အခန်း ၂ ။ နှစ်တွေဘယ်လိုပင်ကြာညောင်းသွားလည်....း
Viewers 3k

အခန်း ၂။ နှစ်တွေ ဘယ်လိုပင်ကြာညောင်းသွားလည်း...


ရှောင်းကျန့် ဆေးရုံကိုရောက်လာချိန်တွင် သူ့ဖေဖေက ယခုလေးတင် အစည်းအ‌ဝေးခန်းထဲသို့ ၀င်သွားပြီဟုပြောလေသည်။ သူ့ဖေဖေက စိတ်ပညာပါရဂူတစ်ယောက်ဖြစ်သည့်အပြင် သည်ဆေးရုံရဲ့ ဒါရိုက်တာတစ်ယောက်ဆိုလဲ မမှားပေ။

သူတို့ဆီရောက်တုန်းရောက်ခိုက်မှာ ဓာတ်ပုံအတူရိုက်ပေးပါရန် သူနာပြုလေးများက ခွင့်တောင်းကြသည်မို့ ရှောင်းကျန့်လည်းပြုံး၍သာ ခေါင်းညိတ်ပြလိုက်သည်။ သူက ပရိတ်သတ်တွေချစ်သော တက်သစ်စအနုပညာရှင် တစ်ယောက်ပင်မဟုတ်ပါလား။

ဓာတ်ပုံရိုက်ပြီးနောက်မှာတော့ ဖခင်ဖြစ်သူပြန်အလာကို ရုံးခန်းထဲမှာပင် သွားစောင့်နေလိုက်သည်။ သူ့ဖေဖေက စည်းစနစ်ရှိသူမို့ ရုံးခန်းလေးက အတော်ကိုသပ်ရပ်သည်။

ဆေးပညာစာအုပ်များက နံရံကပ်ဗီရိုတစ်လုံးအပြည့်။ စားပွဲပေါ်မှာတော့ ကွန်ပျူတာတစ်လုံးနှင့်အတူ သူတို့သားအဖနှစ်ယောက် အတူတူရိုက်ထားသော မှန်ဘောင်သွင်း ဓာတ်ပုံတစ်ပုံရှိသည်။

ဖေဖေနှင့်မေမေတို့က သူငယ်စဉ်ကတည်းက ကွာရှင်းပြတ်စဲခဲ့ကြတာဖြစ်သည်။ ပြောရလျှင်သူဟာ broken family မှာ ကြီးပြင်းလာသူ။

ဖေဖေက ပညာရေးကိုဦးစားပေးကာ မိသားစုကိုချစ်သည်။ မေမေကတော့ ငွေကိုသာချစ်သည်။ မိသားစုနှင့်အချိန်ကုန်ရမည်ထက် အပေါင်းအသင်းများနှင့် အပျော်ရှာရသည်ကို ပိုပြီးသဘောကျသည်။

သည်လိုနှင့် သူ့အသက်(၁၀)နှစ်အရွယ်မှာပဲ မိဘနှစ်ပါးကပြတ်စဲခဲ့ကြသည်။ ထိုစဉ်တုန်းက မေမေဟာ သူ့ကိုတစ်ချက်ကလေးမျှပင် လှည့်မကြည့်ဘဲ အန်ကယ်လ်ကြီးတစ်ယောက်၏ ကားပေါ်သို့တက်သွားခဲ့သည်။

ဖေဖေကတော့ မေမေမရှိတော့သည့်နောက်ပိုင်း အစစအရာရာ လိုလေသေးမရှိအောင် ဂရုစိုက်သလို မေမေ့လိုငွေကိုခင်လွန်းသူ မဖြစ်စေရန်လည်း ဆုံးမခဲ့သည်။

ရှောင်းကျန့်ဟာ ငယ်စဉ်ကအကြောင်းများကို ပြန်တွေးတောရင်း ဆုံလည်ခုံမှာဝင်ထိုင်လိုက်သည်။ တစ်ပြိုင်နက်တည်း သူလက်လှမ်းလိုက်မိသည်က စားပွဲပေါ်ရှိ ဆေးပညာစာအုပ်တစ်အုပ်ထံသို့။

ဖေဖေကသူ့ကို ဆရာဝန်ဖြစ်စေချင်သော်လည်း ဝါသနာပါသော သုတေသနအလုပ်ကို လုပ်ခွင့်ပြုခဲ့သည့်အပြင် အနုပညာရှင်တစ်ယောက်ဖြစ်ချင်သည်ဆိုတော့လည်း ထောက်ပံ့ပေးခဲ့ပြန်သည်။

ယခုတော့ သူကိုင်လိုက်သည်က ဆေးပညာနှင့် ပတ်သတ်သောစာအုပ်မို့ ဖတ်ကြည့်သော်လည်း နားမလည်။ ဆေးပညာအသုံးအနှုန်းတွေနှင့်မို့ ကြာတော့ပျင်းရိလာလေသည်။

စာအုပ်ဖတ်သည်ဆိုသော်လည်း အမှန်မှာတော့ ဟိုဟိုသည်သည် လှန်လှောနေခြင်းသာ။ သည်လိုနှင့် ရှောင်းကျန့်တစ်ယောက် ဖခင်ဖြစ်သူ၏ရုံးခန်းထဲ၌ စားပွဲခုံပေါ်တွင်မျက်နှာအပ်ကာ အိပ်ပျော်ခြင်းသို့ ရောက်ရှိခဲ့ရပါတော့သည်။

အိပ်ပျော်သွားသည်နှင့်တစ်ပြိုင်နက် အိပ်မက်တို့က ဝင်ရောက်လာပြန်လေသည်။ ကြာပန်းတို့မြိုင်ဆိုင်စွာ ပွင့်ဖူးနေသောကန်ရေပြင်ထက်၀ယ် လှိုင်းကြက်ခွပ်လေးများ ဖွဲ့တည်လျက်။

ရေကန်ကိုမျက်နှာမူကာ ရှိနေသူကရိပေါ်။ သူ့အနောက်မှာတော့ ရှောင်းကျန့်ရပ်နေကာ ရိပေါ်ထံသို့ ချစ်မဝသော ခံစားချက်တို့ဖြင့်ကြည့်ပြီး ပြုံးနေလေသည်။

သို့သော်လည်း အဝေးကိုငေးနေသူထံမှ မဆိုင်းမတွပြောလာသော စကားသံကြောင့် သူ့အပြုံးတို့က ကြာကြာမခံလိုက်ပါဘဲ ပျောက်ပျက်သွားရသည်။

"ငါ လက်ထပ်တော့မယ်"

ရှောင်းကျန့်က ရိပေါ်ထံမှ စကားသံကိုကြားကြားချင်း အံ့အားသင့်နေပြီးနောက်မှာ ရယ်မောလိုက်သည်။

"အရှင့်သားက အတော်နောက်တတ်တာပဲ"

ရိပေါ်က အဝေးကိုငေးကြည့်နေရာမှ သူ့ထံသို့လှည့်ကာ မျက်နှာချင်းဆိုင်သည်။

"နောက်ပြောင်နေတာမဟုတ်ဘူး ငါတို့ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်"

"မဖြစ်နိုင်လိုက်တာ... တစ်ကယ်ပဲ နောက်ပြောင်နေတာမဟုတ်လား"

ရှောင်းကျန့်က ရိပေါ်၏ပုခုံးကို လက်နှစ်ဖက်ဖြင့်ဆုပ်လိုက်ကာ မျက်လုံးတို့ကို တည့်တည့်ကြည့်လိုက်သည်။ သို့သော်ရိပေါ်က ထိုလက်တစ်စုံကို ပြန်လည်ပုတ်ချလိုက်ပြီးနောက် ထပ်မံ၍ကျောခိုင်းလိုက်သည်။

"မဖြစ်နိုင်တဲ့ လမ်းမှားတစ်ခုပေါ် ငါတို့နှစ်ယောက်လုံး ဆက်မလျှောက်သင့်တော့ဘူး ရှောင်းကျန့်"

ဟိုယခင်က မြတ်နိုးစွာခေါ်လေ့ရှိသော နာမ်စားစကားလုံးလေးအစား စိမ်းကားအေးစက်သောလေသံဖြင့် သူ့အမည်ကိုအပြည့်အစုံခေါ်လိုက်တော့ ရှောင်းကျန့်၏နှလုံးသားထဲ နာကျင်သွားရသည်။

"မင်း... နောင်တမရမှာသေချာလား"

ရှောင်းကျန့်မေးလိုက်သော်လည်း ကြားလိုသည်နှင့်ဆန့်ကျင်စွာပင် သူ့နားထဲသို့၀င်လာသည်က ပြတ်သားလွန်းသောစကားလုံးများ။

"ငါအတတ်ဆုံး မေ့ပစ်မယ်"

သူဒေါသထွက်သွားမိသော်လည်း ချစ်ရသူထံတွင် မဖောက်ခွဲရက်သည်မို့ နာကျင်စွာပင် ကြိတ်မှိတ်မျိုသိပ်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ့ရင်တစ်ခုလုံး နာကျင်ကွဲအက်ကာ စူးနင့်လာတော့သည်။

"ကောင်းပြီ... ဒါကငါတို့နှစ်ယောက်ရဲ့ အဆုံးသတ်ဆိုရင်... ဒီဆုံးဖြတ်ချက်ကြောင့် မင်းပျော်ရွှင်နိုင်မယ်ဆိုရင်... ငါ့ရင်ဘတ်ကြီးတစ်ခုလုံး စုတ်ပြတ်သတ်သွားလောက်အောင် နာကျင်နေရပေမယ့် ငါထွက်သွားပေးပါ့မယ်"

ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူထိုနေရာမှ လှည့်ထွက်လာခဲ့သည်။ ကျောခိုင်းပြီးကာမှ ကျဆင်းလာသော မျက်ရည်စများကိုတော့ တိတ်ဆိတ်စွာပင် ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သည်။ ထိုစဉ်မှာပင် ခပ်တိုးတိုးကြားလိုက်ရသည်က နောက်ထပ်အေးစက်လွန်းသော စကားတစ်ခွန်း။

"ငါ့ကိုခွင့်မလွှတ်နိုင်ရင်တောင် မေ့ပစ်လိုက်ပါ"ရိပေါ်ထံမှ ထိုစကားကိုကြားတော့ ရှောင်းကျန့်၏ခြေလှမ်းတို့ ရပ်တန့်သွားရတော့သည်။ ရိပေါ်ရှိရာဆီ ပြန်လှည့်ကြည့်လိုက်တော့ သူ့ကိုကျောပေးထားဆဲ။


"မေ့ပစ်ဖို့ချစ်ခဲ့တာမဟုတ်လို့ နာကျင်ရမယ်ဆိုရင်တောင် ငါမင်းကိုမေ့ဖို့ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘူးရိပေါ် ငါမင်းကိုချစ်ခဲ့တာ အကြောင်းပြချက်မရှိဘူး ရှိခဲ့ရင်လဲ အဲဒါကမင်းဆိုတဲ့ဖြစ်တည်မှုပဲ မင်းပျော်ရွှင်ရမယ်ဆိုရင် ငါနာကျင်ရလဲဖြစ်ပါတယ်"

ပြောပြီးသည်နှင့် သူထိုနေရာမှ ထွက်လာခဲ့သည်။ ကျောခိုင်းထားသူမှာတော့ တင်းထားသည့်စိတ်ကို လွှတ်ချလိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ဒူးထောက်လျက်သား ပြိုဆင်းသွားတော့သည်။

ပါးပြင်ပေါ်ဖြတ်သန်းကာ စီးကျလာသည်က ပူနွေးနေသောမျက်ရည်စက်များ။ သူသုတ်ပစ်ရန်စိတ်ကူးမရှိသည့်အပြင် လက်သီးကိုပါကျစ်နေအောင် ဆုပ်ထားလိုက်မိသည်။

"ငါဆိုတဲ့ဖြစ်တည်မှုက မင်းအချစ်နဲ့တန်လို့လား ထောင်ဟွားရာ ငါမချစ်တဲ့သူနဲ့ လက်ထပ်ရမယ်ဆိုရင်တောင် အနည်းဆုံးတော့ ဟိုးအဝေးတစ်နေရာမှာ မင်းအသက်ရှင်လျက်ရှိနေမယ်ဆိုရင်...ငါအနစ်နာခံရတာက တန်ပါတယ်လေ ငါကိုယ်တိုင်လဲမင်းကို မေ့ပစ်ဖို့ချစ်ခဲ့တာမှ မဟုတ်ဘဲ မေ့လို့ရနိုင်မှာတဲ့လား"

"ရှောင်းကျန့် သား...ထတော့ ရှောင်းကျန့်"

ဖခင်ဖြစ်သူ၏ခေါ်သံကြောင့် အိပ်ပျော်နေခဲ့သော ရှောင်းကျန့်တစ်ယောက် မျက်လုံးတို့ ပွင့်လာရတော့သည်။ သူနိုးလာသည်ကိုမြင်မှ ဖခင်ဖြစ်သူဟာလည်း သက်ပြင်းချမိတော့သည်။

ထု့ိနောက် ရေအေးတစ်ခွက်ကမ်းပေးရင်း အိပ်မက်ဆိုးမက်နေတာလားဟု မေးလာသောဖခင်ကို ခေါင်းညိတ်ပြရင်း မျက်ရည်များကို တို့သုတ်လိုက်သည်။

ဖုန်းကြိုမဆက်ဘဲ လူကိုယ်တိုင်လာခဲ့သည့်အကြောင်းရင်းကိုမေးတော့ သူ့အိပ်မက်တွေ အကြောင်းပြောပြလိုက်သည်။

"သား ဒီရက်တွေမှာ ညဘက်အိပ်မပျော်ဘူး ဖြစ်နေတယ် မဟုတ်လား"

ရှောင်းကျန့်ခေါင်းညိတ်ပြလိုက်သည်။ ဒီရက်ထဲ သူအလုပ်မှာ နည်းနည်းစိတ်ပင်ပန်းနေတာဖြစ်သည်။ အဖေဖြစ်သူကတော့ အလုပ်လောဘကြီးသော သူ့သား၏အကျင့်ကို သိနေတာမို့ ပြုံးရှာသည်။

"အဲဒီ့လောက် အလုပ်လောဘမကြီးပါနဲ့သားရယ် နားနားနေနေလုပ်ပါ ဟောဒီ့ဖေဖေရှာသမျှက သားအတွက်ချည်းပါပဲ"

ဖခင်၏စကားကိုကြားတော့ သူပြုံးမိသည်။ အလုပ်ပင်ပန်းတာကြောင့် သည်လိုဖြစ်သည်ဟု ယူဆလိုက်ပုံပင်။ သို့သော်လည်း သူအပြစ်မမြင်ပါ။

ဖေဖေက သူ့ကိုဘယ်လောက်ထိချစ်လဲဆိုတာ သူသာအသိဆုံးမဟုတ်ပါလား။ ထို့နောက်တော့ ကောင်းကောင်းအနားယူရန် မှာကြားလိုက်သောစကားများနှင့်အတူ ပေးလိုက်သော ဆေးတစ်ချို့ကိုယူကာ အိမ်ပြန်လာခဲ့လေသည်။

::::::::::::::::::::::::::::::::::::::::

ရက်အတန်ငယ်ကြာပြီးနောက် ရှောင်ဟိုင်တစ်ယောက် ပြန်လည်နေကောင်းလာခဲ့လေပြီ။ သည်ကောင်လေးဟာ ကြောင်မိစ္ဆာလေးဟုမထင်ရလောက်အောင် အားနည်းလှသော်လည်း နှစ်ပေါင်းများစွာကြာအောင် မူလပုံစံမပြောင်းခဲ့။

သည်တစ်ကြိမ်မှာတော့ သူအပြစ်ပေးသည်မှာ အတော်လေးပြင်းထန်သွားသည်ဆိုရမည်။ ယခုတော့ နေပြန်ကောင်းသွားပြီမို့ လွန်ခဲ့သည့်ရက်အနည်းက ပြန်ရှာတွေ့ခဲ့ပြီဖြစ်သော တစ်စုံတစ်ယောက်အကြောင်း စိတ်ဝင်တစားဖြင့် နားထောင်နေလေသည်။

"ဒါဆိုရှစ်ဇွင်း ကျန့်ကျန့်ကိုပြန်တွေ့ပြီပေါ့"

"အင်း သူဟုတ်ပါ့မလားဆိုတာတော့ မသေချာသေးဘူး"

"ဘာပဲဖြစ်ဖြစ် စုံစမ်းကြည့်ရမှာပေါ့ရှစ်ဇွင်းရဲ့ ရှောင်ဟိုင်ယုံတယ်သိလား ကျန့်ကျန့်ကရှစ်ဇွင်းဆီကို အမြန်ဆုံးပြန်ရောက်လာမှာ"

"ကောင်စုတ်လေး မင်းအမြဲပြောတဲ့ အမြန်ဆုံးတစ်နေ့က နှစ်ပေါင်းတစ်သောင်းတောင် ကျော်လာပြီဆိုတာလည်း သတိရပါဦး"

ရိပေါ်ပြောလိုက်တော့ ရှောင်ဟိုင်တစ်ယောက် စပ်ဖြီးဖြီးမျက်နှာလေးနှင့် ရယ်နေလေတော့သည်။

"ကောင်စုတ်လေး ရယ်မနေနဲ့ ပန်းချီကားကိစ္စကို စိတ်မပြေသေးဘူးနော်"

ရိပေါ်ကစိတ်ဆိုးနေဆဲဟန်ဖြင့် ဆိုလေတော့ ရှောင်ဟိုင်တစ်ယောက်'ရှစ်ဇွင်းကလဲ'ဆိုကာ ခေါင်းငုံ့သွားတော့သည်။ ရိပေါ်ပြုံးမိရပြန်သည်။ ဒီကောင်ငယ်လေးဟာ စနောက်လို့ စနောက်မှန်းမသိ။

ယခုချိန်ထိ 'သူ့အပြစ်တွေချည်း'ဟု လက်ခံထားဆဲဖြစ်ပုံရသည်။ တစ်ကယ်ဆိုလျှင် ပန်းချီကားအခိုးခံလိုက်ရခြင်းက ရှောင်ဟိုင်၏ အပြစ်ချည်းပဲတော့မဟုတ်။

ကြင်နာတတ်သောနှလုံးသားရှိသူများအပေါ် အမြတ်ထုတ်သွားသူ၏ အပြစ်သာဖြစ်သည်။ အဖြစ်အပျက်သည်ကားဤသို့။

လွန်ခဲ့သော (၁၀)ရက်ကျော်က တောထဲ၌ဒဏ်ရာရနေသော လူစိမ်းတစ်ယောက်ကို သူတို့နှစ်ဦး ကယ်တင်ခဲ့ကြသည်။ လူကောင်းလား လူဆိုးဖြစ်နေမလား မတွေးတောခဲ့။

ဒဏ်ရာရနေသောလူသားကို ကယ်တင်ရမည်ဆိုသည့်အတွေးသာ သူတို့ခေါင်းထဲမှာရှိနေခဲ့သည်။ ကျေးစွပ်သည်ဟူသည်မှာလည်း ကျေးဇူးရှိမှဖြစ်နိုင်သည်မဟုတ်ပါလား။

ထိုလူက ရက်အနည်းငယ်နေပြီးနောက် နေပြန်ကောင်းသွားချိန်မှာတော့ အိမ်နံရံ၌ သူအမြတ်တနိုးချိတ်ဆွဲထားသော ပန်းချီကားအပါအ၀င် အခြားတန်ဖိုးကြီးပစ္စည်းအတော်များများကို ခိုးယူကာထွက်ပြေးသွားခဲ့လေသည်။

ထိုနေ့က ရိပေါ်ကတောင်ပေါ်အိမ်မှာမရှိဘဲ ပေကျင်းကိုရောက်နေခဲ့တာဖြစ်သည်။ အိမ်မှာရှိသည်က ရှောင်ဟိုင်တစ်ဦးတည်းသာ။ အခြားပစ္စည်းများအခိုးခံလိုက်ရသည်ထက် သူအမြတ်နိုးဆုံးပန်းချီပါသွားတာကို ဒေါသအထွက်ဆုံးဖြစ်သည်။ ထို့ကြောင့်ပင် ပေါ့လျော့မှုအတွက် ရှောင်ဟိုင့်ကို အပြစ်ပေးမိတာဖြစ်သည်။ရက်အတန်ကြာပျောက်သွားပြီးနောက် ပန်းချီကားကိုသူပြန်လည်ရှာတွေ့ခဲ့သည်က ရှေးဟောင်းအမွေအနှစ် ပြတိုက်တစ်ခု၌ဖြစ်သည်။ ပန်းချီကားပေါ်၌ သူ၏ စိတ်ဝိဉာဉ်အမှတ်အသားထည့်သွင်းထားသည်မို့ ဘယ်မှာရှိနေလဲဆိုတာ သူသိလိုက်ရတာပင်။

ထိုမတိုင်ခင်က ဘယ်နေရာမှာလဲဆိုတာ သူမသိခြင်းက အလွန်ဝေးလံသောဒေသသို့ ရောက်သွားတာကြောင့်ဖြစ်နိုင်ပါသည်။ သို့သော်လည်း ပန်းချီကားခိုးသွားသူကို ကျေးဇူးတောင်တင်ပေးရမလိုပင်။

ထိုကိစ္စကြောင့်ပင် သူ့ရဲ့မက်မွန်ပန်းလေးကို ပြန်လည်တွေ့ရှိခဲ့ခြင်း မဟုတ်ပါလား။ သို့သော်လည်း မက်မွန်ပန်းလေးကဖြင့် သူ့ကိုမမှတ်မိပါချေ။ ဒါပေမယ့်လည်း သူမမှုပါ။ သူက တစ်မိုးအောက်တစ်ယောက် ဝမ်ရိပေါ်ဖြစ်သည်။ မမှတ်မိဘူးဆိုလျှင် မှတ်မိအောင်လုပ်ပေးရပေမည်။

"ရှစ်ဇွင်း... ရှစ်ဇွင်း... "

ရိပေါ်၏အတွေးနယ်ချဲ့မှုက ရှောင်ဟိုင်၏ခေါ်သံကြောင့် ပစ္စုပ္ပန်ကာလသို့ ပြန်လည်ရောက်ရှိလာသည်။

"ရှစ်ဇွင်း ဘာတွေစဉ်းစားနေတာလဲ"

"အင်း ဘာမှမဟုတ်ပါဘူး ဘာပြောမလို့လဲ ရှောင်ဟိုင်"

"ဟို......"

"ပန်းချီကားလား"

"ဟုတ်ကဲ့"

ရှောင်ဟိုင်၏ မမေးရဲမေးရဲပုံစံကိုကြည့်ကာ ရိပေါ်စိတ်ထဲမှ ကျိတ်ကာရယ်လိုက်သည်။ သည်ကောင်လေးဟာ သူ့ကိုလွန်စွာ ချစ်ကြောက်ရိုသေသည်။ ထောင်ဟွားနှင့်ကျလျှင်တော့ နည်းနည်းကလေးပင်မကြောက်တတ်။

"ပြန်မယူတော့ပါဘူးလေ အဲဒီ့မှာပဲထားလိုက်တော့မယ်"

ရိပေါ်၏အဖြေစကားကိုကြားတော့ ရှောင်ဟိုင်က မျက်လုံးကို မသိမသာစွေကာကြည့်လာသည်။ 'ပြောတုန်းကတော့အသက်ထက်ပိုပြီး မြတ်နိုးရတဲ့ပန်းချီဆိုပြီးတော့'ဟု ပြောလိုဟန်ကလည်း မျက်နှှာပေါ်မှာအထင်းသား။

ရိပေါ်မြင်သော်လည်း မမြင်ဟန်ဆောင်ရင်း စားပွဲပေါ်မှ ကျောက်စိမ်းပုလွေလေးကိုယူငင်ကာ တစ်ဦးတည်း အပြင်သို့ထွက်လာခဲ့လေသည်။

ရှောင်ဟိုင်ကတော့ သူ့ရှစ်ဇွင်းဖြစ်သူ ဘယ်နေရာကိုသွားတော့မည်ဆိုတာ သိနေတာမို့မျက်နှာမကောင်း။ သို့သော်လည်း သူမည်သို့တတ်နိုင်ပါမည်နည်း။ သူကူညီနိုင်သည့်အရာမှ မဟုတ်ပဲလေ။

သူတတ်နိုင်သည်က ကျန့်ကျန့်တစ်ယောက် ရှစ်ဇွင်းဆီကိုအမြန်ဆုံး ပြန်ရောက်လာပါစေဟု ဆုတောင်းရုံသာ။

:::::::::::::::::::::::::::::::::::::::

တောင်ပေါ်လေက ခပ်မြူးမြူးကလေးတိုက်ခတ်နေသည်။ ရေတံခွန်တစ်ခုသည်ကား ဟိုးအမြင့်တစ်နေရာဆီမှ ရေကန်အောက်ခြေသို့ အလုံးအရင်းဖြင့် တဝေါဝေါပြိုဆင်းနေသည်မှာ အငြိုးတကြီး။

တောပန်းငယ်များသည်လည်း ဟိုမှာသည်မှာပွင့်ဖူးလျက်။ ပျားပိတုန်းငယ်များ ပန်းဝတ်ရည်တို့ကိုစုပ်ယူရင်း ဝတ်မှုံကူးပေးနေကြသည်မှာ နေရောင်ခြည်အောက်၀ယ် စိတ်ကြည်နူးစရာ။

ငှက်ငယ်တို့ကတော့ သာယာနာပျော်ဖွယ်သံစဉ်တို့ကို သီကျူးနေလေသည်။ ထိုရေတံခွန်အနီး၌မူ လူတစ်ယောက်ဟာ ပုလွေတစ်ချောင်းကိုကိုင်လျက် မတ်မတ်ရပ်နေပါ၏။

ထိုသူ၏ ရွှေအိုရောင်ခပ်ဖျောဖျော့ ဆံနွယ်တို့ဟာ လေ၌လွင့်မြူးလျက်။ ထို့နောက် ကိုင်ဆောင်လာသော ကျောက်စိမ်းပုလွေကို နှုတ်ခမ်းပါးထက် တင်လိုက်ပြီးနောက် ထွက်ပေါ်လာသော သံစဉ်သည်ကား ဆွေးမြေ့လှိုက်မောဖွယ်ရာ။

— နှစ်တွေဘယ်လိုပင်ကြာညောင်းသွားလည်း ကိုယ်တို့နှလုံးသားတွေဟာ နီးကပ်နေဆဲပါ... တစ်ချိန်ပြန်ဆုံမယ်ဆိုတဲ့ မျှော်လင့်ချက်ကို တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားတဲ့ အချိန်တွေက ပျက်ရယ်ပြုတယ် မင်းအပြစ်ပဲလေတဲ့

— ဟုတ်ပါရဲ့ ကိုယ်ဟာမင်းပြန်အလာကို စောင့်မျှော်ဖို့ထိုက်တန်ပါရဲ့လား ကိုယ့်ကြောင့် ကြွေလွင့်ခဲ့ရတဲ့ပန်းပွင့်ငယ်ရေ...နှစ်ပေါင်းထောင်ချီကြာညောင်ပြီးတဲ့နောက်မှာ မင်းကိုပြန်လည်တွေ့ရှိခဲ့ပေမယ့်လည်း မင်းဟာကိုယ့်ကိုမမှတ်မိခဲ့။

— ဟိုတစ်ချိန်တုန်းက မင်းကိုမေ့ခဲ့မိတဲ့အပြစ်အတွက် နှလုံးသားက ပြန်လည်ကာ ဒဏ်ခတ်လေသလား။ ကိုယ့်မျက်ဝန်းမှာတော့ ပုလဲဖြူဖြူတွေ'ခ'စားလို့။

ပုလွေသံစဉ်လေးဆုံးသည့်နောက် ပူနွေးနွေး မျက်ရည်မြစ်တစ်စင်းက ပါးပြင်ပေါ်သို့ ဖြတ်ကာစီးဆင်းလာသည်။

"နှစ်ပေါင်းတစ်သောင်းတောင် ကျော်ခဲ့ပြီထောင်ဟွား ဒီတစ်ခါတော့ ဘယ်လိုအကြောင်းမျိုးနဲ့မှ လက်လွှတ်တော့မှာမဟုတ်ဘူး မင်းငါ့ကိုမမှတ်မိရင်လည်း ငါကြိုးစားမယ် မင်းသတိရတဲ့အထိပေါ့"

ရိပေါ်က နှုတ်ခမ်းနှစ်လွှာကိုအသာဟကာ တစ်ဦးတည်းကြားသာရုံမျှ ခပ်တိုးတိုးလေးရေရွတ်သည်။ မျက်နှာပေါ်မှာတော့ ဆွေးမြေ့ခြင်းတို့ ပြည့်နှက်နေလေသည်။

ခပ်လှမ်းလှမ်းမှ ရေတံခွန်သည်ကား သူ၏နှလုံးသားထဲမှခံစားချက်များကို ဂရုမစိုက်စွာပင် တဝေါဝေါဖြင့် ဆက်လက်ကျဆင်းနေဆဲ။

သည်နေရာလေးက သူထောင်ဟွားကို အလွန်အမင်းသတိရလာချိန်တိုင်း လာရောက်ကာရင်ဖွင့်တတ်သော နေရာလေးပင်ဖြစ်သည်။ ယခုလက်ရှိ သူနေသည်က ပေကျင်းမြို့ထဲမှာဖြစ်သည်။

ထောင်ဟွားကိုရှာတွေ့ချိန်တွင် သူ့ဘက်ကပြည့်စုံနေစေရန် တစ်လျှောက်လုံးကြိုးစားနေခဲ့ပြီး ယခုအချိန်မှာတော့ သူဟာပေကျင်းရှိ ထိပ်သီးစာရင်း၀င် ကုမ္ပဏီအုပ်စုတစ်ခုတွင် ထိပ်တန်းရှယ်ယာရှင်ဖြစ်နေလေပြီ။

သူအတွေးများနေစဉ်မှာပဲ ဘောင်းဘီအိတ်ထဲမှ ဖုန်းကတုန်ခါလာတာကြောင့် ပုလွေကိုဘယ်ဘက်လက်မှာကိုင်ထားရင်း ကျန်တစ်ဖက်က ဖုန်းကိုထုတ်ကာကိုင်လိုက်သည်။

"အစ်ကို ရှာခိုင်းတဲ့သူအကြောင်းသိရပြီဗျ"

တစ်ဘက်လူ၏စကားက သူ့လက်ထဲကဖုန်းကို ပြုတ်ကျလုနီးနီးဖြစ်သွားစေသည်။ ရင်တစ်ခုလုံးဟာလည်း လူပျိုပေါက်ကလေးသဖွယ် တဒိန်းဒိန်းခုန်ပေါက်လို့။

"တစ်ကယ်ပဲလား... သူ့... သူ့နာမည်ကဘာတဲ့လဲ""သူ့နာမည်ကရှောင်းကျန့်... ပြီးတော့ ..."

"ရှောင်းကျန့်တဲ့လား..."

သူမေးလိုက်သည့် မေးခွန်းအပေါ် ပြန်လည်ဖြေဆိုလာပါသော အမည်နာမတစ်ခု။ ရှောင်းကျန့်ပဲတဲ့လား ထောင်ဟွားရယ်။ ရိပေါ်၏မျက်ဝန်း၌ မျက်ရည်ဥတို့ခိုတွဲရပြန်လေပြီ။

အစတုန်းက ထောင်ဟွားမဟုတ်ဘဲ မျက်နှာတူသည့် အခြားသူတစ်ဦးဖြစ်မည်ကို သူစိုးရိမ်ခဲ့သည်။ အခုတော့ မမှားနိုင်တာသေချာသွားခဲ့ပြီ။

မင်းကတိတည်ခဲ့တာပဲ ထောင်ဟွား။ ပြန်လာမယ်ဆိုတဲ့ ကတိစကားရော ထပ်တူညီနေတဲ့ နာမည်လေးရောပေါ့။

"အစ်ကို... ဟယ်လို အစ်ကိုနားထောင်နေလား..."

"သြော်... အင်းပြောလေကျင်းရီ ကိုယ်အာရုံပျံ့သွားလို့ ဆောရီးကွာ... တစ်ခေါက်လောက်ပြန်ပြောပေးပါလား"

"ဟုတ်ကဲ့ရပါတယ် သူ့နာမည်ကရှောင်းကျန့်... အလုပ်ကတော့မော်ဒယ်လ်ပါ လောလောဆယ်တော့ ချင်းရိကုမ္ပဏီအုပ်စုနဲ့ စာချုပ်ချုပ်ထားတယ် သြော်ပြီးတော့လေ အစ်ကိုနဲ့ပြတိုက်ရှေ့မှာ တိုက်မိတယ်ဆိုတာ... အဲဒီ့ပြတိုက်မှာလဲ သူအလုပ်လုပ်သေးတယ် သူနေတာက (...) မှာ... သူ့အဖေကလည်း ပုဂ္ဂလိကဆေးရုံတစ်ခုမှာ အကောင်ကြီးကြီးပဲဗျ သူ့အမေအကြောင်းကတော့ စုံစမ်းလို့မရဘူး ကျွန်တော်ဆက်စုံစမ်းပေးရဦးမလား..."

"အဲဒီ့လောက်ဆိုအဆင်ပြေတယ် ဒါပေမယ့် အဆင်ပြေရင် ဆက်စုံစမ်းပေးလို့ဖြစ်မလား မင်းအတွက် မနစ်နာစေရဘူး"

"ရပါတယ် ပြောစရာလူတွေမှ မဟုတ်တာ"

"ဒါဆို ကိုယ်ဖုန်းချလိုက်ပြီ"

ရိပေါ်ကပြောစကားဆုံးသည်နှင့် ဖုန်းပြန်ချလိုက်သည်။ ယခုခေတ်စကားအရ ပြောရမည်ဆိုလျှင် 'လောကမှာ ငွေရှိလျှင် ဘာမဆိုဖြစ်နိုင်သည်' မဟုတ်ပါလား။ ငွေရှိလျှင် လူရှာရသည်မှာ အလွယ်ကလေးသာ။

ဟိုတစ်ရက်က ပြတိုက်ရှေ့မှာ မတော်တဆပြန်ဆုံပြီးနောက် အဆက်အသွယ်ကောင်းသော ထိုသူ့ကိုစုံစမ်းစေခဲ့ခြင်းဖြစ်သည်။ အနုပညာလောကမှလူတစ်ယောက်ဆိုလျှင် သည့်ထက်စောစောအချက်အလက်တွေ ရသင့်သည်မဟုတ်လား။

ထားပါတော့လေ။ သူကိုယ်တိုင်က ဓာတ်ပုံလေးတစ်ပုံတောင်မပေးဘဲ ပုံပန်းသွင်ပြင်ကိုသာ ပြောလိုက်တာမို့ ရှာဖွေရတာကြာသွားခြင်းဟု ယူဆလိုက်ပါမည်။ မည်သို့ဆိုစေ ယခုပြန်လည်ရှာတွေ့ခဲ့လေပြီ။

သူအံသြမိသည်က ရှောင်းကျန့်နှင့်စာချုပ်ချုပ်ထားသော ချင်းရိအုပ်စုဆိုသည်မှာ သူ့ရှယ်ယာများရှိသည့် ကုမ္ပဏီဖြစ်နေတာပင်။

"ထောင်ဟွား... မင်းဟုတ်နေခဲ့တာပဲ"

ရိပေါ်ပြုံးလိုက်ရင်း မျက်ရည်တို့ကို ဖွဖွသုတ်လိုက်သည်။ မင်းကိုယ့်ကို မမှတ်မိသေးပေမယ့်လည်း ကိုယ်ကြိုးစားမယ်။ တစ်နှစ်လား။ ဆယ်နှစ်လား။ ကိုယ်မမှုတော့ဘူး ထောင်ဟွား။ နှစ်တစ်သောင်းတောင် ကိုယ်စောင့်နေခဲ့ပြီးပြီလေ။

::::::::::::::::::::::::::::::::::::

တစ်လခန့်ကြာသော်။

ပေကျင်းရှိ ထိပ်တန်းကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော ချင်းရိကုမ္ပဏီအုပ်စု၏ အဆောက်အဦရှေ့တွင် သတင်းရိုက်ကူးသူတို့မှာ ကင်မရာကိုယ်စီ၊ မိုက်ကိုယ်စီဖြင့် ရှုပ်ယှက်ခတ်လျက် တိုက်ရိုက် ရိုက်ကူးတင််ဆက်နေကြသည်။

"မင်္ဂလာနံနက်ခင်းပါဗျ အခုလက်ရှိ ကျွန်တော်ရောက်နေတာက ချင်းရိကုမ္ပဏီရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာပဲဖြစ်ပါတယ် ပရိတ်သတ်တွေလည်း ချင်းရိရဲ့ထုတ်ကုန်တွေကို သုံးဖူးကြမှာပါ ဘယ်လောက်တောင်မှ အရည်အသွေးပြည့်မှီလိုက်သလဲနော် အခုတစ်ခါမှာလဲချင်းရိက ဘယ်လိုထုတ်ကုန်မျိုးကို ထပ်ပြီးမိတ်ဆက်ပေးမှှာလဲဆိုတာ ကျွန်တော်ကတော့ တစ်ကယ်ပဲ ရင်ခုန်နေပါပြီဗျ"

ထို့နောက် ကားများပေါ်မှဆင်းလာသော ဖိတ်ကြားခံဧည့်သည်တော်များကို သတင်းရိုက်ကူးသူတို့က ထုတ်ကုန်နှင့်ပါတ်သတ်ပြီး သူ့ထက်ငါသတင်းဦးရရေး အပြိုင်အဆိုင်ပင် မေးမြန်းကြသည်။

ရှောင်းကျန့်လည်း ကုမ္ပဏီဝင်းထဲသို့ဝင်လာသည်နှင့် ကင်မရာကိုယ်စီ မိုက်ကိုယ်စီဖြင့် အသင့်ရှိနေကြသော သတင်းထောက်အုပ်စုကြီးနှင့်အတူ သူ့ပုံများ၊ အမည်စာတန်းများကို ကိုင်ဆောင်ထားကြသော ပရိတ်သတ်အုပ်စုကိုပါ မြင်လိုက်ရလေသည်။

"ကျန့်ကျန့်..."

"ဟုတ်ကဲ့အစ်ကို ကျွန်တော်သိပါတယ်"

ကားပေါ်မှမဆင်းခင် သတိပေးလိုဟန်ဖြင့်ခေါ်လိုက်သော သူ၏မန်နေဂျာဖြစ်သူ အစ်ကိုကျင်းဖန်ကို ခေါင်းညိတ်ပြလိုက်သည်။ သူတို့လို တက်သစ်စများအတွက် သတင်းထောက်များဆိုသည်မှာ အင်မတန်ကိုသတိထားရသူများ မဟုတ်ပါလား။

စကားတစ်လုံးမျှ အမှားပါသွားသည်နှင့် ချောင်ပိတ်အရိုက်ခံရပေမည်။ ရှောင်းကျန့်ထံမှ အဖြေကိုကြားတော့ ကျင်းဖန်က ပခုံးကိုခပ်ဖွဖွပုတ်လိုက်သလို ရှောင်းကျန့်လည်း ကားရပ်လိုက်သည်နှင့် မူပိုင်အပြုံးလေးကို နှုတ်ခမ်းထက်တင်လိုက်သည်။

ဤသည်က တမင်တကာလုပ်ယူခြင်းမဟုတ်သော သူ့အကျင့်တစ်ခုသာ။ သူကားပေါ်မှဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် သတင်းထောက်များနှင့် ပရိတ်သတ်အုပ်စုကြီးက အနားသို့ ဝိုင်းအုံလာကြသည်။

"ယုန်လေး ရှောင်းကျန့်... ယုန်ပေါက်လေး..."

"ကျန့်ကျန့်....."

"ငါ့အသည်းလေး......"

လုံခြုံရေးအစောင့်များနှင့် ကျင်းဖန်တို့က ရှောင်းကျန့်၏ဘေးမှ ပတ်ဝိုင်းထားလိုက်ကြပြီး သတင်းထောက်များနှင့် ပရိတ်သတ်အုပ်စုကြီး၏တိုးဝှေ့ခြင်းမှ ကာကွယ်ပေးထားလေသည်။

ရှောင်းကျန့်ကတော့ ကုမ္ပဏီအဆောက်အဦထဲသို့ လျှောက်၀င်လာရင်းမှ သူ့အမည်ကိုအော်ဟစ်နေကြသော ပရိတ်သတ်အုပ်စုထံသို့ အပြုံးတစ်ပွင့်ပေးကာ လက်ဝှေ့ယမ်းပြရင်း အသိအမှတ်ပြုလိုက်သည်။ထိုအခါ ဆယ်ကျော်သက်မလေးများ၏ တအားအားအော်သံများဟာ ပိုလို့ပင်ညံစီသွားရလေတော့သည်။ ခပ်လှမ်းလှမ်း၌ရပ်ထားသော ကားတစ်စင်းပေါ်ဝယ် တစ်စုံတစ်ယောက်သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း နှစ်ခြိုက်စွာပြုံးနေပါလေသည်။

::::::::::::::::::::::::::::::::::::::::

Footnote - shi zun (师尊) = teacher, master