အခန်း ၃ ။ ဒီဘဝမှာတော့ငါမင်းကိုလုံးဝမှမစွန့်လွှတ်နိုင်တော့တာမို့...
Viewers 3k

အခန်း ၃။ ဒီဘ၀မှာတော့ ငါမင်းကိုလုံး၀မစွန့်လွှတ်နိုင်တော့တာမို့...


"ခင်ဗျားလေးဟာလေ ဘယ်ဘဝရောက်ရောက် လူချစ်လူခင်ကို ပေါနေတော့တာပဲ"

နှုတ်ခမ်းပါး၌ အပြုံးနုနုကိုချိတ်ဆွဲလျက် အပြစ်တင်လိုခြင်းတို့မပါဘဲ တီးတိုးရေရွတ်လိုက်သူက ၀မ်ရိပေါ်ဖြစ်သည်။ အဆောက်အဦထဲသို့ဝင်သွားသော ရှောင်းကျန့်ကတော့ မကြားနိုင်ပါချေ။

မိနစ်အနည်းငယ်ခန့်အကြာမှာတော့ သူလည်း ကားထဲမှထွက်လာကာ ပွဲကျင်းပရာအဆောက်အဦဆီသို့ လျှောက်သွားလိုက်သည်။

ချင်းရိ၏ထုတ်ကုန်သစ်က ရေမွှေးဖြစ်သည်။ ပြည်တွင်းသာမကပြည်ပဈေးကွက်အတွက်ပါ ထုတ်လုပ်သည်မို့ အရည်အသွေးကတော့ ပြောနေစရာတောင်မလိုပါ။

ရိပေါ်က ချင်းရိ၏ရှယ်ယာအများဆုံးငါးဦးထဲမှ တစ်ယောက်မို့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရသည်။ သည်လိုပွဲမျိုး တက်ရသည်ကို စိတ်မဝင်စားသော ရိပေါ်တစ်ယောက် အဘယ်ကြောင့် ရောက်လာရပါသနည်း။

အမှန်စင်စစ်ဝန်ခံရပါလျှင် သူ၏မက်မွန်ပန်းလေး သည်ပွဲကိုတက်မည်ဟု သတင်းရထားသည်မို့ လာခဲ့ခြင်းသာဖြစ်လေတော့သည်။ ခန်းမထဲသို့ ရိပေါ်ရောက်သည်နှင့် ဧည့်သည်များအကြား မျက်လုံးကစားလိုက်သည်။

တွေ့လိုက်ပါပြီ။ သူ့ရဲ့မက်မွန်ပန်းလေးက လက်ထဲမှာရှန်ပိန်ခွက်လေးကိုကိုင်လျက် ဧည့်သည်တစ်ဦးနှင့် စကားပြောနေသည်။ ရိပေါ်ပြုံးကာ လျှောက်သွားလိုက်သည်။

"အစ်ကိုကျင်းယန် နေကောင်းတယ်နော် အစ်မရောမပါဘူးလား"

ရိပေါ်ဦးတည်ကာလျှောက်သွားသည်က ရှောင်းကျန့်ဆီသို့ ဆိုပါသော်လည်း နှုတ်ဆက်လိုက်သည်မှာကား ဘေးမှဧည့်သည်ထံသို့။

အသက်အမှန်အရဆိုလျှင် သူဟာယနေ့ခေတ်လူများ၏ ဘိုးဘွားအရွယ်ပင် မကတော့သော်လည်း ခေတ်အလိုက် အဆင်ပြေအောင် နေထိုင်လာရသည်မို့ လက်ရှိအချိန်မှာ အသက်ကိုငယ်ဟန် လုပ်ထားရသည်မဟုတ်ပါလား။

ထို့ကြောင့်ပင် အစ်ကိုဟူ၍ခေါ်လိုက်ခြင်းဖြစ်သည်။ သူ့ထံမှနှုတ်ဆက်သံကြောင့် ထိုလူကလှည့်ကြည့်လာလေသည်။

"သြော်... ရိပေါ်လည်းလာတာလား မင်းအစ်မကဟိုဘက်မှာကွ"

"ဖိတ်တော့လည်း မဖြစ်မနေလာရတာပေါ့ဗျာ"

ထိုသူက ဇနီးသည်ရှိရာဘက်ကိုညွှန်ပြရင်း ပြန်လည်နှုတ်ဆက်တော့ ရိပေါ်လည်းပြုံးကာဖြေလိုက်သည်။ ထိုအခါနံဘေးမှာ ရပ်နေသောရှောင်းကျန့်က သူ့ထံသို့မသိမသာလေးစူးစမ်းလိုဟန်ဖြင့် ကြည့်လေသည်။

"သြော်... မိတ်ဆက်ပေးရဦးမယ်ရှောင်းကျန့်ရေ သူကဝမ်ရိပေါ်တဲ့ ဒီချင်းရိအုပ်စုက ရှယ်ယာရှင်တစ်ယောက်ပဲ... ရိပေါ်ရေ သူကရှောင်းကျန့်တဲ့ မင်းလဲသိလောက်ပါရဲ့ တက်သစ်စအနာဂတ်ကြယ်ပွင့်လေးပေါ့"

"ဒါရိုက်တာကြီးကတော့ မြှောက်နေပြန်ပါပြီဗျာ"

ဒါရိုက်တာဖူကျင်းယန်၏ မိတ်ဆက်ပေးသောစကားအဆုံးမှာ ရှောင်းကျန့်က ရှက်ကိုးရှက်ကန်းဖြင့်ရယ်သည်။

"မင်္ဂလာပါဗျ ကျွန်တော်ကဝမ်ရိပေါ်ပါ"

"ဟုတ်ကဲ့ ကျွန်တော်ကရှောင်းကျန့်ပါ တွေ့ရတာဝမ်းသာပါတယ်"

ရိပေါ်ပြုံးပြကာ လက်ကိုဆန့်တန်းပေးလိုက်တော့ ရှောင်းကျန့်လည်းပြုံးပြကာ ပြန်လည်ဆုပ်ကိုင်ပြီး နှုတ်ဆက်လိုက်သည်။

ထိုအခိုက်ရှောင်းကျန့်၏စိတ်ထဲ တစ်မျိုးကြီးခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ ဝေးကွာနေသူတစ်ယောက်ကို ပြန်လည်ဆုံတွေ့လိုက်ရသလိုမျိုး ထိုအထိအတွေ့ကို ရင်းနှီးနေမိသည်။

ဘာကြောင့်များလဲ။ သည်လူကို သူယခင်ကလည်း မသိကျွမ်းခဲ့ပါဘဲ ခံစားမိသောထိုရင်းနှီးမှုဟာ ဘာကြောင့်များပါလိမ့်။ သူစဉ်းစားကြည့်သော်လည်း မတွေးတတ်ပါချေ။

ထိုအခိုက်မှာ အာရုံထဲပေါ်လာသည်က အိပ်မက်ထဲမှ 'ရိပေါ်'ဟူသောအမည်။ အိပ်မက်ထဲတွင် မျက်နှာကိုရှင်းလင်းစွာမြင်ခဲ့ရသော်လည်း နိုးလာသည်နှင့်တစ်ပြိုင်နက် အကြောင်းအရာသာမှတ်မိပြီး မျက်နှာကိုစဉ်းစားမရတော့ပေ။

သို့သော်လည်း ထိုအမည်ကိုတော့ သူရှင်းလင်းစွာမှတ်မိနေသည်။ အရာကများ သည်လောက်တောင် တိုက်ဆိုင်စေပါသလဲ။ ရုတ်တရက် ရှောင်းကျန့်၏ခေါင်းထဲ၌ တဒိတ်ဒိတ်ထိုးကိုက်လာလေသည်။

ထု့ိကြောင့်ပင် ဒါရိုက်တာဖူကျင်းယန်နှင့် ရိပေါ်တို့နှစ်ဦးကို နှုတ်ဆက်ကာ toilet ဆီ ထွက်လာခဲ့လေတော့သည်။

"ဘာတွေလဲ ငါဘာတွေဖြစ်နေတာလဲ"

နှုတ်မှရေရွတ်မိရင်း အိပ်မက်ထဲမှ ထိုလူ၏သဏ္ဍာန်ကို ပုံဖော်ကြည့်မိသည်။ သို့သော်လည်းမရဘဲ ခေါင်းကိုက်လာတာသာ အဖတ်တင်သည်။

ခေါင်းကြည်သွားစေရန် တစ်ခဏမျှနေပြီးနောက် ခန်းမသို့ပြန်ရန် လှည့်လိုက်စဉ်မှာပင် မိုက်ခနဲဖြစ်ကာ ကြမ်းပြင်ပေါ်ပြိုလဲကျသွားရတော့သည်။

ထို့နောက်သူသတိမလစ်ခင် နောက်ဆုံးကြားလိုက်ရသည်က 'ထောင်ဟွား'ဟူသော ခေါ်သံပင်ဖြစ်လေသည်။

::::::::::::::::::::::::::::::

"ရိပေါ်ဒီနေ့ အရမ်းခန့်နေတာပဲကွ ခါတိုင်းဒီလိုပွဲမျိုးတက်ရတာ မကြိုက်ဘူးဆို"

ဒါရိုက်တာဖူကျင်းယန်၏ စကားကိုကြားတော့ ရိပေါ်ကခပ်တည်တည်ပင် ခေါင်းညိတ်ပြလိုက်သည်။ အမှန်ဆိုသူကလည်း သည်လိုပွဲမျိုးတက်ရသည်ကို သိပ်ပြီးတော့ နှစ်သက်လှသည်မဟုတ်။

သည်တစ်ခါမှာတော့ မဖြစ်မနေလာရမည့် အကြောင်းပြချက် ရှိနေသည်မဟုတ်ပါလား။ သို့သော်လည်း အကြောင်းပြချက်မှာ အခြားသော တစ်စုံတစ်ယောက်ဖြစ်သွားရသည်။

"ဟုတ်တယ်အစ်ကိုကျင်းယန် ဒီတစ်ခါတော့ရှောင်လို့ မရတော့ဘူးလေဗျာ ဥက္ကဌကသိတဲ့အတိုင်းပဲ ဒီတစ်ခါမှပွဲမတက်ရင် ကျွန်တော်တော့မလွယ်ဘူး"

ရိပေါ်၏စကားကြောင့် ဖူကျင်းယန်တစ်ယောက် ပြုံးယောင်သမ်းသွားရသည်။ ဥက္ကဌ၏မိတ်ဆွေရင်းရှေ့မှာမှ ထိုဥက္ကဌဖြစ်သူအကြောင်း ပြောရဲနေသည့်ရိပေါ်ပင်။"ရိပေါ်ရော စီးပွားရေးပဲလုပ်နေတော့မှာလား အနုပညာသာလုပ်မယ်ဆိုရင် မင်းရုပ်ရည်နဲ့ တစ်ကယ်အောင်မြင်မှာ မျက်နှာရော၊ အသံရော၊ ဟန်ပန်ရော ပြောစရာကိုမလိုဘူး"


"မရှက်တမ်းဝန်ခံရရင်တော့ စိတ်ကူးရှိပါတယ်ဗျာ သြော်ဒါနဲ့ အစ်ကိုခုတစ်လော ဇာတ်လမ်းထပ်ရိုက်တယ် မကြားမိဘူးနော်"

"အင်းဟုတ်တယ် ဇာတ်ညွှန်းရေးနေပေမယ့် စိတ်တိုင်းကျလောက်တဲ့အထိမရသေးဘူးလေ"

"ကျွန်တော့်ဆီမှာဇာတ်လမ်းတစ်ပုဒ်တော့ရှိတယ် ဖတ်ကြည့်မလား ဇာတ်လမ်းပုံစံကတော့ ကျင့်ကြံရေးလောကကို အခြေခံထားတာ"

ဖူကျင်းယန်၏ ညည်းတွားဟန်အဆုံးမှာ ရိပေါ်ဟာဖျတ်ခနဲပင် အကြံတစ်ခုရလိုက်တာဖြစ်သည်။ ဒါရိုက်တာဖူကျင်းယန်ဆိုသည်မှာ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်သည့်အပြင် ဇာတ်ညွှန်းရေးသူဆိုလည်းမမှား။

သူကတော့ တစ်ခါမျှရုပ်ရှင်ဇာတ်ညွှန်း မရေးဖူးခဲ့။ သို့သော်လည်း စိတ်ကူးမိသော အကြံအစည်ကို အကောင်အထည်ဖော်ဖို့ရာ သည်မေးခွန်းကို မေးကြည့်မိခြင်းပင်။

ဖူကျင်းယန်သည်လည်း အံ့သြသွားရင်းမှ ခေါင်းညိတ်ပြလိုက်သည်။ သည်လူငယ်လေးဟာ ဇာတ်လမ်းရေးခြင်းမှာလည်း ဝါသနာပါသည်လား။ သူမသိခဲ့ပါ။

"အင်းပို့ထားပေးလေ အစ်ကိုဖတ်ကြည့်မယ်"

"ဟုတ်ကဲ့အစ်ကို အဲဒါဆို ကျွန်တော်အဆုံးထိရေးပြီးရင် mailနဲ့ ပို့ပေးထားမယ်နော် အခုတော့ ဟိုဘက်သွားလိုက်ဦးမယ် ခွင့်ပြုပါဦး"

ရိပေါ်နှုတ်ဆက်ပြီးနောက် toiletဘက်သို့ လျှောက်လာခဲ့သည်။ သူ့ရဲ့မက်မွန်ပန်းလေး ယခုအချိန်အထိ toilet မှ ပြန်ထွက်လာတာ မတွေ့သေးဘူးမဟုတ်လား။

သူ့စိတ်ကူးက မှန်သွားသည်ဟုဆိုရမည်။ သူtoiletကိုရောက်တော့ ရှောင်းကျန့်တစ်ယောက် ကြမ်းပြင်၌ခွေခွေလေး လဲကျနေသည်မို့ စိတ်ပူသွားရပြီး အမြန်ပြေးကာ ပွေ့လိုက်သည်။

"ထောင်ဟွား... ဘာဖြစ်သွားတာလဲ ထောင်ဟွား"

စိုးရိမ်တကြီးဖြင့် အသာအယာလှုပ်နှိုးသော်လည်း ရှောင်းကျန့်သည်ကား သတိလစ်သွားခဲ့ပြီဖြစ်သည်။

ထောင်ဟွား။ မင်းဘာမှဖြစ်လို့မရဘူး။ ဒီဘဝမှာတော့ ငါမင်းကို လုံးဝမစွန့်လွှတ်နိုင်တော့တာမို့ ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့။

ရိပေါ်၏ရင်ထဲတွင် စိုးရိမ်မှုနှင့်ဝမ်းနည်းမှုတို့ ရောယှက်နေခဲ့သည်။ စောစောလေးတင် သူနှင့်စကားပြောနေသူက ယခုတော့သူ့ရင်ခွင်ထဲ၌ မေ့မျောနေခဲ့လေပြီ။

ဆေးရုံကားလှမ်းခေါ်လျှင်ရသော်လည်း ပွဲကျင်းပရာနေရာတွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်မှာစိုးရတာမို့ လုံခြုံရေးအစောင့်တစ်ချို့၏ အကူအညီကိုယူကာ ရှောင်းကျန့်ကို သူ့ကားရှိရာဆီခေါ်သွားလိုက်ပြီး အနီးဆုံးဆေးရုံသို့ မောင်းသွားလိုက်သည်။

ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့ ထောင်ဟွား။ ကိုယ်အရမ်းစိုးရိမ်နေမိပြီ။ ဘာလို့သတိလစ်တဲ့အထိ ဖြစ်သွားရတာလဲ။ ဘာမှမဖြစ်လိုက်ပါနဲ့။ ကျေးဇူးပြုပြီး...။

::::::::::::::::::::::::::::::

သစ်ပင်တို့နှင့် မှိုင်းညို့စွာအုံ့ဆိုင်းနေသော တောတွင်းတစ်နေရာ။ အချိန်သည်ကား ညနေမှောင်ရီပျိုးစမို့ အရာရာဟာဝိုးတဝါး။ ဓားချင်းခတ်သံ တချွင်ချွင်က အင်းဆက်ပိုးကောင်လေးများ၏ တကျိကျိအော်သံကို ဖုံးလွှမ်းသွား၏။

နောက်လိုက်အချို့နှင့် အမဲလိုက်ထွက်လာရာမှ တိုက်ပွဲဖြစ်နေသံကို ရိပေါ်ကြားလိုက်ရသည်။ ထို့ကြောင့် သူ့လူများနှင့်အတူ ထိုနေရာသို့ အမြန်ဆုံးရောက်သွားတော့ တောပုန်းဓားပြအချို့က မျက်နှာဖုံး၀တ်လူတစ်ယောက်ကို ဝိုင်း၀န်းတိုက်ခိုက်နေကြလေသည်။

အများနှင့်တစ်ယောက်ဆိုသော်လည်း ထိုလူကတော့ ဒဏ်ရာတစ်ချက်လေးမျှ မရသေးသလို ဟန်ပန်မှာလည်း အင်အားမမျှတသည်ကို နည်းနည်းလေးမျှ မမှုသည့်ဟန်ပင်မျိုးပင်။

"မင်းတို့ရပ်ကြပါတော့ကွာ ငါတိုက်ရတာပျင်းလာပြီ"

ထိုသူက သူ့ဆီသို့ဦးတည်လာသော ဓားချက်တို့ကို အသာအယာပင် ရှောင်တိမ်းနေ၏။ လက်စွဲတော်ဓားကိုပင်မထုတ်ချေ။

"အိုက်ရား... ငါမင်းတို့ကိုမသတ်ချင်ပါဘူးဆိုနေကွာ ဘယ်လိုဖြစ်လို့ အတင်းကြီးလိုက်ခုတ်နေကြတာတုန်း"

ထိုလူက သူ့ကိုသေစေရန်ရည်ရွယ်သော ဓားချက်တို့ကိုရှောင်ရင်းပတ်ရင်း ပါးစပ်မှလည်းမနားတမ်း တတွတ်တွတ် ရေရွတ်နေလေသည်။

ရိပေါ်တစ်ယောက်မှာတော့ ထိုအခြင်းအရာကို မြင်လိုက်ပြီးနောက် အံ့သြသွားတော့သည်။ တစ်ကယ်ပဲသည်လူက အခုတစ်လောနာမည်ကြီးနေသော ၀ိဉာဉ်စုပ်မိစ္ဆာကို ဖမ်းဖို့ရာကြိုးစားခဲ့သူဆိုတာများလား။

"ရပ်လိုက်စမ်း"

ရိပေါ်အော်လိုက်သည်နှင့် ဓားပြအုပ်စုမှာ လန့်သွားကြလေသည်။ မျက်နှာဖုံးနှင့်လူလည်း အသံကြားရာဆီသို့ ဖျတ်ခနဲလှည့်ကြည့်လိုက်ပြီး ထိုစဉ်မှာပင် ဓားချက်တစ်ချက်က သူ့ဘယ်ဘက်လက်မောင်းထံ ကျရောက်သွားတော့သည်။

သည်အခါထိုလူက သူ၏ညာဘက်လက်ကို ဖျတ်ခနဲလှုပ်ရှားလိုက်ရာ သူ့လက်ကိုဓားဖြင့်ခုတ်လိုက်သူ၏ ခန္ဓာကိုယ်ဟာ ခါးလယ်မှတိတိရိရိပင် ပြတ်သွားရလေသည်။

ဓားပြများလည်း သူတို့လူ၏ဖြစ်အင်ကိုကြည့်ကာ ကြောင်အမ်းသွားကြသည်။ ထိုမျက်နှာဖုံးနှင့်လူ ဓားအိမ်ထဲမှ ဓားကိုထုတ်လိုက်သည်ကို တစ်ယောက်မျှမမြင်လိုက်ကြဘဲ ပြန်သိမ်းချိန်မှာတော့ တစ်ယောက်သေဆုံးသွားခဲ့ပြီ။ မည်မျှမြန်လိုက်ပါသနည်း။

ဤသို့ဆိုလျှင် စောစောက သူတို့ကိုပြန်မတိုက်ဘဲပတ်ပြေးနေသည်မှာ သူတို့အုပ်စုကို ကြောက်၍မဟုတ်တန်ရာ။ သူတို့ကို ကစားနေခြင်းသက်သက်သာဖြစ်ချေမည်။ ထိုအချိန်မှာပင် သူတို့မနိုင်ခဲ့။ ယခုတော့ထိုလူက ဓားကိုပင် တစ်ကြိမ်ထုတ်ပြပြီးလေပြီ။စစ်ကူလည်းတိုးလာပြီမို့ သူတို့အရေးနိမ့်ပြီဆိုတာ ရိပ်မိလိုက်ကြသည်။ ထို့ကြောင့် ခေါင်းဆောင်ဖြစ်ဟန်တူသူက သူ့လူများကို ပြန်လည်ဆုတ်ခွာရန် အချက်ပြလိုက်သည်။

သို့သော်လည်း ရိပေါ်၏လူများက ထိုသို့ဖြစ်ရန် ခွင့်မပြုသည်မို့ နောက်ဆုံးမှာဓားပြများအားလုံး ဖမ်းမိလိုက်ကြလေတော့သည်။

"အရှင့်သား တစ်ယောက်မကျန် အကုန်လုံးဖမ်းမိပါတယ်"

"အင်း ကြိုးတုပ်ထားလိုက်"

မျက်နှာဖုံးနှင့်လူက ရိပေါ်တို့အုပ်စု ဓားပြများကို ကြိုးနှင့်ချည်နေသည်ကို သည်အတိုင်းရပ်ကြည့်နေလေသည်။ သည်တောပုန်းဓားပြလေး (၁၀)ယောက်လောက်ကို သူမမှုပေ။ အကြောင်းမဲ့ မသတ်ချင်သည်မို့ ဓားပင်မထုတ်ခဲ့။

သို့သော်လည်း သူ့ကိုဒဏ်ရာရစေသည်မို့ တုံ့ပြန်လိုက်ရခြင်းဖြစ်သည်။ သူ့ရဲ့ဓား'ရွှဲ့ချီ'က အမည်နှင့်လိုက်အောင်ပင် ထုတ်ပြီးသည်နှင့် သွေးသောက်တတ်သော ဓားတစ်လက်ဖြစ်သည်။ ထို့ကြောင့်ပြန်မတိုက်ဘဲ ပတ်ပြေးနေခဲ့ခြင်းဖြစ်သည်။

"ခင်ဗျားအဆင်ပြေရဲ့လား"

ရိပေါ်လည်း ဓားပြများကိုသူတို့ဖမ်းဆီးနေခိျန်မှာ ရပ်ကြည့်နေသောထိုသူ့ဆီ လျှောက်သွားရင်းမေးလိုက်သည်။ ထိုအခါ မျက်နှာဖုံးဝတ်ထားသူက သူ့ကိုအသေအချာစိုက်ကြည့်ရင်း နှစ်ခြိုက်စွာပြုံးပြလေသည်။

"ခင်ဗျားလက်က ဒဏ်ရာ"

"အာ... ဒီလောက်နဲ့ဘာမှ မဖြစ်ပါဘူး ကူညီပေးတဲ့အတွက် အရှင့်သားကို ကျေးဇူးတင်ပါတယ်"

"ဒီမင်းသားကိုသိနေတာလား"

ရိပေါ်ပြန်မေးလိုက်စဉ်မှာပင် မျက်နှာဖုံးနှင့်လူက လက်နှစ်ဖက်ကိုယှက်ကာဂါရဝပြုပြီးနောက် သူ့အမေးကိုမဖြေဘဲ ကိုယ့်လမ်းကိုယ်ဆက်သွားရန် ဟန်ပြင်လိုက်လေတော့သည်။

ထိုစဉ်မှာပင် အနက်ရောင်အရိပ်တစ်ခုက သူတို့အနားသို့ လျှပ်တစ်ပြက်ရောက်လာပြီးနောက် ရိပေါ်ထံပြေးဝင်သွားလေသည်။ ဤသည်ကို မြင်သော် မျက်နှာဖုံးနှင့် ထိုလူဟာ ရုတ်တရက်အော်လိုက်တော့သည်။

"အရှင့်သား....."

ရှောင်းကျန့်ကအမည်နာမတစ်ခုကို အလန့်တကြားရေရွတ်ရင်း အိပ်ရာမှနိုးလာခဲ့သည်။ တစ်ကိုယ်လုံးချွေးတို့ စိုရွှဲလျက်၊ ရင်တစ်ခုလုံးမှာလည်း မောဟိုက်နေသည်။ စိတ်ထဲမှာလဲ ထိုအိပ်မက်ထဲမှ မျက်နှာဖုံးနှင့်လူက သူဟုခံစားမိနေသည်။

ရိပေါ်ဆိုသောလူ သူ့အိပ်မက်ထဲသို့ ထပ်မံရောက်ရှိလာပြန်လေပြီ။ အရှင့်သားဆိုသူမှာလည်း ထိုသူမှန်းသိနေသော်ငြား နိုးလာသည့်အခါ မျက်နှာကိုစဉ်းစားမရပြန်ပေ။

"ဒီမှာရှင့် အဆင်ပြေရဲ့လား"

နံဘေးမှအသံကိုကြားကာ လှည့်ကြည့်မိတော့မှ လူရှိနေသည်ကို သတိထားလိုက်မိသည်။

"ကျွန်တော် ဘယ်ကို... ဆေးရုံရောက်နေတာလား"

သူ့နံဘေး၌ရပ်နေသော သူနာပြုလေးကို မေးလိုက်သည်။ သူမကလည်း ဟုတ်မှန်ကြောင်းဖြေလေသည်။

ပြီးခဲ့သည့်အချိန်တစ်ချို့ကို ပြန်စဉ်းစားမိတော့ toiletထဲတွင် လဲကျပြီးနောက် သတိမလစ်ခင် ကြားလိုက်ရသည့်အမည်။ ထိုအမည်က ဘယ်သူ့ကို ရည်ညွှန်းနေပါလိမ့်။

"ကျွန်တော့်ကို ဘယ်သူဆေးရုံကို ပို့ပေးတာလဲ"

ရှောင်းကျန့်၏အမေးစကားကြောင့် သူနာပြုလေးက လူနာရှင်အမည်ကို ကြည့်ပေးလေသည်။ ထိုအခါသိရလိုက်သည်က သူ့ကိုဆေးရုံပို့ပေးသူ၏အမည်မှာ ဝမ်ရိပေါ်ဖြစ်နေလေသည်။

"ရှင်တစ်နေ့လုံးမေ့နေပြီး အခုမှသတိရတာမို့ ခဏနားလိုက်ပါဦးနော် တာဝန်ကျဆရာဝန်ဆီ အကြောင်းကြားလိုက်ပါဦးမယ်"

သူနာပြုလေး၏စကားအဆုံးမှာ ရှောင်းကျန့်ခေါင်းညိတ်ပြလိုက်ပြီး ကုတင်ပေါ်ပြန်လှဲလိုက်စဉ်မှာပင် ကျင်းဖန်က အခန်းထဲသို့ ဝင်လာလေသည်။

"ကျန့်ကျန့်သက်သာရဲ့လား ဘယ်လိုဖြစ်ရတာလဲ"

"ဟုတ်ကဲ့အစ်ကို စိတ်ပူစေမိလို့တောင်းပန်ပါတယ်"

"မဟုတ်တာကွာ ဘယ်လိုဖြစ်တာလဲမူးလဲတာဆို ငါထင်နေတယ် ဒီလောက်တောင် ဆက်တိုက်ခိုင်းနေမှတော့"

ကျင်းဖန်တစ်ယောက် မကျေမနပ်ရေရွတ်နေသည်ကိုကြည့်ရင်း ရှောင်းကျန့်ကပြုံးသည်။ စိတ်တိုသည်မှာလည်းမမှား။ CEOက သိသိသာသာပင် သူ့ကိုဒုက္ခပေးနေသည် မဟုတ်လား။

သည်ကိစ္စက ပြီးခဲ့သည့်တစ်လကမှ ရိုက်ကူးပြီးစီးခဲ့သော "My Cloud Fairy" series လူရွေးပွဲကိစ္စကနေ စတာဖြစ်သည်။

မော်ဒယ်လ်အပြင် ရုပ်ရှင်လောကကိုပါ ဝင်ရောက်ချင်သောသူ့အတွက် အစ်ကိုကျင်းဖန်၏ကြိုးစားမှုဖြင့် ရလာခဲ့သော "My Cloud Fairy" ဇာတ်ကား၏လူရွေးပွဲ၌ ပါဝင်ရန်ဖိတ်ကြားစာက အခွင့်အရေးတစ်ခုဖြစ်ခဲ့သည်။

သို့သော်လည်း CEO ကတော့ သူမနှင့်တိုးတိုးတိတ်တိတ်ပါတ်သတ်နေသော အခြားနာမည်ရပြီးသား သရုပ်ဆောင်တစ်ယောက်ကိုသာ နေရာရစေချင်သည်။ သို့သော်လည်း သူကအလျှော့မပေးဘဲ လူရွေးပွဲဝင်ပြိုင်ရာ အဓိကသရုပ်ဆောင်နေရာကိုရခဲ့သည်။

ထိုတစ်ဦးသည်ကား ဒုတိယဇာတ်လိုက်နေရာသာ ရခဲ့သည်မို့ သူယခုကဲ့သို့ ဆက်ဆံခံရခြင်းသာဖြစ်သည်။ ရိုက်ကူးရေးကိစ္စ အားလုံးပြီးသည်နှင့် ထိုသူကအနားယူရန် ခွင့်ရသော်လည်း သူ့မှာတော့ အေးအေးဆေးဆေး အနားယူရန်ပင် အချိန်မရသေးပါချေ။

သို့သော်လည်း သူသည်းခံရမည်။ သူ့ကိုချစ်သော ပရိတ်သတ်များရှေ့တွင် အမြဲပြုံးနေရမည်။ မည်သို့ဆိုစေ ထိုအေဂျင်စီနှင့် စာချုပ်သက်တမ်းကလည်း ကုန်ဆုံးခါနီးပြီမဟုတ်ပါလား။

"ကျွန်တော်ဆေးရုံရောက်နေတာ အစ်ကိုဘယ်လို သိတာလဲ"

"အေး... မင်းပြောမှပဲအစ်ကိုမေးဦးမယ် ကျန့်ကျန့် မင်းနဲ့အဲဒီ့လူက ဘယ်လိုလုပ်ပြီးသိနေတာလဲ"

"ဘယ်သူ... သြော်... ကျွန်တော့်ကိုဆေးရုံပို့ပေးတဲ့လူလား..."

ရှောင်းကျန့်၏ အမေးစကားဆုံးတော့ ကျင်းဖန်က ခေါင်းညိတ်ပြသည်။ သည်တော့မှ ရှောင်းကျန့်လည်း ချင်းရိအုပ်စု၏ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ စပြီးသိခဲ့သည်ဆိုတာကို ပြောပြလိုက်သည်။"အခုမှစပြီးသိတာဆိုတာက သေချာရဲ့လား"

"အင်းလေ... ဘာလို့"

ရှောင်းကျန့်က မန်နေဂျာ၏ မေးခွန်းဆိုလိုရင်းကို နားမလည်တာမို့ ပြန်မေးလိုက်သည်။

"သူငါ့ဆီဖုန်းဆက်တော့ တော်တော်စိတ်ပူနေပုံပဲ"

သည်စကားကြားတော့ ရှောင်းကျန့်တစ်ယောက် ရယ်ရမလို၊ ငိုရမလိုပင် ဖြစ်သွားရသည်။ ယနေ့မှသိတဲ့တစ်ယောက်ဟာ သူ့ကိုလွန်စွာစိတ်ပူနေခဲ့ပါသတဲ့။ ခင်ဗျားက တစ်ကယ်ပဲ ဘယ်သူများလဲဝမ်ရိပေါ်။

::::::::::::::::::::::::::::::