Ch 15
Viewers 558

15



ကိစ္စရပ်များကို စဉ်းစားပြီးနောက် လင်းဝမ်ယဲ့ လုချန်ရွှမ်ကိုကြည့်သည့်အကြည့်များ ပြောင်းလဲသွားခဲ့ပြီး အားကျလေးစားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။ မကြာမီ လမ်းဆုံတစ်ခုကွေ့လိုက်ပြီးနောက် အိမ်တစ်လုံး၏ပုံပန်းသဏ္ဍာန်မှာ မြင်ကွင်းထဲသို့ဝင်ရောက်လာခဲ့၏။




လုမိသားစုသည် အိမ်ဒီဇိုင်းအတွက် သိပ်ပြီးအထူးတလည်လုပ်ဆောင်ထားခြင်းမရှိပေ။ ၎င်းမှာ အလွန်ရိုးရှင်းသောနှစ်ထပ်ဥယျာဉ်စံအိမ်တစ်လုံးဖြစ်ပြီး နီညိုရောင်ခေါင်မိုးနှင့် ဖြူဖျော့ဖျော့အပြင်နံရံများရှိကာ သူစိတ်ကူးထားသကဲ့သို့ ဥရောပစတိုင်နန်းတော် သို့မဟုတ် ရဲတိုက်တစ်ခုလို ခမ်းနားကြီးကျယ်နေခြင်းမျိုးမရှိပေ။ ရိုးရှင်းပြီး ကျက်သရေရှိသောတရုတ်စတိုင်မှာ အမှန်တကယ်ပင် မျက်စိပသာဒဖြစ်စေလှသည်။




ညဆယ့်တစ်နာရီနီးပါးရှိနေပြီဖြစ်သဖြင့် စံအိမ်ထဲရှိ မီးအများစုမှာပိတ်ထားသော်လည်း ဧည့်ခန်းမှာမူလင်းထိန်နေဆဲဖြစ်သည်။ လုချန်ရွှမ် တံခါးဖွင့်မည့်အချိန်တွင် ဆင်ဝင်အောက်၌ရပ်စောင့်နေရင်း လင်းဝမ်ယဲ့မှာ အနည်းငယ်စိုးရိမ်နေပြီး သူ့နှလုံးခုန်သံများမှာလည်း ထိန်းမရအောင်မြန်ဆန်နေခဲ့၏။ သူ အသက်ပြင်းပြင်းရှူကာ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင်ကြိုးစားနေရသည်။ 




လုမိသားစု၏အကြီးအကဲဖြစ်သူ လုချန်ရွှမ်၏ဖခင်မှာ ဂန္ထဝင်ဆန်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လင်းဝမ်ယဲ့အတွက်မူ လုံးဝစိမ်းသက်နေသူဖြစ်ကာ သူ့အကြောင်းကို ဘာမှမသိထားပေ။ တံခါးပွင့်သွားပြီးနောက် သူအသက်ပင် သေချာမရှူရဲတော့ဘဲ အသက်အောင့်ကာ လုချန်ရွှမ်နောက်မှအထဲသို့ လိုက်ဝင်သွားခဲ့သည်။




"အိုး ဘုရားရေ"




ကြည်လင်ပြီး သိမ်မွေ့သော အမျိုးသမီးအသံတစ်ခု ချက်ချင်းထွက်ပေါ်လာလေသည်။ လင်းဝမ်ယဲ့ လုချန်ရွှမ်အနောက်မှ ရှက်ရွံ့စွာခေါင်းပြူကြည့်လိုက်ရာ ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာပြာရှိသော အမျိုးသမီးတစ်ဦးသည် သူတို့ဆီသို့ တန်းတန်းမတ်မတ်အပြေး‌လေး လှမ်းလာသည်ကို မြင်လိုက်ရ၏။ ထိုအမျိုးသမီးမှာ လုချန်ရွှမ်၏ပခုံးပေါ်သို့ သိုးမွေးစောင်တစ်ထည် ခြုံပေးလိုက်ပြီး သူ့မျက်နှာကိုပွတ်သပ်ကာ လက်ကို ဆွဲကိုင်လိုက်လျက်ပြောလိုက်သည်။




"ဘာဖြစ်လာတာလဲ အသည်းလေးရယ်၊ အပြင်မှာမချမ်းဘူးလား၊ ကြည့်စမ်း လက်တွေလည်း အေးစက်နေတာပဲ"




ထိုသို့ပြောပြီးနောက် အမျိုးသမီးသည် လုချန်ရွှမ်ကို နွေးထွေးသောအခန်းထဲသို့ ဆွဲခေါ်သွားပြီး နောက်လှည့်မကြည့်ဘဲ အိမ်ဖော်အား အမိန့်ပေးလိုက်သည်။




"ရေနွေးမြန်မြန် သွားထည့်ပေးလိုက်"




ဪ ဟုတ်သားပဲ၊ လုချန်ရွှမ်ရဲ့အမေက နိုင်ငံခြားသူလေ။




လင်းဝမ်ယဲ့ ရုတ်တရက်သတိရသွားခဲ့သည်။ လုမိသားစု၏အကြီးအကဲမှာ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း သူ့ဇနီးနှင့်ပတ်သက်သောအချက်အလက်များကိုမူ ရှာဖွေနိုင်ပေ၏။ မှတ်တမ်းများအရ သူမသည် မြောက်ဥရောပရှိ ချမ်းသာသောမိသားစုတစ်ခုမှ အငယ်ဆုံးသမီးဖြစ်ပြီး မူလအမည်မှာ ဗီဗီယန်ဂျုံးစ်ဖြစ်ကာ လက်ထပ်ပြီးနောက် တရုတ်နိုင်ငံသားအဖြစ် ခံယူပြီး သူမ၏တရုတ်အမည်ကို လုဝေ့ဟုပြောင်းလဲခဲ့ကြောင်း သိရသည်။ မျိုးရိုးဗီဇ၏စွမ်းအားမှာ အမှန်တကယ်ပင် ယုတ္တိမတန်လောက်အောင်ကြီးမားလှသည်ဟု ဆိုရမည်ပင်။




လင်းဝမ်ယဲ့သည် ဗီဗီယန်၏ဓာတ်ပုံများကို မြင်ဖူးသော်လည်း လူချင်းအပြင်တွင် တွေ့ရသည်မှာ လုံးဝကွာခြားလှပေသည်။ ထိုအမျိုးသမီး၏ အံ့မခန်းလှပမှုမှာ အသက်ရှူမှားလောက်အောင်ပင် ဖြစ်သည်။ သူမ၏နိုင်ငံခြားသူဆန်ဆန် ဆွဲဆောင်မှုနှင့် မင်းသမီးလေးတစ်ပါးကဲ့သို့ ကြီးပြင်းလာသူတစ်ဦးမှသာ ပိုင်ဆိုင်နိုင်သော သိမ်မွေ့သည့် ကျက်သရေရှိမှုတို့မှာ မရေမတွက်နိုင်သော လူအများအပြားအတွက် အိပ်မက်ထဲမှချစ်သူ၏ ပြယုတ်ပင်ဖြစ်လေသည်။ လုချန်ရွှမ်သည် သူ့အမေမှ သူ့မျက်နှာအားချစ်စနိုးဖြင့် ပွတ်သပ်နေမှုကြောင့် ရှက်သွားပုံရပြီး  နားရွက်များပင် အနည်းငယ် နီမြန်းသွားခဲ့၏။ သူသည် ဆိုဖာရှေ့တွင်ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။




"မေမေ ရပါတယ်၊ သားမချမ်းပါဘူး"




ထို့နောက် လင်းဝမ်ယဲ့ဘက်သို့ သူလှည့်ကာ လက်ဟန်ပြရင်း ဆက်ပြောလိုက်သည်။




"ဒါက သားရဲ့...."




သူစိမ်းတစ်ယောက်လား၊ ပြိုင်ဘက်တစ်ယောက်လား၊ မတရားခံလိုက်ရတဲ့ မိဘကနေမွေးလာတဲ့ မိဘမဲ့လေးတစ်ယောက်လား။




ထိုအခိုက်အတန့်တွင် လုချန်ရွှမ်စိတ်ထဲ၌ စကားလုံးများစွာ ဖြတ်ပြေးသွားခဲ့ပြီး နောက်ဆုံးတွင် အယုတ္တိအရှိဆုံးအဖြေတစ်ခုကို အတင်းအကျပ်ညှစ်ထုတ်လိုက်ရသည်။




"သူငယ်ချင်းပါ"




အလွန်တရာစိုးရိမ်နေသော ဗီဗီယန်သည် ထိုအခါမှသာ သူမသားဖြစ်သူ လူတစ်ယောက်ကိုအိမ်ခေါ်လာကြောင်း သတိပြုမိသွားသည်။ လုချန်ရွှမ်၏အကြည့်များနောက်သို့လိုက်ကြည့်ပြီးနောက် သူမသည် ဆိုဖာပေါ်မှချက်ချင်းမတ်တပ်ရပ်ကာ နှုတ်ဆက်ရန်ပြင်လိုက်ပြီး ဝမ်းသာအားရအာမေဍိတ်သံပင် ပြုလိုက်လေသည်။




"အိုး ဘုရားရေ ရွှမ်ရွှမ်ကသူ့သူငယ်ချင်းကို အိမ်ခေါ်လာတာလား၊ ငါအမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်"




ဗီဗီယန်သည် ယခင်ကအတိုင်းပင် နွေးထွေးသောဟန်ဖြင့် လင်းဝမ်ယဲ့အား အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး သူဝတ်ဆင်ထားသော အဝတ်အစားမှာ သူမသားအင်္ကျီဖြစ်နေကြောင်း သတိပြုမိသွားချိန်တွင်တော့ ပို၍ပင်အံ့သြသွားပြီး ချီးကျူးသံထွက်ပေါ်လာခဲ့သည်။




"အိုး ဘုရားရေ မင်းက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ရမယ်"




လင်းဝမ်ယဲ့ လုံးဝစကားမပြောနိုင်အောင် ဆွံ့အသွားခဲ့ရသည်။ ဧည့်ခန်းထဲတွင် ဗီဗီယန်နှင့် အိမ်ဖော်မှလွဲ၍ အခြားမည်သူမှမရှိပေ။ လင်းဝမ်ယဲ့သည် လုချန်ရွှမ်၏ 

မိခင်ထံမှ ထွက်ပေါ်နေသော ရင်းနှီးဖော်ရွေသည့် အငွေ့အသက်အောက်တွင် တဖြည်းဖြည်းစိတ်အေးသွားကာ သူမအား အလွန်ယဉ်ကျေးလိမ္မာစွာဖြင့် နှုတ်ဆက်လိုက်သည်။




"မင်္ဂလာပါ အန်တီ၊ ကျွန်တော့်နာမည်က လင်းဝမ်ယဲ့ပါ၊ အခုလို ရုတ်တရက်ကြီး အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ အန်တီ  အန်တီက အရမ်းလှတာပဲ၊ ဒီလောက်လှတဲ့ ရွှေရောင်ဆံပင်မျိုး ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး"




လင်းဝမ်ယဲ့သည် မူလကတည်းမှ ကြည်လင်တောက်ပသော မျက်လုံးများနှင့်အတူ သဘာဝအတိုင်းဆွဲဆောင်မှုရှိကာ ထင်ရှားချောမောလှပသူဖြစ်ပြီး သူ၏ချိုသာသောစကားများမှာလည်း အစွမ်းထက်လှသောလက်နက်တစ်ခုပင် ဖြစ်လေသည်။ ထိုစကားကို ကြားသောအခါ ဗီဗီယန်သည် သူမရင်ဘတ်ကို ဖိကာ မျက်လုံးများကိုမှိတ်လိုက်ပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အမူအရာ လုပ်ပြလိုက်လေ၏။




"မင်းက ရွှမ်ရွှမ်ရဲ့နတ်သားလေးလို အချစ်ဆုံးသူငယ်ချင်းဖြစ်ရမယ်၊ အန်တီ မင်းကို အရမ်းချစ်သွားပြီ"




သူတို့ခံစားချက်များကို တိတ်ဆိတ်စွာနှင့် ထိန်းချုပ်ဖော်ပြတတ်ကြသော သာမန် လူလတ်ပိုင်းမိဘအများစုနှင့်မတူဘဲ ဗီဗီယန်၏စိတ်အားထက်သန်မှုနှင့် တက်ကြွမှုများမှာ တစ်ခါတစ်ရံတွင် ရင်ခုန်ကြည်နူးစရာကောင်းလှပေသည်။ သူမ၏ ငြင်းဆို၍မရနိုင်သော အလှတရားနှင့်အတူ မိခင်တစ်ဦးအနေဖြင့် ဗီဗီယန်၏တုံ့ပြန်မှုမှာ လွန်ကဲနေခြင်း သို့မဟုတ် ဟန်ဆောင်နေခြင်းမျိုးလုံးဝမရှိဘဲ ချစ်စရာကောင်းသည့် မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ အငွေ့အသက်ကိုသာ ထုတ်လွှတ်နေလေသည်။ လုချန်ရွှမ်၏မိခင်မှာ ဤမျှလောက် ချစ်ခင်ကြင်နာတတ်လိမ့်မည်ဟု လင်းဝမ်ယဲ့မမျှော်လင့်ထားခဲ့ပေ။ သူမျက်နှာရဲသွားကာ ပြန်ဖြေလိုက်သည်။




"ကျွန်တော်  ကျွန်တော်လည်း အန်တီ့ကို အရမ်းသဘောကျပါတယ်"




သူတို့၏ချွဲနွဲ့လွန်းသော ချစ်ခြင်းပြသမှုများကြောင့် လုချန်ရွှမ် ဦးရေပြားများပင် တင်းကျပ်လာပြီး တစ်ကိုယ်လုံး ကြက်သီးများထသွားကာ ညှဉ်းပန်းနှိပ်စက်ခံနေရသကဲ့သို့ ထိုနေရာတွင်သာ ရပ်နေခဲ့ရလေသည်။ အနားသို့ရောက်လာသော အိမ်ဖော်ကို သူညွှန်ကြားလိုက်၏။




"သူဝတ်ဖို့ အဝတ်အစားနည်းနည်းလောက် ယူလာခဲ့ပေးပါ"




ထို့နောက် လင်းဝမ်ယဲ့ကို သူပြောလိုက်သည်။




"မင်း ရေအရင်သွားချိုးလိုက်ပါလား၊ အိမ်ထဲမှာ အပူပေးစက်ဖွင့်ထားတယ်၊ အရမ်းထူထူဝတ်ထားရင် ပူလိမ့်မယ်"




လင်းဝမ်ယဲ့ အမြန်မတ်တပ်ရပ်လိုက်ကာ ပြောလိုက်၏။




"ဟုတ်ကဲ့ပါ"




ဤကမ္ဘာ၌သတိမလည်လာမီတွင် သူသည် အမှိုက်ပုံဘေးတွင် အချိန်မည်မျှကြာအောင်ထိုင်နေခဲ့သည်ကိုမသိရာ လင်းဝမ်ယဲ့သည် အနံ့အသက်များစွဲနေမည်လားဆိုသည်ကိုလည်း သေချာမသိပေ။ လင်းရှန်၏အသန့်ကြိုက်လွန်းသည့်စရိုက်ကို အမွေရထားသဖြင့် သူရေချိုးချင်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။




သူသည် အိမ်ဖော်နောက်မှ ရှည်လျားသောစင်္ကြံလမ်းတစ်လျှောက် လိုက်ပါသွားပြီး ရေချိုးခန်းတစ်ခုသို့ရောက်ရှိသွား၏။ ရေချိုးကန်ထဲရေမပြည့်မီမှာပင် တစ်စုံတစ်ယောက်မှာ သူ့အတွက် အသစ်စက်စက်ညအိပ်ဝတ်စုံနှင့် အတွင်းခံများလာပေးခဲ့လေသည်။ ကျေးဇူးတင်စိတ်ဖြင့် လင်းဝမ်ယဲ့သည် သက်သောင့်သက်သာရှိသော ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်ပြီး အပြင်ထွက်လာသောအခါ တစ်ဖန်ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရလေ၏။




လုမိသားစုတွင် အိမ်ဖော်များမရေမတွက်နိုင်အောင်ရှိရမည်မှာ သေချာပေသည်။ အပြင်ထွက်လာသောအခါ အပြင်ဘက်တွင် သူ့အားစောင့်နေသူပင်ရှိနေပြီး ဧည့်ခန်းဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့၏။ လုချန်ရွှမ်သည်လည်း သူ၏ညအိပ်ဝတ်စုံကိုလဲဝတ်ထားပြီး ရေချိုးပြီးခါစ ဖြစ်ပုံရသည်။ သူမသားထံမှ သူ့သူငယ်ချင်းကြုံတွေ့ခဲ့ရသည်များကို ခုလေးတင်ကြားထားရသဖြင့် ဗီဗီယန်သည် လင်းဝမ်ယဲ့ကိုနောက်တစ်ကြိမ် မြင်သောအခါ သူမမျက်လုံးများတွင် ပို၍ပင်ချစ်ခင်ကြင်နာမှုများဖြင့်ပြည့်နှက်နေခဲ့သည်။ သို့သော် အနာဟောင်းကိုဆွမိမည်စိုးသောကြင်နာမှုကြောင့် သူမဘာမှမပြောဘဲ အသာလှမ်းခေါ်လိုက်သည်။




"လာပါဦး၊ အန်တီကသားကို အိပ်ရာဝင်ဆုတောင်းပေးဖို့စောင့်နေတာ၊ အဆင်ပြေရဲ့လား အသည်းလေး"




လင်းဝမ်ယဲ့ ပြန်ပြောလိုက်သည်။




"အဆင်ပြေပါတယ်"




လင်းဝမ်ယဲ့၏ဆံပင်အချို့တွင် ရေပေါက်လေးများ တွဲခိုနေဆဲဖြစ်ပြီး သူ ခေါင်းညိတ်လိုက်တိုင်း ဟိုဒီယိမ်းနွဲ့သွားလေသည်။




"ကျေးဇူးတင်ပါတယ် အန်တီ"




လုချန်ရွှမ် အချိန်ကိုသိရန် နာရီကိုတစ်ချက်ကြည့်လိုက်ပြီး သူမကိုသတိပေးလိုက်သည်။




"မေမေ အိပ်တော့လေ၊ အချိန်လင့်နေပြီ"




ဗီဗီယန် ပြန်ပြောလိုက်သည်။




"အိုကေ အိုကေ၊ ကောင်းသောညပါ ကလေးလေး”