အခန်း ၄ ။ ရွှေရောင်သမ်းသောအနာဂတ်နေ့ရက်များ
Viewers 2k

အခန်း ၄။ ရွှေရောင်သမ်းသော အနာဂတ်နေ့ရက်များ


လူနာသတိရလာပြီဖြစ်ကြောင်း သူနာပြုလေး၏သတင်းပို့ချက်အရ တာဝန်ကျဆရာဝန်က ရှောင်းကျန့်၏ လက်ရှိကျန်းမာရေး အနေအထားကို လာရောက်စစ်ဆေးသည်။

ထို့နောက်အလုပ်ပင်ပန်းမှုကြောင့် ဖြစ်တာမို့အနားယူရန်လိုအပ်ကြောင်း အားရှိမည့်အစားအစာများများ စားသင့်ကြောင်းနှင့် အခြားလိုအပ်သည်တို့ကို မှာကြားပြီးနောက် ပြန်ထွက်သွားလေသည်။

"ချင်းရိအုပ်စုက ရုပ်ရှင်ကုမ္ပဏီတစ်ခု ထောင်မယ်ကြားထားတယ်"

ကျင်းဖန်၏စကားကြောင့် ရှောင်းကျန့်အံ့အားသင့်သွားရသည်။ အလှကုန်ပစ္စည်းများ၌ နာမည်ကြီးသောချင်းရိက ရုပ်ရှင်လောကကိုပါ ထိုးဖောက်၀င်ရောက်တော့မည်လား။

"သေချာလို့လားအစ်ကိုရ ကျွန်တော်တော့မကြားမိပါဘူး"

"ဟုတ်တယ် အစ်ကိုလဲအတိအကျ သိရတာတော့မဟုတ်ဘူး ဒါပေမယ့်အမှန်ဆိုရင်တော့ မင်းအတွက်အခွင့်အရေးပဲပေါ့"

ကျင်းဖန်ပြောသည်မှာ သူ့အတွက်ဆိုတာ သူသိသည်။ လက်ရှိစာချုပ်ချုပ်ထားသော I & K အေဂျင်စီနှင့် စာချုပ်သက်တမ်းကသိပ်မကျန်တော့ပေ။

ထို့အပြင် ချင်းရိအုပ်စု၏ဥက္ကဌက ဆက်ဆံရေး အတော်ကိုပြေပြစ်လှသည်။ သူ့ကုမ္ပဏီ၏ထုတ်ကုန်များကြေငြာဖို့ရာ စာချုပ်ချုပ်ရာတွင်လည်း ခံစားခွင့်ကိုအပြည့်အဝပေးသည်။

သူတို့ဘက်မှ လစ်ဟင်းသွားတာမျိုး မဖြစ်စေရအောင်လည်း အစစအရာရာဂရုစိုက်သည်။ ချင်းရိနှင့်စာချုပ်က နှစ်နှစ်ခန့်သက်တမ်း ကျန်ရှိနေသေးသော်လည်း I & K နှင့် လက်ကျန်စာချုပ်သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။

အမှန်ပြောရလျှင် ထိုတစ်နှစ်ကို မြန်မြန်လေးသာ ကုန်ဆုံးသွားစေချင်ပါသည်။ ပင်ပန်းသည်ဟု မညည်းညူလိုသော်လည်း တစ်ကယ်ပင်ပန်းလှသည်။ ယခုလည်း ဆေးရုံတက်ရသည့်ကိစ္စကိုသိလျှင် CEO၏ အပြောအဆိုခံရဦးမှာ မြင်ယောင်နေသည်။

"ဒီတစ်နှစ်ပြီးသွားရင် အစ်ကိုလည်း I & K မှာမနေခဲ့ဘူး မင်းပြောင်းတဲ့ဆီကိုလိုက်မှာ ဘယ်လိုလဲကျန့်ကျန့် ဒီအစ်ကိုကြီးကို မန်နေဂျာခန့်မယ်မဟုတ်လား"

"ဒါပေါ့ ကျွန်တော့်အစ်ကိုကြီးကို ထားခဲ့စရာလား"

ကျင်းဖန်၏ဆုံးဖြတ်ချက်ကို နားလည်သည်မို့ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။ ထိုသူက သူအဆင်မပြေချိန်တိုင်း အစ်ကိုကြီးတစ်ယောက်သဖွယ် အမြဲတမ်းနှစ်သိမ့်အားပေးခဲ့သူဖြစ်သည်။

မွေးချင်းညီအစ်ကိုမရှိသော သူ့အတွက်တော့ ဖေဖေရယ်၊ ၀မ်းကွဲအစ်ကိုဖြစ်သူရယ်ပြီးလျှင် အခင်မင်ရဆုံးလူက မန်နေဂျာအစ်ကိုကျင်းဖန်သာဖြစ်သည်။

"နောက်နှစ်ရက်နေရင် My Cloud Fairy အတွက် fan meeting ရှိတယ်နော် သွားလို့ဖြစ်တယ်မဟုတ်လား"

ကျင်းဖန်က တစ်ပါတ်တာအစီအစဉ်များကိုကြည့်ရင်းပြောတော့ ရှောင်းကျန့်လည်းထပ်မံ၍ခေါင်းညိတ်ပြလိုက်သည်။ fan meeting ကို ဖျက်လို့မဖြစ်ဘူး မဟုတ်ပါလား။

သူဆေးရုံတက်ရသည်ဆိုတာကလည်း သိပ်ကြီးကြီးမားမားမဟုတ်ဘဲ အလုပ်ပင်ပန်းထားတာကြောင့်သာ။ နားလိုက်လျှင် အဆင်ပြေသွားမှာဖြစ်သည်။ အရေးကြီးတာက သူ့ကိုချစ်သောပရိတ်သတ်များကို အတောက်ပဆုံးပြုံးပြနိုင်ဖို့သာ။

"အစ်ကို ကျွန်တော်ဆေးရုံဆင်းဖို့လုပ်ပေးပါ"

"မဆင်းရဘူး"

ဆေးရုံဆင်းဖို့ကိစ္စများ လုပ်ဆောင်ပေးရန် ကျင်းဖန်ကိုတောင်းဆိုလိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က အခန်းထဲသို့ ဝင်ရောက်လာလေသည်။ လှည့်ကြည့်မိတော့ သူ့ကိုကယ်ခဲ့သည့်လူ။

"သတိလစ်တဲ့အထိဖြစ်သွားတာကို ပေါ့သေးသေးထင်နေတာလား အသိမြန်လို့ပေါ့ မဟုတ်ရင်ဘယ်လောက်ကြာအောင် အထဲမှာတစ်ယောက်တည်း လဲကျနေမလဲမသိဘူး"

ရိပေါ်က ပြောရင်းဆိုရင်းပင် လက်ထဲမှာကိုင်လာသော အစားအသောက်ဘူးများကို ကုတင်ဘေးမှ စားပွဲပုလေးပေါ်သို့တင်လိုက်သည်။

သတိလစ်သည်အထိ ဖြစ်ခဲ့ရတာတောင်မှ သတိရသည်နှင့် ဆေးရုံကဆင်းမည်လုပ်နေတာကြောင့် ပင်ပန်းနေသောထိုလူသားလေးကို ကရုဏာလဲသက်မိသလို စိတ်လည်းနည်းနည်းတိုမိသွားတာဖြစ်သည်။

တွေ့ဦးမည်။ သူ့ထောင်ဟွားလေးကို အနားမပေးဘဲ ခိုင်းတဲ့အဲဒီ့သူဌေး။

ရိပေါ်စိတ်ထဲမှကြုံးဝါးလိုက်သည်။ နောက်ကွယ်မှ စုံစမ်းချက်များအရ I & K ၏ CEOက သူ့မက်မွန်ပန်းလေးကို အနားမပေးသည့်အပြင် စိတ်ပင်ပန်းအောင်လဲ လုပ်သည်ဟုသိရသည်။ ဘယ်လောက်တောင်ပင်ပန်းနေလို့ မူးလဲသည်အထိ ဖြစ်သွားရပါလိမ့်။

"ညနေစာဝယ်လာတယ် အားရှိအောင်စားလိုက်ဦး"

ရိပေါ်က ပါးစပ်မှပြောရင်းတစ်ပြိုင်တည်း လက်ကပါခေါက်ခုံလေးကိုဖြန့်ကာ ကုတင်ပေါ်တင်လိုက်သည်။ ထို့နောက်ဝယ်လာသော အစားအစာဘူးများကို ဂရုတစိုက်ဖွင့်ပေးသည်။

ရှောင်းကျန့်နှင့်ကျင်းဖန်တို့မှာမူ ရိပေါ်လုပ်နေသမျှ ကြောင်အမ်း၍သာ ကြည့်နေမိကြလေသည်။ ရိပေါ်လုပ်နေပုံမှာ အနားမှာအခြားသူများ ရှိနေသည်ကိုပင် မမြင်လေဟန်ဖြင့်သာ။

"စားပြီးရင်နားလိုက်ဦး ညနေစောင်းနေပြီဆိုတော့ ဆေးရုံကမနက်မှဆင်းတော့ ဒီကအစ်ကို... ကျွန်တော်နဲ့ခဏလောက် လိုက်ခဲ့ပေးပါလား..."

ကရုဏာဒေါသကြောင့်မို့ ရိပေါ်၏ရှောင်းကျန့်ကို အစားစားရန်ပြောသည့်လေသံပင် အတန်ငယ်မာကျောနေလေသည်။ အဲဒီ့နောက် ရိပေါ်က မန်နေဂျာကျင်းဖန်ဘက်သို့လှည့်ကာ လိုက်လာရန်ပြောခဲ့ပြီးနောက် လှည့်ထွက်လာခဲ့သည်။

ကျင်းဖန်လည်း ရိပေါ်ယူဆောင်လာသော အစားအစာများကို ကြည့်လိုက်ပြီးနောက် အမှန်တစ်ကယ် အားရှိစေသောအစားအစာများဖြစ်နေသည်ကို သိလိုက်တာကြောင့် ရှောင်းကျန့်၏ပုခုံးကိုပုတ်ကာ အားပေးလိုက်သည်။

"ကျန့်ကျန့်... တစ်ယောက်တည်း ခဏလောက်နေခဲ့လို့ဖြစ်တယ်မလား ဒါတွေစားလိုက်ဦး စိတ်မပူနဲ့ ကိစ္စတစ်ခုခုရှိလို့နေမှာပါ"အဲဒီ့နောက် ရှောင်းကျန့်၏ကိစ္စပဲ ဖြစ်လိမ့်မည်ဆိုတာတွေးမိသည်မို့ သူဘာမျှပြန်မမေးနေဘဲ ရိပေါ်ခေါ်ရာနောက် လိုက်သွားခဲ့သည်။ ခေါ်သွားသည့်နေရာသည်ကား ဆေးရုံခေါင်မိုးထပ်သို့။


ရွှေအိုရောင်ဆံနွယ်တို့က လေအဝှေ့တွင် ယိမ်းနွဲ့နေသည်။ ရိပေါ်က တံခါးပေါက်ကိုကျောခိုင်းလျက် ဟိုးအဝေးကောင်းကင်ပြင်ကိုငေးမောရင်း မတ်မတ်ရပ်နေပြီး မြင်ရသူအဖို့ နတ်ဘုရားတစ်ပါးအလား တင့်တယ်လို့နေလေသည်။

"ဟယ်လို... ကျွန်တော်ကကျင်းဖန်ပါ..."

"ကျွန်တော်သိပါတယ် သူ့မန်နေဂျာမဟုတ်လား ကျွန်တော်က စောစောကဖုန်းဆက်လိုက်တဲ့သူပါ"

ကျင်းဖန်က ရိပေါ်၏ဘေးနားသို့ လျှောက်သွားလိုက်ပြီးနောက် လက်ဆွဲနှုတ်ဆက်ရန် ဟန်ပြင်လိုက်တော့ ရိပေါ်လည်းပြန်လည်နှုတ်ဆက်လိုက်သည်။

"ကျန့်ကျန့်ကိုကူညီပေးလို့ တစ်ကယ်ကျေးဇူးတင်ပါတယ်ဗျာ မဟုတ်ရင် သူဘယ်အချိန်ထိ တစ်ယောက်တည်းဖြစ်နေမလဲ မသိဘူး"

"ရပါတယ်ကိစ္စမရှိပါဘူး သူအဆင်ပြေတယ်ဆိုရင် တော်ပါသေးတယ် တစ်ကယ်တော့ ကျွန်တော်မေးစရာရှိလို့ ခေါ်လာတာပါ"

"ဟုတ်ကဲ့ပြောပါ"

"သူ့ကိုကုမ္ပဏီပြောင်းပေးဖို့ အစီအစဉ်မရှိဘူးလား သူပင်ပန်းနေတာ မကြည့်ရက်တော့ဘူး"

"I & K နဲ့စာချုပ်က တစ်နှစ်ကျန်သေးတယ်လေ အဲဒါပြီးရင်တော့ပြောင်းမှာပါ ကျန့်ကျန့်ခင်ဗျာ သနားဖို့ကောင်းတယ် အနားကိုရမယ်မရှိဘူး"

ရိပေါ်နှင့်ယခုမှ လူချင်းသိသည်ဆိုသော်လည်း သူ့စိတ်ထဲလူကောင်းတစ်ယောက်ဟု အလိုလိုခံစားမိသည်။ ထို့အပြင် ရှောင်းကျန့်၏ fan boy တစ်ယောက်ဖြစ်မည်ဟုလည်း ယူဆမိသည်။

အဲဒီ့နောက်ရိပေါ်ဟာ ရှောင်းကျန့်နှင့်ပတ်သက်ပြီး သူမသိသေးသည့်အရာများကို ကျင်းဖန်ထံတွင် အလိမ္မာသုံးကာမေးရင်း ရင်းနှီးမှုကိုအရယူလေသည်။

"ဒါနဲ့ဒီကညီလေးက ချင်းရိကဆို"

"ဟုတ်ပါတယ် ကျွန်တော်ကချင်းရိကပါ ဘာဖြစ်လို့လဲ ထုတ်ကုန်ကိစ္စတစ်ခုခုဖြစ်လို့လား"

"မဟုတ်ပါဘူး တစ်ကယ်တော့မေးစရာရှိလို့ပါ ချင်းရိအုပ်စုက ရုပ်ရှင်..."

ကျင်းဖန်စကားပြောလို့ပင် မဆုံးသေးခင်မှာပင် ရိပေါ်၏ဖုန်းသံမြည်လာတာကြောင့် စကားစပြတ်သွားရသည်။ ရိပေါ်လည်းတောင်းပန်ကာ ဖုန်းကိုင်လိုက်ရသည်။ မကိုင်လို့လဲမဖြစ်။ ဖုန်းခေါ်သူက ချင်းရိ၏ဥက္ကဌဖြစ်နေသည်မို့ပင်။

"အင်း နားလည်ပြီ အခုလာခဲ့မယ်"

ရိပေါ်ဖုန်းပြန်ချပြီးနောက် ကျင်းဖန်ဆီသို့ အားနာစွာကြည့်လိုက်သည်။ ဥက္ကဌက ကိစ္စလေးတစ်ချို့အကြောင်းပြောရန်အတွက် သူ့ကိုခေါ်နေသည်မဟုတ်ပါလား။

"အားနာလိုက်တာဗျာ ဥက္ကဌခေါ်နေလို့သွားရတော့မယ် ဒါကကျွန်တော့် business card ပါ အကူအညီလိုရင် အချိန်မရွေးခေါ်လိုက်ပါနော် အခုတော့ခွင့်ပြုပါဦး"

ရိပေါ်ကကျင်းဖန်ဆီသို့ business card ကိုပေးပြီးနောက် ဆေးရုံမှထွက်လာခဲ့သည်။ ကျင်းဖန်မှာတော့ ရိပေါ်ပေးခဲ့သောကတ်ကိုကိုင်ကာဖတ်ရင်း '၀မ်ရိပေါ်'ဟူသောအမည်ကို မြင်လိုက်ရပြီးနောက် အံ့သြနေမိလေသည်။

ချင်းရိအုပ်စုမှ ထိပ်တန်းရှယ်ယာရှင်တစ်ချို့၏ အမည်ကိုသူကြားဖူးသည်။ ပြီးတော့ ထို၀မ်ရိပေါ်ဟူသောအမည်က ရှယ်ယာအများဆုံးငါးဦးထဲမှတစ်ယောက်ဆိုတာကိုလည်း သတိရလိုက်သည်။

တစ်ကယ်ကို သည်လူငယ်လေးဟာ ငယ်ငယ်ရွယ်ရွယ်နှင့် အံသြစရာကောင်းလောက်အောင် အောင်မြင်နေသည်ပဲ။

ရှောင်းကျန့်ပြောပြစဉ်က 'ရှယ်ယာရှင်တစ်ယောက်'ဟုပါခဲ့သော်လည်း သည်မျှလောက်အထိလို့တော့ သူမထင်ထားမိပေ။ ဒါက ကုမ္ပဏီလေးတစ်ခုတောင်မဟုတ်။ ကုမ္ပဏီအုပ်စုကြီးတစ်ခုဖြစ်သည်။

၎င်း၏ရှယ်ယာအများဆုံး ငါးဦးဝင်ဆိုသည်မှာ မည်မျှပင်အခွင့်အာဏာရှိလိုက်မည်နည်း။ သည်လိုလူမျိုးက သူ့ရဲ့သရုပ်ဆောင်လေးနှင့် ရင်းနှီးနေသည်တဲ့။

ရှောင်းကျန့်က ယခုမှသိကြတာဟုပြောသော်လည်း သည်လူငယ်လေးကတော့ သူ့idol အပေါ် အလွန်အလေးအနက်ထားပုံရသည်။ business card ကိုကိုင်ရင်း ကျင်းဖန်ပြုံးလိုက်သည်။

"မင်းရဲ့ ရွှေရောင်သမ်းတဲ့အနာဂတ်နေ့ရက်တွေကိုတော့ အစ်ကိုမြင်နေရပြီကျန့်ကျန့်ရေ"

::::::::::::::::::::::::::::::

အချိန်အားဖြင့် ညနေစောင်းနေလေပြီ။ ချင်းရိကုမ္ပဏီ၏ အဆောက်အဦဆီသို့ ရိပေါ်ရောက်တော့ ဥက္ကဌကရုံးခန်းထဲမှာ စောင့်နေပါကြောင်း ဧည့်ကြိုဝန်ထမ်းတစ်ဦးကပြောသည်မို့ ရုံးခန်းရှိရာသို့ တစ်ခါတည်းတန်းသွားလိုက်သည်။

သူသွားရာလမ်းတစ်လျှောက် ဝန်ထမ်းများက အံ့သြဟန်ဖြင့်ကြည့်နေကြသော်လည်း ရိပေါ်ကတော့ခပ်တည်တည်သာ ဆက်ပြီးလျှောက်လာလိုက်သည်။

တော်ရုံတန်ရုံ လူတောသိပ်တိုးလေ့မရှိသည့်သူ့ကို ၀န်ထမ်းအတော်များများ မမြင်ဖူးကြပေ။ ရုံးခန်းတံခါးဖွင့်ကာ၀င်လိုက်တော့ ဥက္ကဌနှင့် သူ့အတွင်းရေးမှူးမိန်းကလေးက ပြိုင်တူပင်လှမ်းကြည့်လေသည်။

ဥက္ကဌဖြစ်သူလည်း လက်မှနာရီကိုကြည့်ပြီးနောက် သူ၏အတွင်းရေးမှူးကို ရုံးဆင်းနိုင်ပြီဖြစ်ကြောင်း ပြောလိုက်သည်။

အတွင်းရေးမှူးမိန်းကလေး ထွက်သွားပြီးနောက် စောစောကအခန့်သားရှိနေသောဥက္ကဌက ချက်ချင်းထလာကာ ရိပေါ်ဆီသို့ဦးညွှတ်လိုက်လေသည်။ ရိပေါ်လည်း ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။

"အရှင့်သား ရောက်ပါပြီလား"

"အင်း ဘာကိစ္စပြောဖို့ခေါ်တာလဲ"

ရိပေါ်က ထိုင်သူလစ်လပ်သွားပြီဖြစ်သော ဆုံလည်ခုံ၌၀င်ထိုင်ရင်းမေးလိုက်သည်။ ထိုစဉ်မှာပင် လော့ပိုင်ချန်းလည်း တရိုတသေဖြင့်ဖိုင်တွဲတစ်ခုကိုယူကာ စားပွဲခုံပေါ်တင်ပေးလိုက်သည်။

"အရှင့်သားခိုင်းထားတဲ့ကိစ္စတွေ တစ်ချို့ဟာတွေအဆင်ပြေပေမယ့် တစ်ချို့ကတော့နည်းနည်းလေးအမှားအယွင်း ဖြစ်သွားပါတယ်"ရိပေါ်က သူ့ကိုအသေအချာ စိုက်ကြည့်လိုက်တော့ လော့ပိုင်ချန်းက ခေါင်းကိုတွင်တွင် ငုံ့ထားလေတော့သည်။

"တောင်းပန်ပါတယ်အရှင့်သား ပစ္စည်းတွေက ရကာနီးကျမှပြတ်လပ်သွားလို့ပါတဲ့ နည်းနည်းထပ်စောင့်ရမယ်ပြောတယ်"

"ဘယ်လိုဖြစ်ရတာလဲ"

"I & K က ဖြတ်ယူသွားတဲ့ပုံပါပဲ"

ခပ်တိုးတိုးဖြေသံအဆုံးမှာ ရိပေါ်၏လက်သီးက အလိုအလျောက်ပင် တင်းခနဲဆုပ်မိသွားလေသည်။ I & K တဲ့လား။ သူ့ကိုများနှောင့်ယှက်ရဲသည်တဲ့။ တွေ့ကြပြီပေါ့လေ။

"သူတို့ပြောတဲ့အတိုင်း ထပ်စောင့်ပေးလိုက် ဒီကြားထဲ တခြားကိစ္စတွေ အသင့်ဖြစ်အောင်လုပ်ထား နှစ်ကုန်ထိအချိန်ရတယ် ထုတ်ကုန်သစ်လဲ အားလုံးအဆင်ပြေတယ်မဟုတ်လား"

"ဟုတ်ကဲ့ပါအရှင့်သား နောက်ထပ်အမှားအယွင်း မဖြစ်စေရတော့ပါဘူး"

"အင်း တော်တယ် ကြိုးစားလိုက်ဦး"

ရိပေါ်ကလော့ပိုင်ချန်း၏ပခုံးကို ခပ်ဖွဖွပုတ်လိုက်ပြီးနောက် ရုံးခန်းထဲမှပြန်ထွက်လာခဲ့သည်။ ထိုအခါမှပင် လော့ပိုင်ချန်းသည်လည်း သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်နိုင်တော့သည်။

သူကချင်းရိ၏ဥက္ကဌဆိုသော်လည်း အရှင့်သား၏ မြှောက်စားမှုကြောင့်သာ အောင်မြင်နေတာဖြစ်သည်။ ပြောရမည်ဆိုလျှင် ချင်းရိ၏တစ်ကယ့်ပိုင်ရှင်အစစ်မှာ သူ့အရှင်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။

သို့သော်လည်းအရှင့်သားက ရှယ်ယာရှင်တစ်ဦးအဖြစ်နှင့်သာနေသည်။ တော်ရုံတန်ရုံဖြင့်လူကြားထဲ သိပ်ပြီးထွက်လာလေ့မရှိ။ မည်မျှပင် အရှင့်သား၏ စောင့်ရှောက်သူဖြစ်သည်ဆိုပါစေဦး။ သူ့ရှေ့သို့ရောက်လျှင် အလိုလိုနေရင်းကို လက်တုန်ခြေတုန်ဖြစ်မိသေးသည်။

နှစ်ပေါင်းများစွာကြာသည့်တိုင် အရှင့်သား၏အရှိန်အဝါက သူ့အပေါ်လွှမ်းမိုးထားနိုင်ဆဲပင်။ သူတို့ကုမ္ပဏီနှင့် စာချုပ်ချုပ်ထားသည့် ထိုမော်ဒယ်လ်ကောင်လေးဟာ ဟိုတစ်ချိန်က အရှင့်သား၏ချစ်ရသူနှင့် တူနေသည့်အကြောင်း သူမတင်ပြဖြစ်ခဲ့သည်မို့ အမျက်ရှမှာစိုးရွံ့နေခဲ့သော်လည်း အရှင့်သားက ဘာမျှမပြောပေ။

လော့ပိုင်ချန်းတစ်ယောက် သက်ပြင်းသာနာနာချမိတော့သည်။ ထိုလူဟာတစ်ချိန်က အရှင့်သား၏ မြတ်နိုးရသူဟုတ်နေခဲ့ပါက အတိတ်မှဖြစ်ပျက်ခဲ့သည့်ကိစ္စမျိုး တစ်ကျော့ပြန်လည်လာနိုင်မည်လား။

သူကြောက်မိပါသည်။ ထိုနေ့ကလို အဖြစ်အပျက်မျိုး ထပ်မဖြစ်စေချင်တော့။ အတ္တကြီးသူများအကြား ဖြူစင်သောအချစ်တစ်ခုကို မြေစာပင် မဖြစ်စေချင်တော့ပေ။

"အရှင့်သား ကံကောင်းပါစေလေ"

လော့ပိုင်ချန်းတစ်ယောက် ခပ်တိုးတိုးလေးသာ ဆုတောင်းမေတ္တာပို့မိတော့သည်။

::::::::::::::::::::::::::::::

My Cloud Fairy ဇာတ်ကား၏ fan meeting ကျင်းပရာ ကြယ်ပင်လယ်ဟိုတယ်လ်။

အချိန်သည်ကား မနက် ၁၁နာရီ ၄၅မိနစ်ရှိပြီဖြစ်သည်။ အဆောက်အဦထဲသို့ရှောင်ဟိုင်နှင့်ရိပေါ်တို့ဝင်လာသည်နှင့် ဟောခန်းတစ်ခုလုံးပြည့်နေပြီဖြစ်သော ပရိတ်သတ်များကို တွေ့လိုက်ရသည်။

ပွဲစမည့်အချိန်မှာ နေ့လည်၁၂နာရီတိတိဆိုသော်လည်း မနက်၁၀နာရီခန့်ကတည်းက ပရိတ်သတ်များဖြင့် စည်ကားနေတာဖြစ်သည်။

အချို့ပရိတ်သတ်များ၏လက်ထဲတွင် အရုပ်လေးများရှိနေပြီး အချို့ကမူပန်းစည်းလေးများ၊ light stickကလေးများ ကိုင်ဆောင်ထားကြသည်။

ရိပေါ်တစ်ယောက် သူ့လက်ထဲမှပါဆယ်ဗူးကိုပြန်ငုံ့ကြည့်ရင်း နည်းနည်းကလေး မကျေမနပ်ဖြစ်သွားရသလိုပင်။

သူဟာမက်မွန်ပန်းလေးအတွက် တမူထူးခြားသူမဟုတ်ဘဲ ပရိတ်သတ်အများကြားထဲမှ တစ်ယောက်သာဖြစ်နေလိမ့်မည်လား။

ရှောင်ဟိုင်ကတော့ မျက်လုံးကလေးပြူးလျက်၊ ပါးစပ်အဟောင်းသားဖြင့် မြင်တွေ့သမျှလိုက်ငေးနေလေတော့သည်။ ရိပေါ်ဟာ သူ့ကိုယ်သူ သည်လိုလူစည်သည့်ပွဲမျိုး လာဖြစ်လိမ့်မည်ဟု တစ်ခါမျှပင်မတွေးဖူးခဲ့။

ယခုက ပထမဆုံးပင်ဖြစ်သည်။ ဒါကလည်း သည်ပွဲအတွက်တင်ဆက်သူနှင့် မန်နေဂျာကျင်းဖန်တို့က အစီအစဉ်တစ်ခုအတွက် ဖိတ်ခေါ်ခဲ့တာကြောင့်လဲပါသည်။ သူတို့နှစ်ဦးရောက်ပြီး သိပ်မကြာခင်မှာပဲ ၁၂နာရီထိုးကာ ပွဲလည်းစလေပြီ။

စင်တစ်ခုလုံး မိီးအမှောင်ချထားရာမှ ပြာလဲ့လဲ့မီးရောင်လေးနှင့်အတူ နောက်ခံတေးသွားတစ်ပုဒ်က ခပ်တိုးတိုးပျံ့လွင့်လာသည်။ ထို့နောက် ဆလိုက်မီးရောင်ဖြူဖြူက စတိတ်စင်ပေါ်ဖြာကျလာချိန်မှာတော့ စတိတ်ပေါ်တွင် သရုပ်ဆောင်သုံးဦးအပြင် အစီအစဉ်တင်ဆက်သူပါ ရောက်ရှိနေလေပြီ။

"မင်္ဂလာပါဗျ ကျွန်တော်က ဒီနေ့အစီအစဉ်လေးရဲ့တင်ဆက်သူဖြစ်ပါတယ် ဝါး... ပရိတ်သတ်တွေ အများကြီးလာတာပဲနော်"

တင်ဆက်သူက ပရိတ်သတ်ကိုကြည့်ကာ စတင်နှုတ်ခွန်းဆက်လိုက်ပြီးနောက် သရုပ်ဆောင်များထံလှည့်ကာ တစ်ဦးပြီးတစ်ဦး ပရိတ်သတ်နှင့် မိတ်ဆက်စေသည်။

"မင်္ဂလာပါဗျ ကျွန်တော်က ကျိုးမော့ချန်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ရှောင်းကျန့်ပါ"

"မင်္ဂလာပါ ကျွန်တော်က ကျူးချင်းယောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ လျှိုပိုင်ယွီဖြစ်ပါတယ်"

"မင်္ဂလာပါရှင် ကျွန်မကတော့ လင်ကွေ့ဟွားပါ ကျူးချင်းယွမ်အဖြစ် သရုပ်ဆောင်ထားပါတယ်"

actorများက ကိုယ်စီမိတ်ဆက်ရင်း ပရိတ်သတ်များထံ ဦးညွှတ်လိုက်ကြသည်။ တင်ဆက်သူကစကားတစ်ချို့ပြောပြီးနောက် သူတို့သုံးဦးကို ကြိုတင်ပြင်ဆင်ထားသော ခုံများတွင်ထိုင်စေသည်။

ထို့နောက် ဆက်လက်ပြုလုပ်မည့် အစီအစဉ်များကို ပြောပြသည်။ အချိန်တစ်ချို့ကြာသွားပြီးနောက် အစီအစဉ်အတော်များများ ပြီးဆုံးသွားလေပြီ။ ထို့အတူ ရိပေါ်တို့စင်ပေါ်တက်ရမည့်အလှည့်လည်း ရောက်ရှိလာလေတော့သည်။တင်ဆက်သူက ပရိတ်သတ်များကိုယ်စား မေးခွန်းတစ်ချို့မေးရန် ကြိုတင်ဖိတ်ခေါ်ထားသူများကို စတိတ်ပေါ်တက်လာပေးရန် ခေါ်လေပြီ။ ရိပေါ်က လက်ထဲမှဗူးနှင့် ပန်းစည်းကို ရှောင်ဟိုင့်ထံပေးကာ နောက်မှလိုက်လာရန်ပြောပြီး စတိတ်စင်ရှိရာထံ လှမ်းသွားလိုက်သည်။

ရှောင်ဟိုင်လည်း နောက်မှလိုက်လာပြီးနောက် စတိတ်စင်အနီးမှာပင် စောင့်နေလေသည်။ စိတ်ထဲတွင် 'ကျန့်ကျန့်က ဒီခေတ်အဝတ်အစားနဲ့လဲ ချောနေတုန်းပဲ' ဟုတွေးတောနေရင်း မျက်လုံးအစုံကမူ ယခင်နေရာထက် အနီးကပ်မြင်နေရသော ရှောင်းကျန့်ထံသို့ ငေးကြည့်နေလျက်သား။

ရိပေါ်စတိတ်ပေါ် တက်လာသည့်အချိန်မှာပင် အခြားသရုပ်ဆောင်နှစ်ဦး၏ ပရိတ်သတ်တို့လည်း ကိုယ်စီတက်လာကြပြီး တင်ဆက်သူ၏စီစဉ်ပေးမှုအရ ကိုယ့်idol၏ ဘေးတွင် ရပ်လိုက်ကြသည်။

ရှောင်းကျန့်က သူ့ဘေးမှာလာရပ်သော ရိပေါ်ကို အံ့အားသင့်နေဟန်ဖြင့်ကြည့်သည်။ သူ့ပရိတ်အဖြစ် စင်ပေါ်သို့တက်လာမည့်သူက ဝမ်ရိပေါ်ဖြစ်နေမည်ဟု မတွေးမိခဲ့။

"အခုစတိတ်စင်ပေါ်ရောက်လာတဲ့ ပရိတ်သတ်သုံးယောက်က သူတို့ရဲ့idolကို မေးခွန်းလေးတစ်ချို့ မေးမှာဖြစ်ပါတယ် ပထမဆုံး ဘယ်သူ့ပရိတ်သတ်ဆိုတာ မိတ်ဆက်ပေးပါဦးဗျ"

"မင်္ဂလာပါဗျ ကျွန်တော်ကတော့ ၀မ်ရိပေါ်ပါ ရှောင်းကျန့်ရဲ့ fanboy ဖြစ်ပါတယ်"

"ကျေးဇူးတင်ပါတယ်ဗျ"

ရှောင်းကျန့်က ပြောလည်းပြောရင်း ခေါင်းလေးညွှတ်လိုက်သည်။ ဆေးရုံပို့ပေးသည့် အတွက်ပင် သူကျေးဇူးမတင်ရသေးပေ။

"မင်္ဂလာပါရှင့် ညီမကတော့ အစ်ကိုလျှိုပိုင်ယွီရဲ့ ပရိတ်သတ်ပါ"

"ကျေးဇူးတင်ပါတယ်ခင်ဗျ"

လှိျုပိုင်ယွီလည်း ပြောလိုက်သည်။

"ကျွန်မကတော့ ပန်းပွင့်လေးရဲ့ ပရိတ်သတ်ဖြစ်ပါတယ်ရှင်"

"၀ိုး... ပန်းပွင့်လေးတဲ့ ဘယ်လောက်လှလိုက်သလဲနော် ကွေ့ဟွားရဲ့ fangirl လေးကတော့ ချစ်စနိုးလေး ခေါ်လိုက်ပါပြီဗျ"

တင်ဆက်သူ၏စကားအဆုံးမှာ ကွေ့ဟွားက သွားတက်လေးများပင် ပေါ်သည်အထိ ပြုံးလိုက်မိသည်။ သူမ၏ချစ်ပရိတ်သတ်တွေက သူမကိုအမည်နှင့်ထပ်တူ ပန်းပွင့်လေးဟု ခေါ်ကြသည်မဟုတ်လား။

ပရိတ်သတ်သုံးဦးလုံး ကိုယ်စီမိတ်ဆက်ပြီးနောက် တင်ဆက်သူကဆက်ပြောလိုက်သည်။ ရိပေါ်ကတော့တွေးသည်။ 'ဘာပန်းဖြစ်ဖြစ် ငါ့မက်မွန်ပန်းလေးလောက် မလှဘူး'ဟူ၍။

ထို့နောက် မျက်လုံးတစ်စုံ၏အကြည့်တို့က အနားမှမက်မွန်ပန်းလေးထံသို့ သက်ဆင်း၏။ ရှောင်းကျန့်ကတော့ ရိပေါ်၏အတွေးတို့ကိုမသိပါချေ။

::::::::::::::::::::::::::::::