အခန်း ၁။ မက်မွန်ပွင့်လေးကိုပြန်လည်တွေ့ရှိခြင်း
ကျွန်တော်တို့နေထိုင်တဲ့ ဟောဒီ့ကမ္ဘာလောကကြီးမှာ မထင်မှတ်ထားစရာကောင်းလောက်အောင် ထူးဆန်းသောအရာတွေရှိတယ်ဆိုတာ သင်ယုံကြည်ပါသလား။ ဥပမာအားဖြင့် ယနေ့ခေတ်ကာလမှာ နတ်ဘုရားနှင့်မိစ္ဆာတို့ လူတွေအကြားမှာ ရောနှောပြီးရှိနေကြသည်ဆိုတဲ့ အဆိုမျိုးပေါ့။
ရှောင်းကျန့်အတွက်တော့ ထိုသူနှင့်မတွေ့မိခင်အထိ မယုံကြည်ခဲ့ဟုဆိုရမည်။ သူတို့နှစ်ဦး မတော်တဆစတင်ဆုံတွေ့မိခဲ့သည််က ၂၀၁၉ခုနှစ်၊ ဇူလိုင်လ၊ ၂၂ရက်နေ့။
မိုးဦးရာသီမို့ နံနက်စောစောကတည်းကပင် ကောင်းကင်ပြင်တစ်ခွင်လုံး တိမ်စိုင်တိမ်လိပ်မည်းမည်းတို့ရစ်သိုင်းနေခဲ့ပြီး ယခုထိတိုင် ပြန်လည်မကြည်လင်သေး။ အချိန်မရွေးရွာသွန်းတော့မည့်ဟန်ဖြင့် အုံ့ဆိုင်းနေသော ကောင်းကင်ကိုမော့ကြည့်ရင်း ရင်ထဲတွင်ဆို့နင့်ကာ တစ်စုံတစ်ရာကို လွမ်းဆွတ်မိသလိုခံစားလိုက်သည်။ သို့သော်လည်း မည်သူ့ကိုလွမ်းရမည်တော့ သူမသိ။
သည်လိုမိုးရာသီ ရောက်ချိန်တိုင်းမှာ တခြားသူတွေရော ထပ်တူခံစားမိကြသလားဆိုတာလည်း သူမသိပါ။ ပြတင်းပေါက်ဘောင်ပေါ် မေးထောက်ထားရင်း ကောင်းကင်ကို မျှော်ငေးကြည့်နေသောရှောင်းကျန့်တစ်ယောက် ရုတ်တရက် မြည်လာသောဖုန်းသံကြောင့် အတွေးစတို့ ရပ်တန့်သွားရလေသည်။
သည်နေ့တစ်နေ့တာ နားရက်ရထားတာကြောင့် အေးအေးဆေးဆေးကလေး နေရမည်ဟုတွေးတောထားကာမှ အလုပ်ပေါ်လာပြန်ပြီဖြစ်ကြောင်း ဖုန်းမျက်နှာပြင်ပေါ်တွင်မြင်နေရသော 'အန်ကယ်လင်း'ဟူသည့် ခေါ်ဆိုသူအမည်ကြောင့် အတပ်သိလိုက်လေပြီ။
::::::::::::::::::::::::::
လက်ထဲကထီးကို ဒက်ရှ်ဘုတ်ပေါ်တင်လိုက်ပြီးနောက် သူ့ကားလေးကို အန်ကယ်လ်လင်းရှိရာဆီ မောင်းနှင်လာခဲ့သည်။ ပေကျင်းမြို့၏လမ်းမများထက် အရောင်စုံ၊ အသွေးစုံ ကားကြီးကားငယ်တို့ ဥဒဟိုသွားလာနေကြပြီး ထိုအထဲမှာ ရှောင်းကျန့်၏ကားသည်လဲ တစ်စီးအပါအဝင်။
သူထင်ထားသည့်အတိုင်းပင်။ သူသွားမည့်ခရီး၏ တစ်ဝက်တောင်မကျိုးသေးခင်မှာ တစ်မနက်လုံး မှိုင်းညို့ နေခဲ့သောကောင်းကင်က ရုတ်တရက်ဆန်စွာပင် မိုးခြိမ်းသံတို့သဲ့လာကာ မိုးရေစက်များ တဗျောဗျောရွာချ လာပါတော့သည်။
ဘယ်ကိုပဲသွားသွား ထီးကိုဆောင်ထားတတ်သူမို့ ကံကောင်းသွားခဲ့သည်။ လမ်းသွား လမ်းလာများမှာတော့ အချို့မှာမိုးခိုရန်နေရာကိုယ်စီရှာလျက်။ အချို့မှာမူထီးကလေးများကိုယ်စီ ဆောင်း လျက်။ မိုးပုလဲတို့ကို အံတုနေကြသည်။
ရှောင်းကျန့်လည်း မိုးရွာနေတာမို့ ကားကိုအတော်လေးသတိထားကာ မောင်းနေရသည်။ မည်မျှပင်ကျွမ်းကျင်မှုရှိသည်ဟုဆိုပါစေ။ သတိမမူမိလျှင် အန္တရာယ်ဟူသည်မှာ အချိန်မရွေး ကြုံတွေ့ရနိုင်သည်မဟုတ်ပါလား။
သို့သော်လည်း အရှိန်လျှော့ကာ မောင်းနေရသည်မို့ သူသွားရမည့်နေရာက ဝေးလှသည်မဟုတ်သော်ငြားလည်း ယခုတော့ပိုလို့ပင် ဝေးနေသယောင်ယောင်။
မိနစ်သုံးဆယ်ခန့်မောင်းပြီးမှသာ ရှေးဟောင်းအမွေအနှစ်ပြတိုက်ဆီသို့ ရောက်တော့သည်။ ကားကိုပါကင်ထိုးလိုက်ကာ နောက်ခန်းထဲမှထီးကိုယူပြီး ကားပေါ်မှဆင်းလာလိုက်သည်။
သူကရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးဌာန၏ အဖွဲ့ခွဲတစ်ခုမှခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ပြတိုက်မှူးဖြစ်သူအန်ကယ်လ်လင်းက 'ပြတိုက်မှာ ရှေးဟောင်းပန်းချီကားတစ်ချပ် ရောက်နေတာမို့ လာကြည့်ပေးပါဦး'ဆိုတာကြောင့် လာခဲ့ရတာဖြစ်သည်။
အန်ကယ်လင်းနှင့်အဖွဲ့သားများက ရုံးခန်းထဲတွင်စောင့်နေကြပြီး သူရောက်သည်နှင့် အစည်းအေ၀းကိုစတင်သည်။ ထိုပန်းချီကားဟာ အတော်ကလေးကို လက်ရာမြောက်သည်ဟု ဆိုရမည်။
နောက်ခံရှုခင်းအဖြစ် ပုံဖော်ရေးဆွဲထားသည်က မက်မွန်ပန်းဥယျာဉ်တစ်ခုဖြစ်သည်။ ဥယျာဉ်ထဲမှာတော့ အဖြူရောင်ဝတ်ရုံရှည်နှင့် လူနှစ်ဦးရှိကာ တစ်ဦးကပင်စည်ကိုမှီ၍ထိုင်ကာ စာအုပ်ဖတ်နေလေသည်။
ကျန်တစ်ဦးကမူ ထိုသူရဲ့ပေါင်ပေါ် ခေါင်းမှေးတင်လျက်လဲလျောင်းနေရင်းမှ ထိုင်နေသူ၏မျက်နှာဆီသို့ လက်တစ်ဖက်ကိုဆန့်ထုတ်ထားလေသည်။
လွန်စွာလက်ရာမြောက်လှသော ထိုပန်းချီကိုကြည့်ရင်း ရုတ်တရက်ပင် ရှောင်းကျန့်၏ခေါင်းတစ်ခုလုံး တဆစ်ဆစ်ဖြင့် ထိုးကိုက်လာတော့သည်။
သည်ပန်းချီကားကို သူ့စိတ်ထဲမှာ ရင်းနှီးနေသလိုခံစားရတာကြောင့် ရေးဆွဲသူအမည်ကိုကြည့်မိတော့ အမည်မပြောနှင့် လက်မှတ်တောင်မှမပါပေ။ ပန်းချီပုံ၏ ညာဘက်မှာတော့ ကဗျာတစ်ပုဒ်ကို ရေးသားထားသည်။
— မက်မွန်တွေကြွေခဲ့ပြီ နှင်းတွေလဲဝေခဲ့ပြီ
မနက်ခင်းတိုင်း
ကြည်မွေ့စရာ နေရောင်ခြည်အောက်မှာ
မင်းမြတ်နိုးတဲ့ပန်းရနံတွေကို ငါရှူရှိုက်မယ်။
— တောင်ကမူလေးပေါ်ထိုင်ရင်း
လှုပ်ခတ်နေတဲ့ဝါးရွက်တွေရဲ့ သံစဉ်နဲ့အတူ
မင်းသိပ်သဘောကျတဲ့
ကျောက်စိမ်းပုလွေကို ငါမှုတ်မယ်။
— တိုက်ခတ်နေတဲ့ တောင်ပေါ်လေဟာ
ဖြူလွလွဝတ်ရုံရှည်ရဲ့အနားစကို
လှုပ်ခတ်စေတဲ့အခါတိုင်းမှာ
လွမ်းလိုက်တာလို့
ငါအကြိမ်ကြိမ်မြည်တမ်းမယ်။
— ဘယ်မှာလဲ မင်းဘယ်မှာလဲလို့
အကြိမ်ကြိမ် ငါအော်ခေါ်နေခဲ့ပေမယ့်
ငါ့နှလုံးသားကပဲ ဒဏ်ခတ်နေခဲ့ပြီလား။
— အထီးကျန်မှုဟာ
ငါပေးဆပ်ရမဲ့ ဝဋ်ကြွေးတစ်ခုဆိုရင်တောင်
နှစ်ပေါင်းတစ်သောင်းဆိုတာ
မင်းပြန်လာသင့်တဲ့ အတိုင်းအတာကို
ရောက်နေပြီမဟုတ်လား ထောင်ဟွားရယ်။
ပန်းချီကားပေါ်မှ ထိုကဗျာကိုဖတ်ရင်း သူ့ခေါင်းတစ်ခုလုံး တဆစ်ဆစ်ဖြင့် ကိုက်ခဲနေသည်ကို အံတုရသည်။'ထောင်ဟွား'ဟူသောအမည်ကို အဘယ်ကြောင့် ရင်းနှီးနေသလိုခံစားရပါသလဲ။ စဉ်းစားကြည့်သော်လည်း 'မက်မွန်ပန်းပွင့်'ဆိုသည်ကလွဲ၍ ထိုအရာနှင့်ပတ်သတ်ပြီး မှတ်ဉာဏ်ဟာဗလာနတ္တိသာ။
ဦးနှောက်ထဲပြေးလွှားနေသော အတွေးစများကို မရအရဖြတ်ချပြီးနောက် ပန်းချီကားနှင့်ပတ်သတ်ပြီး ဖြစ်နိုင်ချေများကို ဆွေးနွေးကြသည်။ သည်တော့မှသိလိုက်ရသည်က ပန်းချီကား၏သက်တမ်း။
"ဒါဆို ဒီပန်းချီက နှစ်ပေါင်ငါးရာတောင် ရှိပြီပေါ့"
"ဖြစ်နိုင်ပါ့မလား ပန်းချီစာရွက်က အဲဒီ့လောက် ကြာပြီလို့မထင်ရဘူးနော်"
"၀ိုး... တစ်ကယ်ပဲ ဘယ်သူဆွဲခဲ့တာများပါလိမ့် နှစ်ပေါင်းတစ်သောင်းတောင်မှ စောင့်နေရတာဆိုတာကတော့ တင်စားထားတာလားပဲ"
တစ်ယောက်တစ်မျိုး မှတ်ချက်များ ပေးကြပြီးနောက် သုံးထားသော ဆေးအမျိုးစားနှင့် စုတ်ချက်ဆွဲဟန်ကို ခွဲခြားကြရာ အမှန်တစ်ကယ်ပင်ယခုနောက်ပိုင်းမှာ သုံးလာကြသည့် ဆေးအမျိုးအစားမဟုတ်ကြောင်း သိလိုက်ကြရသည်။
အဖွဲ့လိုက်ဆွေးနွေးမှုပြီးသွားသည့်အခါ အမည်မဲ့ရှေးဟောင်းပန်းချီကားတစ်ချပ်အဖြစ် ပြတိုက်မှာထားရန် ဆုံးဖြတ်လိုက်ကြပြီးနောက် ရှောင်းကျန့်လည်း အိမ်ပြန်ခွင့်ရခဲ့ပြီဖြစ်သည်။
ထို့နောက် ကားပါကင်ဆီသွားနေစဉ်မှာပင် လူတစ်ယောက်နှင့် မတော်တဆ၀င်တိုက်မိကာ သူ့လက်မှာကိုင်ထားသောထီးမှာ လွတ်ကျသွားရသည်။
တစ်ဘက်မှလူကလည်း ယိုင်နဲ့သွားသည်မို့ ပခုံးကိုကိုင်ကာ လှမ်းထိန်းပေးလိုက်သည်။ ထိုလူက တောင်းပန်စကားပြောရင်း သူ့ကိုလှည့်ကြည့်လာတော့ ရှောင်းကျန့်လည်း 'ရပါတယ်'ဟုဆိုကာ ထီးကိုပြန်ကောက်လိုက်သည်။
ခန့်မှန်းကြည့်ရသလောက် ထိုသူဟာတစ်စုံတစ်ရာကိုတွေးတောရင်း လျှောက်လာခဲ့ပုံပေါ်သည်။ ထီးမဆောင်းထားသော်လည်း အမည်းရောင်ခေါင်းစွပ်ဝတ်ရုံရှည်ကို ၀တ်ထားသည်မို့ မိုးရေစိုမှာလည်း သိပ်ပြီးပူဟန်ပင်မရ။
မတော်တဆဖြစ်ရပ််မို့ စိတ်ထဲမထားနေတော့ပဲ ကိုယ့်လမ်းကိုယ်သာ ဆက်လျှောက်လာခဲ့လိုက်သည်။
တောင်းပန်စကားပြောလိုက်သော ထိုလူ၏မျက်နှာပေါ်၌မူ သူ့ကိုမြင်စဉ်တစ်ခဏမှာ အံ့အားသင့်မှုနှင့်အတူ အပြုံးတစ်ပွင့်ဖြစ်တည်လာပြီးနောက် မျက်ရည်တစ်စလွင့်ကျသွားသည်ကိုတော့ သူမသိနိုင်ခဲ့ပါ။
'နောက်ဆုံးတော့ ငါမင်းကို ပြန်တွေ့ခဲ့ပြီ'ဟူသော ခပ်တိုးတိုးစကားသံလေးကိုလဲ မကြားလိုက်တော့ပေ။
:::::::::::::::::::::::::::::::::::::
အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ရှောင်းကျန့်၏ပထမဆုံးအလုပ်က စိုရွှဲလာသောအဝတ်ကိုလဲကာ ခေါင်းကိုပါခြောက်သွေ့အောင် လုပ်ရခြင်း။ ကားပေါ်မှာကတည်းက ဆက်တိုက်ဆိုသလို နှာချေနေသည်မဟုတ်လား။
မိုးမိသွားရာကနေဖျားချင်နေပြီဆိုတာ ရိပ်မိလိုက်သည်မို့ ဆေးသောက်ကာအိပ်ရာပေါ်မှာသာ ငြိမ်ငြိမ်လေးလှဲနေလိုက်သည်။ စောစောကပန်းချီကားအကြောင်း စဉ်းစားမိပြန်တော့ ပန်းချီကားပေါ်မှထိုမြင်ကွင်းကို မသိစိတ်က ရင်းနှီးနေတာအမှန်ပင််။ သို့သော်လည်း တစ်ကယ်တမ်းကျ ဘယ်လိုမှစဉ်းစားမရ။
မိုးမိလာသည့်အကြောင်းတွေးမိတော့ သူနှင့်ဝင်တိုက်မိသူအကြောင်း အာရုံကရောက်သွားပြန်သည်။ မဆီမဆိုင်တွေးမိသည်က ထိုလူရောသူ့လိုပဲ နေမကောင်းများဖြစ်နေပြီလားဟု။
ပြီးကာမှ ကိုယ့်အတွေးကိုယ်သဘောကျကာ ဟက်ခနဲရယ်မိသည်။ အဲဒီနောက်တော့ တားဆီး၍မရနိုင်တော့သော သူ၏အိပ်ချင်စိတ်က အနိုင်ရသွားပါလေတော့သည်။
အိပ်ပျော်သွားပြီးနောက် သူမြင်မက်သည့်အိပ်မက်က ထူးဆန်းသည်ဟု ဆိုရမလိုလို။ တစ်ကြိမ်တစ်ခါလေးမျှပင် မရောက်ဖူးခဲ့သောနေရာတစ်ခုကို သူရောက်နေပြီး ထိုနေရာသည်ကား မက်မွန်ပွင့်တို့ ပင်လုံးကျွတ်အောငမြိုင်ဆိုင်စွာပွင့်နေရှိသော ဥယျာဉ်တစ်ခုပင်ဖြစ်လေသည်။
ပန်းဥယျာဉ်အဝတွင်ရပ်ကာ ကြည့်နေရင်းမှ သည်ပန်းဥယျာဉ်နှင့် ရင်းနှီးနေသလိုလိုခံစားရသည်။ စူးစမ်းလိုစိတ်ကို ထိန်းချုပ်၍မရတော့သည်မို့ ဥယျာဉ်ထဲထ၀င်ကာ လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
၀င်လာပြီးနောက်မှာ သူမြင်တွေ့လိုက်ရသည်က မက်မွန်ပင်တစ်ပင်၏ရှေ့ရှိ အဖြူရောင်ဝတ်ရုံကိုယ်စီဖြင့် လူနှစ်ယောက်။
တစ်ယောက်က ခပ်လျောလျောထိုင်ကာ စာအုပ်တစ်အုပ်ကို စူးစိုက်စွာဖတ်နေသည်မှာ ကျောက်စိမ်းရုပ်ထုသဖွယ် တင့်တယ်လွန်းလှသည်။
နောက်တစ်ယောက်ကမူ ထိုသူ၏ပေါင်ပေါ်တွင် ခေါင်းအုံးကာလဲလျောင်းနေရင်း ထိုသူ၏မျက်နှာထံသို့ လက်လှမ်းကာ စနောက်နေလေသည်။ မရဲတရဲဖြင့် အနီးအနားတိုးကပ်သွားလိုက်တော့ 'ထောင်ဟွား မစနဲ့တော့'ဟူသည့် စမ်းရေသဖွယ်အေးချမ်းလှသောစကားသံလေးကို သူကြားလိုက်ရသည်။
ထိုအခါမှ သူသတိထားလိုက်မိသည်က ပန်းချီကားပေါ်မှ ကဗျာမှာလည်း 'ထောင်ဟွား'ဟူသောအမည် ပါနေခဲ့သည်ကိုပင်။ သူပန်းချီကားထဲကို ရောက်လာသည်လား။ ဒါမှမဟုတ် စိတ်စွဲ၍မက်သော အိပ်မက်တစ်ခုလေလား။
စဉ်းစားကြည့်နေရင်း တစ်ချိန်တည်းမှာပင် အံ့သြစရာတစ်ခုကို သူမြင်လိုက်ရပြန်သည်။ ကျောက်စိမ်းသဖွယ် တင့်တယ်လှသူ၏ ပေါင်တံသွယ်လျလျထက် ခေါင်းအုံးကာလဲလျောင်းနေသူ၏မျက်နှာက အဘယ်ကြောင့်သူနှင့်တစ်ထပ်တည်းတူနေရပါသနည်း။
ထိုင်နေသူ၏ မျက်နှာကိုလည်း ရင်းနှီးနေသလိုလိုခံစားရသော်ငြား စဉ်းစားမရပေ။ ထိုသူက 'ထောင်ဟွား... မစနဲ့တော့' ဟုဆိုနေသော်လည်း မျက်နှာထက်၌မူ ကျေနပ်ရွှင်မြူးဟန်တို့က အထင်းသား။ နှုတ်ခမ်းပါးကမူ ပြုံးယောင်ယောင်ဟန်ဖြင့်သာ။
ကန်ရေပြင်ပမာ ကြည်လင်သောမျက်နှာ၊ သွယ်လျသောခန္ဓာကိုယ်အချိုးအစားနှင့်လိုက်ဖက်စွာ အဖြူရောင်၀တ်ရုံရှည်ဟာ ထိုသူ၏ကိုယ်ပေါ်မှာ နေသားတကျ။သူကြည့်နေမိစဉ်မှာပင် ပတ်၀န်းကျင်တစ်ခွင်လုံး မြူတွေဖုံးလာပြီးနောက် ပြန်လည်ပါးလျသွားချိန်မှာတော့ မြင်ကွင်းတို့က ပြောင်းလဲနေခဲ့ပြီဖြစ်သည်။ ယခု သူမြင်နေရသည်က နန်းတော်တစ်ခု ဖြစ်ဟန်တူသည်။
တစ်စုံတစ်ယောက်ဟာ ဒေါသထွက်နေသောမျက်နှာနှင့် နန်းပလ္လင်ပေါ်တွင်ထိုင်နေလျက်ရှိပြီး စောစောက မက်မွန်ပန်းဥယျာဉ်၌ ထိုင်နေခဲ့သူကို အခြားသူနှစ်ယောက်က ချုပ်ကိုင်ထားသည်။ သူနှင့်မျက်နှာတူသော ကျန်တစ်ဦးမှာတော့ ကြမ်းပြင်၌ဒူးထောက်လျက်သား ရှိနေလေသည်။
မျက်နှာကမူ ဘယ်အရာကိုမျှ မမှုဟန်ပင်။ ထို့နောက် သူ့အရှေ့ရှိအဖြူရောင်ကလပ်ပေါ်မှ ခွက်ငယ်ကိုကိုင်လိုက်ချိန်မှာ ချုပ်ကိုင်ခံထားရသူ အော်လိုက်သည်က-
"ဟင့်အင်း မသောက်နဲ့... မသောက်ပါနဲ့... ထောင်ဟွား...."
ထိုအော်ဟစ်သံနှင့်အတူ ရှောင်းကျန့်ဟာ ဆတ်ခနဲပင်အိပ်ရာမှနိုးလာခဲ့ပြီး ထထိုင်လိုက်သည်။ တစ်ကိုယ်လုံးချွေးတွေစိုရွှဲနေပြီး ရင်ဘတ်တစ်ခုလုံးဟာလည်း ဆို့နင့်ကာတင်းကျပ်နေသည်။
ပါးပြင်ပေါ်စီးကျလာသော စိုစွတ်စွတ်အထိအတွေ့ကြောင့် လက်ဖြင့်စမ်းကြည့်မိတော့ အမှန်တစ်ကယ်ပင် မျက်ရည်တို့စီးကျနေကြောင်း သိလိုက်ရသည်။
မိုးမိကာဖျားချင်နေတာမို့ ကယောင်ချောက်ချားဖြင့် အိပ်မက်မက်တာလားဟု တွေးမိသော်လည်း သူ့အိပ်မက်နှင့်ပန်းချီကားက ထူးထူးဆန်းဆန်းပင် ထပ်တူကျနေသည်။ သူနှင့်ချွတ်စွပ်တူနေသော ထိုလူ၏အမည်မှာလဲ ကဗျာထဲမှအတိုင်းသာ။
"ထောင်ဟွား"
သူနှင့်ဆင်တူနေသော ထိုသူ၏အမည်ကို ရေရွတ်မိချိန်မှာ သူ့ရင်တစ်ခုလုံးအဆမတန် မောဟိုက်လာသည်ကို ခံစားလိုက်ရသည်။ အိပ်မက်တစ်ခုကြောင့် ဒီလောက်အထိ ဖြစ်သင့်ပါရဲ့လား သူမသိတော့။
အမောပြေအောင် အိပ်ရာဘေးမှ ရေကရားယူပြီး ဖန်ခွက်ထဲထည့်ကာ သောက်လိုက်သည်။ ထို့နောက်မှာတော့ ဖျားချင်သလိုဖြစ်နေသော်ငြား တစ်ကိုယ်လုံးချွေးတွေထွက်နေတာကြောင့် ရေချိုးရန်စိတ်ကူးလိုက်မိပြီး ရေချိုးခန်းထဲဝင်လာလိုက်သည်။
ထိုအခါ ရေချိုးခန်းရှိမှန်၌ မြင်လိုက်ရသည့်သူ့မျက်နှာ။ တွေးမိရပြန်ပါပြီ။ အိပ်မက်ထဲက ထောင်ဟွားဆိုသူက အဘယ်ကြောင့်သူနှင့် သည်လောက်တောင်မှ ချွတ်စွပ်တူနေရပါသနည်း။
ပန်းချီကားကို စိတ်စွဲပြီးမက်သည်ဟု သတ်မှတ်ဖို့ရာကလည်း မဖြစ်နိုင်ပေ။ ဒါမှမဟုတ် ဒီပန်းချီကားက သူ့အိပ်မက်နဲ့များ ဆက်စပ်နေလေမလား။ ဒီလိုကျပြန်တော့လဲ သူ့စိတ်ထဲမသေချာ။
::::::::::::::::::::::::::::::::::::::
စိမ်းလန်းသောသစ်ပင်၊ ဝါးပင်များထူထပ်စွာ ပေါက်ရောက်နေသော ယွင်ကျီတောင်သည် တောထူသလောက် သားရဲတိရိစ္ဆာန်တွေလဲ ပေါသည်မို့ တောလိုက်မုဆိုးများမှလွဲ၍ တော်ရုံတန်ရုံလူများ မသွားရဲကြသည့်နေရာတစ်ခုဖြစ်သည်။
အနက်ရောင်ခြုံထည်ရှည်ကိုဝတ်ထားသော လူတစ်ယောက်မှာမူ ဘာကိုမျှမပူပန်ဟန်ဖြင့် တောထဲသို့ လျှောက်ဝင်သွားသည်မှာ သူ့အိမ်သူ့ယာကဲ့သို့ပင်။ မိုးရွာနေသည်ကိုလည်း ပူပင်ဟန်မရှိ။
တောအုပ်ကိုဖြတ်သန်း၀င်ရောက်သွားပြီးနောက်မှာမှ ယွင်ကျီတောင်ဆီကိုရောက်သည်။ တောင်ဆိုသော်လည်း အလွန်အကျူး မတ်စောက်လှသည်မဟုတ်တာမို့ အတန်ငယ်မြေပြန့်သော တောင်စောင်းတစ်နေရာတွင် လူလုပ်ပန်းခင်းတစ်ခင်းနှင့် ဝါးအိမ်လေးတစ်လုံးရှိသည်။
ခပ်လှမ်းလှမ်းမှာတော့ ရွာချနေသောမိုးနှင့် အပြိုင်စီးဆင်းနေသော ရေတံခွန်ငယ်လေးတစ်ခုက သဘာ၀ဆန်စွာပင် လှပနေသည်။
ဝါးအိမ်လေး၏ရှေ့မှာတော့ အသက်၁၄နှစ်၊ ၁၅နှစ်လောက်သာရှိဦးမည်ထင်ရသော ကောင်လေးတစ်ယောက်မှာ ဒူးထောက်လျက်သား။ တစ်ကိုယ်လုံး မိုးရေတို့စိုရွှဲနေပြီး နှုတ်ခမ်းလွှာတို့ကပြာနေကာ ခန္ဓာကိုယ်ကမူ တဆတ်ဆတ်တုန်ယင်လျက် လဲကျမတတ်ဖြစ်နေသည်။
စောစောကတောထဲ၀င်လာခဲ့သော အနက်ရောင်၀တ်ရုံရှည်နှင့်လူက ထိုကောင်လေးကိုတစ်ချက်မျှ စောင်းငဲ့ကြည့်ပြီးနောက် 'ဝင်လာတော့'ဟုပြောရင်း ဝါးအိမ်တံခါးကိုတွန်းဖွင့်လိုက်သည်။
ထိုကောင်လေးလည်း အိမ်ထဲ၀င်ရန်ခွင့်ပြုချက်ရပြီးနောက် ကျေးဇူးတင်ပါကြောင်းပြောကာ မတ်တပ်ရပ်လိုက်လေသည်။
သို့သော်လည်း သူ၏ရှစ်ဇွင်းထံမှ ခွင့်လွှတ်စကားကြားရသည့်နောက် တင်းထားခဲ့သောစိတ်တို့ လျော့ကျသွားသည်လား မပြောတတ်ပါ။ ခန္ဓာကိုယ်လေးက မြေပေါ်သို့တအိအိဖြင့်လဲပြိုကျသွားပါတော့သည်။
သူ၏၀တ်ရုံကိုချွတ်ရန် ဟန်ပြင်နေသောရိပေါ်တစ်ယောက် အသံကြားကြားခြင်းလှည့်ကြည့်လိုက်ရာ ကောင်လေးဟာ မြေပြင်၌ခွေလဲနေကာ သူ၏မူလအသွင်အပြင်ဖြစ်သော ကြောင်လေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။
သူသက်ပြင်းချလိုက်ရင်း အမြန်သွားကာပွေ့ချီလိုက်သည်။ သည်ကောင်လေးဟာ ကြောင်မိစ္ဆာဟုသာဆိုသည်။ ပင်ပန်းသည့်ဒဏ်ကို နည်းနည်းကလေးမှခံနိုင်ရည်မရှိ။
မိစ္ဆာသားရဲဆိုသည်ထက် သာမန်အိမ်မွေးကြောင်လေးနှင့်သာပိုတူသည်။ ဒါကြောင့်ပင် ထောင်ဟွား၏အချစ်တော်လေး ဖြစ်နေခဲ့ခြင်းပက်။ ထိုကောင်လေးကိုပွေ့ချီလာခဲ့ပြီး အိမ်ထဲရောက်သည်နှင့် ကြမ်းပြင်ပေါ်ခဏချထားလိုက်သည်။
ထို့နောက် အပေါ်ဝတ်ရုံကိုချွတ်လိုက်ချိန်မှာပင် ရွှေအိုရောင်ဖျော့ဖျော့သမ်းနေသော ဆံနွယ်တို့ ထွက်ပြူလာလေသည်။ သူခပ်မြန်မြန်ပင်အဝတ်တစ်ထည်ယူကာ ကြောင်ငယ်လေး၏ ကိုယ်ပေါ်မှရေများကို သုတ်ပေးလိုက်ပြီး ပြောင်စင်သွားကာမှ နောက်ထပ်အဝတ်ပိုင်းတစ်ခုနှင့် တစ်ကိုယ်လုံးပတ်ပေးထားလိုက်သည်။သို့သော်လည်း အချမ်းမပြေမှာစိုးတာကြောင့် နောက်ထပ်အ၀တ်များဖြင့် တစ်လွှာပြီးတစ်လွှာ အထပ်ထပ်ခြုံပေးထားလိုက်ပြီးနောက် သူ့ကိုယ်ထဲမှစွမ်းအားတစ်ချို့ကို လွှဲပြောင်းပေးလိုက်သည်။
သည်ကောင်လေးဟာ ဘယ်လိုကောင်လေးမှန်းမသိ။ အားနည်းလွန်းလှသည်။ သည်လိုပုံစံနှင့် နှစ်ပေါင်းတစ်သောင်းကျော်ကာလကို သူနှင့်အတူကျော်ဖြတ်နိုင်ခဲ့တာ အတော်လေးအံသြမိပါရဲ့။
ရှောင်ဟိုင့်ကို သူစတွေ့ခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကျော်... နတ်ဘုရားနှင့်မိစ္ဆာတို့ အပြိုင်အဆိုင်အင်အားကြီးရန်ကြိုးစားနေကြပြီး သာမန်လူသားများ မြေစာပင်ဖြစ်နေရသည့် ကာလတစ်ခုမှာဖြစ်သည်။
မိစ္ဆာတစ်ချို့၏လက်ချက်ဖြင့် သူ့သခင်မိသားစုသေဆုံးသွားခဲ့ပြီး ဒဏ်ရာဒဏ်ချက်များနှင့်ကျန်နေခဲ့သောသူ့ကို ရိပေါ်တွေ့ကာ ကယ်လာခဲ့တာပင်။ သူ့သခင်ကဲ့သို့ သာမန်လူတွေအနေနှင့် မသိနိုင်ကြသော်လည်း ရိပေါ်ကတော့ သည်ကြောင်ကလေးမှာ ရိုးရိုးအိမ်မွေးကြောင်တစ်ကောင် မဟုတ်ဘူးဆိုတာ သိနေခဲ့ပါသည်။
အဲဒီ့နောက် နေပြန်ကောင်းသွားချိန်ကစလို့ သူ့တို့အနားမှ မခွာတော့။ အဘယ်ကြောင့်ဆိုသော် ရှောင်ဟိုင်သိသည့်လူဆိုလို့ သူတို့နှစ်ဦးမှလွဲပြီး မရှိတာကြောင့်ပင်။ ထိုစဉ်က သည်ကောင်လေးဟာ အတော်ငယ်လှသေးသည်။
ရိပေါ်တစ်ယောက် ရှောင်ဟိုင့်ထံသို့အကြည့်ပို့မိတော့ ထိုကောင်လေးမှာ အထပ်ထပ်သောအဝတ်များထဲ၌ လုံးထွေးကာရှိနေကာ အဝတ်လုံးလေးပမာ။ စိတ်ထဲသဘောတကျဖြင့် ခပ်ဖျော့ဖျော့လေးပြုံးပြီးနောက် ခေါင်းလေးကို အသာအယာပွတ်ပေးနေလိုက်သည်။
အမှန်ဆိုလျှင် သူနည်းနည်းတော့ လွန်သွားမိသည်။ တစ်ကယ်တမ်း ပန်းချီကားအခိုးခံလိုက်ရသည်က ရှောင်ဟိုင်၏ အပြစ်ချည်းတော့မဟုတ်ပါ။ သနားကြင်နာမှုအပေါ် အမြတ်ထုတ်သွားသူ၏ အပြစ်သာဖြစ်သည်။
သို့သော်လည်း သူ၏အသက်တမျှ တန်ဖိုးထားရသောပန်းချီကားပေမို့ စိတ်မထိန်းနိုင်လိုက်ဘဲ ရှောင်ဟိုင့်ကိုအပြစ်ပေးမိခြင်းဖြစ်သည်။ သို့သော်လည်း ရှောင်ဟိုင်ကတော့ မတရားဘူးလို့လည်းမပြောသလို သူ့ကိုလည်းအပြစ်မမြင်ခဲ့ပေ။
အပြစ်ပေးသည့်အတိုင်း အိမ်အပြင်ဘက်တွင် ဒူးထောက်ခဲ့သည်မှာ (၁၀)ရက်တာမျှကာလ။ ထို့ကြောင့်ပင် အတော်လေးအားပြတ်ကာ မူလပုံစံပြောင်းသွားခဲ့ပုံရသည်။
ရိပေါ်သက်ပြင်းချလိုက်ကာ ကုတင်ပေါ်လဲလျောင်းလိုက်ရင်း တဆတ်ဆတ်တုန်ယင်နေသော ကြောင်ငယ်လေးကို ရင်ခွင်ထဲထည့်ကာ ဖက်ပေးထားလိုက်လေသည်။
သူ့ခန္ဓာကိုယ်မှ အနွေးဓာတ်ကြောင့်ပေလားမသိ။ တုန်ယင်နေသော ခန္ဓာကိုယ်လေးက အနည်းငယ်မျှ ငြိမ်သက်သွားလေသည်။
::::::::::::::::::::::::::::::::::::
Footnote - ထောင်ဟွား (桃花) မက်မွန်ပန်းပွင့်