Ch 16
Viewers 564

16

 

 

ဗီဗီယန် မတ်တပ်ရပ်လိုက်ပြီး ကိုယ်ကိုကိုင်းညွတ်ကာ လုချန်ရွှမ်မျက်နှာကို အသာပွတ်သပ်လိုက်၏။ ထို့နောက် တောက်ပသောအပြုံးဖြင့် လင်းဝမ်ယဲ့ဘက်သို့လှည့်ကာ သူ့ပါးလေးကို ချစ်စနိုးဖြင့် အသာဆွဲလိုက်လေသည်။

 

 

 

"မင်းလည်း အိပ်မက်လှလှမက်ပါစေ၊ ချစ်စရာကောင်းတဲ့ နတ်သားလေး"

 

 

 

သူမလက်ချောင်းထိပ်လေးများမှ သိမ်မွေ့သောနွေးထွေးမှုကြောင့် လင်းဝမ်ယဲ့ရင်ဘတ်ထဲတွင် နွေးထွေးသောစမ်းရေတစ်ပေါက်စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ မိခင်တစ်ဦး၏ကြင်နာမှုနှင့်တူသော ထိုခံစားချက်မှာ သူ့ကို အလွန်တရာရင်ခုန်ကြည်နူးသွားစေခဲ့၏။ တောက်ပသော သူ့မျက်လုံးများမှာ ဗီဗီယန်ထံ ကျေးဇူးတင်ဟန်ဖြင့် စိုက်ကြည့်နေမိရင်းပြောလိုက်သည်။

 

 

 

"ကောင်းသောညပါ အန်တီ၊ အန်တီလည်း အိပ်မက်လှလှမက်ပါစေလို့ ဆုတောင်းပါတယ်"

 

 

 

ညတိုင်း သူမသားဖြစ်သူ ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန် ပြီးဆုံးမည့်အချိန်ကို စိတ်ရှည်စွာစောင့်ဆိုင်းတတ်သော ဗီဗီယန်သည် သမ်းဝေလိုက်ပြီး သူမကိုယ်သူမ သိုးမွေးစောင်ဖြင့် ရစ်ပတ်ကာ အနားယူရန် အပေါ်ထပ်သို့တက်သွားလေသည်။ ဧည့်ခန်းထဲတွင် ကျန်ရစ်ခဲ့သော လင်းဝမ်ယဲ့နှင့် လုချန်ရွှမ်တို့မှာ အချင်းချင်း ကြည့်လိုက်ကြ၏။ နောက်ဆုံးတွင် လင်းဝမ်ယဲ့ကပင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

 

 

 

"ငါ့ကို ခေါ်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

 

 

 

လုချန်ရွှမ် ပြန်ဖြေလိုက်သည်။

 

 

 

"ကျေးဇူးတင်တယ်ဆိုတာ တစ်ခါဆိုလုံလောက်ပြီ"

 

 

 

လုချန်ရွှမ်သည် မျက်နှာသေဖြင့်ပင် ဗီဗီယန်ကိုယ်တိုင်လှီးထားသော သစ်သီးများကို ခက်ရင်းဖြင့်ထိုးကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ လင်းဝမ်ယဲ့မှာ သက်ပြင်းချလိုက်ပြီး နားမလည်နိုင်ဟန်ဖြင့် ခေါင်းစောင်းကာ သူ့ကိုကြည့်ရင်း မေးလိုက်မိသည်။

 

 

 

"မင်းအမေက အရမ်းသဘောကောင်းပြီး နွေးထွေးတာပဲ၊ ဘာလို့ မင်းကကျအမြဲတမ်း အေးစက်စက်နိုင်ရတာလဲ"

 

 

 

လုချန်ရွှမ် တည်ငြိမ်စွာပင်ပြန်ဖြေလိုက်၏။

 

 

 

"ငါ့အဖေနဲ့ တူလို့လေ"

 

 

 

လင်းဝမ်ယဲ့ နောက်သို့ကျုံ့ဝင်သွားကာ တုန်ယင်သွားပြီး စကားဆက်ပြောချင်စိတ်လုံးဝပျောက်ဆုံးသွားခဲ့လေသည်။ သူဆိုဖာပေါ်မှ မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကိုဝေ့ကြည့်ကာ မေးလိုက်သည်။

 

 

 

"ငါ ဘယ်မှာ အိပ်ရမလဲ"

 

 

 

လုချန်ရွှမ် မော့ကြည့်ပြီး လှမ်းခေါ်လိုက်သည်။

 

 

 

"အစ်မချန် သူ့ကိုဧည့်သည်ခန်းဆီခေါ်သွားပေးပါ"

 

 

 

ဆင်ဝင်အောက်ရှိဖိနပ်စင်ကို သုတ်နေသော အိမ်တော်ထိန်းမှာ မော့ကြည့်လိုက်ပြီး သူမအလုပ်ကို ခဏချထားလိုက်သည်။ ထို့နောက် လက်ကိုအဝတ်သန့်သန့်ဖြင့် သုတ်လိုက်ပြီး ဒုတိယထပ်သို့သွားသော လှေကားဆီသို့ လက်ဝါးဖြန့်၍လမ်းညွှန်ပြလိုက်လေသည်။ လင်းဝမ်ယဲ့လည်း လုချန်ရွှမ်ဘက် လှည့်ကာ နှုတ်ဆက်လိုက်၏။

 

 

 

"ကောင်းသောညပါ"

 

 

 

လုချန်ရွှမ် ပြန်ဖြေလိုက်သည်။

 

 

 

"ကောင်းသောညပါ"

 

 

 

ယဉ်ကျေးစွာဖြင့် အိပ်ရာဝင်နှုတ်ဆက်စကားများဆိုပြီးနောက် လင်းဝမ်ယဲ့သည် မည်သူ့ကိုမှအနှောင့်အယှက်မဖြစ်စေရန် သတိထား၍ အစ်မချန်နောက်မှ တိတ်တဆိတ်ခြေသံဖွဖွဖြင့် အပေါ်ထပ်သို့ လိုက်တက်သွားခဲ့သည်။ ဒုတိယထပ်၏အပြင်အဆင်မှာ အောက်ထပ်နှင့် ဆင်တူပြီး ရှည်လျားသောစင်္ကြံလမ်းကို စကျင်ကျောက်ကြမ်းခင်းများဖြင့် ခင်းကျင်းထားကာ နံရံနှစ်ဖက်စလုံးတွင် ခြေလှမ်းအနည်းငယ်တိုင်း၌ တန်ဖိုးကြီးပုံရသောပန်းချီကားများကို ချိတ်ဆွဲထားလေသည်။

 

 

 

ပန်းချီကားတစ်ချပ်အနီးမှ ဖြတ်သွားစဉ် ဤလက်ရာများမှာ အလွန်တရာတန်ဖိုးကြီးမားမည်ဖြစ်ကြောင်း လင်းဝမ်ယဲ့ သေချာပေါက် သိလိုက်ရ၏။ မည်မျှပင် သူဗဟုသုတကင်းမဲ့နေပါစေ ၂၀ရာစု၏ နာမည်ကျော်ပန်းချီဆရာ ရောဘတ်စကော့၏လက်ရာမွန်ဖြစ်သော "Field"စီးရီးကိုမူ မှတ်မိနိုင်ပေသည်။ လုမိသားစုကဲ့သို့သော အဆင့်အတန်းရှိသူများမှာ ပုံတူကူးချထားသည့်အတုများကို ဝယ်ယူလိမ့်မည်ဟု သူမယုံကြည်ပေ။

 

 

 

"Field" ပန်းချီကားများမှာ ကမ္ဘာတစ်ဝန်းတွင် ရှားပါးလှသော်လည်း အနုပညာပြခန်းများတွင်ရှိသော ပန်းချီကားများအပြင် အချို့ကိုပုဂ္ဂလိကစုဆောင်းသူများမှ သိမ်းဆည်းထားကြလေသည်။ ယခု ဤနေရာတွင်ချိတ်ဆွဲထားခြင်းအရ ၎င်းတို့မှာ အစစ်အမှန်များဖြစ်ကြောင်း သက်သေပြနေပေသည်။ ပန်းချီကားများ ပြုတ်ကျလာပြီး သူ့ကိုထိခိုက်မိကာ လုမိသားစုထံ တစ်သက်လုံးကျွန်ခံရမည်အား စိုးရိမ်သဖြင့် လင်းဝမ်ယဲ့သည် သတိထား၍လျှောက်သွားခဲ့ရ၏။

 

 

ဧည့်သည်ခန်းသို့ရောက်သောအခါ အစ်မချန်သည် ဘယ်နေရာကိုမသွားရန် ဘာကိုတော့ဖြင့်မထိမကိုင်ရန်စသဖြင့် လင်းဝမ်ယဲ့မျှော်လင့်ထားခဲ့သော ညွှန်ကြားချက်မြောက်မြားစွာကို ပေးမသွားခဲ့ချေ။ ထိုအစား အကူအညီလိုပါက အခန်းထဲရှိ ကြိုးဖုန်းကို အသုံးပြုနိုင်ကြောင်းနှင့် ထိုဖုန်းမှာ အိမ်တော်ထိန်းရုံးခန်းသို့ အလိုအလျောက်ချိတ်ဆက်ပေးမည်ဖြစ်ကြောင်းကိုသာ အသာပြောပြသွားခဲ့သည်။

 

 

 

လင်းဝမ်ယဲ့ ပြာပြာသလဲကျေးဇူးတင်စကားဆိုလိုက်ပြီး ဧည့်သည်ခန်းအတွင်းသို့ဝင်သွားခဲ့၏။ သူ့ရှေ့ရှိ အပြင်အဆင်မှာ ခေတ်မီရိုးရှင်းသော တရုတ်စတိုင်ဖြစ်ကာ ကျယ်ဝန်းပြီး အညိုဖျော့ဖျော့အ‌ရောင်တို့လွှမ်းမိုးထားလေသည်။ မြင်ကွင်းမှာ အနည်းငယ်ပျင်းစရာကောင်းသလိုဖြစ်နေသော်လည်း လုံးဝကသိကအောက်ဖြစ်နေခြင်းမရှိဘဲ တည်ငြိမ်သောကျက်သရေရှိမှုကိုထုတ်လွှတ်နေပေသည်။

 

 

 

 

မကြာမီ လင်းဝမ်ယဲ့အကြည့်များမှာ စားပွဲပေါ်ရှိ ကွန်ပျူတာဆီသို့ ဝမ်းသာအားရကျရောက်သွားခဲ့သည်။ သူအမြန်ပြေးသွားကာ ကွန်ပျူတာကိုဖွင့်လိုက်ပြီး ကုလားထိုင်အားဆွဲထုတ်၍ ထိုင်လိုက်၏။ Desktopပွင့်လာရန် အချိန်သိပ်မကြာလိုက်ဘဲ ညာဘက်အောက်ထောင့်တွင် *ပွင့်လာချိန်သည် တစ်နိုင်ငံလုံးရှိ ကွန်ပျူတာ ၉၈ရာခိုင်နှုန်းထက် ပိုမြန်ပါသည်* ဟူသော စာတန်းလေးပေါ်လာရာ စက်၏စွမ်းဆောင်ရည်အတော်လေးကောင်းမွန်ကြောင်း ညွှန်ပြနေပေသည်။

 

 

 

လင်းဝမ်ယဲ့၏ ချက်ချင်းဖြစ်ပေါ်လာသောဝမ်းသာမှုမှာ ဂိမ်းဆက်ကစားရန်အတွက် မဟုတ်ပေ။ အမှန်မှာ ဤခေတ်တွင် ငွေကြေးနှင့် လက်ကိုင်ဖုန်းနှစ်ခုစလုံးမရှိဘဲ လုံးဝလှုပ်ရှားရခက်သော အနေအထားသို့ ရောက်နေခြင်းကြောင့်သာဖြစ်သည်။ ဤကွန်ပျူတာမှာ သူ၏လက်ငင်းပြဿနာကို ပြီးပြည့်စုံစွာ ဖြေရှင်းပေးလိုက်ပြီး အလွန်လိုအပ်နေသောသတင်းအချက်အလက်များကို ရှာဖွေနိုင်စေမည်။ မဆိုင်းမတွပင် လင်းဝမ်ယဲ့သည် Browserကိုဖွင့်လိုက်ပြီး ရှီယွမ်ဟူသောနာမည်ကို ရိုက်ထည့်လိုက်လေတော့သည်။