အခန်း ၅ ။ ပန်းစည်းလေးရဲ့အဓိပ္ပါယ်
Viewers 3k

အခန်း ၅။ ပန်းစည်းလေးရဲ့ အဓိပ္ပာယ်


"ကျွန်တော်တော့ ဒီပရိတ်သတ်လေးတွေအနေနဲ့ သူတို့ပြင်ဆင်လာတဲ့မေးခွန်းလေးတွေ မေးချင်နေလောက်ပြီလို့ထင်တယ်ဗျ အောက်ကပရိတ်သတ်ကြီးလဲ ဘယ်လိုမေးခွန်းလေးတွေလဲဆိုတာသိချင်နေကြပြီမဟုတ်လား ဒါဆို... မြန်မြန်လေးစလိုက်ကြရအောင်ဗျာ ပထမဆုံးဒီဘက်ကစမယ်နော်"

တင်ဆက်သူက စင်အောက်မှပရိတ်သတ်များထံပြောရင်း သူ့ဆီသို့လက်ပြလာသည်မို့ ရိပေါ်ကမိုက်ကိုသေချာကိုင်ရင်း မေးခွန်းများကို မေးဖို့ပြင်လိုက်သည်။

"ပထမဆုံးမေးချင်တာက ရှောင်းကျန့်ရဲ့ ideal type ကဘယ်လိုမျိုးလဲ"

"အင်း ကျွန်တော့်ရဲ့ ideal type ဆိုရင်တော့ သေသပ်ပြီး နွေးထွေးမှုပေးနိုင်တဲ့သူမျိုးပေါ့"

ရှောင်းကျန့်၏အဖြေက ရိုးရှင်းသည်။ ထိမိသည်။ အဖြေထဲမှာပင် အထီးကျန်မှုတို့က သူကိုယ်တိုင်ပင်မသိသာလောက်အောင် ခပ်ပါးပါးလေးပါဝင်နေပြန်သည်။

"ဒုတိယမေးခွန်းက တစ်ကယ်လို့ မင်းကိုခြောက်လှန့်ချင်တဲ့ ဝိဉာဉ်တစ်ကောင်နဲ့ အကူအညီလိုနေတဲ့မိန်းမလှလေး နှစ်ခုထဲက တစ်ခုကိုရွေးရမယ်ဆိုရင် ဘာကိုရွေးမလဲ"

ဒုတိယမေးခွန်းကို ဆက်မေးလိုက်ရင်း ရိပေါ်၏စိတ်ထဲတွင်လည်း အမှန်တစ်ကယ်သိချင်နေမိသည်။ ထောင်ဟွား မင်းဘာကိုရွေးမှာလဲ။

"ဝိဉာဉ်"

ရှောင်းကျန့်က တုံ့ဆိုင်းမှုမရှိဘဲ ဖြေလိုက်ပြီးမှ ရယ်နေမာလေသည်။ ရိပေါ်လည်း ရှောင်းကျန့်၏ အဖြေကိုကြားတော့ အံ့သြသွားပြီးမှ ပြုံးကာဆက်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ဝိဉာဉ်တွေက စိတ်၀င်စားဖို့ကောင်းတယ်လေ"

ရှောင်းကျန့်က မတုံ့ဆိုင်းဘဲ ဖြေလိုက်သည်မို့ ရိပေါ်ရယ်လိုက်မိတော့သည်။ ထို့အတူပရိတ်သတ်တွေကလည်းရယ်မောရင်း တစ်စုံတစ်ရာကို အော်ကြလေသည်။ သဲသဲကွဲကွဲမကြားရတာမို့ သေသေချာချာနားထောင်လိုက်သည်။

"အာ... မင်းတို့က ကျွန်တော်လိမ်တာလို့ ထင်နေကြတယ်ပေါ့ တစ်ကယ်ပြောတာ မိန်းမလှလေးတွေဆိုတာက အများကြီးပဲလေ အမြဲမြင်တွေ့နေရတာ ဝိဉာဉ်ကျတော့ကျွန်တော် မမြင်ဖူးသေးဘူး ဘယ်လိုပုံစံရှိမလဲ ဇာတ်လမ်းတွေထဲကလို ကြောက်စရာကြီးလားဘာလားပေါ့ အဲဒီ့တော့ နှစ်ခုထဲကရွေးရမယ်ဆိုရင် သေချာပေါက်ကို ဝိဉာဉ်ပဲရွေးမှာ"

ရှောင်းကျန့်က ပရိတ်သတ်များကို အသေအချာကြည့်ပြီးနောက် ရယ်ကျဲကျဲဖြင့်ပြောလိုက်သည်။ fan girl လေးများ၏ နုနုထွတ်ထွတ်အသည်းလေးများမှာတော့ ခွပ်ခနဲကွဲအက်ရပြန်လေသည်။

"နောက်ဆုံးတစ်ခုမေးချင်တာက အကြောင်းကိစ္စတစ်ခုခုကြောင့် ချစ်တဲ့သူနဲ့နှစ်တွေအများကြီးကွဲကွာသွားခဲ့ပြီးတော့ အခုမှပြန်တွေ့တယ်ဆိုပါစို့ ပထမဆုံးသူ့ကိုဘာပြောချင်လဲ ဘာတွေလုပ်ပေးချင်လဲ"

ထိုအမေးစကားကိုကြားတော့ ရှောင်းကျန့်အနည်းငယ်တော့ အံ့သြသလို ဖြစ်သွားရသည်။ ပြီးနောက် စဉ်းစားကြည့်ရင်း ရင်ထဲကလာသည့်ခံစားချက်အတိုင်း ဖြေးဖြေးချင်းပြောလိုက်သည်။

"အင်း ပထမဆုံးဘာပြောချင်လဲဆိုရင် အကြာကြီးထားခဲ့မိလို့ တောင်းပန်မိမယ်ထင်တယ် ပြီးရင်တော့ သူ့ကိုနှစ်သိမ့်ပေးမယ် ဝေးကွာနေခဲ့တဲ့အချိန်တွေကိုယ်စား ပိုပြီးတော့နွေးနွေးထွေးထွေးဖက်ထားမယ် နောက်တစ်ခါကွဲကွာတယ်ဆိုတာမျိုးမရှိရအောင် နှစ်ဦးအတူကြိုးစားကြမယ်"

ရှောင်းကျန့်၏အဖြေကိုကြားတော့ ရိပေါ်၏ရင်ထဲဝမ်းနည်းစိတ်တို့ ဆို့နင့်လာရသည်။

ကျေးဇူးတင်ပါတယ် ထောင်ဟွား။ ကိုယ့်ကိုမမှတ်မိပေမယ့်လည်း ဒီလိုစကားလေးကြားရတာန့ဲတင် ကိုယ်စောင့်စားနေခဲ့ရတဲ့အတွက် အမောပြေခဲ့ပါပြီ။

ရိပေါ် သူ့ကိုယ်သူ မျက်ရည်မကျမိအောင်ထိန်းထားရင်း မိုက်ကိုဘေးတစ်ဖက်မှ ပရိတ်သတ်ဆီသို့ ကမ်းပေးလိုက်လေသည်။

"ပန်းပွင့်လေး ဒီဇာတ်ကား ရိုက်ကူးလို့ပြီးသွားချိန်မှာ ပထမဆုံးဘာကိုလုပ်ချင်တာမျိုးဖြစ်မိလဲ... ခရီးထွက်ချင်တဲ့စိတ်မျိုးဖြစ်လား"

"ခရီးထွက်ဖို့ဆိုတာထက် ဆန္ဒအပြင်းပြဆုံးကတော့ အစားစားချင်တာပဲ။ တစ်ကယ်သိလား။ ကာရိုက်တာရဲ့အသွင်အပြင်ပီပြင်ဖို့ ကျွန်မမှာလေ ရိုက်ကူးရေးလုပ်နေတဲ့တစ်လျှောက်လုံး ပုံမှန်စားနေတာထက်ကို အများကြီးလျှော့စားခဲ့ရတာ မျက်နှာတွေပါချောင်ကျလာတဲ့အထိပိန်သွားပါလေရော အဲဒီ့တော့ ရိုက်ကူးရေးလည်းပြီးပြီဆိုရော အစားပဲစားချင်လာတော့တာ"

fan girl လေး၏ အမေးကို လင်ကွေ့ဟွားက ရယ်မောရင်းဖြေသည်။ fan girl လေးမှာလည်း ထိုနည်းတူရယ်မောလေသည်။

"နောက်တစ်ခုမေးချင်တာကလေ ရိုက်ကွင်းမှာ အာ .. ခဏခဏပြန်ရိုက်ကြရတဲ့ အခန်းမျိုးဆိုရင်ပေါ့ ဘယ်လိုခံစားရလဲ ကိုယ့်ကိုယ်ကို အားမလိုအားမရတာမျိုးဖြစ်မိလား ကိုယ့်ကိုယ်ကိုရော ဘယ်လိုမျိုးစိတ်ခွန်အားရအောင်လုပ်လေ့ရှိလဲ"

"အင်းဖြစ်တာပေါ့ ဒါပေမယ့်လည်း ဘယ်လိုဇာတ်လမ်းမဆို အဆင်မပြေတာတွေက ဖြစ်တတ်တာပဲလေ အရေးကြီးတာက ငါလုပ်နိုင်တယ်လို့ ယုံကြည်စိတ်မွေးလိုက်တယ် စိတ်ငြိမ်အောင်ကြိုးစားတယ် ဒါပါပဲ အဓိကကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ပါပဲ"

fan girlလေးက ကွေ့ဟွား၏အဖြေကို နားထောင်ရင်းခေါင်းညိတ်ကာ တတိယမေးခွန်းကို စတင်သည်။ ဒါက ကွေ့ဟွား၏ fan boy အတော်များများ သိချင်နေမည့် မေးခွန်းလဲဖြစ်သည်။

"တစ်ကယ်လို့ ပန်းပွင့်လေးအနေနဲ့ ချစ်သူထားမယ်ဆိုရင် ဘယ်လိုလူမျိုးကို ရွေးချယ်မှာလဲ"

"ကိုယ့်အပေါ်နားလည်မှု ပေးနိုင်တဲ့သူပေါ့ အချစ်ရေးမှာ ချစ်နေရုံနဲ့တင်မပြီးဘူးလေ အရေးကြီးတာက နှစ်ဦးနှစ်ဘက်နားလည်မှုရှိဖို့ပဲ ဒါမှလည်းတွဲလက်တစ်စုံက ခိုင်မြဲမယ်မဟုတ်လား"ကွေ့ဟွားကဖြေရင်း ပရိတ်သတ်များထံ ပြုံးပြလိုက်သည်။ ထိုပရိတ်သတ်များအကြားမှ တစ်စုံတစ်ယောက်ဟာ သူမ၏အဖြေကြောင့် နှစ်ခြိုက်စွာ ပြုံးနေပါလိမ့်မည်။


ရှောင်းကျန့်နှင့်ကွေ့ဟွားတို့ ကိုယ်စီဖြေကြပြီးနောက် လျှိုပိုင်ယွီ၏အလှည့်သို့ ရောက်လာလေပြီ။ fan girl လေးက ပထမဆုံး မေးခွန်းကို မေးလိုက်သည်။

"မင်္ဂလာပါအစ်ကို အရင်က အဓိကဇာတ်ဆောင်အဖြစ် မြင်နေကျနော် ဒီကားမှာတော့ ဘာလို့ဒုတိယမင်းသားနေရာ ရိုက်ဖြစ်သွားတာလဲဟင်"

"ကျွန်တော်အရင်က ပြောခဲ့ဖူးသလိုပါပဲ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘယ်လိုဇာတ်ကောင်နေရာမဆို သရုပ်ဆောင်နိုင်ရမယ် အဓိကလိုအပ်တာက တစ်ခုတည်းပါ ငါဘယ်လို အကောင်းဆုံးကြိုးစားမလဲ ဆိုတာပါပဲ"

လျှိုပိုင်ယွီဟာ ထိုမေးခွန်းအမေးခံရသည်ကို တစ်ကယ်မုန်းသည်။ သူအနုပညာလောကထဲကို ဝင်လာကာစကအချိန်မှလွဲ၍ နောက်ပိုင်း သူ့ကြိုးစားမှုကြောင့် အဓိကဇာတ်ဆောင် နေရာများမှာ သရုပ်ဆောင်ခွင့်ရခဲ့သည်။

My Cloud Fairy နှင့်ကျမှပင် ဒုတိယနေရာရောက်ရလေသည်။ အေဂျင်စီတစ်ခုတည်းချင်း အတူတူဖြစ်သည့်အပြင် တစ်ခါမျှရုပ်ရှင်ဇာတ်လမ်း မရိုက်ခဲ့ဖူးပါဘဲ စစချင်းဇာတ်ကားမှာပင် အဓိကနေရာရသွားသော ရှောင်းကျန့်ကြောင့် သူတစ်ကယ်ခံပြင်းနေခဲ့သည်။

"ဟုတ်ကဲ့ ဒုတိယမေးချင်တာက ရိုက်ကူးရေးပြီးတာနဲ့ ဘာကိုအရင်ဆုံးလုပ်မယ်လို့ စိတ်ကူးမိတာမျိုးရှိလဲ"

"ရိုက်ကူးရေးလုပ်ချိန်တုန်းကတော့ ရိုက်ကူးရေးပြီးလို့ အားလပ်ရက်ရရင် မိသားစုအပန်းဖြေခရီးထွက်ဖို့ စိတ်ကူးခဲ့သေးတယ် ဒါပေမယ့် အခုထိတော့ မသွားဖြစ်သေးပါဘူး"

လျှိုပိုင်ယွီက သူ့အစီအစဉ်အကြောင်း ဆက်ဖြေလိုက်သည်။ ရှောင်းကျန့်က အဓိကနေရာကို ရသွားသည်ဆိုသော်လည်း CEOကတော့ သူ့ကိုသာပိုဂရုစိုက်သည်မို့ နည်းနည်းတော့ကျေနပ်မိသည်။

သူက ခရီးသွားဖို့ ပြင်ဆင်နေသော်လည်း ရှောင်းကျန့်မှာမူ နားရက်ပင်မရသေးပေ။ မည်မျှ သနားစရာကောင်းလိုက်ပါသလဲ။

"တစ်ကယ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဝိဉာဉ်တစ်ကောင်နဲ့ မိန်းမလှလေးနဲ့ နှစ်ခုထဲက တစ်ခုကိုရွေးရမယ်ဆိုရင် ဘာကိုရွေးမလဲဟင်"

နောက်ဆုံးမေးခွန်းကိုတော့ ရှောင်းကျန်ကိုမေးခဲ့သည့် မေးခွန်းနှင့်ခပ်ဆင်ဆင်မေးလာတာကြောင့် လျှိုပိုင်ယွီ၏စိတ်ထဲတွင်ကွက်ခနဲ ပျက်သွားတော့သည်။ သို့သော်သရုပ်ဆောင်ပီပီ မျက်နှာ၌မပေါ်စေရဘဲ အပြုံးလေးနှင့်ပင် တုံ့ပြန်လိုက်သည်။

"ကျွန်တော်ကတော့ မိန်းမလှလေးကိုပဲ ရွေးမှာပါ"

သူ့အဖြေကြောင့် စတိတ်စင်အောက်မှ ပရိတ်သတ်များ၏ အားခနဲအော်သံက ညံစီသွားရသည်။ ထိုစဉ်မှာပင် လျှိုပိုင်ယွီက ဆက်ပြောလိုက်သည်။

"ဘာလို့ဆို ကျွန်တော်က သရဲကြောက်တယ်လေ"

ပရိတ်သတ်အုပ်စုကြီးဟာ နောက်တစ်ကြိမ် အသဲကွဲသွားရပြန်လေသည်။ လျှိုပိုင်ယွီကတော့ သူ၏အတွင်းစိတ်မပေါ်စေရန် ရောနှော၍သာ ရယ်မောနေလိုက်သည်။

ထိုအချိန်မှာ ရိပေါ်ကတော့ အပြန်အလှန်ပြောစကားများကို ခပ်ပြုံးပြုံးလေးနားထောင်နေသောရှောင်းကျန့်ကို မသိမသာလေးငေးကြည့်နေလေသည်။

သိပ်လှသောမျက်လုံးလေးတစ်စုံ၊ ဖြောင့်စင်းနေသောနှာတံလေးနှင့် နှင်းဆီဖူးသဖွယ်နှုတ်ခမ်းပါးလေးတို့က ဟိုအရင်အတိုင်း မပြောင်းမလဲလှပနေဆဲ။ ဆွဲဆောင်မှုရှိနေဆဲသာ။

ရယ်လိုက်တဲ့အခါ ထွက်ပြူလာတဲ့သွားတန်းညီညီလေးလည်း အပါအဝင်ပေါ့။ သိပ်သတိရနေခဲ့တာ ထောင်ဟွား။ မင်းကတော့သိပါ့မလားလေ။

ရှောင်းကျန့်ဟာ မသိစိတ်ကြောင့်ဘေးကိုလှည့်ကြည့်လိုက်တော့ သူ့ကိုငေးကြည့်နေသော မျက်ဝန်းတစ်စုံနှင့် ပက်ပင်းတိုးလေသည်။ သူပြုံးပြလိုက်စဉ်မှာပင် အစီအစဉ်တင်ဆက်သူထံမှ အသံကိုကြားလိုက်ရသည်။

"အခုလိုပါဝင်ပေးတဲ့ ပရိတ်သတ်သုံးဦးကို ကျေးဇူးတင်ပါတယ်ဗျ အမှတ်တရဓာတ်ပုံလေးရိုက်ကြရအောင်ဗျာ"

သူတို့ ခြောက်ဦးစလုံး စတိတ်စင်အလယ်သို့တိုးကာ စုရပ်လိုက်ကြသည်။ ထိုအခါ သူနှင့်ရှောင်းကျန့်လည်း ယခင်ထက်ပို၍ပင် နီးကပ်သွားရလေတော့သည်။

"ပုံလှလှလေးထွက်လာအောင် ကင်မရာဆီကို တည့်တည့်ကြည့်ပေးပါဗျ"

တင်ဆက်သူ၏စကားအဆုံး သူတို့အားလုံး ကိုယ်ဟန်အမူအရာကို ငြိမ်သက်စေလိုက်သည်။ စတိတ်စင်အောက်နားမှ ဓာတ်ပုံဆရာက သေသေချာချာရိုက်ယူလေသည်။

"အခုလိုပါဝင်ပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ"

ဓာတ်ပုံရိုက်သည့်ကိစ္စ ပြီးဆုံးသည်နှင့် fan girl နှစ်ဦးမှာစတိတ်ပေါ်မှ ပြန်ဆင်းသွားလေပြီ။ ရိပေါ်ကတော့ မဆင်းသေးဘဲ လက်ဟန်ပြလိုက်သည်။ သူပြောထားသည့်ကိစ္စတစ်ခုကိုမှတ်မိသည်မို့ တင်ဆက်သူကပြုံးကာ ခေါင်းညိတ်ပြလေသည်။

"ရှောင်းကျန့်ရဲ့ fan boy လေးက သူidol အတွက် လက်ဆောင်လေး ပြင်ဆင်လာပါတယ်တဲ့ဗျ ဘာများပါလိမ့်ဗျာ"

တင်ဆက်သူ၏ ကြေငြာသံကိုကြားတော့ ပရိတ်သတ်များလည်း ပို၍စိတ်ဝင်တစားကြည့်လာကြသည်။ ထိုအခါရိပေါ်က  စင်အောက်နားမှ ရှောင်ဟိုင်ရှိရာထံသို့ ခေါင်းညိတ်ပြလိုက်သည်။

ရှောင်းကျန့်မှာတော့ တင်ဆက်သူ၏စကားကိုကြားချိန်မှာ အနည်းငယ်အံ့အားသင့်သွားမိသည်။ သို့သော်လည်းဒါက ထူးဆန်းသည့် ကိစ္စမျိုးတော့မဟုတ်ပါ။

ရှောင်းကျန့်တွေးနေမိစဉ်မှာပင် ရှောင်ဟိုင်ကစင်ပေါ်သို့တက်လာကာ ရိပေါ်ထံသို့ ပစ္စည်းများကို ကမ်းပေးလာသည်။ ရိပေါ်လည်း လက်လွှဲယူလိုက်သည်။

ပစ္စည်းများဆိုသည်မှာကား သူ့စိတ်ကြိုက်ပုံစံဖြစ်အောင် ပန်းဆိုင်သို့ မှာထားခဲ့သော ပန်းစည်းနှင့် လက်ဆောင်ဘူးတစ်ခုဖြစ်သည်။ငွားငွားစွင့်စွင့်လှပနေသော ပန်းရောင် carnation များနှင့် လိုက်ဖက်စွာ forget me not အဖြူရောင်ပွင့်ငယ်တို့ဟာ ပန်းစည်းတစ်ခုအဖြစ် ရိပေါ်၏လက်ထဲတွင် ဝံ့ကြွားလို့နေလျက်မှ ရှောင်းကျန့်ထံသို့ရောက်ရှိသွားကြလေပြီ။

ရှောင်းကျန့်က ရိပေါ်ကမ်းပေးလာသည့် လက်ဆောင်များကို အပြုံးဖြင့်လက်ခံရင်း ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။ ရိပေါ်နှင့်သာမက ရှောင်ဟိုင်နှင့်ပါ လက်ဆွဲနှုတ်ဆက်လေတော့ ရှောင်ဟိုင့်ခဗျာမှာဝမ်းနည်းဝမ်းသာဖြစ်နေရလေသည်။

စတိတ်စင်အောက်မှ ဓာတ်ပုံဆရာသည်လည်း ဆက်တိုက်ပင် ဓာတ်ပုံများကို ရိုက်ယူလျက်ရှိနေသည်။ ထို့နောက်ရိပေါ်က စတိတ်စင်ပေါ်မှပြန်မဆင်းခင် ရှောင်းကျန့်နှင့် မျက်လုံးချင်းဆုံသွားချိန်မှှာ ထပ်မံပြုံးပြရင်း နှစ်ကိုယ်ကြားသာရုံ စကားလေးတစ်ခွန်းဆိုခဲ့လိုက်သည်။

"forget me not"

ရှောင်းကျန့်မှာတော့ ပန်းစည်းကိုပြန်ကြည့်မိလျက် ပန်းနာမည်ကို ပြောပြသွားသည်ဟုသာ ထင်မှတ်လိုက်သည်။ ထိုပန်းစည်းငယ်တွင် ပေးလိုသူကိုယ်တိုင် မြှုပ်နှံထားပါသော အဓိပ္ပာယ်လှလှလေးရှိသည် ဆိုတာကိုတော့မတွေးမိခဲ့ပါချေ။

နောက်ထပ်နာရီဝက်ခန့် ကြာသွားပြီးသည့်နောက် ပွဲလည်းလုံးဝပြီးဆုံးသွားပြီမို့ ရှောင်းကျန့်တစ်ယောက် နားခွင့်ရလေပြီ။ ဟိုတယ်လ်မှ ပြန်လည်မောင်းထွက်လာပြီဖြစ်သည့် ကားထဲ၌မူ ပရိတ်သတ်များထံမှ လက်ဆောင်များဖြစ်သော စာလွှာများ၊ ပန်းစည်းများနှင့်အတူ အရုပ်ကြီးငယ်ပေါင်းစုံတို့က နေရာယူလျက်ရှိနေပါ၏။

"ကျန့်ကျန့် ဒီနေ့အကောင်းဆုံး လုပ်နိုင်ခဲ့တယ် ဒါနဲ့လေ ဟိုfan boyလေး ပေးသွားတဲ့ဘူးကို ဖောက်ပြီးပြီလား ဘာထည့်ထားတာလဲ"

ကျင်းဖန်၏စကားဆုံးတော့ ရှောင်းကျန့်ကခေါင်းခါပြလိုက်သည်။ သူလုံးဝဖွင့်မကြည့်ရသေးပေ။ သို့သော်လည်း လူကနားချင်နေပြီမို့ ပြန်ရောက်မှပင် ဖွင့်တော့မည်ဟု စိတ်ကူးရင်း မျက်လုံးတစ်စုံကိုအနားပေးရန် မှိတ်ထားလိုက်တော့သည်။

ကျင်းဖန်ကလည်း ဆက်လက်စကားမဆိုတော့ဘဲ ဘေး၌သာငြိမ်သက်လျက် လိုက်ပါလာခဲ့တော့သည်။ နားမည်ဟုတွေးရင်း မျက်လုံးတစ်စုံကို မှိတ်ထားသော်လည်း ရှောင်းကျန့်၏နားထဲတွင် ရုတ်တရက်ပင်တစ်စုံတစ်ရာကို ပြန်လည်ကြားယောင်လိုက်မိသည်။

"forget me not"

"ဟင်"

ရှောင်းကျန့်နှုတ်မှရေရွတ်မိတော့ ကျင်းဖန်ကလှည့်ကြည့်သည်။ ရှောင်းကျန့်မှာမူ ကျင်းဖန်၏အမူအရာကို ဂရုမစိုက်မနိုင်အား။ သူ့လက်ထဲ၌ ပွေ့ပိုက်ထားမိဆဲ ပန်းစည်းကိုကြည့်လျက် အတွေးတို့ပွားရပြန်လေသည်။

သူဟာ ယောကျ်ားလေးဆိုသော်ငြား ပန်းတွေကိုမြတ်နိုးသည်။ ဘာကြောင့်မှန်းမသိ ပန်းရောင်နှင့် အဖြူရောင်ရှိသောပန်းများကို ပို၍ပင်နှစ်သက်နေမိသေးသည်။

ငွားငွားစွင့်စွင့် ပွင့်လန်းနေသော Carnation ပွင့်တို့ဟာ သူ၏ရင်ခွင်အတွင်းခိုလှုံရင်းမှ ပြုံးပြနေသည့်သဖွယ်။ အဖြူရောင် forget me notတို့သည်လည်း လန်းဆန်းလို့နေလျက်။

ပန်းနှစ်မျိုးတည်းဖြင့် ပြုလုပ်ထားသော ပန်းစည်းဆိုသော်လည်း မြင်လိုက်ရုံဖြင့်မျက်လုံးထဲအေးချမ်းသည်။ စိတ်ထဲငြိမ်းချမ်းမိသည်။ အဲဒီ့နောက် ပန်းစည်းကိုကြည့်နေရင်းမှ ရိပေါ်ပေးခဲ့သောဘူးကိုပါ တစ်ခါတည်းဖောက်ရန် တွေးလိုက်တော့သည်။

ကျင်းဖန်သည်လည်း ရှောင်းကျန့်၏အတွေးတို့ကို ရိပ်စားမိသည်မို့ သူ့ဘေးဘက်မှာရှိနေသော ထိုဘူးကိုယူပေးလိုက်သည်။

ရှောင်းကျန့်က ထုပ်ပိုးထားသော ဖဲကြိုးတို့ကိုဖြည်လိုက်ပြီးနောက် ဘူးကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းပင် အံ့သြမှုတို့ကဖြစ်တည်လာရပြန်သည်။

အထဲမှာရှိနေသည်ကား မှန်ဘောင်သွင်းထားသော ပန်းချီကားငယ်လေးတစ်ချပ်ဖြစ်နေလေသည်။ အံ့့အားသင့့်နေရာမှ ထိုပန်းချီကားကို ဘူးထဲမှဆွဲယူပြီးနောက် အသေအချာ ကြည့်မိတော့သည်။

ပန်းချီကား၏ နောက်ခံသည်ကား ပဒုမ္မာကြာပန်းတို့ပွင့်လန်းနေသော ရေကန်တစ်ခုဖြစ်ပြီး ကောင်းကင်ထက်မှာတော့ လမင်းကြီးက ဝိုင်းစက်ကာ လောကတစ်ခွင် အလင်းဖြန့်ကျက်နေသည်။ လရောင်အောက်မှာတော့ ကြာပန်းတို့က ငွားငွားစွင့်စွင့် ပွင့်လန်းနေကြသည်။ ကန်နံဘေးမှာလည်း လူနှစ်ဦးရှိနေလေသည်။

တစ်ဦးက ဖြူလွနေသောဝတ်ရုံကိုဝတ်လျက် ကန်ရေပြင်ဆီမျက်နှာမူကာ ရပ်နေ၏။ တသုန်သုန်တိုက်ခတ်နေသော လေပြည်သွေးက ဝတ်ရုံ၏အနားစတို့ကို ကလူကျီစယ်နေပုံရသည်။

ကျန်တစ်ဦးသည်ကား အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားလျက် မြေပြင်ပေါ်ဝယ်ထိုင်နေပါ၏။ ဘေးနား၌မူ မျက်နှာဖုံးတစ်ခုနှင့်အတူ လက်စွဲတော်ဓားက ဝံ့ထည်လျက်။

ကြည့်နေရင်းမှ ဘယ်လိုဖြစ်လာသည်အမသိ။ သူ့ရင်ထဲဆို့နင့်လာမိသည်။ ကြည်နူးသလိုလို ဝမ်းနည်းသလိုလိုဖြင့် အမည်ဖော်မရချေ။

::::::::::::::::::::::::::::::

ပန်းပွင့်ငယ်ရေ ကုန်ဆုံးခဲ့တဲ့ နှစ်ပေါင်းထောင်ချီကာလမှာ မင်းကိုတော့ဖြင့် ဘယ်လိုမှ မမေ့နိုင်ကြောင်း Carnationတွေနဲ့ ကိုယ်သစ္စာတိုင်ထူလိုက်ပြီ။

မင်းကရော ကိုယ်ပေးလိုက်တဲ့ ပန်းစည်းလေးရဲ့ အဓိပ္ပာယ်ကို နားလည်ပါရဲ့လား။ forget me not လေးတွေဟာ ဖွဖွလေးပြုံးနေလိမ့်မယ်။ သူတို့ဟာ ခိုင်မြဲတဲ့သစ္စာတရားအတွက် ပြယုဂ်တစ်ခုပဲမဟုတ်လား။

ရိပေါ်ဟာ ထွက်ခွာသွားပြီဖြစ်သည့် ရှောင်းကျန့်တို့ကားကို မျက်စိတစ်ဆုံးငေးမောရင်း တွေးနေမိသည်။ ရှောင်ဟိုင်သည်လည်း မျက်ရည်တို့ဝဲလျက်။

ရှောင်းကျန့်နှင့်လက်ဆွဲနှုတ်ဆက်ခဲ့သော သူ၏ညာဘက်လက်လေးကို ငုံ့ကြည့်ပြီးနောက် မျက်ရည်တို့ကို ဖွဖွတို့သုတ်လိုက်သည်။ ထိုစဉ်မှာပင် ရိပေါ်ပြောလိုက်သည်။"တောင်ပေါ်အိမ်ကို ပြန်ရအောင်"

::::::::::::::::::::::::::::::

ပေကျင်းမြို့သည် ညနေဆည်းဆာနေရောင်အောက်တွင် အလွန်အမင်းလှပနေသည်။ အနောက်အရပ်ရှိ နေမင်းကြီးကတော့ မိုးကုပ်စက်ဝိုင်းအောက်သို့ ငုပ်လှိျုးလုဆဲဆဲမှ ကမ္ဘာလောကနှင့် မခွဲချင်လေဟန်ဖြင့် နောက်ဆံငင်လို့နေလျက်။

ရှောင်းကျန့်တစ်ယောက် အခန်းပြတင်းပေါက်မှတစ်ဆင့် သဘာဝတရား၏အလှအပကို ခံစားနေမိစဉ်မှာပင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်ကား 'ဂွီ'ခနဲ မြည်ဟီးသွားသောအသံ။

သူ့၀မ်းဗိုက်ကလေး ဆာနေလေပြီ။ ထို့ကြောင့် အခုအချိန်လောက်ဆိုလျှင်တော့ ညနေစာချက်ပြီးလောက်ပြီဟုတွေးရင်း အခန်းအပြင်သို့ ထွက်လာခဲ့တော့သည်။

သူမီးဖိုခန်းထဲသို့ရောက်တော့ ညနေစာချက်မည်ဟု တာဝန်ယူထားသောစုံတွဲက နှစ်ဦးသား ရယ်မောကာ စနောက်နေကြသည်။ သူသိလိုက်လေပြီ။ သူမှဝင်မချက်လျှင် သေချာပေါက် ညစာငတ်တော့မည်။

"RS တွေဟာတစ်ကယ်မုန်းဖို့ကောင်းတယ်"

ရှောင်းကျန့် မီးဖိုခန်းထဲဝင်လာရင်း ပြောသည့်တိုင် နှစ်ဦးသားအရယ်မရပ်ပါချေ။ ပြီးနောက် ရှောင်းကျန့်၏အစ်ကိုဖြစ်သူက ဟန်ဆောင်ချောင်းဆိုးကာ သူ့ချစ်သူကို မျက်လုံးမှိတ်ပြရင်းပြောလိုက်သည်။

"ကောင်လေးတစ်ယောက်တော့ အားတွေကျနေပါပြီဗျို့"

ထိုစကားကိုကြားတော့ ရှောင်းကျန့်ကအစ်ကိုဖြစ်သူထံ မကျေမနပ်ဟန်ဖြင့် ဂြိုဟ်ကြည့်ကြည့်ပေးလိုက်ကာ အေပရွန်တစ်ထည်ကို ခါးမှာစည်းသည်။

"ကျွန်တော်စဉ်းစားနေတာသိလား အစ်မကွေ့ဟွားလေ ဘယ်လိုစိတ်ကူးပေါက်ပြီးတေ
ာ့များ ကျွန်တော့်အစ်ကိုကို ပြန်ကြိုက်လိုက်တာလဲလို့"

ရှောင်းကျန့်က လက်ထဲမှစတီးဓားဖြင့် ချက်ပြုတ်မည့်အသီးအနှံတွေကို လှီးဖြတ်ရင်းရေရွတ်သည်။ သူ့မေးခွန်းကိုကြားချိန်မှာ ကွေ့ဟွားကရယ်မောနေပြီး အစ်ကိုဖြစ်သူကတော့ မကြည်လင်ဟန်ဖြင့် တုံ့ပြန်လေသည်။

အမှန်ပင်။ သူ့အစ်ကို၏ ချစ်သူမိန်းကလေးဆိုသူက သူနှင့်'My Cloud Fairy' တွင် အတူသရုပ်ဆောင်ခဲ့သော လင်ကွေ့ဟွားပဲဖြစ်လေသည်။ မရီးလောင်းက ချောမောလှပသလောက် သူ့အစ်ကိုကတော့ ကြည့်ကောင်းရုံ ရုပ်ရည်သာရှိသည်။

တစ်ကယ်တော့ ကံကြမ္မာသည်ကား ဆန်းကြယ်လှသည်။ သူတို့နှစ်ဦးဟာ ငယ်စဉ်ကကျောင်းနေဖက်များ ဖြစ်ခဲ့ကြသည်။ နောက်ပိုင်း ဝေးကွာခဲ့ကြပြီးနောက် သူ့ကြောင့်ပင်ပြန်လည်ဆုံမိခဲ့ကြတာဖြစ်သည်။

တွဲနေသည်မှာတော့ တစ်နှစ်ပင်မပြည့်သေး။ သို့သော်လည်း ငယ်သံယောဇဉ်ကြောင့် တစ်ဦးနှင့်တစ်ဦး အတော်လေးနားလည်မှုပေးနိုင်သည်ဟုဆိုရမည်။

ရှောင်းကျန့်က အေဂျင်စီကစီစဉ်ပေးသော တိုက်ခန်းမှာမနေပါ။ ထို့အတူ အဖေဖြစ်သူနှင့်လည်းအတူမနေဘဲ အစ်ကိုဝမ်းကွဲဖြစ်သူ၏ တိုက်ခန်းမှာ လာနေတာဖြစ်သည်။

My Cloud Fairy ရိုက်ကူးရေး ပြီးဆုံးသွားကတည်းက အစ်ကိုဖြစ်သူက ဆိုင်တစ်ခုခု၌ဂုဏ်ပြုပွဲလေး လုပ်ပေးချင်သော်လည်း သူ့အလုပ်မှ အားလပ်ချိန်မရခဲ့။

ထို့အပြင် ဆိုင်မှာလုပ်ရန်ကလည်း မဖြစ်သေး။ fan boy အလွန်များသော ကွေ့ဟွားအနေဖြင့် ချစ်သူရှိပြီဖြစ်ကြောင်း လူသိခံ၍မဖြစ်နိုင်သေးပေ။ သူ့အစ်ကိုကလည်း နားလည်မှုအပြည့်ပေးထားတာမို့ သုံးဦးတည်းသာ အိမ်ချက်ညစာစားပွဲလေးလုပ်ဖို့ စီစဉ်လိုက်တာဖြစ်သည်။

သို့သော်လည်း သူ့အစ်ကိုက အမည်ခံသက်သက်သာ။ အမှန်တစ်ကယ် သည်ညအတွက် စားဖိုမှူးဘ၀ရောက်သွားရသူမှာတော့ ရှောင်းကျန့်သာ ဖြစ်လေတော့သည်။

::::::::::::::::::::::::::::::