်သော်လည်း သာမန်မျက်စိဖြင့်ကြည့်လျှင်မူ သူတို့မှာလုံးဝကွာခြားနေပုံရသည်။




ဤခေတ်တွင်ပင် နင်ချန်မြို့သည် ခေတ်မီပြီး လူစည်ကားသောပထမတန်းစားမြို့ကြီးတစ်မြို့အဖြစ် ရှိနေဆဲဖြစ်သည်။

နီယွန်မီးရောင်များမှာ ရိုမန်တစ်ဆန်ပြီး တက်ကြွသောညဘဝတစ်ခုကို ရက်လုပ်ထားကာ အမှောင်ထုထဲတွင်တောက်ပနေလေသည်။ သစ်ပင်များကြားမှ ဖြာကျနေသောလရောင်အောက်တွင် လမ်းလျှောက်နေသည့် လင်းဝမ်ယဲ့သည် လုချန်ရွှမ်နောက်မှ လမ်းနှစ်လမ်းကိုဖြတ်သန်းလာခဲ့ပြီး နောက်ဆုံးတွင် သံတံခါးကြီးတစ်ခုဆီသို့ ကွေ့ဝင်သွားခဲ့လေသည်။ သူတို့ရောက်လာသောအခါ ဂိတ်တဲမှအစောင့်တစ်ယောက်မှာ အဝေးထိန်းခလုတ်ဖြင့် တံခါးကိုဖွင့်ပေးလိုက်လေသည်။




လင်းဝမ်ယဲ့ ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာ ညအချိန်မှောင်မိုက်နေသဖြင့် ရှင်းလင်းစွာမြင်နိုင်ရန် ခက်ခဲသော်လည်း ပတ်ဝန်းကျင်တွင် ခြုံနွယ်များနှင့် သစ်ပင်များ အများအပြားရှိနေကြောင်းကိုမူရိပ်မိနိုင်ပေသည်။ ၎င်းတို့၏ပုံပန်းသဏ္ဍာန်များအရ ပရုတ်ပင်များကဲ့သို့ အမြဲစိမ်းပင်များဖြစ်ဟန်တူပြီး ရှုခင်းအပြင်အဆင်မှာ အတော်လေးကို အထင်ကြီးစရာကောင်းလှပေ၏။ ဤနေရာကို သူမှတ်မိနေသည်။ နောက်နှစ်အနည်းငယ်ကြာလျှင် ပန်းခြံတစ်ခုအဖြစ် ပြောင်းလဲသွားမည့် နေရာပင်ဖြစ်၏။ 




လုမိသားစု မည်မျှတန်ခိုးဩဇာကြီးမားကြောင်းပြန်တွေးမိရာ အံ့သြစရာတော့ မဟုတ်ပေ။ ဤခေတ်တွင် သူတို့သည် နေရာဖယ်ရှားပေးရသည့် လျော်ကြေးငွေသက်သက်ဖြင့်ပင် ကြီးမားသောဓနဥစ္စာများကို အလွယ်တကူစုဆောင်းနိုင်ပေသည်။ အဆက်အသွယ်မရှိလျှင်တောင်မှ မျိုးဆက်တစ်ဆက်စာ အလုပ်မလုပ်ဘဲ သက်သောင့်သက်သာထိုင်စားရန် လုံလောက်နေ၏။ မြေအောက်ရထားလမ်းမရှိသေးချိန်တွင် အိမ်ခြံမြေဈေးကွက်မှာ အပြာရောင်သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ အခွင့်အလမ်းများစွာရှိနေလေသည်။ 




သူ့ဖခင်နှင့် အဘိုးတို့ကိုပြန်လည်သင့်မြတ်စေမည့် နည်းလမ်းတစ်ခုအား သူအမြန်ရှာဖွေပြီး ဤနေရာတွင် အလုံးအရင်းနှင့်ရင်းနှီးမြှုပ်နှံရန် လိုအပ်နေပေသည်။ အွန်လိုင်းဈေးကွက်ကိုအသာထား အိမ်ခြံမြေကသာအဖြေဖြစ်ပေ၏။ လင်းဝမ်ယဲ့သည် ပို၍စိတ်လှုပ်ရှားလာခဲ့သည်။ သူ့အိတ်ကပ်ထဲတွင် ပိုက်ဆံတစ်ပြားမှမရှိသော်လည်း ဘီလျံနာတစ်ယောက်ဖြစ်လာမည့် ပျော်ရွှင်ဖွယ် နေ့ရက်များကို မတွေးဘဲမနေနိုင်တော့ချေ။ လုချန်ရွှမ်နောက်မှ ကျောက်စရစ်ခင်းထားသော လမ်းလေးအတိုင်း သူ လိုက်ပါသွားရင်း အတော်ဝေးသေးသည်ဟုခံစားရသဖြင့် မနေနိုင်တော့ပဲမေးလိုက်မိ၏။




"အစ်ကိုလု အစ်ကို့အိမ်ကဘယ်မှာလဲ"




လုချန်ရွှမ် ပြန်ဖြေလိုက်သည်။




"ဒီမှာလေ"


လင်းဝမ်ယဲ့ ဆွံ့အသွားရသည်။




နေပါဦး အဲဒါဘာအဓိပ္ပာယ်လဲ




လင်းဝမ်ယဲ့သူငယ်အိမ်များ အံ့သြမှုကြောင့်ကျယ်လာခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို သုံးရာ့ခြောက်ဆယ်ဒီဂရီ လှည့်ပတ်ကြည့်လိုက်ပြီး သေချာစေရန် ဗလုံးဗထွေးဖြင့် မေးလိုက်၏။





"အခု ကျွန်တော်ရပ်နေတဲ့မြေကြီးက အစ်ကို့အိမ်လား"




လုချန်ရွှမ် တိတ်တဆိတ်ခေါင်းညိတ်ပြလိုက်သည်။ လင်းဝမ်ယဲ့က ဆက်မေးလိုက်၏။




“ဒါဆိုစောစောက သံတံခါးကြီးကရော ဘာလဲဟင်”




လုချန်ရွှမ် ပြန်ဖြေလိုက်၏။




"ငါ့အိမ်ရဲ့ ဘေးပေါက်လေ"




လင်းဝမ်ယဲ့ဒူးများ ခွေယိုင်ကျသွားကာ ထိုနေရာတွင်ပင် လုချန်ရွှမ်ရှေ့၌ ဒူးထောက်ကျလုနီးပါးဖြစ်သွားခဲ့လေသည်။  လူနေအိမ်ရာတစ်ခု၏ပင်မဂိတ်ပေါက်ဟု သူထင်ထားခဲ့သောအရာမှာ တကယ်တော့ လုချန်ရွှမ်၏အိမ်ဖြစ်နေခဲ့သည်။ ထို့ပြင် ပင်မတံခါးပင်မဟုတ်ဘဲ ဘေးပေါက်တံခါးသာဖြစ်နေလေ၏။




ဒါဆိုမင်းအိမ်က အနာဂတ်မှာ နင်ချန်မြို့ကလူတွေ ခွေးကျောင်းထွက်မယ့်ပန်းခြံကြီးလောက်တောင် အကျယ်ကြီးဖြစ်နေတာပေါ့။ 




လင်းဝမ်ယဲ့၏စိတ်ဝိညာဉ်များ တုန်လှုပ်သွားပြီး အာရုံများပါလွင့်မျောသွားတော့သည်။ သူဤမျှရိုးအနေသည်မှာ အံ့သြစရာတော့မဟုတ်ပေ။ သခင်လေးလင်းဖြစ်သည့် သူကိုယ်တိုင်ပင်လျှင် ကြီးမားသောစံအိမ်ကြီးတွင် ကြီးပြင်းလာခဲ့ပြီး အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးနောက် Porschesကားများနှင့် ရွက်လှေများကို စိတ်ကြိုက်မောင်းနှင်ခဲ့သူဖြစ်လေသည်။ သို့သော် လုချန်ရွှမ်၏မိသားစုနောက်ခံမှာတော့ လုံးဝကိုမတူညီသောအဆင့်တစ်ခုတွင်ရှိနေကြောင်း ထင်ရှားပေ၏။




သူ မည်မျှပင်ချမ်းသာစေကာမူ နိုင်ငံတစ်ဝန်းတွင် အလားတူအတွေ့အကြုံများရှိသည့် အခြားသောဒုတိယမျိုးဆက် သူဌေးသားများ အများအပြားရှိနေပေသည်။ သို့သော် ဤကဲ့သို့သောပထမတန်းစား မြို့ကြီးတစ်မြို့တွင် ပန်းခြံအရွယ်အစားရှိ အိမ်တစ်လုံးပိုင်ဆိုင်ထားခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှ၏။ ထို့ပြင် ဤနေရာမှာမြို့လယ်ခေါင်ဖြစ်ပြီး ကျောင်းခရိုင်တစ်ခုလည်းဖြစ်နေလေသည်။




ဤမြေနေရာသည် သုံးဖက်သုံးလံတွင်လမ်းများဖြင့် ဝန်းရံထားပြီး အခြားတစ်ဖက်တွင်ရေကန်တစ်ခုရှိကာ နင်ချန်မြို့၏အထင်ကရ အပန်းဖြေနေရာတစ်ခုဖြစ်သည့် ပန်းခြံအဖြစ်ပြောင်းလဲရန် သက်ဆိုင်ရာဌာနများမှ ငှားရမ်းသွားမည်ဖြစ်သည်။ မြေအောက်ရထားဘူတာရုံကိုပင် ဤပန်းခြံအမည်ကိုအစွဲပြု၍ ပေးထားသေး၏။ အထဲသို့ဝင်လာစဉ်၌ တစ်ခုခုလွဲမှားနေသည်ဟု ခံစားခဲ့ရသော်လည်း တိတိကျကျမပြောနိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ အကယ်၍ လူနေအိမ်ရာတစ်ခုသာဆိုလျှင် တိုက်ခန်းအဆောက်အအုံများ သေချာပေါက်ရှိရမည်ဖြစ်သည်။ သူ အချိန်အတော်ကြာရှာကြည့်ခဲ့သော်လည်း အနီးအနားတွင် မည်သည့် လူနေအဆောက်အအုံကိုမှမတွေ့ခဲ့ရပေ။




ဒါဆိုဒါက မင်းအိမ်ရဲ့နောက်ဖေးခြံဝင်းပေါ့။




လင်းဝမ်ယဲ့ လုံးဝကိုဇဝေဇဝါဖြစ်သွားပြီး သူ့တည်ငြိမ်မှုများ ပျက်စီးသွားခဲ့လေသည်။ ရိုးရိုးသားသားပြောရလျှင် ဤအခိုက်အတန့်တွင် သူအလေးစားဆုံးသူမှာ လုချန်ရွှမ်မဟုတ်ဘဲ လင်းရှန်ပင်ဖြစ်၏။ သူ့ဖခင်သည် ဤကဲ့သို့သော မိသားစုမျိုးနှင့် နှစ်ပေါင်းများစွာကြာအောင်မပြိုကွဲသွားစေဘဲ မည်သို့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သနည်း။ ထို့ပြင် သူတို့ကိုပြဿနာအချို့ပင် ဖန်တီးပေးနိုင်ခဲ့သေးသည်။




ချစ်လှစွာသော ဖခင်ကြီးရေ ခင်ဗျားကတော့ တကယ်ကိုအံ့မခန်းပါပဲ။ ကျွန်တော်တော့ တစ်သက်လုံး ခင်ဗျားရဲ့ သစ္စာရှိတဲ့နောက်လိုက်လေးပဲ လုပ်ပါတော့မယ်။




သို့သော် လက်ရှိတင်းမာနေသော အခြေအနေများအရ ရန်သူ့ဘက်သို့ ယာယီပူးပေါင်းပြီး လုချန်ရွှမ်အား အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုထားလိုက်ပါမည်။ နောက်ကျလျှင်တော့ သူ့ကို သေချာပေါက်သစ္စာဖောက်ပစ်မည်ဖြစ်၏။